(၁)ဒီကနေ့ မနက် အလုပ်သွား၊
တူလေးမောင်းတဲ့ ကားနဲ့ လိုက်၊
မီးပွိုင့်တွေမှာ ဒစ်ဂျစ်တယ် နံပါတ်တွေ တော်တော်ပြောင်းပြီးနေတာ သတိထားမိ၊
အရင်က မီးဝါချိန် ကွေ့လိုင်းကို လုထွက်ရ၊
အခု ကွေ့လိုင်းပေးရင်ပေး၊မပေးတဲ့နေရာမှာ အသွားနဲ့ အပြန်ကို အချိန် နည်းနည်း ခွာလွှတ်အောင် ချိန်ထားတော့ လွယ်လွယ်ကူကူ ကွေ့လို့ရ ၊
CCTV Camera တွေလည်း ဒီရက်ထဲ အတော်များများ ပွိုင့်တွေမှာ တွေ့ရ။
Road Traffic Accident နည်းနည်းကျလာလောက်တယ် မှန်း။

(၂) Ambulance တွေ တီးတော်တီးတော်နဲ့ မောင်းလာကြ၊
ဆန့်ကျင်ဖက် ယာဉ်ကြောက တက်မောင်း၊မီးပွိုင့်ကျတော့ မီးနီကာစကို ခပ်ဆိုင်းဆိုင်းဖြတ်မောင်းသွား၊ တည့်ကားတွေ မမောင်းသေးဘဲ ရပ်စောင့်ပေးနေ၊
အရေးကြီး လူနာတွေ အသက်မီလောက်မယ်တွေးပြီး ၀မ်းသာ၊

(၃)မီးသတ်ကား ဥသြသံကြား၊
Facebook Myanmar Fire Services Department Page ကိုဖွင့်၊အချိန်နဲ့ တပြေးညီ သတင်းတက်နေ၊
မီးသတ်ရဲ့ ပြောင်းလဲတိုးတက်မှုကို အသိအမှတ်ပြု၊
မထိန်းနိုင်တဲ့ မီးကြီးတွေရဲ့ နှိပ်စက်မှု လျော့လာမယ်လို့ ယုံကြည်၊

(၄)ဘုရင့်နောင် တံတားပေါ်ကဖြတ်၊
လှိုင်သာယာဖက်ကိုကူး၊
တံတားဖြတ်ခ မကောက်တော့၊
ကားတွေလည်း တံတားကြေးပေးဖို့ တန်းစီ မစောင့်ရတော့၊
ပြည်သူဂုတ်ပေါ်က ၀န်ထုပ်တွေ လျော့လာတယ်လို့ ခံစားရ၊

(၅) နေ့လည် Export Earning ရောင်းဖို့ MICB (Myanma Investment and Commercial Bank) ကို တက်စီနဲ့သွား၊
(အိုးဝေ တို့ Uber တို့ Hello Cabတို့ ခေါ်ကြည့်ဖို့ စိတ်ကူးမရမိ၊ သူများတွေကတော့ အဆင်ပြေတယ်ပြော)
အရင်ကဆို ပွဲစားတွေကတဆင့် ရောင်းသူ ၀ယ်သူ Exporter -Importer ဈေးညှိရတယ်။ တနေ့တည်းကို ဈေးတက်လိုက်ကျလိုက် ၊ကံဆိုးလိုက် ကံကောင်းလိုက်၊တခါတလေ ဈေးကျသွားရင် ရောင်းမရလို့ အရောင်းကျန်ခဲ့လိုက်၊ဈေးတက်သွားရင် ၀ယ်မရလို့ အ၀ယ်ကျန်ခဲ့လိုက်၊
အခုတော့ ဘဏ်က မနက်ကတည်းက ဈေးသတ်မှတ်ဝယ်ပေးတယ်၊ရောင်းပေးတယ်။
အပြင်ဈေးထက်လည်း မနည်းဘူး(များတောင် များသေး)
ပထမ စ၀ယ်ခါစက ကြိုးနီရှိသေးတယ်၊သူ့ဘဏ်ထဲက ကျပ်ငွေစာရင်းပဲ ပြန်ထည့်ရတယ်။
အဆင်မပြေလို့ မရောင်းကြတော့ ပုဂလိကဘဏ်က ငွေစာရင်းထဲ ပြောင်းချင်ပြောင်းထည့်ပေးတယ်။ ၀န်ဆောင်ခ ကျပ် ၁၀၀၀ တဲ့၊ ပေးပျော်ပါတယ်။
ဘဏ်ဝန်ထမ်းတွေက အရင်ထက် ပိုဖော်ရွေ ကူညီပေးလာ၊
စီးပွားရေးကို စိတ်အေးချမ်းသာ လုပ်ခွင့်ရအောင် တဆင့်ချင်း ပြောင်းလာတယ်လို့ ပီတိဖြစ်၊

(၆) အပြန်ကျ YBS 56 ကားကြီးကို စောင့်စီး၊
မှတ်တိုင်မှာ ၃မိနစ်စောင့်၊
ကားပေါ်ရှေ့ပေါက်က တန်းစီတက်၊
သတ်မှတ်တဲ့ ယာဉ်စီးခ ကျပ်၁၀၀ ကို ပုံးထဲထည့်၊
ဖိုင်ဘာခုံသစ်တွေပေါ် ထိုင်စီး၊
အကော်ဒီယံအုန်းကျော်ရဲ့ ရှာပုံတော်ကြူးလို့ပင် ဆိုတဲ့ သီချင်းကြား၊
အဲကွန်းက အေးစိမ့်နေ၊
လိမ်မော်ရောင် ဦးစားပေးခုံတွေ တွေ့၊
အရေးကြီးတာက ဆင်းခါနီး ထရပ်တော့ မပုတု လက်လှမ်းမီတဲ့ လက်ကိုင်ကွင်းတွေ အများကြီး၊
မှတ်တိုင်ရောက်တော့ တွန်းချမခံရဘဲ အေးအေးဆေးဆေးဆင်း၊
အများပြည်သူသွားလာရေး သက်သာချောင်ချိလာတာကို သတိထားမိ(မနှစ်က FB မှာ ဒီလို စီးတော်ယာဉ်မျိုး ဘယ်တော့ စီးရပါ့မလဲ တမ်းတမိတာ မှတ်မှတ်ရရ ပြန်ပေါ်လာ)

(၇)စနေနေ့က ဆယ်တန်းအောင်စာရင်းမှာပါတဲ့ တူမလေးရဲ့ အမှတ်စာရင်းကို တနင်္လာနေ့မှာ FB ကတွေ့၊ဆုချမယ်လို့ရေးပေးလိုက်၊
မအောင်တဲ့ တူလေးရဲ့ အမှတ်စာရင်းလည်း သိရ၊ကျတဲ့ဘာသာ အမှတ်ပြန်စစ်ပေးဖို့ ကျပ် ၅၀၀၀ ပေးလိုက်၊
တကယ်မကျရင်လည်း ကလေးဘ၀ တနှစ်မနာတော့၊
တကယ်ကျရင်လည်း ကျောင်းဖွင့်ပြီး မကြာခင် အတန်းပြန်တက်ပြီး သေချာ ပြန်ကြိုးစားခွင့်ရ၊
(အချိန်တွေသာ နောက်ပြန်ရွှေ့ရနိုင်ရင် ကိုယ်တို့ ဆယ်တန်းအောင်တော့ ၁၉ ဇူလိုင် အာဇာနည်နဲ့ မျက်ရည်ဖြိုင်ရအောင် နောက်ကျ၊အမှတ်က ၃လလောက်မှ သိရ၊ ကိုယ့်ဖာသာ အမှတ် ၉၀ လောက်ရမယ်ထင်တဲ့ ဘိုင်အိုကို ၇၀ ပဲ ရတာကို ပြန်စစ်ခွင့် ရချင်မိ)
ကလေးတွေရဲ့ ပညာရေး ပိုကောင်းလာတော့မယ်လို့ ယူဆ၊

(၈)ကုတင် ၅၀၀ ဆေးရုံက မိတ်ဆွေကို သတင်းမေးသွား၊
ခွဲစိတ်ပြီး အတော်သက်သာနေတာတွေ့ရ၊
ဆေးဖိုး မကုန်ကြောင်းပြောပြ၊
ဆရာဝန် သူနာပြု ဆက်ဆံရေးလည်း ကောင်းတယ်ပြော၊
လူနာနဲ့ လူနာစောင့်အတွက် တန်ဖိုးသင့်က နေ့စဉ် စားစရာဝေလို့ ၀ယ်စားစရာ၊ ချိုင့်ပို့စရာ မလိုကြောင်း ပြောပြ၊
မဝေးတော့တဲ့ တချိန်မှာ ကျန်းမာရေးတွက် နိုင်ငံခြားထွက်စရာ မလိုတဲ့ ရွှေခေတ်ရောက်လာမယ်လို့ မျှော်လင့်၊

(၉) မြို့ထဲမှာ တိုလီမုတ်စထွက်ဝယ်၊
ပလက်ဖောင်းပေါ်မှာ ဈေးသည်ရှောင်စရာ မလိုဘဲ လမ်းလျှောက်လို့ရ၊
လမ်းပိတ်ပြီး ခင်းတဲ့ ဆိုင်ကြီးတွေလည်း မရှိတော့၊
မုန့်စားချင် ညဈေးတန်း သွားဝယ်စား၊
လမ်းသွားလမ်းလာများရဲ့ အခွင့်အရေး မဆုံးရှုံးတော့လို့ ပြုံးပျော်မိ၊

(၁၀) ညအိမ်ပြန်ရောက် အေးဆေး
ကမ္ဘာတဖက်က သူငယ်ချင်းများနဲ့ Viber က ဆက်သွယ်၊
ဂဇက်ရွာထဲဝင် မွှေနှောက်၊
FB က ဘာထူးလဲ လိုက်ဖတ်၊
(တချိန်က VZOနဲ့ proxy ကျော် ဆိုတာလေး သတိရ)
Bill ပိုက်ပိုက်ကုန်ပေမယ့် အ၀ိုင်းလည်ချိန် လျော့လာ၊
ကိုယ်နင်းနေတဲ့ ကမ္ဘာလည်း ပြားလာပါပြီ၊

သာမာန်ပြည်သူတယောက်ရဲ့ ဘ၀ ဆိုတဲ့ ဖန်ခွက်မှာ ရေတ၀က် ရှိနေပါတယ်။
1.4.2016 ကမှ စတဲ့ သက်တမ်း တနှစ်ကျော်မှာ ဖန်ခွက်ထဲ ရေတ၀က်တောင် ရှိလာပြီလို့ ၀မ်းသာအားရပြောမိပါတယ်။
အပြစ်တင်ချင်လည်း တင်ပေါ့နော်။
(ဟိုဘဘတုံးကတော့ ရပ်နိုင်ပေ့ အော်ပေးမိတာ ကိုယ့်ပါးစပ်တောင် မပိတ်သေး လက်ပံတောင်းမှာ ချော်လဲသွားရော)

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)