မော်ဒန်ဈာပန – အပိုင်း(၂)
“မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။”
ကျုပ်လည်း ထပြီး ကျုပ် အခေါင်းသေတ္တာပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျုပ် မျက်မှန်ဝိုင်းလေး မျက်လုံးမှာ ညှပ်ပြီး
လူအုပ်ကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ထည့်လိုက်တယ်။ ကျုပ်က ညအိပ်ဝတ်စုံနဲ့။ ဒါပေမဲ့ အုတ်ဂူထဲမှာ အေးမှာစိုးလို့
သားမွေးကုတ်ကြီး တစ်ထည်တော့ ထည့်လာသေးသဗျ။ နွေခေါင်ခေါင်မှာ သားမွေးကုတ်ကြီးနဲ့ ဆိုတော့ ဟိုလူစု
နည်းနည်းတော့ ရှိန်သွားမလားပဲ။ သေချာတာ တစ်ခုကတော့ ဟို အစိုးရအကြံပေး အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး အသုဘကို
ဘယ်သူမှ စိတ်မဝင်စားတော့တာပဲ။
“သွားကြ..သွားကြစမ်းကွာ…ဒီ အုတ်ဂူနေရာကို ကျုပ်ပိုက်ဆံပေးဝယ်ထားတာ။ ကျုပ်က တရားဝင် သေပြီးသား။
ကိုယ့်ဟာကိုယ် ပျော်စရာလေး လုပ်နေတာ..ဘာဖြစ်လဲ။ ကျုပ်ပိုင်တဲ့ ကျုပ် သင်္ချိုင်းမြေမှာ ကျုပ်ဟာ အရှင်သခင် ပဲ။
လာပြီး မကျူးကျော်ကြနဲ့..သွားကြ။”
ကျုပ်က အဲဒီလို အော်တော့ ဆုတံဆိပ်တွေနဲ့ ငနဲကြီးကလည်း ထအော်တယ်။
“ဒါ..ဒါ.. မတော်တရော် ကိစ္စကြီးပဲ… တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဟာကြီး…။”
ပြီးတော့ ဆွဲချငနဲက ရောက်လာပြီး ကျုပ်ကို ကြိမ်းပါလေရော။
“ဒီ ရူးကြောင်ကြောင် သရော်မော်ကား လုပ်တဲ့ကိစ္စ အဆုံးသတ်တစ်ခု ရှိကိုရှိရမှာ။ ကိုင်း… တရားဥပဒေအရ ခင်ဗျားကို
ကျုပ်ဖမ်းတယ်ဗျာ။ အစောင့်ပုဂ္ဂိုလ်များ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ဖို့ ကျုပ် တောင်းဆို လိုက်ပါရဲ့။”
အစောင့်တွေလည်း ကျုပ်ပုခုံးကို ဆုပ်ကိုင်ပြီး ဆွဲထုတ်တော့ ကျုပ်လည်း တင်းတင်းမာမာ ပြန်ပြောရတာပေါ့။
“ဟေ့ကောင်တွေ… လူသေတစ်ယောက်အပေါ်ထားရမဲ့ လေးစားသမှု… မင်းတို့မှာ မရှိတော့ဘူးလားကွ။”
ဆွဲချကလည်း ပြန်အော်တယ်။
“ဘာ သေရမှာလဲ။ ဘာမှ မသေဘူး။ အလိမ်အညာကောင်။”
“တကယ်ကြီးလား… ဟားဟား။ နေဦး အစောင့်တွေကို ငါ့အတွက် သေဆုံးကြောင်း ထောက်ခံစာ ပေးလိုက်မယ်။
ကြည့်ကြည့်စမ်း။ အေး…ဆရာဝန်ကိုယ်တိုင် ထောက်ခံထားတာမှ မကျေနပ်သေးရင် ကိုယ်တိုင် သေချာလာပြီး
စစ်ဆေးကြည့်ကွ…ငနာကြီး။”
ဆုတံဆိပ်တွေနဲ့ ငနဲကြီးက ကျုပ်အနားလာပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်တယ်။ နောက်တော့ မကောင်းဆိုးဝါးဟ လို့
အော်ပြီး နောက်ဆုတ်သွားရော။
“မိတ်ဆွေများကို သတိပေးလိုတာကတော့ လူမှုကျင့်ဝတ်ကလေးတွေ နားလည်ကြဖို့။ ကောင်းကောင်းမွန်မွန်
လိုက်နာကြဖို့ပါပဲ။ နောက်တစ်ခုက ကျုပ်တို့အခု အင်မတန်ပူပြင်းလှတဲ့ နွေနေ့လည်မှာ ရှိနေကြတာနော်။ ကျုပ်က
အလောင်းတစ်လောင်းပဲ။ ကျုပ်မှာ ပုပ်ပွဖို့ အခွင့်အရေး ရှိပါသကော။”
ကျုပ် အဲဒီလိုပြောပေမဲ့ ဆွဲချက မရဘူး။
“ဘာ အဓိပ္ပါယ်မှ မရှိဘူး။ ဒါ…အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့ ရိုင်းစိုင်းတဲ့ အပြုအမူပဲ။
ဒီလိုလုပ်ရင် ဥပဒေအရ အပြစ်ကို ပေးဆပ်ရမှာပဲ။ ကိုင်း…ကိုယ့်လူများ အဲဒီငနဲကို အခေါင်းထဲ ပြန်လှဲခိုင်းပြီး
အခေါင်းကို ထမ်းလာခဲ့ကြပေတော့။ ကျန်တဲ့သူတွေ ကျုပ်နောက်က လိုက်ခဲ့ကြပါ။”
အစောင့်တွေက ကျုပ်ကို ဆွဲဆုပ်ထားကြတာပေါ့။ ကျုပ်လည်း ရုန်းကန်တော့ကြည့်သေးတယ်။ ဘယ်ရမလည်း
သူတို့က တော်တော်သန်ကြသကိုး။ ကျုပ်ကို အခေါင်းထဲ ဆွဲလှဲပြီး အခေါင်းသေတ္တာကိုမ၊ အသုဘယာဉ်ပေါ်တင်၊
နောက်တော့ သင်္ချိုင်းထဲက ထွက်လာကြရော။ နောက်ကလည်း လူတွေတပြုံကြီးနဲ့။ လူကြီး လူကောင်းများကလည်း
သူတို့သက်ဆိုင်ရာ ယာဉ်အသီးသီးပေါ်ကို တက်ပြီး လိုက်လာကြတာပေါ့။ Red Riders အဖွဲ့ကလည်း ဘယ်နေမလဲ။
ဆိုင်ကယ်တွေနဲ့ နောက်က ပါလာကြတာ။ သုဘရာဇာတောင် ပါသေး။
ကျုပ်စိတ်ထဲ ကျေနပ်မိတဲ့ အချက်ကတော့ ကျုပ် အင်မတန် မျက်စိစပါးမွှေးစူးတဲ့ ဟို အစိုးရအကြံပေး အဖွဲ့ဝင်
ပုဂ္ဂိုလ်ကြီး အသုဘမှာ ဘယ်သူမှ မနေခဲ့ပဲ ကျီးနဲ့ဘုတ်ဘုတ် ဖြစ်ကျန်ခဲ့တာကိုပဲ။ ဒီလူကြီးတော့ တော်တော်
စိတ်တိုနေရှာမှာပဲဗျ။
ကျုပ် အခေါင်းထိပ်မှာ ရဲသားဝဝတစ်ယောက်က ထိုင်တယ်။ အမယ်… ကျုပ်အခေါင်းသေတ္တာက ကြိုးထိုးပေါက် ရှိတော့
အဲဒီအပေါက်ကနေ အပြင်ကို နည်းနည်း မြင်ရသဗျ။ ကျုပ်တို့ မြို့ထဲပြန်သွားပြီး တရားရုံးရှေ့မှာ ရပ် လိုက်ကြတာပဲ။
“အခန်း ၄၁ ကိုဟေ့။”
ဆွဲချက လှမ်းအော်တယ်။ အစောင့်တွေလည်း ကျုပ်အခေါင်းသေတ္တာကြီးမပြီး အခန်းထဲ သယ်လာကြတာပေါ့။
ကျန်တဲ့သူတွေလည်း အခန်းထဲ ခပ်သုတ်သုတ် လိုက်ဝင်ကြရော။ ခရိုင်တရားသူကြီးမင်းက ဘေးမှာ တရားသူ ကြီး
နှစ်ယောက် ခြံရံပြီး ခုံမြင့်ပေါ်မှာ ထိုင်နေတယ်။
ဆွဲချက ရှည်ရှည်ဝေးဝေး ပြောနေတာကို ရပ်လိုက်တယ်။ တရားရုံးမှာ ခုလို ရုတ်တရက် ကြားဖြတ်ဝင်ရောက်
ပြောဆို လုပ်ဆောင်ရတာကို တောင်းပန်ပါကြောင်း။ ဒါပေမဲ့ အင်မတန် အရေးပေါ်ဖြစ်နေလို့ ဘယ်လို နှောင့်နှေး
ကြန့်ကြာမှုမျိုးမှ မဖြစ်စေချင်တာကြောင့် အခုလို လုပ်ဆောင်ရတာ ဖြစ်ကြောင်း။ ပြီးတော့ သင်္ချိုင်းမှာ ဖြစ်ပျက်
သမျှ အခြေအနေ အကုန်လုံးကို ဦးတိုက်တော့တာပဲ။
“ဟောဒီလူဟာ သူ့ကိုယ်သူ သေပြီလို့ ပြောနေပါတယ်။ ပြီးတော့ သေဆုံးကြောင်း ထောက်ခံစာ အစစ်ကိုလည်း
ပိုင်ဆိုင်ကြောင်း တွေ့ရှိရပါတယ်။”
ဆွဲချက သူ့လျှောက်လဲချက် နိဂုံးချုပ်တော့ တရားသူကြီးမင်းက ကျုပ်ကို အခေါင်းထဲက ထုတ်ခိုင်းတယ်။
“အခု ဒီပရိသတ်ထဲမှာ ဆရာဝန် တစ်ယောက်ယောက်များ ပါသလား။” တရားသူကြီးက မေးတာ။
လူကြီးလူကောင်း သုံးယောက် ရှေ့ထွက်လာကြတယ်။ ရိုးရိုး ဆရာဝန်တစ်ယောက်၊ အစိုးရဝန်ထမ်း ဆရာဝန်
တစ်ယောက်ရယ်၊ ပြီးတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်။ စိတ်ရောဂါကု ဆရာဝန်က ပြည်နယ် စိတ္တဇ
ဆေးရုံက ဒါရိုက်တာ။ သူတို့က လက်ကိုင်ပုဝါလေးတွေ နှာခေါင်းအုပ်ပြီး ကျုပ်ကို စစ်ဆေးကြတယ်။
ခပ်မြန်မြန် ပါပဲ။
“သူက အလောင်းကောင် အစစ်ပါပဲ။”
ကိုင်း ကျုပ်နိုင်ပြီ။
“အလောင်းတစ်လောင်းကို မတော်မတရားပြုမှုနဲ့ ဟောဒီ အစိုးရရှေ့နေကို တရားစွဲဆိုခွင့်ပြုပါ။”
“ကဲ…စွပ်စွဲခံရသူ ဒီနေရာမှာ လာရပ်ပြီးတော့ အဲဒီအချိန်…” တရားသူကြီးက ပြောတာ။
“ထပ်ပြီး ကြာကြာ မစောင့်နိုင်တော့ပါဘူး တရားသူကြီးမင်း ခင်ဗျား…ကျွန်တော့် အခြေအနေက….”
ကျုပ်စကား မဆုံးဘူး။ တရားသူကြီးက ဖြတ်ပြောတယ်။
“ရုံးတော်ကို လေးစားပါ။ ကျုပ်အနေနဲ့ ခင်ဗျားကို ဒဏ်ချနိုင်….။” ကျုပ်လည်း ပြန်ဖြတ်ပြောတာပေါ့။
“ခင်ဗျားကို ခွင့်ပြုဖို့….။”
“တိတ်စမ်း..။”
“မတိတ်နိုင်ဘူး။ ကျုပ် ငြိမ်နေမှာ မဟုတ်ဘူး။ ပရပ်ရှားတစ်ယောက်အနေနဲ့ ကျုပ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊
ရေးသား ဖော်ပြခွင့် ရှိတယ်။”
တရားသူကြီးက ရယ်လိုက်တယ်။
“တို့တွေ ပရပ်ရှားမှာ မဟုတ်ဘူးကွ။ နောက်ပြီး မင်းလည်း ပရပ်ရှားတစ်ယောက် မဟုတ်ဘူး။ မင်းက အလောင်းကောင်ပဲ။”
“ကျုပ်က ပရပ်ရှားတစ်ယောက် မဟုတ်တော့ဘူးပေါ့။”
“မဟုတ်တော့ဘူး။”
“ဒါဆိုလည်း ပရပ်ရှား အလောင်းကောင်ပေါ့ဗျာ..။”
အဲဒီမှာ တရားသူကြီးက ဝှက်ဖဲလှန်တော့တာပဲ။
“အေး… ပရပ်ရှား အလောင်းကောင် အနေနဲ့ မည်သည့် နိုင်ငံသား ရပိုင်ခွင့်မှ မရှိဘူးဆိုတာ မင်း နားလည် ရမှာပေါ့။”
ကျုပ်စဉ်းစားကြည့်တော့ သူမှန်သဗျ။ စိတ်ညစ်သွားပေမဲ့ ကျုပ်လည်း တိတ်တိတ်ပဲ နေလိုက်ပါတယ်။
“ကိုင်း… အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် ပြုမှု၊ ဖမ်းဆီးခြင်းကို ခုခံမှု၊ ရုံးတော်ကို မထီမဲ့မြင် ပြုမှု၊
၎င်းအချက်များဖြင့် သင့်အား စွဲဆိုမှုကို ခုခံလျှောက်လဲနိုင်သည်။”
“ကျွန်တော်က အလောင်းတစ်လောင်းပါဗျာ..။” ကျုပ်လည်း အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်တယ်။
“အလောင်းတစ်လောင်းပါ ဆိုတာနဲ့ ဆင်ခြေပေးလို့မရဘူး။ အေး…အလောင်းတစ်လောင်း အနေနဲ့၊ အထူးသဖြင့်
ပရပ်ရှားအလောင်းတစ်လောင်း အနေနဲ့ တော်ရုံ အသေးအဖွဲ အပြစ်လေးတွေကြောင့် ဘာမှ ပြစ်ဒဏ်မခံရပဲ
ရုံး တော်က လွှတ်ပေးလိုက်တယ် ဆိုလည်း မဆိုးသေးဘူး။ သို့သော်လည်း ဒါဟာ ဝိရောဓိ ဖြစ်သွားနိုင်တယ်။
ဘယ်လိုအချက်ကို ဆန့်ကျင်ပြီး ဝိရောဓိ ဖြစ်သလဲဆိုတော့ အလောင်းကောင် ဆိုသည်မှာ မလှုပ်မရှား တိတ်ဆိတ်
ငြိမ်သက်နေရမည်။ ကောင်းမွန် အေးဆေးစွာ ပြုမူနေထိုင်ရမည်။ အသက်ရှင်လျက်ရှိသော တိုင်းသူပြည်သားများ၏
အကျိုးငှာ ဥပမာဆောင်၍ ကောင်းမွန်စွာ နေထိုင်သင့်သည်။ အရင် ပရပ်ရှားတစ်ယောက် အနေဖြင့် သင့်တာဝန်ကို
သင် သိသင့်ပေသည်။ အလောင်းတစ်လောင်း ဆိုသည်ကို အထက်ပါ အချက်များက ဖွင့်ဆိုပေသည်။ ဆိုတော့
ခင်ဗျားက အလောင်းတစ်လောင်းပါ ဆိုပေမဲ့ အထက်က အချက်တွေနဲ့ ဆန့်ကျင်နေတာပဲ။”
“ပြီးတော့ ဒီလိုအမှုမျိုး ကြားလည်း မကြားဘူး။ ကြုံလည်း မကြုံဘူး။ သေဆုံးပြီးသူ တစ်ယောက်က ဒေါသတကြီးနဲ့
ရုံးတော်မှာ လာပြီး ပြောဆိုနေတာမျိုး ကျုပ် တာဝန်ထမ်းဆောင်နေတဲ့ တစ်သက်အတွင်း တစ်ခါ မှ မဖြစ်ဖူးပါဘူး။
ဒါနဲ့ ခင်ဗျား အရင်က ပြစ်ဒဏ်တွေ ဘာတွေ ချမှတ်ခံရဘူးလား။”
“ဟုတ်ကဲ့။” ကျုပ်လည်း ခပ်မတ်မတ် ရပ်ပြီး ဖြေတာပေါ့။
“ဆယ့်ခုနစ်ခါ တိတိပါ တရားသူကြီးမင်း…။ သရော်မော်ကား မထီမဲ့မြင်ပြုမှု၊ ရန်ဖြစ်မှု၊ မလိုတမာ စိတ်နဲ့
ပေါက်တတ်ကရ စာစောင်တွေ ဖြန့်ဝေမှု၊ နောက်ပြီး အခုလို အသေးအဖွဲလေးတွေနဲ့ စွပ်စွဲခံရမှု…အဲဒါတွေပါပဲ။”
တရားသူကြီး နဲနဲလေသွားတယ်။
“ခင်ဗျားက ဒုံရင်းပြန်ဆိုက်နေတယ် ဆိုတော့ ကြည့်ရတာ တိတ်တိတ် မနေချင်ဘူးနဲ့တူတယ်။”
ကျုပ်လည်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေရတာပဲ။
“ကျွန်တော်က အပြစ်မရှိပါဘူး။ အမြဲ အပြစ်ကင်းပါတယ် ခင်ဗျာ။”
“အမြဲတမ်း အပြစ်ကင်းတယ်…ဟုတ်လား…။ ခင်ဗျား…ဒီလို အသေးအမွှားလို့ပြောတဲ့ ပေါက်တတ်ကရ လုပ်တာ
တွေကို ရပ်ပါ့မလား ကျုပ် တွေးမိတယ်။ ဘယ်လိုတုန်း…သင်ခန်းစာယူနိုင်ပြီလား…။”
“ကျုပ် အဲဒါတွေ အကုန်လုံး ဘာမှ ဂရုမစိုက်ဘူးဗျာ..။ ကျုပ်ဟာကျုပ် အေးအေးချမ်းချမ်း နေခွင့်ပေးပါ။ ကျုပ်က
အလောင်းကောင်။ ခင်ဗျားက ငတုံးကြီး။ ကျန်တဲ့သူတွေလည်း ငတုံး ငအတွေ ချည်းပဲ။”
တရားသူကြီးမင်း လက်ကို မြှောက်ပြီး ဘာမှ မပြောနိုင်ခင်မှာ ဆွဲချငနဲက ထပြောတယ်။
“ဒီလူကို စိတ္တဇဆေးရုံမှာ ခြောက်ပတ်လောက်ထားပြီး သူ့စိတ် အခြေအနေကို စမ်းသပ်သင့်ပါတယ်။”
စိတ္တဇဆေးရုံက ဒါရိုက်တာ ဆရာဝန်က မြန်မြန်ထပြီး ကန့်ကွက်တယ်။
“ဒီပုဂ္ဂိုလ် အခြေအနေမျိုးနဲ့ ကျွန်တော်တို့ စိတ္တဇဆေးရုံမှာ ခြောက်ပတ်မပြောနဲ့ ခြောက်ရက်တောင် မထားနိုင်
ပါဘူး ခင်ဗျ။”
အကုန်လုံး ခဏတော့ တိတ်သွားကြတယ်။
နောက်တော့ ဂျူရီ အဖွဲ့ဝင်တစ်ယောက်က ထမေးတယ်။
“ဒါဖြင့်ရင် ကျုပ်တို့ ဒီလူကို ဘယ့်နှယ် လုပ်ကြမှာတုန်းဗျ..။”
တရားသူကြီးမင်းက –
“ဒဏ်ငွေချမယ်…။”
“ဒါလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးဗျ။ ကျုပ်မယ် ပိုက်ဆံတပြားမှ မရှိဘူး။ ကျုပ်အသုဘအတွက် ရှိသမျှ ပိုက်ဆံ
အကုန်လုံး Red Riders အဖွဲ့ကို ပေးလိုက်ပြီ။”
“ဒါပေမဲ့… ဘယ်လိုပဲဖြစ်ဖြစ် ဒီလူဟာ ဘာပြစ်ဒဏ်မှ မခံရပဲ ဒီအတိုင်းချည်း လွှတ်ပေးလို့တော့ မရဘူး။”
ဆွဲချက ဝင်ညှောင့်တယ်လေ။
“အေး…ဒါပေမဲ့ ထောင်ကလည်း စိတ္တဇဆေးရုံလိုပဲ ဒီလူကို လက်ခံမှာ မဟုတ်ဘူး။”
တရားသူကြီးမင်းလည်း အာရုံနောက်ပြီ။ ကျုပ်ဟာကျုပ်တော့ ဒီတစ်ခါ ငါနိုင်ပဟဲ့လို့ တွေးနေတုန်း ဟို
သင်းအုပ်ဆရာက ဝင်ပြီး နှမ်းဖြူးပါလေရောဗျ။
“လူကြီးမင်းများ ခင်ဗျား…ကျုပ်မယ် အင်မတန် လျောက်ပတ်တဲ့ အဆိုပြုချက်တစ်ခု ရှိမယ်လို့ ထင်ပါတယ်။
အဲဒါလေး တင်ပြ ပါရစေ။ ဒီ အလောင်းကောင်…အင်း…စွပ်စွဲခံရသူကို ခရစ်ယာန်ထုံးစံနဲ့ သင်္ဂြုံဟ်ပေးလိုက်ရင်
အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။”
“ဘာဗျ…ခရစ်ယာန်ထုံးစံ…ကျုပ်မလိုချင်ဘူး။”
ကျုပ်လည်း အသဲအသန်ထအော်ပြီး ကန့်ကွက်တာပဲ။ သင်းအုပ်ဆရာက ကျုပ်ကို လုံးဝဂရုမစိုက်ဘူး။ သူ့ဟာသူ
ဆက်ပြောနေတာပဲ။
“အင်မတန် ခရစ်ယာန်ဆန်ပြီး အင်မတန်ယဉ်ကျေးတဲ့ ဈာပန ပြုလုပ်ပေးလိုက်ရင်…. ဒီအလောင်းကောင်ကို
စာနာကူညီရာလည်း ရောက်မယ်၊ ရုံးတော်အနေနဲ့ ဂုဏ်သရေလည်း မညှိုးတော့ဘူး။ ပြီးတော့ သင့်တင့်လျောက်
ပတ်စွာ တွေးတောတတ်သူများ အတွက်လည်း ဘဝင်ကျစေမယ်။ နောက်တစ်ခါ ဒီ စိတ်ရှုပ်ထွေးနေတဲ့ ဝိဉာဏ်ကို
အပြစ်ပေးရာလည်းရောက်၊ သူ့ရဲ့ ပြုမူလုပ်ဆောင်မှုတွေအပေါ်မှာလည်း ဆင်ခြင်ပြီး နောင်တရနိုင်တဲ့ အကြောင်းလည်း
ဖြစ်ပါလိမ့်မယ်။ ဒီအဆိုပြုချက်ဟာ အင်မတန် အန္တရာယ်ရှိပေမဲ့ ကျွန်တော်သာ လုပ်ဆောင်ခွင့် ရမယ်ဆိုလို့ရှိရင်
ဒီအလောင်းကောင်ဟာ အနာဂတ်ကာလမှာ ဘာပြဿနာမှ မရှာပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်ငြိမ်သက်သက်
နေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်…လူကြီးမင်းများ ခင်ဗျား။”
“ကောင်းသဟေ့…သိပ်ကောင်း…။”
တရားသူကြီးမင်းက ခေါင်းညိတ်တယ်။ ဆွဲချလည်း ခေါင်းညိတ်သဗျ။ အမယ်…အားလုံး ခေါင်းလေးတွေ
တညိတ်ညိတ်နဲ့ သဘောတွေကျနေကြတာများ။ ကျုပ်ကတော့ ဒေါသတွေ တအားထွက်ပြီး အာခေါင်ခြစ်အော်
တော့တာပဲ။ နောက်တော့ ကျုပ်လည်း ချုံးချပြီး Red Riders အဖွဲ့ခေါင်းဆောင်ကို မျက်နှာငယ်လေးနဲ့ ကြည့်ပြီး
အကူအညီ တောင်းမိတော့ ဂန်းမသားက ဘာပြောလဲဆိုရင် –
“စိတ်မကောင်းပါဘူးဗျာ…။ ခင်ဗျား ကျုပ်တို့ကိုငှားထားတဲ့ အချိန်နှစ်နာရီက စေ့သွားပါပြီ။ Red Riders တွေက
ဘာမဆိုလုပ်တယ် ဆိုတာ ကျုပ်တို့ရဲ့ မူဝါဒစစ်စစ်ပါ။ ဒါပေမဲ့ … ပိုက်ဆံပေးမှလေ။”
ဘယ်သူမှ ကျုပ်ကို မစာနာကြဘူး။ မသနားကြဘူး။ ကျုပ်လည်း အားရှိသမျှ ရုန်းကန်ကြည့်ပါသေးတယ်။ မရပါဘူး။
ကျုပ်ကို အခေါင်းထဲ ပြန်ထည့်ပြီး သင်္ချိုင်းပြန်သယ်သွားကြတာပေါ့။
သင်းအုပ်ဆရာက ကျုပ်အတွက် ချီးမွမ်းထောမနာစကား အလကားပြောပေးသတဲ့။ ကျုပ်တော့ သူဘာတွေ ပြောလဲ
မကြားဘူး။ မကြားဆို ကျုပ်နားနှစ်ဖက်ကို ကျုပ်ဘာသာ ပိတ်ထားတာကိုး။
အတင်းအကြပ်လုပ်တာကြီးက အောင်မြင်သွားသပေါ့လေ။ နေပါဦး… ရှိသေးတယ်…။ ဘာတဲ့…
ခရိုင်တရားသူကြီးမင်း သော်လည်းကောင်း၊ အစိုးရရှေ့နေသော်လည်းကောင်း ကျုပ် အုတ်ဂူရှေ့က
ဖြတ်လျှောက်သွားတိုင်း မှောက်ချည်လှန်ချည် သုံးခါ လုပ်ပြရမယ်ဆိုတာ ဘာအတွက်တုန်းဗျ။
My Burial by Hanns Heinz Ewers ကို ပြန်ဆိုသည်။
5 comments
kai
August 29, 2018 at 4:29 pm
သေသည်၏တခြားမဲ့မှာ.. အဲဒီလိုလောက ရှိမနေဘူးလို့.. ဘယ်သူမှတော့မပြောနိုင်ဘူး..။
ဒါပေမယ်..့
“သူက အလောင်းကောင် အစစ်ပါပဲ။” ဆိုတာတွက်ပေးတဲ့ဆရာဝန် သိချင်သိမှာ..
သူ့ဆီ.. မေးကြည့်ဦးမှ..။
မောင်ဘလိူင်
August 30, 2018 at 8:22 pm
အဲဒါတော့ သိဘူး သဂျီးရယ်။ ဒီသရော်တော်တော် ရေးတာကြည့်ရင် ဒီစာရေးသူကို နာဇီပါတီက ဘာလို့ သောက်မြင်ကပ်သလဲ သိနိုင်ပါတယ်။
အရင်ကကျော်စွာဦးကြီးမိုက်
September 11, 2018 at 11:03 am
အင်း..ဖတ်လို့တော့ကောင်းသား…မောင်ဘလှိုင်လည်းရှာရှာဖွေဖွေတွေ့တတ်ပါပေ့
manawphyulay
November 29, 2018 at 11:28 am
ဒီလိုအရေးအဖွဲ့နဲ့ အသုံးအနှုန်းတွေ ငတ်မွတ်နေခဲ့တာ ကြာပေါ့….
manawphyulay
November 29, 2018 at 11:29 am
ဖတ်ရင်းနဲ့ မဒမ်ဗိုဗာရီစာအုက်ကိုတောင် ပြေးမြင်မိတယ်…