ဂျူးရဲ့ သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက်

သင့်အေးရိပ်September 2, 20181min583515

ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက်

(ရွှေအမြုတေ၊
၂၀၁၈ စက်တင်ဘာလထုတ်
မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး)
—————-
“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

 

 

၁။
စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ
စာရေးသူအမည်=ဂျူး
ထုတ်ဝေခြင်း= ဂျူးစာပေ၊
၂၀၁၈ ခုနှစ်၊ ဇွန်လ
တန်ဖိုး= ၄၅၀ဝ ကျပ်၊
စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။

၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။

စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review
(စာညွှန်း) နဲ့ Literary Criticism
(စာပေဝေဖန်ရေး) ဆိုတာ
မတူကွဲပြားတဲ့ ဖန်တီးမှုများ
ဖြစ်ကြောင်း ကျွန်တော် မောင်သင့်
သိသလို၊ အားလုံးလည်း သိပြီး
ဖြစ်ပါတယ်။

စာညွှန်းက ပေါ့ပေါ့ပါးပါး
ညွှန်းဆိုပြတာလောက်ပဲဖြစ်ပြီး
စာပေဝေဖန်ရေးကတော့
ပညာရပ်ဆန်သော၊
လေးနက်ကျယ်ပြန့်သောသဘော
ရှိပါတယ်။

စာပေဝေဖန်ရေးဆိုတဲ့
နယ်ပယ်ထဲကနေ စာအုပ်၊
စာပေတွေကို ဝေဖန်မယ် ဆိုရင်
ဝေဖန်သူဆီမှာ မလွဲမသွေ ရှိရမယ့်
အရည်အချင်းကတော့ “စာပေဝမ်းစာ” ဖြစ်ပါတယ်။

ဒါ့အပြင် အနုပညာကို
ခံစားသက်ဝင်နိုင်စွမ်း ခပ်မြင့်မြင့် ရှိဖို့ လိုအပ်သလို
စာပေအနုပညာပစ္စည်းတွေကို
အကဲဖြတ် သတ်မှတ်ဖို့ရာ
စာပေသဘောတရားတွေ၊
အခြေခံ စံ စနစ်၊ သီဝရီတွေနဲ့
ကိုးကား သိုင်းဝိုင်းပြီး ချိန်ဆ
ဝေဖန်နိုင်ဖို့လည်း လိုပါတယ်။

ကျွန်တော့်လို စာပေလောကထဲမှာ
ဘာမှ မဟုတ်သေးတဲ့
ငချော်ငချွတ်လေးကတော့
စာပေဝေဖန်ရေး အထိလည်း
မသွားနိုင်၊
စာညွှန်းထက်လည်း
ပိုပြောချင်သမို့ ဒီဆောင်းပါးကို
“ခံစား၊ ညွှန်းဆို၊ ဝေဖန်ခြင်း”
အနေနဲ့ပဲ တို့ထိ ရေးသားပါရစေ။

Book Review လည်း မက၊
Literary Criticism လည်း မကျတဲ့
ဆောင်းပါး ဖြစ်နေလိမ့်မယ်
ဖြစ်ပါကြောင်း။

ဘာပဲဖြစ်ဖြစ် လက်ရှိ ဖျားနာနေတဲ့
ရသစာပေလောက
အခြေအနေအရဆိုရင်
စာအကြောင်းပေအကြောင်းကို
ကကြီးလေးတစ်လုံးပဲဖြစ်ဖြစ်
ပြောဆိုတာဟာ
စာပေလောက စည်ကားဖို့
တစ်ထောင့်တစ်နေရာက
ဝင်သယ်ပိုးရာ ရောက်လိမ့်မယ်
ထင်ပါကြောင်း။
+++++++

၂။
ဇာတ်လမ်းကို အရင် မိတ်ဆက်ပြီးမှ ကျန်တဲ့အပိုင်းတွေကို
ဆက်ပြောပါရစေ။

နွားထိုးကြီးမြို့နယ်အနီး
“မြဝတီ”ဆိုတဲ့ ရွာကလေးထဲမှာ
နေကြတဲ့ အသိုက်အဝန်း တစ်ခုထဲမှာ
ဖြစ်ပျက်သွားတဲ့ အချစ်နဲ့ဘဝ
သရုပ်ဖော်ဇာတ်လမ်းရယ်လို့
ဆိုကြပါစို့။

ဒေါ်လွန်းမယ်၊ ခင်လွန်းမြတ်၊
ခင်လွန်းဆက်၊ မကြေးမုံ၊
နေရီဘုန်းကျော် စတဲ့
အမျိုးသမီးတွေရဲ့ ခံစားမှုကိုမှ
စိတ်ဝင်စားဖွယ်ရာ
အကြောင်းအရာတစ်ခုနဲ့
ပေါင်းစပ်တင်ပြထားတာပါ။

ဆရာမဂျူးရဲ့ အားထုတ်
ဖန်တီးနေကျ ထုံးစံအတိုင်း၊
အကြောင်းအရာ
အချက်အလက်တစ်ခုကို
အခြေခံထားပြီး၊
အဲဒီ အချက်အလက်ကို
ပြည့်စုံနေအောင် သေချာလေ့လာပြီးမှ သိုင်းဝိုင်းတင်ပြနေကျ ဂျူးရဲ့
ပုံမှန် လက်ရာတစ်ခုပါပဲ။
“မရှိမဖြစ်မိုး” စာအုပ်မှာတုန်းက ရေညှိ၊ “ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ”
တုန်းက လိပ်ပြာတွေ၊
“ချစ်သူလား စကားတစ်ပွင့်
ပွင့်ခဲ့တယ်” တုန်းက စံကားပင်တွေ၊ “ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ”ထဲမှာ ပန်းချီကားတွေ၊
“တိမ်နဲ့ချည်တဲ့ကြိုး”မှာတော့
ဆေးဘက်ဝင်
ဂမုန်းပင်တွေအကြောင်း…
စသည်ဖြင့် တစ်ဝကြီး
ဖတ်ရအောင် ရေးဖူးခဲ့သလိုပါပဲ။

အခု “သက်တံတို့ဖြင့် ရက်ဖွဲ့
ချစ်သူရဲ့ခြုံလွှာ”မှာတော့ မြန်မာ့ရိုးရာ လက်မှုအနုပညာ တစ်ခုဖြစ်တဲ့
ရက်ကန်းခတ်ခြင်းအတတ်ပညာနဲ့
ချည်ထည် ရက်ခြုံလွှာလေးတွေ
အကြောင်းကို အတော်အသင့်
ပြည့်စုံအောင် ထည့်ရေးထားပါတယ်။

ရသထဲမှာ သုတ ထည့်ပြထားတဲ့
သဘော။
လက်ရက် ချည်ထည်လေးတွေကို
တန်ဖိုးထားတတ်စေချင်တဲ့
စေတနာကိုလည်း အထင်းသား
မြင်ရပါတယ်။

အဲဒီ လက်ရက်ချည်ထည်
ခြုံလွှာလေးတွေရဲ့ နောက်ကွယ်က
ယုံကြည်လက်ခံထားတဲ့
ဓလေ့ထုံးတမ်းစဉ်လာ အယူအဆ
တစ်ခုကိုလည်း ဖော်ပြထားပါတယ်။

အဲဒီဒေသမှာ
မင်္ဂလာဆောင်တော့မယ့်
သတို့သမီးဟာ “မင်္ဂလာခြုံစောင်”
ဆိုတာကို ကိုယ်တိုင် ရက်ပြီး
မင်္ဂလာဦးမှစကာ ၂ယောက်အတူ
ခြုံရတယ်။
(သတို့သမီးက ရက်ကန်း
မခတ်တတ်ရင်တောင်
အမေဖြစ်သူကဖြစ်စေ ရက်လုပ်ပေးပြီး သတို့သမီးကတော့ အနားသတ်
အစကလေးတွေကို အောက်နားသိမ်း ကျစ်လိုက်ရင် ရတယ်တဲ့။)

အဲဒီ ဇနီးမောင်နှံထဲက
တစ်ယောက်ယောက်
သေဆုံးသွားချိန်မှာတော့
ခြုံစောင်ကို တစ်ပိုင်းဖြတ်၊
သေသူကို လွှမ်းခြုံပေးပြီးမှ သင်္ဂြိုဟ်။ ကျန်ရစ်သူ သေဆုံးရင်လည်း
ကျန်တဲ့ တစ်ပိုင်းကို ခြုံလွှမ်းပြီးမှ
သင်္ဂြိုဟ်ခြင်းအားဖြင့်
အဲဒီ ဇနီးမောင်နှံဟာ နောင်လာမယ့် ဘဝဆက်တိုင်း ဖူးစာဆုံပြီး ပြန်လည်
ပေါင်းဖက်ရလိမ့်မယ် လို့
ယုံကြည်ထားကြတယ်။
(တစ်လင်တစ်မယား စနစ်နဲ့
သူချစ်ကိုယ်ချစ် နှစ်ကိုယ်တူ ချစ်လို့
လက်ထပ်ကြတဲ့
စုံတွဲတွေအတွက်တော့
အတော် စိတ်ကူးယဉ်လို့ကောင်းမယ့်အယူအဆ ဖြစ်ကြောင်း
ကျွန်တော် ကြားဖြတ် တွေးမိတဲ့)
အဲဒီယုံကြည်မှု ဓလေ့ထုံးစံကလေးကို ဇာတ်ကောင် အမျိုးသမီးလေးတွေရဲ့ ဘဝနဲ့ အချစ်ထဲမှာ ရောစပ်
ဖော်ပြလိုက်တော့
စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်
ဖြစ်သွားတယ် ဆိုပါတော့။

မြေးဖြစ်သူ နေရီဘုန်းကျော်ရဲ့
စိတ်ခံစားမှုတွေကနေ စတင်
ဇာတ်ပျိုးလိုက်ပြီး လက်ရှိ
ရောက်နေတဲ့ ၂၀၁၇/၂၀၁၈
ခေတ်ကာလဆီကနေ
တစ်ကွက်ချင်း ရွှေ့ပြသွားလိုက်တာမှ နေရီဘုန်းကျော်ရဲ့ အဘွားဖြစ်သူ
ဒေါ်ရှင်လွန်းမယ် ငယ်စဉ်ဘဝ
၁၉၅ဝ ခုနှစ် ဝန်းကျင်
ကာလတွေအထိ။

ဒေါ်ရှင်လွန်းမယ်ရဲ့
ငယ်ချစ်ဦးနဲ့ ဆုံတွေ့ပုံ၊
လွဲချော်ပုံတွေကို အသေးစိတ်
သရုပ်ဖော်ပြီး၊ မြေးဖြစ်သူ
နေရီဘုန်းကျော်တို့ရဲ့
လက်ရှိခေတ်ကာလဆီကို
ပြန်လည်ဦးတည်၊
ဒေါ်ရှင်လွန်းမယ်ရဲ့ နောက်ဆုံး
နေဝင်ချိန်မှာ အဆုံးပြန်သတ်။
အဆုံးသတ် စာမျက်နှာကို
ရောက်ချိန်မှာ စာရေးဆရာက
ဝင်ရောက် မှတ်ချက်ချလိုက်သလိုမျိုး
မှတ်ချက်တစ်ခုနဲ့ အဆုံးသတ်။
ဒါပါပဲ။

“သူတို့အားလုံးသည်
စောင့်ဆိုင်းခြင်း
မျက်နှာကြက်တစ်ခုချင်း
အောက်မှာ တစ်ယောက်ချင်းစီ
သီးသန့်ဖြစ်တည်လျက်ရှိကြသည်။
တစ်ယောက်က အချစ်ဆိုသည်မှာ
အဆုံးမသတ်ရသေးသော
ကဗျာတစ်ပုဒ်ဟု သတ်မှတ်သည်။
တစ်ယောက်က အချစ်ဆိုသည်မှာ
အရှိန်ပြင်းစွာ ထွင်းဖောက်လျက်
ရင်သို့စိုက်ဝင်သော မြားတစ်စင်းဟု
သတ်မှတ်သည်။
တစ်ယောက်အဖို့တော့
အချစ်သည် မှန်ကဲ့သို့ ရေကဲ့သို့
ရောင်ပြန်ဟပ်ရမည့် မျက်နှာပြင်ကို
ပါးနပ်စွာ လိုက်ရှာနေသော
လတစ်စင်း ဖြစ်သည်။
တစ်ယောက်အတွက်
အချစ်ဆိုသည်မှာ
ကိုယ်မရောက်နှင့်မီ
ထွက်သွားနှင့်သော
လှေငယ်တစ်စင်း ဖြစ်သည်။
တစ်ယောက်အတွက်
အချစ်ဆိုသည်မှာ
မီးလောင်နေသော
လှောင်အိမ်တစ်ခု ဖြစ်သည်”
အဲဒီလို အဓိပ္ပာယ် ဖွင့်ဆိုပြီး
ဇာတ်သိမ်းလိုက်တဲ့အခါ
ကျွန်တော်တို့ စာဖတ်သူတွေ
ဆက်တွေးရမှာက
ဒီဇာတ်ကောင်တွေထဲမှာ
ဘယ်သူက အချစ်ကို
မီးလောင်နေတဲ့
လှောင်အိမ်တစ်ခုလို ခံစားနေရသူလဲ၊
ဘယ်သူက အချစ်ကို ထွက်သွားနှင့်တဲ့ လှေငယ်တစ်စင်းလို ခံစားနေရလဲ…၊ ဘယ်သူက အချစ်ကို
အဆုံး မသတ်ရသေးတဲ့
ကဗျာတစ်ပုဒ်လို သတ်မှတ်တာလဲ
စသည်ဖြင့်…။

ဒါပေမယ့် … ဒါပဲလား…
ဇာတ်လမ်းက ဒါပဲလား…လို့
စာဖတ်သူ ကျွန်တော်တို့
ဆက်လက် တွေးနေမိပါကြောင်း။
++++++++++

၃။
ဇာတ်လမ်းအကြောင်း အကျဉ်းချုံး
ပြောလို့အပြီးမှာ အဲဒီဇာတ်လမ်း
(အဲဒီစာအုပ်) ကို
တင်ပြ(ဖန်တီး)ထားတဲ့
အကြောင်းအရာတွေနဲ့
ပတ်သက်ပြီး ကျွန်တော့်
စိတ်ခံစားမှုထဲက ပြောချင်လာတဲ့
ကျွန်တော့် အမြင်တွေကို
ပွင့်ပွင့်လင်းလင်း ပြောပါရစေ။

ဇာတ်လမ်းတလျှောက်မှာ
ဒီဘက်ခေတ်လူငယ်တွေကြား
ပျံ့နှံ့နေတဲ့ အဆိုတော် ဝေလရဲ့
မချစ်ရဘူးတဲ့လား သီချင်း၊
ထူးအယ်လင်းရဲ့ အချစ်လို့ခေါ်သလား သီချင်း၊ Charli Puth ရဲ့ One Call Away စတဲ့ သီချင်းတွေတင်မက
နောက်ကြောင်းပြန်တဲ့
ဇာတ်ကွက်တွေအထိ ဆွဲခေါ်သွားပြီး၊ အရင်ခေတ်ကာလတုန်းက
နာမည်ကြီး ဂစ်တာစိမ်းမောင်ရဲ့
(ကျွန်တော်ကတော့ “မြန်မာပြည်သိန်းတန်” ဆိုထားတာကိုပဲ ကြားဖူးခဲ့တဲ့)
ရွှေစံပယ်ရုံလို မြန်မာသံ
သီချင်းကြီးတွေအထိ
သီချင်းပေါင်းများစွာကို
ထည့်သွင်း ဖော်ပြထားတာ
တွေ့ရပါတယ်။

စာအုပ်ဖတ်နေရင်းနဲ့ Charli Puth ရဲ့ One Call Away ကိုလည်း
Youtube မှာ ရှာပြီး
နားထောင်ကြည့်မိပါရဲ့။
ချစ်သူရဲ့ခြုံလွှာထဲက
ကိုလူမောင် တစ်ယောက်
မလွန်းမယ်လေးတို့ အိမ်နားမှာ
“ရွှေစံပယ်ရုံ” သီချင်းဆိုပြနေတဲ့
နေရာ ရောက်တော့လည်း
ဝတ္ထုစာအုပ်ကို ဘေးချပြီး
လက်တွေ့လောကထဲ ဝင်၊
“ရွှေစံပယ်ရုံ” သီချင်းကို ရှာဖွေ
နားထောင်လိုက်မိလေတော့
ကျွန်တော့်မှာ ဝတ္ထုဖတ်ရင်း
ရသတွေ စုံလို့ပါ။

၄။
Feminist တစ်ယောက်အဖြစ်
သတ်မှတ်/ဝေဖန်ခံထားရတဲ့
ဆရာမဂျူးရဲ့
စာအုပ်တွေထဲမှာ
အမြဲလိုလို မြင်တွေ့နေကျ
Feminism အငွေ့အသက်လွှမ်းသော
စကားလုံးတွေကိုလည်း
ထုံးစံအတိုင်း ပါမြဲ ပါနေတာကို
မြင်ရပါတယ်။

ဥပမာ – စာမျက်နှာ ၁၄၅၊
“မိန်းမတစ်ယောက် ဖြစ်ပေမယ့်
ယောကျာ်းတစ်ယောက်လို တန်းတူ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။
ငါ လုပ်မှာပေါ့” (ခင်လွန်းဆက်)
စာမျက်နှာ ၁၄၇၊
“အားကိုးဖို့ သက်သက်ဖြင့်တော့
ယောက်ျား မယူချင်ပါ။
အချစ်ဆိုတာလည်း
လိုသေးတယ်မဟုတ်လား။
”(ခင်လွန်းဆက်)
စာမျက်နှာ ၂၄၅၊
“ယောကျာ်းဆိုတာ
ဘယ်လောက်အသက်ကြီးကြီး မယုံနဲ့၊ စိတ်ချ မထားနဲ့၊ ဖွဲတစ်ဆုပ်ကိုပဲ
နိုင်တော့တဲ့ အရွယ်အို
ရောက်ရင်တောင် သူတို့က
မိန်းမနဲ့နီးစပ်ရင် ဟိုစိတ်ဒီစိတ်တွေ
ပေါ်လာတတ်တယ်”
(မလွန်းမယ်ရဲ့ မိခင် ဒေါ်လှပွင့်ပြောစကား)။
(ဒီစကားပြော/ဒီအယူအဆကိုတော့ ကျွန်တော် မောင်သင့်
ရယ်မောပါရစေ။
ငြင်းခုံရမှာ ပျင်းလို့ ရယ်သာ
ရယ်နေလိုက်တာပါ။)

ဂျူးရဲ့ ထုံးစံအတိုင်း မိန်းမတွေကို
ခံနိုင်ရည် မြင့်မားစေလိုမှုတွေ၊
အောက်ကျမခံ အရှုံးမပေး
ရပ်တည်နေစေလိုမှုတွေ၊
မိန်းမ ဖြစ်နေရုံ/ ယောကျာ်းက
ပစ်ခွါသွားရုံနဲ့ ရပ်တည်လို့ မရဘဲ
ပြိုလဲ ပျက်စီးသွားစရာ မလိုဘူးဆိုတဲ့ သဘောထားတွေ စသည်ဖြင့်
မြင်ရပြန်တာပါပဲ။

၅။
ဆရာမဂျူးရဲ့ ရေးဟန်အတိုင်း
စကားပြေစီးကြောင်းနဲ့
ဖတ်နေရတာကနေ
ရင်တွင်းအတွေး ခံစားချက်တွေကို
ဖျတ်ခနဲဖျတ်ခနဲ
စကားပြောဟန်နဲ့ ရေးသွားတဲ့ “ဂျူး ရေးဟန်”ကိုလည်း
အခုစာအုပ်မှာ မြင်ရဆဲ ဖြစ်ပါတယ်။

ဂျူးရေးဟန်ကို ကျွန်တော်
အသိအမှတ်ပြု ကြိုဆိုပါတယ်။
ဒါပေမယ့် ဒီစာအုပ်ထဲမှာတော့
အရင်လို“ကျွန်မ”ဆိုတဲ့ နာမ်စား
သုံးပြီး အဓိကဇာတ်ကြောင်းပြောသူက မပြောဘဲနဲ့ Narrator တွေ
တစ်ယောက်ပြီးတစ်ယောက်
အလှည့်ကျ ပြောပြနေသလို
တင်ပြထားတာကိုလည်း
သတိထားမိပါတယ်။

နိဒါန်းမှာ ဇာတ်ကြောင်းပြောသူက
ဒေါ်ခင်လွန်းမြတ်၊
အပိုင်း(၁)ရဲ့ အခန်း(၁)နဲ့(၂) မှာတော့ ဇာတ်ကြောင်းပြောသူက
ဒေါ်ခင်လွန်းမြတ်ရဲ့ သမီး
နေရီဘုန်းကျော် ဖြစ်သွားပြီး၊
အခန်း(၃) ရောက်သွားတော့
Narrator က ဒေါ်ခင်လွန်းမြတ်ရဲ့
ခင်ပွန်း ဦးဘုန်းကျော် ဖြစ်သွားတာကို တွေ့ရတယ်။

အဲဒီလိုပဲ အခန်းခွဲရင်းနဲ့
Narrator တွေ တစ်ယောက်ချင်းစီရဲ့
နေရာကနေ ခံစားတင်ပြနေတာမို့လို့ ပါဝင်သမျှ ဇာတ်ကောင်တွေရဲ့
ခံစားချက်၊
အတွေးအမြင် အယူအဆ၊
သဘောထားတွေကို
စုံစုံလင်လင် ထည့်ပြသွားနိုင်ပါတယ်။ စာဖတ်သူ အနေနဲ့ကျတော့
ဇာတ်ကောင်တစ်ယောက်ချင်းစီကို
ဘက်ပေါင်းစုံက မြင်ရပြီး
လိုက်ပါ ခံစားလိုက်နိုင်တယ်။
ဂျူးရဲ့ ရေးနေကျ ဟန် “ကျွန်မ”၊
“ကျွန်တော်” ဆိုတဲ့ နာမ်စားတစ်ခုထဲနဲ့ အစအဆုံးရေးတာထက်
အခုလို တင်ပြပုံမျိုးကို
ပိုနှစ်သက်မိပါတယ်။

၆။
ခေတ်ဟောင်း သီချင်းစာသားတွေကို
ခပ်စိပ်စိပ်ရေးထည့်ထားတာရယ်၊
အညာဒေသရဲ့
တောသူတောင်သားတွေရဲ့
လေယူလေသိမ်းကအစ
စကားပြောအပိုဒ်တွေမှာ
ပီပြင်အောင် ဖော်ပြထားတာရယ်က သဟဇာတ ဖြစ်ပါတယ်။

ကျေးလက်ဒေသ
အခင်းအကျင်းထဲက
အဖြစ်အပျက်တွေကို
အသေးစိတ်
ဖွဲ့နွဲ့သီကုံးထားတာကြောင့်
ချည်စောင်လေးက အစ
ကိုယ့်မျက်စိရှေ့မှာ လာချပြနေသလို
မြင်လာတယ်။

ဆိုတော့ ဒီစာအုပ်မှာ
စာရေးဆရာတစ်ယောက်ရဲ့
“သရုပ်ဖော်မှုတာဝန်”ကို
ဆရာမဂျူး ကျေပါတယ်။

၇။

ချည်ထည်ခြုံလွှာကလေး
ဖြန့်ခင်းပြထားတဲ့ စာအုပ်မျက်နှာဖုံး
ဖန်တီးမှုကလည်း စာအုပ်ပါ
အကြောင်းအရာကို
တစ်စိတ်တစ်ဒေသ
ပံ့ပိုးထားသလို ဖြစ်ပါတယ်။

စာမျက်နှာပေါင်း ၃၅၄ မျက်နှာ
ပါဝင်တဲ့ ဒီစာအုပ်ရဲ့
စာရွက်သားကတော့
ကြာရှည်သိမ်းထားလည်း
အစက်အပျောက် ဖြစ်မလာနိုင်တဲ့
ဂျပန်ဝူဖီးဆိုတဲ့ စက္ကူသားတစ်မျိူး
ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ရှေးမူ အစဉ်အလာတွေ၊
ပညာရပ်တွေနဲ့ ထုံးတမ်းဓလေ့တွေ၊
မှတ်သင့်မှတ်ရာလေးတွေကို
ဖွယ်ဖွယ်ရာရာ ထည့်ပေးထားတဲ့
စာအုပ်တစ်အုပ် ဖြစ်တာကြောင့်
ခေတ်တွေ တဆင့်ပြီးတဆင့်
ပြောင်းသွားရင်တောင်
သိမ်းဆည်းသင့်တဲ့
လက်ဆောင်တစ်ခုရယ်လို့
အကောင်းမြင်ပေးလို့ ရပါတယ်။

ဒါပေမဲ့…
အခု စာအုပ်ထဲက
ဇာတ်အိမ် တည်ဆောက်ပုံက
ရိုးရှင်းလွန်းတာကြောင့်
(ကျွန်တော်တို့ အနေနဲ့
ဂျူးရဲ့ စာအုပ်သစ်ကို ၄နှစ်ကျော်
စောင့်စားပြီး ဒီ့ထက်ပို
မျှော်လင့်နေတာကြောင့်)
အရင်စာအုပ်တွေလောက်
အားရ နှစ်သက်မှု မဖြစ်ကြောင်း
ပြောဆို ဝေဖန်တာတွေ
တွေ့နေရပါတယ်။

ကျွန်တော် မောင်သင့်
သဘောအရ ဆိုရင်တော့
စာပေအနုပညာရှင်တစ်ယောက်ရဲ့
ဖန်တီးမှုတိုင်းဟာ တစ်ခုပြီးတစ်ခု
အရင်ဟာတွေထက်
ပိုကောင်းနေရမယ် ဆိုတဲ့
သတ်မှတ်ချက်မျိုးကို
“အနုပညာသမား ဘက်က”
ရပ်တည်ပြီး “လက်မခံ”နိုင်ကြောင်းနဲ့၊ အရင် စာအုပ်တွေလောက်
မကောင်းဘူးလို့
ပြောကြဆိုကြတာကိုလည်း
စာရေးဆရာ နေရာကနေ
ခံစားပြီး “လက်လန်”ပါကြောင်း။

စာပေဖန်တီးသူမှာ
အရင်လက်ရာထက်
ပိုကောင်းတာကို ဖန်တီးခွင့်လည်း
ရှိသလို ညံ့ခွင့်လည်း ရှိပါတယ်။

ဒီစာအုပ်ဟာ ၄နှစ်ကျော်
အချိန်ယူပြီး အသေးစိတ်ဖွဲ့နွဲ့
သီကုံးထားတဲ့ စာအုပ်မို့ ပြီးစလွယ်
မဟုတ်မှန်း သိသာတဲ့အပြင်
ပင်လယ်နဲ့တူသော မိန်းမများ
စာအုပ်တုန်းကလိုပဲ၊
ဒီစာအုပ်ထဲက
ဇာတ်ကောင်တွေကလည်း
စာဖတ်သူ ရင်ထဲမှာ
အတိုင်းအတာတစ်ခုထိ
စွဲကျန်နေလိမ့်မယ် ထင်ပါတယ်။

၈။
(လူနဲ့စာကို ရောထွေး
မဝေဖန်သင့်တာကို သိပေမယ့်)
ဆရာမဂျူးရဲ့ လက်ရှိ အသက်အရွယ်နဲ့ ဒီဘက်ခေတ်ကို မျက်ခြည်မပြတ်ဘဲ၊ စာနုစာပျိုလေးတွေ၊
ချစ်ခြင်းမေတ္တာအကြောင်းကို
ခန့်ခန့်ထည်ထည်
ရေးသားနေတာလေးတွေ
မြင်ရတဲ့အတွက်
ကျေနပ်ဝမ်းသာခြင်း ဖြစ်မိတဲ့ အပြင်
ဆရာမ ဂျူးတစ်ယောက်
ရာဇဝင်ထဲမှာ ကျန်မနေရစ်ခဲ့တာကို အသိအမှတ်ပြုလိုက်ပါကြောင်း။

၉။
ဇူလိုင်လရဲ့ မိုးစက်တွေနဲ့အတူ
ရောက်လာတဲ့ ဆရာမဂျူးရဲ့
စာအုပ်ကို “ရသခြုံလွှာ”လို့
မှတ်ယူချင်သူများ မှတ်ယူနိုင်ပါတယ်။

ရသခြုံလွှာ တစ်ထည် ရက်လုပ်ပြီး
စာဖတ်သူတွေကို နွေးထွေးစေခဲ့တဲ့ ဆရာမ ဂျူးကို ဒီ့ထက်ပို
မျှော်လင့်မိတာကတော့
ဒီထက် ပိုမို အရောင်အသွေးစုံလင်
လှပတဲ့ ရသခြုံလွှာတွေ
အဆက်မပြတ် ရက်လုပ်ပြီး
မြန်မာ့ရသစာပေလောကကို
လက်ဆောင်အဖြစ်
ထပ်မံ ပေးပို့နိုင်ပါစေကြောင်း။ ။

လေးစားစွာ…

သင့်အေးရိပ်
၁၈၊ ဇူလိုင်၊ ၂၀၁၈

15 comments

  • Shar Thet Man

    September 3, 2018 at 12:58 pm

    ဟုတ်တယ်

  • Shar Thet Man

    September 4, 2018 at 3:25 pm

    ဒီထက် ပိုမို အရောင်အသွေးစုံလင်
    လှပတဲ့ ရသခြုံလွှာတွေ
    အဆက်မပြတ် ရက်လုပ်ပြီး
    မြန်မာ့ရသစာပေလောကကို
    လက်ဆောင်အဖြစ်
    ထပ်မံ ပေးပို့နိုင်ပါစေကြောင်း။ ။ ကိုထောက်ခံတာ

    • Thint Aye Yeik

      September 5, 2018 at 11:38 am

      ကျနော့်ဆောင်းပါးလေးကို ဖတ်သွားပေးတဲ့အတွက် ကျေးဇူးပါဗျား။

  • လုံမလေးမွန်မွန်

    September 5, 2018 at 10:08 am

    ကိုယ်ကတော့ လက်ရာကောင်းတယ် မကောင်းဘူးဆိုတာထက် ဖတ်တဲ့သူရဲ့ ရင့်ကျက်မှုအပေါ် မူတည်သလားလို့။ ဆရာမဂျူးရဲ့ အရင်စာအုပ်တွေကို ဖတ်တုန်းက ကိုယ့်အသက်အရွယ်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ရင့်ကျက်မှု နဲ့ အခုနောက်ဆုံးထွက်တဲ့ စာအုပ်ကို ဖတ်ရတဲ့ ကိုယ် မတူတော့ဘူး။ အမှန်အတိုင်းပြောရင် ဒီစာအုပ်ကို ဒီလိုအသက်အရွယ်မှာ ဖတ်ရတာ ကောင်းတယ်လို့ မြင်မိတယ်။ အရင် စာအုပ်အဟောင်းတွေလို အချစ်အသားပေးဝတ္ထုမျိုး မဖတ်ချင်တော့ဘူး။ အဲဒီစာအုပ်ကို ဖတ်ပြီးပြီးချင်း ကိုယ့်စိတ်ထဲမှာ ဆရာမကို ချီးကျူးလိုက်တာ။ ဆရာမဂျူးဟာ သူ့စာအုပ်ကို အရူးအမူးကြိုက်ခဲ့တဲ့ စာဖတ်ပရိသတ်လူငယ်တွေဟာ အခုချိန်မှာ ထိုက်သင့်တဲ့တည်ငြိမ်မှုရှိနေတဲ့ လူလတ်ပိုင်းရောက်နေပြီဆိုတာ သတိထားမိတဲ့အတွက် အဲဒီလူလတ်ပိုင်းတွေ ကြိုက်လောက်တဲ့ ဇာတ်လမ်းမျိုး ရေးထားတယ်။ တော်လိုက်တာ လို့ မှတ်ချက်ချမိတယ်။ ကိုယ့်အမြင်သက်သက်ပါ။

    • Thint Aye Yeik

      September 5, 2018 at 11:35 am

      မွန်မွန့် အမြင်ကလည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်။

      ကျနော်ကတော့….
      ဆရာမဟာ…
      သူ့ရဲ့ လက်ရှိ အသက်အရွယ်နဲ့ ဒီဘက်ခေတ်ကို မျက်ခြည်မပြတ်ဘဲ၊
      စာနုစာပျိုလေးတွေ ရေးရာမှာ ချစ်ခြင်းမေတ္တာအကြောင်းကို ခန့်ခန့်ထည်ထည်
      ရေးသားနေတယ်လို့ မြင်မိတယ်။
      အရင် စာအုပ်တွေတုန်းကလို… အို ဘုရားရေ…တို့ ဘာတို့…
      သိပ် နုရွ မနေတော့ပဲနဲ့
      အချစ်ကိုပဲ တည်ငြိမ်ရင့်ကျက်တဲ့ ပုံသဏ္ဍန်နဲ့ ဖော်ပြနေတာပေါ့လေ။

      ————–

      အန်တီဒုံတို့…
      အန်တီမမတို့…
      အရီးလတ်တို့ရဲ့ အမြင်တွေကိုလည်း
      ဖတ်ချင်လိုက်တာ… ။

      ဆုံနေလျက်နဲ့လွမ်းလေခြင်း စာအုပ် ဝေဖန်ရေးဆောင်းပါးတုန်းကဆိုရင်…
      လူစုံတက်စုံ ဆွေးနွေးကြတာ…
      အရင်အချိန်က ရွာကို လွမ်းမိ…
      😆

    • Thint Aye Yeik

      September 11, 2018 at 12:43 pm

      အားပေးဖတ်ရှုသွားတဲ့အတွက်
      ကျေးဇူးပါ ဦးကြီးရေ

  • ဦး လေး မန်း

    October 19, 2018 at 1:14 am

    ဂျူးရဲ့စာအုပ်တွေမဖတ်ရတာကြာပီ review သဘောမျိုးမြည်းစမ်းခွင့်ရတဲ့အတွက်ဆောင်းပါးရှင်ကိုကျေးဇူးပါ၊ စကားမစပ်ဆရာမလဲ၆ဝလောက်တော့ရှိတော့မယ်ထင်တယ်နော်၊

    • Thint Aye Yeik

      October 30, 2018 at 11:55 am

      ဟုတ်ပါ့ ဦးလေးမန်းရေ

      ဆရာမလည်း အသက်ကြီးလာပြီ
      ဆိုတော့ သူရေးတဲ့ အချစ်ဝတ္ထုတွေလည်း
      ဟိုတုန်းကလို လျှပ်စီးမလက်တော့ဘဲနဲ့
      တည်တံ့တဲ့အချစ်မေတ္တာသန့်သန့်လေးတွေ ခန့်ခန့်ထည်ထည် ဖြစ်လာပြီ

      ဆောင်းပါးလေး ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးပါနော်

  • manawphyulay

    November 29, 2018 at 11:32 am

    မနောတော့ ဆရာမရဲ့စာအုပ်ကို ငယ်တုန်းကပဲ ဖတ်ဖြစ်တယ်။ နောက်ပိုင်းမဖတ်ဖြစ်တော့ဘူး။ သူဲ့ရဲ့ ကြီးရင့်လာ ပုံရိပ်တွေကို စာအုပ်မှာ ထင်ဟပ်ပြတော့ တည်ငြိမ်တဲ့ စာအုပ်တွေ ပေါ်ထွက်လာခဲ့တာပါ…

    • Thint Aye Yeik

      November 29, 2018 at 3:42 pm

      ကျနော်တော့ သူ့ရဲ့ ရေးဟန်နဲ့ တင်ပြပုံတွေကို
      ငယ်ငယ်ကတည်းက ကြိုက်ခဲ့မိတာ။
      ရသထဲမှာဆို တာရာမင်းဝေ နဲ့ ဂျူးကို အကြိုက်ဆုံးလို့တောင် ဆိုနိုင်တယ်

      အခုနောက်ပိုင်း သူက တည်ငြိမ်ခန့်ငြားတဲ့ အချစ်မေတ္တကို
      ဖွဲ့ပြနေလေရဲ့

    • Thint Aye Yeik

      November 29, 2018 at 3:43 pm

      ကျနော်တော့ သူ့ရဲ့ ရေးဟန်နဲ့ တင်ပြပုံတွေကို
      ငယ်ငယ်ကတည်းက ကြိုက်ခဲ့မိတာ။
      ရသထဲမှာဆို တာရာမင်းဝေ နဲ့ ဂျူးကို အကြိုက်ဆုံးလို့တောင် ဆိုနိုင်တယ်

      အခုနောက်ပိုင်း သူက တည်ငြိမ်ခန့်ငြားတဲ့ အချစ်မေတ္တာကို
      ဖွဲ့ပြနေလေရဲ့

  • ဇီဇီ

    January 30, 2019 at 2:07 pm

    နာ လေ၊
    အာ့ ဝတ္ထုကို ဖတ်ရင်း
    သူ့ အရေးအသား နဲ့ ဆွဲခေါ်နိုင်မှုကို မထူးဆန်းတော့ပဲ
    အပြင်မှာ အဲဒီ ယက်ကန်းလုပ်ငန်းနဲ့ ချည်ထည်တွေ ဖန်တီးနိုင်သူတွေ က
    ဒီဇိုင်း အဆင်အသွေးအပေါ် ဆန်းသစ်မှုနဲ့ အရည်အသွေးကို အလေးထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။

    • Thint Aye Yeik

      February 1, 2019 at 3:22 pm

      ဟုတ်တယ်နော်။
      မမကြီးတွေးသလို ချည်ထည် ဖန်တီးနိုင်သူတွေ
      တွေးပြီး ကိုယ့်လက်ရာကို ကိုယ် အကောင်းဆုံး ဖြစ်အောင်
      အရည်အသွေး ထိန်းထားနိုင်ရင် …
      ဆရာမဂျူးရဲ့ စာအုပ်ထဲ စေတနာထည့်ရကျိုး နပ်မှာ…

Leave a Reply