** ခေတ်နဲ့အညီ . . ထီ ထီ ထီ **

ခေတ်ရေစီးသည်ကားးးး အပြောင်းအလဲမြန်လှသည် ။ အခုတမျိုး တော်ကြာတစ်မျိုးနှင့် အရူးမကို ပန်းပန်ပေးရသလိုပင် ။
အွန်လိုင်းမီဒီယာခေတ်မို့ သတင်းတွေလဲမြန်လိုက်သည့်ဖြစ်ခြင်း . . .
နံနက်လင်းလို့ မဟာဖွဘုတ်တော်ကိုဖွင့်လိုက်သည်နှင့် ခွေးမသာချသည်မှအစ နိုင်ငံတော်အကြီးအကဲများသတင်းအဆုံး အလုံးစုံတက်၍လာတော့သည် ။
ထိုထိုသောသတင်းများကို မှီ၍လုပ်ကိုင်စားကြသူများသည်လည်း အတော်အတန်ချောင်လည်ကြသည်မဟုတ်လော ??
စားဝတ်နေရေးအလုပ်အကိုင်များမှာလည်း သတင်းစကား အကြိုအကြားကိုလိုက်၍ ခေတ်ရေစီးတွင် မျှောရသည်မို့ . . .
ပြောင်းလဲချိန်ကားးး တန်ခဲ့လေပြီ တည်းးး ။ ။

မောင်ဆာမိလည်း ခေတ်ရေစီးနှင့်အတူပြောင်းလဲနေလေပြီ ။
ယခင်ကာလများက ယခုလိုနွေရာသီရောက်ချိန်တွင် မီးမလာရေပြတ်သဖြင့် ရေစည်လှည်းဖြင့် လက်မလယ်နိုင်အောင်ရောင်းခဲ့ရဖူးသည် ။
ယခုသော်ကားးး ခေတ်တစ်ခုအပြောင်းတွင် ရေမရောင်းရတော့ ။
လက်ငုတ်လက်ရင်းဂျလေဘီ ရောင်းသောအလုပ်သည်လည်း sugar tax ဆိုသောအသံကြားကတည်းက စမုံတုံးသွားခဲ့လေပြီ ။ ဤသို့ဖြင့် . . .
မည်သည့်အလုပ်အကိုင်လေးများလုပ်ရလျှင်ကောင်းမည်နည်းဟု တွေးပြီးလျှင် အွန်လိုင်းတခွင် ပြဲပြဲစင်အောင်မွှေနေမိလေတော့၏ ။

” အလို !!! ကြားသားမိုးကြိုးးးး မြန်မာ့အောင်ဘာလေထီက သိန်းတစ်သောင်းဆုပေးတယ်ဆိုပဲ ”
ဒုတိယအကြိမ်မြောင်တောင်ဖွင့်တော့မည်ဖြစ်သည် ။
အကြံကုန် ဂဠုန်ဆားချက်ဆိုသလိုပင် မောင်ဆာမိတစ်ယောက် ထီပြေးထိုးလေတော့သည် ။
လကုန်ရက်ဖြစ်သဖြင့် ထီလက်မှတ်များ ကုန်စပြုနေလေပြီ ။
ထို့ကြောင့် ခါးကြားတွင်လိပ်ထားသော တစ်ထောင်ကျပ်တန်တစ်ရွက်ထုတ်ကာ သိန်တစ်သောင်းဆုတန် ထီလက်မှတ်နှစ်စောင်ဝယ်လိုက်လေ၏ ။

ဤတွင် ပြဿနာစလေတော့သည် ။
ထီလက်မှတ်နှစ်စောင်မှာ အရောင်မတူ ။
ထို့အပြင် တစ်စောင်သောထီလက်မှတ်မှာလည်း ဖွင့်မည့်အကြီမ်ရိုက်နှိတ်ထားခြင်းမရှိ ။တစ်ခုခုတော့လွဲနေပြီထင့် ?

“ဒီမှာ ဒီမှာ . . ကျနော့်ကို ဒီထီလက်မှတ်လေး ပြန်လဲပေးပါလား ထွက်မယ့်အကြိမ်လည်းမပါတော့ ဘာမှန်းမသိလို့ပါ ”
ထီရောင်းသော အမျိုးသမီးမှာ မောင်ဆာမိအား မျက်မှောင်ကုတ်၍ကြည့်ပြီးလျှင်

” ဘာဖြစ်လို့လဲ ဒါအရံထီလက်မှတ်လေ . . ထီရုံးမှာတရားဝင်ကြေငြာထားတာဘဲ ”

“သြော် . . ဟုတ်ကဲ့ ဟုတ်ကဲ့  ဒါနဲ့ ဘာလို့အကြိမ်ရေမရေးထားတာလဲဟင် ”
” အဲ့ဒါတော့မသိဘူးရှင့် သိချင်ရင် ရုံးမှာသာသွားမေးကြည့် ကျမတို့က အတုလုပ်ရောင်းနေတာမဟုတ်ဘူး အရံထီနဲ့ပုံမှန်ထီကိုအရောင်ခွဲထားတယ် ပြီးခဲ့တဲ့အပတ်က ထီနဲ့လဲ အရောင်မတူဘူး ”

” ဟုတ်ပါတယ်ဗျာ ကျနော်စဉ်းစားမရတာက ဒီလိုအကြိမ်ရေမပါတော့ အခြားအပတ်စဉ်က ထီတွေနဲ့ရောသွားမလားလို့ပါ . . အရောင်ခွဲတယ်ဆိုပေမယ့်လဲ အရောင်တွေအများကြီးရှိတာမဟုတ်တော့ ပြန်တူသွားနိုင်သလားလို့ပါ ”
ထီသည်အမျိုးသမီးမှာ စိတ်မရှည်သောအမူယာဖြင့် မောင်ဆာမိအားကြည့်ပြီးလျှင် . .

” ဦးလေး ဒီလက်မှတ်ယူမှာလား ”
” ဟုတ် ဟုတ် ယူပါ့မယ်ဗျာ ”

ဤသို့ဖြင့် မောင်ဆာမိတစ်ယောက် ထီလက်မှတ်နှစ်စောင်အား ကသောကမျောယူလျှက် ထွက်လာခဲ့လေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~

မောင်ဆာမိတစ်ယောက် ဂျလေဘီမရောင်းတော့ပြီ ။
ရေလည်း မရာင်းတော့ ။
ယခု ထီရောင်းရန်ပြင်ဆင်နေလေတော့သည် ။
ထီရောင်းရန်ဆိုသည်ထက် ထီလက်မှတ်အဟောင်းများပြန်လိုက်ဝယ်ဖို့ရည်ရွယ်ခြင်းဖြစ်လေသည် ။
ထီလက်မှတ်အဟောင်းများဆိုသည်ထက် အရံထီလက်မှတ်များဆိုလျှင်ပိုမှန်ပေလိမ့်မည် ။
အဘယ်သို့ နည်း ????
အကြိမ်ရေမပါသော အရံထီလက်မှတ်များအား ရီဆိုင်ကယ်အဖြစ်ပြန်လည်ရောနှောရောင်းချသောဈေးကွက်အတွက် ကြိုတင်ကုန်ကြမ်းစုဆောင်းသောအလုပ်ပင်ဖြစ်လေသည် ။
ထို့ကြောင့် အိမ်ပြန်ရောက်ကတည်းက တက်ကြွစွာဖြင့် အရပ်တကာလှည့်လည်ပြီး ထီလက်မှတ်အဟောင်းများဝယ်ရန်ပြင်ဆင်နေလေတော့သည် ။

” ~~ ထီ ထီ ထီ . . ထီဆိုတာ ငွေကိုခေါ်တယ် ~~ ငွေလိုရင် ထီကိုဝယ်မယ် ~~ တူ့နယ့် . . တယ့်နယ် . ~~ ”
ဤသို့လျှင် သီချင်းလေးတအေးအေးဖြင့် အရံထီအဟောင်း ဈေးကောင်ပေးဝယ်ရန်ပြင်ဆင်နေခိုက် . .

” ဗျို့ . . မောင်ရင်ဆာမိ ဘာတွေအူမြူးနေသလဲဗျ ”

“ဟာ ဦးဖက်တီးပါလား . . မတွေ့တာတောင်ကြာပေါ့ . . ကျုပ်အခု အလုပ်အသစ်တစ်ခုစမလို့ဗျ ”

ဦးဖက်တီးမှ မျက်မှန်ကိုပင့်ရင်းး

” လင်းစမ်းပါဦးမောင်ရင်ဆာရဲ့ ဘာတွေများဂွင်ကောင်းတွေ့ထားလို့လဲ ”

“ဦးဖက်တီးကိုတော့ လူရင်းဆိုတော့ပြောရမှာပေါ့ဗျာ ကျုပ်အခု သိန်းတစ်သောင်းဆု အရံထီလက်မှတ်အဟောင်းတွေ လိုက်ဝယ်မလို့ဗျ ”

” ငင် !! ဘာလုပ်မလို့လဲ မောင်ရင်ရဲ့ . .
စက္ကူစက်တွေကို ပျော့ဖတ်အဖြစ်ပြန်သွင်းမလို့လား . . လုပ်မနေနဲ့မကိုက်ဘူးငါ့လူ . .”

“ဟုတ်ဖူးးး ဗျ . . ပြန်ရောင်းဖို့စုနေတာ ”

” ဟေ !! . . မင်းရူးနေလား ငဆာ !! မင့်ထီလက်မှတ်အဟောင်းကဘာလုပ်ရမှာတုန်း ”

မောင်ဆာမိမှာ ဦးဖက်တီးအား ကရုဏာသက်စွာကြည့်ရင်း ခွေးလှေးယားစေ့ လက်တစ်ဆုတ်မျှစားထားသောမျက်နှာပေးဖြင့် . . .

” ခေတ်ရေစီးဗျ ခေတ်ရေစီးးးးး . . ခေတ်နဲ့အညီမပြောင်းလဲနိုင်ရင် မြောင်းပုတ်ထဲကရေတောင် သောက်သုံးရေမဖြစ်ဘူးးဗျ . . ဒီမှာ ကျုပ်တို့နိုင်ငံကပြန်လည်ထူထောင်စနိုင်ငံမဟုတ်လားးး ? ဒီတော့ ဘာမဆိုစွန့်ပစ်ပစ္စည်းကနေ ရီဆိုင်ကယ်ပြန်လုပ်ပြီး အသုံးမပြုတတ်ရင် စင်္ကပူကို နှစ်နှစ်ဆယ်အတွင်းဘယ်မှီပါ့မလဲ . ဟဲဟဲ . . သေချာနားထောင် ကျုပ်ရှင်းပြမယ် . .”

ဦးဖက်တီးမှာ မျက်နှာရှုံ့ရင်းး

“လုပ်စမ်းပါဦး မင်းရဲ့ ပြည်ဖျက်စီမံကိန်းကြီးကို သိချင်စမ်းပါဘိ ”

‘”ဒီိလိုဗျာ အခုအရံထီလက်မှတ်တွေမှာ အကြိမ်ရေမရိုက်ထားဘဲတရားဝင်ဆိုပြီးရောင်းခွင်ပြုထားတယ်မှတ်လား . . ဒါပေမယ့် တစ်လနဲ့တစ်လ အရောင်မတူအောင်တော့ပြောင်းပေးထားမယ်ပေါ့ဗျာ . . အဲ့ဒီမှာစတွေ့တာဘဲဗျို့ ဘယ်သကောင့်သားက ဘယ် လက ဘယ်အရောင်ဆိုတာ အကုန်မှတ်မိနိုင်ပါ့မလဲဗျာ ။ အထူးသဖြင့် တောတွေ နယ်တွေမှာဆို အကြိမ်ရေပါတဲ့ထီလက်မှတ်အဟောင်းတောင် ပြန်ရောပြီးထည့်ရောင်းသေးတာဘဲ ။ အခုလိုအကြီမ်ရေမပါဘူးဆိုတော့ သုံးချိုးတစ်ချိုးလောက်ရောရောင်းလိုက်ရရင်ဖြင့် ဘယ်သူမှသိမှာမဟုတ်ဘူးဗျ . . သိသွားတော့လဲ ထုံးစံအတိုင်းဘွာတေး ဘွာတေးပေါ့ဗျာ ဟဲဟဲ . . အဲ့ဒါ ကျုပ်က ကိုယ်တိုင်နယ်ကိုလိုက်ရောင်းမယ့် ကိုယ်စားလှယ်တွေကိုပြန်သွင်းဖို့ အခုကတည်းက အရံထီလက်မှတ် အဟောင်းတွေစုဆောင်းနေတာဗျို့ . . ကွိ ကွိ ကွိ ကွိ . . “”
.
.
.
.
.
.
‘” အောင်ဘာလေ သိန်းတစ်သောင်းဆုလက်မှတ်အဟောင်းတွေဝယ်ဒယ် . . ပဲလှော်နဲ့လဲဒယ် . . အရံထီ လက်မှတ်အဟောင်းတွေ ဈေးကောင်းပေးဒယ် . . . ပဲလှော်နဲ့လဲဒယ် . . . ”

လေးစားလျှက်

 

About surmi

surmi has written 108 post in this Website..