အီစွတ်၏ ဒဏ္ဍာရီစာတပုဒ်ရှိဖူးသည်။
A Wasp tormented a Snake close to death. The Snake decided to put his head under a wagon wheel in hopes to take the Wasp with him in death. As a last resort take your enemy with you.
တစ်နေ့သ၌ နကျယ်တစ်ကောင် သည် မြွေတကောင်ကို ကိုက်ခဲ၏။ သူသည် မြွေ၏ကိုယ်ကို အချက်ပေါင်း များစွာ ကိုက်ခဲပြီးနောက် ခေါင်းပိုင်းကို မလွတ်တမ်း ကိုက်ခဲထား၏။ မြွေလည်း အလွန်တရာ နာကျင် လှသဖြင့် အားစိုက်၍ ရုန်း၏။ နကျယ် ကောင်ကား မလွှတ်တမ်း ကိုက်မြဲသာ ကိုက်ထား၏။ နောက်ဆုံး၌ မြွေသည် မခံမရပ်နိုင် ဖြစ်လွန်းသဖြင့် ”ငါ့အသက် သေလိုက သေစေတော့။ သင်ကိုကား သတ်ဖြစ်အောင် သတ်တော့ မည်” ဟုဆို၏။ ဆိုသည့် အတိုင်းလည်း သူသည် အနီးမှ ဖြတ်သန်း သွားသော လှည်းတစီး၏ ဘီးအောက်သို့ သူ၏ ခေါင်းကို ထိုးကာ အကြိတ်ခံလိုက်လေသည်။ ခဏချင်းပင် သူနှင့် နကျယ်ကောင် နှစ်ကောင်စလုံး လှည်းဘီးအောက်၌ အသက်ပျောက်သွားလေသတည်း။

အဆိုပါပုံပြင်အရ တုံ့ယူလက်စားချေခြင်းအားဖြင့် ၂ဖက် ဘ၀ပြီးခဲ့သည်ဆိုသော်ငြား အနုလုံပဋိလုံတွေးကြည့်ပါလေ။ မည်သူနိုင်သနည်း။
မိမိဘ၀အဆုံးခံ၍လက်စားချေသင့်ပါသလော။ အခြားရွေးချယ်စရာရှိသေးသလော။
ရှေ့ဘ၀၊နောက်ဘ၀အယူပြင်းစွာယူသော အချို့သောသူတို့အတွက်မူ သေခြင်းတွင် ချိုမြိန်ခြင်းတရားတခုရှိနိုင်ကောင်းသည်။ သေခြင်းတရားအားဖြင့် ဤဘ၀မှအနိုင်ယူ(သို့) လွတ်မြောက်ရာထွက်ပြီး နောင်ဘ၀တွင်” မကျေနပ်တစ်က ပြန်စမည်”အတွေးလည်းဖြစ်နေနိုင်ကောင်းသည်။
သို့နှင့်လည်း မြန်မာတို့တွင် သတ်ခြင်း၊ သေခြင်းတို့သည် နေစဉ်သုံးများအဖြစ်ပါ တွင်ကျယ်နေပေသည်။
အသက်ခြင်းထပ်လောင်းမလား၊ သတ်မယ်၊ သေမယ်၊ သေဒဏ်ပေးပစ်၊ စသည့်အသက်နှင့်ရင်းသော စာ/စကား တို့ကို အလွယ်သုံးကြသည်ကို ဆိုရှယ်မီဒီယာတို့တွင် အလွယ်တွေ့နိုင်သည်။ စီးပွားရေးလုပ်ရာတွင်ပင်” အသက်နှင့်ရင်း၍ အာမခံသည်” ဟုပေါ့ပေါ့ပါးပါးပြောတတ်ကြသည်။
လူသား၏အသက်အား( မိမိကိုယ်၌ဖြစ်စေဦး) ထင်ရှားတန်ဖိုးမထား။ “”၀စီဗေဒ ထိတိုင်းရှ“” မြန်မာတို့အသက်ငယ်ငယ်ရွယ်နှင့်လွန်ကြသည်ကိုတွေ့နေရသည်။
တိုက်ဆိုင်မှုလော။ မဟုတ်ပါ။ သတ်/သေတို့ကို ကြားမြင်ဖန်များသော် မြန်မာတို့၏ စိတ်တို့ကြမ်းလျှက်နေပါချေသည်။

အမေရိကန်တို့စရိုက်
သမ္မတထရမ့်အပေါ် အမေရိကန်လူထုက ဆုံးဖြတ်ချက်ချမှတ်တော့မည်။
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထရမ့်၏ကိုယ်ရေးကိုယ်တာရှေ့နေ(ဟောင်း) မိုက်ကယ်ကိုဟမ်င်မှ ကွန်ဂရက်ရှေ့မှောက်တွင် ဖွင့်ဟ ကြားနာခံခဲ့သည်။ ယခုမတ်လအတွင်းတွင် အထူးစုံစမ်းစစ်ဆေးရေးမှုး ရောဘတ်မေူ်ာလာ၏ ရီပို့ထွက်လာမည်တွက်ဆရပါသည်။
စစ်တမ်းကောက်ချက်တို့အရမူ တရားရေးအရ ရာဇ၀တ်မှုကျူးလွန်ခြင်းမရှိပါလျှင်လည်း ဒီမိုကရက်နှင့် ပါတီစွဲကင်းသူတို့ အနေဖြင့် ၆၀%+ ဖြင့် သမ္မတအား အယုံအကြည်မရှိအဆိုတင် ဖြုတ်ချသင့်သည် ဆိုကြ၏။
ရာဇ၀တ်မှုကျူးလွန်ထားသည်ဆိုလေဦး သမ္မတအား အရေးယူအပြစ်ပေးခြင်းအတွက်မူ သူ၏ပါတီဝင်ရီပါ့ဗလစ်ကင်န်များမှ ၃၀%မျှပင်မထောက်ခံ။

ကွန်ဂရက် အောက်လွှတ်တော်တွင် ဒီမိုကရက်အမတ် ဖြင့် အများစု( 235/197)ဖြစ်သော်ငြား အယုံအကြည်မရှိအဆိုတင်အောင်မြင်ရန် (2/3) မပြည့်မှီ။
ဆီးနိတ် အထက်လွှတ်တော်တွင်ကား ဒီမိုကရက်တို့မှာ လူနည်းစု (47/53 ) ဖြင့်သဖြင့် အယုံအကြည်မရှိအဆိုအတွက် Supermajority မဲကို ကိုရရန်ပင်အကြောင်းမရှိ။

ဒီမိုကရက်တို့၏ရည်ရွယ်ရင်းနည်းဗျူဟာမှာ အယုံအကြည်မရှိအဆိုတင် ချက်ချင်းဖြုတ်ချခြင်းနည်းလမ်းထက် နိုင်ငံရေးအရ ဂုဏ်သိက္ခာချ၍ အမည်သတ်ကာ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တို့နေရာဆွဲယူမည့်သဘောသာဖြစ်ပါသည်။

ရာဇ၀တ်မှုဖြစ်၍ ဥပဒေချိုးဖောက်ထားလျှင်မူကား ဥပဒေချစ်တို့၏တိုင်းပြည် Law of the land သည် တရားရေး၏သဘောအတိုင်းသာတည်း။
အမေရိကတွင် ပြည်နယ်/ဖယ်ဒရယ်အစိုးရအချင်းချင်းသော်လည်းကောင်း၊ နိုင်ငံရေးသမား၊ နိုင်ငံတော်သားလူပုဂ္ဂိုလ်တဦးချင်းသော်လည်းကောင်း တရားစွဲ အငြင်းပွားမှုဖြစ်လျှင် တရားရေးမဏ္ဍိုင်တက်ဆုံးဖြတ်ချက်ရယူရသည်။ တရားရေး၏အမြင့်ဆုံး Supreme Court ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။ ထောက်ခံ/ကန့်ကွက် အားလုံး တရားရုံးအဆုံးအဖြတ်တွင် နိတံရလေ၏။
အမေရိကန်တို့သည် ဆိုရှယ်မီဒီယာ၊ စာ နေ့စဉ်တကယ့်ဘ၀ တို့တွင် သတ်ခြင်း။သေခြင်းကို အရေးရှားသည်။ ကလေးသူငယ်များရှေ့တွင် ဆဲရေးတိုင်းထွာ၊ညစ်ညမ်းစကား ပြောရန် အများစုဝန်လေးကြသည်။ သွေးသံရဲရဲတို့တွင် ကလေးများကို ကွယ်ကာပေးခြင်းဓလေ့လည်းရှိသည်။
သတ်/သေ ဂလဲ့စားချေခြင်းထက် အမှန်တရားနှင့်အဖြေကို တရားရေးမဏ္ဍိုင်ပေါ်တင်၍ရှာသည်။ ဘ၀တခု/အသက်တချောင်းအတွက် တရားရေးအရ အရေးယူခံရခြင်းသည်ပင်လျှင်လွန်စွာလုံလောက်နေ၍ နိုင်ငံရေးသတ္တ၀ါများအတွက် ထောင်ဒဏ်သည်ကား လွန့်လွန်လွန်းတည်း။

မိမိရှင်သန်နေထိုင်ရာ တိုင်းပြည်နာခြင်းကိုနင်း၍ မည်သည့်အမေရိကန်မှ ရှေ့မတိုး။
အဆုံးတွင် အမေရိကန်တိုင်း အမေရိကမြေကိုချစ်ကြသည်။ ချစ်ပါရန်လည်း ပိုင်ဆိုင်ခွင့်ပေး၊အခွင့်အရေးတန်းတူထား ခြင်းကို အာမခံပေးသည်။
သို့နှင့်ဤမြေတွင်မွေးဖွားသူမဟုတ်လေဦး အမေရိကန်စိတ်ကြီးဝင်ပါလေသည်။

မြန်မာနှင့်စာအုပ်စိမ်း
၂၀၀၈ အခြေခံဥပဒေကို ပြင်ရန်လုပ်နေကြပြန်ပြီ။
ပြင်နိုင်ရန် ပေးထားချက် ၁-၂-၃ ရှိသော်ငြားလမ်းရိုးအတိုင်းမသွားပဲ NLD ပါတီမှဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းလိုက်ပါသည်။ အခန်း ၁၊ နိုင်ငံတော်အခြေခံမူများမှ စတင်ဆွေးနွေးကြမည်ဆိုနေသည်။
လူထုမှလည်း လမ်းပေါ်တက်၍ ခြေဥပြင်ဆင်ရေးထောက်ခံဆန္ဒပြပွဲများ ပြုလုပ်လျှက်ရှိသည်။ ၈၈မျိုးဆက်တို့ ယခင်ပြခဲ့ဖူး၊ကောက်ခဲ့/ထိုးလိုက်ခဲ့သောလက်မှတ်တို့ ဘယ်ဆီဝယ်ရောက်နေသည်မသိ။

တပ်မတော်မှ သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြည်ထောင်စုလွှတ်တော်မှလုပ်နည်းလုပ်ဟန်ဥပဒေကျော်လွန်လုပ်ဆောင်နေသည် ပြောနေပြန်သည်။
တကယ်တော့ အခြေခံဥပဒေနှင့် မညီညွတ်ဟုထင်ရလျှင် တရားရေးအဆုံးအဖြတ်ခံယူပါရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှိသည်။
အခြေခံဥပဒေခုံရုံးရှိသော်လည်း ထိုမှမတက်ကြပေ။ အဘယ့်ကြောင့်နည်း?
အမေရိကားကဲ့သို့မဟုတ်။ ခုံရုံး၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ပေါင်း ၉ဦး ကို NLDပါတီ(သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ဦး)တို့မှ တိုက်ရိုက်ခန့်အပ်ရကာ သက်တမ်းကန့်သတ်ထားချက်လည်းရှိခြင်းကြောင့်ပင်တည်း။

အခြေခံဥပဒေကို ပြင်ရန်အထူးတလည် လိုအပ်နေပါသလား?

NLD ပါတီသည် ပြည်ထောင်စုလွှတ်တော်၏ ၅၈% ခုံနေရာကို ယူထားသည်ဖြစ်ပေရာ အမေရိကား၏ ၂ပါတီနိုင်ငံရေးသမားများကဲ့သို့ ၅၀% +/ – အနည်းငယ်နှင့်ကစားရသော ကျဉ်းကြပ်ကဲ့သို့မဟုတ်။
လူထုပေး ဆုလာဘ်ကြီးကို ရထား ခုထိုင်ထားသည်ဖြစ်ပါ၏။ ဆန္ဒရှိလျှင်တိုင်းပြည်အကျိုးရှိမည့် ဥပဒေများစွာကို ပြုနိုင်ပြင်နိုင်သည်။
အတိုက်အခံပါတီ၊ တိုင်းရင်းသား ပါတီ၊တပ်မတော်ကိုယ်စားလှယ်တို့၏ ဆန္ဒမဲတပြားပင်မလိုပါ။
၅နှစ်သက်တမ်း၏ ၃နှစ်ပြည့်ခဲ့လေပြီ။ တိုင်းပြည်ဘယ်နေရာမှာနည်း။
သို့နှင့်အချိန်ကိုက် ခြေဥပြင်ဆင်ရေး တက်လာသည်ဖြစ်ပေရာ NLD ပါတီ၏ နည်းဗျူဟာ ဘာလဲ ဘယ်လဲပြောရန်သာရှိတော့သည်။
အချိန်တို့ ထပ်၍ကုန်ပါလိမ့်မည်။ လူအင်အားနှင့် လုပ်အားတို့ သုံးရပါလေဦးမည်။
၂နှစ်သာကျန်သော အချိန်တွင် မည်သည့်ရလဒ်ကို လိုချင်ပါသနည်း။ ခြေဥတကယ်ပြင်ရေးလော။ ၂၀၂၀ မဲရရေးလော။
ပြိုင်ဖက်ကို အသေသတ်ရင်း မိမိကိုယ်၌ကိုလည်း မစတေးမိရန် အရေးကြီးလေသည်။ မနိုင်သည်ကို မရင်းရာ။ မဖြစ်နိုင်သည်ကို မစမ်းသပ်ရာ။

တိုင်းပြည်ငြိမ်းချမ်း၍တိုးတက်သောလမ်းကို အတူတကွမလျှောက်နိုင်ကြချေ။ အားပြိုင်လျှက်ရှိကြကာ ဆိုခဲ့ပြီးအီစွတ်ပုံပြင်သဘောအရ လက်စားချေခြင်းဓလေ့ဝင်နေသည်မူ၍ တဖက်ကိုမျိုးဖြုတ်အပြီးသတ် ရင်း ကိုယ်ပါသွားရမည့်အခြေအနေပင်ရှိသည်။
တိုင်းပြည်လည်းနာလှပြီ။ နာရင်းမှသည် အတူတကွ သေပွဲများဝင်ချင်နေကြသလော။ နောင်ဘ၀မှ ကောင်းသောတိုင်းပြည် တည်ထောင်ကြမည်လော။

ယခင်စစ်အစိုးရခေတ်ကို တစခန်းရပ်သင့်ပြီ။ မုန်းလွန်းးသည်မူ၍ မျှော်တော်ယောင် စောင်စောင်းငန်းကြည့်မနေသင့်။ စီပွားရေး၊ နိုင်ငံရေးတို့တွင် အလုပ်ကိစ္စတို့ကိုသက်တမ်းထား တကန့်စီ၊ တစခန်းစီရပ်မှသာ တိုးတက်လမ်းပေါ်ရောက်၍အလုပ်ပိုဖြစ်မည်။ကေစ့်ကို ဖွင့်၍မထားရာ။ ၁၉၈၈အရေးတော်ပုံကို အထူးပါဝင်ပါတ်သက်ခဲ့သူတို့ အောင်မြင်ပြီးမြောက်ခြင်း ကျေညာစာတမ်းထုတ်ကာ တော်လှန်ရေးတခုကိုအဆုံးသတ်သင့်သည်။
သို့မှသာ နောက်တခုသို့ ခေါင်းဆောင်သစ်ဖြင့် အစွဲ၊ အစွန်းကင်းစွာနှင့် ဆက်လုပ်ချီတက်နိုင်မည်။
ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သားများ စစ်တိုက်ရဲ/သေရဲရန် ရည်ရွယ်သည်မူ၍ ရှင်ဥက္ကဋ္ဌထံချည်းကပ်ကာ ဘာသာရေးအရ တွန်းအားကိုတောင်းခံဖူးသည်မှတ်ဖူးသည်။
သို့အားဖြင့် ရှင်ဥက္ကဋ္ဌမှ ” ရဲသော်မသေ၊သေသော်ငရဲမလား” ကိုဖန်တီးပေးခဲ့သည်ဟု ဖတ်ဖူးပါသည်။
နိုင်ငံရေးအတွက် တိုးတက်မှုတို့ရှိစေရန် ဘာသာရေးအကူအညီလိုသည်။ မြန်မာတို့သည် ဗုဒ္ဓသာသနာဝင်အများစုဖြစ်သဖြင့် ရဟန်းသံဃာတို့မှ မြွေ/နကျယ်ကောင် လက်စားချေစရိုက်ချွတ်ပေးကြပါလေ။ သတ်ခြင်း/သေခြင်း စာ/စကားပျောက်အောင် တရားပြပါလေ။

” ပေဖြစ်လျှင်ခံ တရံမမှု တူဖြစ်ထုလော့” ဟု သာတိုင်းလုပ်သည်မူ၍ ဗုံလုံတလှည့်ဖြစ်နေလျှင် ငါးပျံအလှည့်လည်းလာ ပါဦးမည်။ လုံးလည်ချာလည် လိုက်နေခြင်းမည်ပါသည်။ ။

kai

About kai

Kai has written 971 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.