Supercalifragilisticexpialidocious ဟူသော အင်္ဂလိပ်ဘာသာစကား၏ အရှည်လျားဆုံး ဝေါဟာရတွင် စာလုံးပေါင်း ၃၄ လုံးပါရှိသည်။ ယင်း ဝေါဟာရကို ၁၉၆၄ ခု၊  Mary Poppins ဒစ္စနေ ဂီတရုပ်ရှင်တွင် စတင်တီထွင် သုံးစွဲခဲ့ရာမှ ကမ္ဘာတစ်ဝှမ်း ရေပန်းစားလာခဲ့သည်။ ထိုသီချင်း၏ တေးရေးဆရာမှာ Sherman Brothers ဖြစ်ပြီး သီဆိုသူမှာ Julie Andrews နှင့်  Dick Van Dyke တို့ဖြစ်သည်။ တေးသွားလေးကား ချစ်စရာ။

Supercalifragilisticexpialidocious.
Even though the sound of it is something quite atrocious,
if you say it loud enough you’ll always sound precocious.
Supercalifragilisticexpialidocious!
(စူပါကယ်လီဖရက်ဂျီလစ်စတစ်အိတ်စပီယယ်လီဒိုးရှပ်စ်။
အပေါ်ယံကြော ကြည့်လိုက်တော့ ရုန့်ရင်းကြမ်းတမ်းဟန်။
အသံထွက်ကာ ရွတ်ဆိုလိုက်တော့ အရွယ်နဲ့ မလိုက်အောင် ထက်ထက်မြက်မြက်။
စူပါကယ်လီဖရက်ဂျီလစ်စတစ်အိတ်စပီယယ်လီဒိုးရှပ်စ် ။)

super ဟူသည် ထိပ်တန်း၊ cali  ဟူသည် လှပခြင်း (beauty)၊  fragilistic ဟူသည် နုနယ်ခြင်း၊ expiali ဟူသည် အပြစ်ကိုခံယူသည် အမှားအတွက် ကျေနပ်အောင်ပြုသည် (expiate)၊ docious  ဟူသည် ကျိုးနွံခြင်း၊ သွန်သင်ရန်လွယ်ခြင်း (docile)။ ၎င်း စာလုံးငါးလုံးကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် မယုံနိုင်လောက်အောင် ကောင်းသည် ဟူသောအဓိပ်ပါယ် ကို ရရှိသည်။ ဘာပြောရမှန်း မသိအောင် အံ့သြ ၀မ်းသာစရာ ကြုံ ရချိန်တွင် ယင်းစကားလုံးကို သုံးစွဲပါဟု ညွှန်းဆိုထားသည်။

၂၀၁၇ ခု၊ ဇွန်လ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏  “ကမ္ဘာအမြင်ကို ရအောင်ရှုပြီး မြန်မာ့အသွင်နှင့် လှအောင်ပြုစေချင်”  ဟူသော ဆောင်းပါးတစ်ပုဒ်တွင် သုံးရက်ကြာကျင်းပခဲ့သော ဘာသာပြန်စာပေစာတမ်း ဖတ်ပွဲမှ အစပြုပြီး မြန်မာစာ၊ မြန်မာစကား၊ ရေးထုံးပြောထုံး အကြောင်း၊ အဓိကအားဖြင့် သူ/ သူမ အသုံးကို ရှင်းပြသွားခဲ့သည်။ ဆောင်းပါးထဲတွင် ပါသည့်အတိုင်း မြန်မာစာ မြန်မာစကားတွင် “သူမ” ဟူသော အသုံး မရှိခဲ့ပါ။ သို့သော်ငြား ဆောင်းပါးတွင် ရေးထားသည်မှာ –

“အင်္ဂလိပ်ခေတ် ဘာသာပြန်စာပေ ပေါ်ထွန်းလာရေး အစပျိုးသည့်ကာလနှင့် ယနေ့ကာလအခြေအနေတို့သည် မတူတော့။ လက်ရှိခေတ်ကာလ၏ တိုးတက်လာသော အခြေအနေနှင့်အတူ ဘာသာပြန်ဆရာများ၏ အရည်အသွေးသည်လည်း တိုးတက်လာမည်ဖြစ်ပြီး ဘာသာပြန်မှုတွင်လည်း ပိုမိုပြည့်စုံသောအတွေး၊ ပိုမိုမှန်ကန်သောအရေးတို့ဖြင့် စနစ်တကျဖြစ်ပေါ်လာမည်။ – – – မြန်မာနှင့် နိုင်ငံတကာတို့သည် အပြန်အလှန် ကျေးဇူးပြုရင်း မိမိတို့နိုင်ငံတွင် ဘာသာပြန်စာပေ ထွန်းကားလာလိမ့်မည်။ ထိုအခြေအနေမျိုး ဖြစ်တည်လာရန်အတွက် တာစူနေသည့် ယခုလို အချိန်မျိုးတွင် ရှေးယခင်က ဘာသာပြန်မှုတွင် အလေးထား ဂရုမပြုခဲ့၍ မိမိမြန်မာစာ၊ မြန်မာစကားအရေး၊ အပြော၏ ထူးခြားသော အမျိုးသားရေးလက္ခဏာ တစ်ခု၏နေရာတွင် တိုင်းတစ်ပါး အမျိုးသားရေး လက္ခဏာတစ်ခု တွင်တွင်ကျယ်ကျယ် အစားထိုးနေရာယူကာ ထိုလက္ခဏာ ခိုင်မြဲတည်တံ့သွားတော့မယောင် ဖြစ်နေသည့် အခြေအနေကို သတိပြုမိအောင် ဆောင်ရွက်ပေးလိုက်ပါက ဘာသာပြန်ဆရာများသည် ထိုမှားယွင်းဖြစ်တည်နေမှုကို အမှန်ပြန်ရောက်အောင် ကုစားရင်း လက်ရှိခေတ်ကာလနှင့်အညီ မြန်မာနှင့် နိုင်ငံတကာ အပြန်အလှန် အကျိုးပြုနိုင်သည့် ဘာသာပြန်စာပေများ ထွန်းကားလာအောင် ဆောင်ရွက် သွားကြလိမ့်မည်။”

ဆောင်းပါး၏ အထက်ပါအာဘော် အရ ခေတ်ကာလနှင့်အညီ ဘာသာပြန်စာပေများ တိုးတက်သွားစေရေးတွင်  မြန်မာစာတွင် မရှိသော “သူမ” ဟူသော အသုံးကိုပင် သုံးခွင့်မပေးဘဲ ဘယ်လိုနည်းလမ်းများနှင့် စာပေတိုးတက်သွားအောင် လုပ်ပါမည်နည်း။ ဘာသာစကားတိုင်းလိုလိုတွင် ဝေါဟာရ ကြွယ်ဝအောင် စကားလုံးများကို တီထွင်သုံးစွဲကြစမြဲ။ မတီထွင်၍ မဖြစ်။ မြန်မာဘာသာသည် နဂိုမူလ ဝေါဟာရတည်ဆောက်ပုံကြောင့် ဝေါဟာရ နည်းပါးသည်။ ထပ်မံတီထွင်ရ ခက်ခဲလှသည့်အထဲ စကားလုံးတစ်လုံးကို အမျိုးသားရေး လက္ခဏာပါ ဟု ခေါင်းစဉ်တပ်ကာ မသုံးစွဲသင့်ကြောင်း ဆိုထားပြန်သည်။ “သူမ”  မရှိခြင်းသည် အမျိုးသားရေး လက္ခဏာ တစ်ရပ် မဟုတ်ပါ။ ဝေါဟာရ အားနည်းခြင်းသာဖြစ်သည်။

မြန်မာစာတွင် စကားပြောနှင့် စာပြော ဟန်နှစ်မျိုး ရှိနေသည်။ လူအများပြောနေကျ စကားတွင် “သူမ” စကားလုံးကို ပြောလေ့မရှိ။ “သူ” ဟုသာ သုံးစွဲကြသည်။ စာပေအရေးအသားတွင်မူ စကားပြောနှင့် စာပြော အနက် စကားပြောတွင် “သူမ” ဆိုသော စကားလုံးကို သုံးရန်မသင့်တော်။ စာပြောတွင်မူ “သူမ” စကားလုံးကို သုံးခွင့်ရှိသည်ဟု ရိုးသားစွာမြင်မိပါကြောင်း။

ဝင့်ပြုံးမြင့်

(၂၀၁၇၊ ဇွန်လ)

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.