သမိုင်းမတွင်ပေမယ့်သမိုင်းဝင်နေတဲ့မိဖုရား(မြောက်နန်းစံမိဖုရားကြီးရှင်သဲ)

တစ်လောကမရောက်တာကြာပြီဖြစ်တဲ့မန္တလေးမြို့ကြီးကိုရောက်တော့၂၀၁၅ခုနှစ်မှာရတနာပုံမြို့တည်နန်းတည်နှစ်(၁၆၀)ပြည့်အထိန်းမှတ်အဖြစ်ပြန်လည်ပြင်ဆင်ကာဖွင့်လှစ်ခဲ့တဲ့သတ္တဌာနနေရာတွေထဲကကျောက်တော်ကြီးဘုရားအနားကအထိန်းအမှတ်နေရာကိုရောက်ခဲ့တယ်ဆိုပါတော့။ဒီလိုနဲ့သွားရင်းလာရင်လှည့်ပတ်ရင်းနဲ့မင်းနှစ်ပါးရုပ်ထုထားတဲ့အဆောင်ကိုရောက်တော့ကိုကာကြီးမှာတော်တော်ကိုမျက်စိလည်သွားပါရော။

မျက်စိလည်တယ်ဆိုတာကကိုကာကြီးအတွက်သမိုင်းမှာခပ်ရေးရေးတောင်မသိထားတဲ့သမိုင်းတစ်ခုကိုထူးထူးခြားခြားသိလိုက်ရလို့လေ။

ဒီလိုလေထူးခြားတယ်ဆိုတာကတခြားထူးထူးခြားခြားတော့မဟုတ်ပေမယ့်ကိုကာကြီးတို့တွေမြန်မာ့သမိုင်းရတနာပုံသမိုင်းမင်းတုန်းမင်းတရားကြီးရဲ့သမိုင်းမှာအမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့မိဖုရားကြီးကိုဗွားကနဲသိလိုက်ရတာကထူးခြားတာ။ 

ပြောရင်  ရုပ်ထုဆောင်ရဲ့အမည်ကိုကမင်းတုန်းမင်းတရားကြီးနှင့်မြောက်နန်းစံမိဖုရားကြီးရုပ်ထုဆောင်လို့ရေးထားပြီးသားပါ။အရင်ကတည်းကလဲပုံတွေစာတွေမှာဒီရုပ်ထုကြီးတွေနဲ့ပတ်သက်ပြီးသိခဲ့ပေမယ့်မင်းနှင့်မိဖုရားကြီး(မိဖုရားခေါင်နန်းမတော်မိဖုရား) ရုပ်ထုလို့ပဲအထင်ရှိခဲ့တာလေ။ဒါပေမယ့်တစ်ကယ်တန်းရုပ်ထုကြီးကိုအနီးကပ်မြင်လိုက်ရတော့မှမင်းတရားကြီးရဲ့အရှေ့မှာလှလှပပကြီးစံမြန်းနေခဲ့တာကကိုကာကြီးထင်သလိုမိဖုရားခေါင်ကြီးစကြာဒေဝီရဲ့ရုပ်ထုမဟုတ်ပဲမြောက်နန်းစံမိဖုရားကြီးရှင်သဲ(ခေါ်) ခင်သဲရဲ့ရုပ်ထုဖြစ်နေမှန်းသိလိုက်ရတယ်လေ။အဲဒီအခါကျမှ’လုပ်ကြပါဦးဟ၊ရှာကြပါဦးဟ၊စာတွေဖတ်ကြပါဦးဟ’နဲ့မိဖုရားကြီးရှင်သဲရုပ်ထုကိုထားရတဲ့အကြောင်းကိုရှာရတော့တာပေါ့။

တစ်ကယ်တော့ကိုကာကြီးကအစကတည်းကအမှတ်မှားခဲ့တာ။မင်းတရားႀကီးဘေးမှာစံမြန်းနေလိမ့်မယ်လို့ထင်နေခဲ့တဲ့စကြာဒေဝီ(ရတနာဒေဝီ) မိဖုရားခေါင်ကြီးဟာတောင်နန်းစံမိဖုရားတစ်ဦးဖြစ်ပြီးမိဖုရားကြီးရှင်သဲကမှမြောက်နန်းစံမိဖုရားကြီးတဲ့လေ။တစ်ကယ်ဆိုမိဖုရားကြီးရှင်သဲရဲ့နာမည်နဲ့သူ့ရဲ့အကြောင်းကိုသေချာမသိခဲ့ပေမယ့်သူပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုတော့ကိုကာကြီးတို့အတွက်ငယ်ဘ၀ကတည်းကရင်းနှီးခဲ့ပြီးသားပေါ့။’လင်တစ်ယောက်လုံးနဲ့လဲထားရတာကိုး’ ဆိုတဲ့အဖိုးတန်လက်ဝတ်တော်ကြီးနဲ့ပတ်သက်ပြီးမှတ်ချက်စကားကိုဆိုခဲ့သူလေ။ပြီးတော့မင်းတုန်းမင်းကြီးရဲ့အချစ်ဆုံးလို့ဆိုရမယ့်မိဖုရားလဲဖြစ်ခဲ့ဟန်တူပါတယ်။

ပြောရင်လဲရှက်စရာပါပါ့… သမိုင်းကိုသေချာမသိပဲကိုယ့်အတွေးအထင်နဲ့အမှန်လို့မှတ်ယူမိခြင်းရဲ့ဆိုးကျိုးပေါ့လေ။

ကဲလေမိဖုရားကြီးရှင်သဲအကြောင်းပဲဆက်ကြပါဦးစို့။

တစ်ကယ်တော့မြောက်နန်းစံမိဖုရားကြီးရှင်သဲဆိုတာမင်းတုန်းမင်းကြီးရဲ့အိမ်တော်ပါငယ်ချစ်မယားလဲဖြစ်သလိုမန္တလေးရတနာပုံမြို့တော်ကြီးကိုတည်ထောင်ချိန်ကလဲမင်းတရားကြီးနဲ့အတူပါဝင်ခဲ့သူလို့ဆိုရမှာပါ။စာဆိုတစ်ဦးလို့လဲသတ်မှတ်ခြင်းခံရသူပေါ့။

 သို့ပေမယ့်ရှင်သဲဟာမင်းတုန်းမင်းကြီးအိမ်နိမ့်စံ(မင်းသား)ဘ၀ကတည်းအပါးတော်မှာမယားဝတ်မပျက်နေခဲ့သူနိုင်ငံရဲ့ဒုတိယအကြီးဆုံးမိဖုရားအဖြစ်သက်ဆုံးတိုင်နေခဲ့သူဆိုပေမယ့်သိုသိုသပ်သပ်(Low Profile) နဲ့နေခဲ့သူဖြစ်လေတော့သူ့အကြောင်းကိုသိဖို့ရန်မှာသိပ်မလွယ်ကူခဲ့ဘူးပေါ့။ဘယ်လောက်တောင်သူ့နဲ့ပတ်သက်တဲ့အချက်အလက်တွေရှာရခက်လဲလို့ပြောရရင်မိဘအမည်ရင်းကိုတောင်မှာသမိုင်းအမျိုးမျိုးမှာအမည်အမျိုးမျိုးနဲ့ကွဲပြားနေရတဲ့အထိပါပဲ။ 

 ဒီလိုသမိုင်းကွဲတွေထဲကမှဖြစ်နိုင်နေချေအများဆုံးကိုထုတ်ပြရရင်တော့ရှင်သဲရဲ့မိဘများဟာဖခင်မြို့ဝန်ဦးသာဖြူမိခင်ပထမဝန်ကတော်သခင်ကြီးလို့ဆိုရမှာပါ။ဇာတိအနေနဲ့ကတော့မုံရွာခရိုင်ညောင်ကန်ရွာလို့မှတ်သားမိပါရဲ့။ငယ်နာမည်ကတော့မယ်ညွန့်လို့ဆိုကာမိဘများကသဲအူမကချစ်မြတ်နိုးရတဲ့အတွက်မသဲအုံလို့ခေါ်ရာကနေမယ်သဲငယ်ငယ်ကခင်သဲအရွယ်ရောက်လာချိန်မှတော့ရှင်သဲလို့အမည်သက်ဆင်းလာရတယ်လို့ပြောရမှာပါ။

 ငယ်ဘ၀အကြောင်းပြောရရင်တော့တစ်ခြားမှတ်မှတ်သားသားအရာမရှိခဲ့ပေမယ့်ရှင်သဲအသက်(၁၃)နှစ်  အရွယ်ကစကာနန်းတွင်အပျိုတော်အဖြစ်အမှုထမ်းခဲ့သူပေါ့။ဒီနေရာမှာလဲသူခစားခဲ့တဲ့မိဖုရားဟာမြန်မာ့သမိုင်းထဲကအထက်မြတ်ဆုံးမိဖုရားတစ်ဦးဖြစ်တဲ့နန်းမတော်မယ်နုထံပါးမှာလို့တစ်ချို့ကဆိုသလိုတစ်ချို့ကတော့မင်တုန်းမင်းကြီးရဲ့မယ်တော်သာယာ၀တီမင်းကြီးရွှေဘိုမင်းရဲ့တောင်ဆောင်တော်ကျောက်မော်မြို့စားမိဖုရားထံပါးလို့လဲဆိုရပါတယ်။ 

 ဘယ်လိုပဲဆိုဆိုပါခင်သဲဟာမင်းတုန်းမင်းကြီးနဲ့အပျိုတော်ဘ၀မှာရည်ငံခဲ့ကာမင်းတုန်းမင်းအိမ်နိမ့်စံမင်းသားဘ၀ကတည်းကကောက်ယူတော်မူခဲ့တဲ့ငယ်ချစ်မိန်းမ(မိဖုရား) ဆိုတာကတော့အမှန်မလွဲပေါ့။ကိုကာကြီးကတော့ရှင်သဲဟာနန်းမတော်မယ်နုထံခစားနေချိန်မှာမင်းတုန်းမင်းသားနဲ့ရည်ငံကာကောက်ယူတော်မူပြီးမှမယ်တော်ဖြစ်သူတောင်ဆောင်တော်မိဖုရားထံမှာစာဖတ်တော်အဖြစ်နဲ့ခစားခဲ့တာလို့မှတ်ယူလိုက်ချင်ပါရဲ့။

 ရှင်သဲဟာမင်းတုန်းမင်းကြီးရဲ့ငယ်ချစ်အိမ်တော်ပါမိဖုရားဆိုတဲ့စကားအပေါ်ထင်းရှားစေတဲ့အချက်ကလဲရှိနေလေရဲ့လေ။မင်းတရားကြီးနန်းမရခင်မင်းသားဘ၀တုန်းကဘုရင်ဖြစ်သူအကိုတော်ပုဂံမင်းရဲ့မင်းမျက်သင့်ကာရွှေဘိုအရပ်ကိုရှောင်တိမ်းခဲ့စဉ်ရှင်သဲကလဲကောင်းတူဆိုးတူလိုက်ပါခဲ့သူ။အဲ့လိုရှောင်တိမ်းနေစဉ်မင်းတုန်းမင်းသားနဲ့အတူရွှေတန်ဆာဘုရားမှာနှင်းပန်းလှူကာ’အထွတ်အမြတ်ရောက်လျှင်မိဖုရားခေါင်ကြီးအရာပေးမည်’ လို့နှစ်ဦးသားသစ္စာဆိုဆုတောင်းခဲ့ကြဖူးပါတယ်တဲ့။နောက်ပြီးတစ်ခြားမှတ်သားစရာအနေနဲ့ကတော့အဲ့လိုရွှေဘိုအရပ်ကိုရှောင်တိမ်းနေစဉ်ရှင်သဲဟာမင်းတုန်းမင်းသားရဲ့အသုံးအဆောင်များဖြစ်ဟန်တူတဲ့အထုပ်ကြီးတစ်ထုပ်ခေါင်းပေါ်ရွက်ကာအနောက်ပါးဖဝါးမလပ်လိုက်ပါနေခြင်းကိုနောက်တော်ပါများကမြင်တော့ကူသယ်ပေးမယ်လို့ပြောချိန်’အထုပ်နှင့်မကွာထမ်းလျက်သာလိုက်မည်။ဤအထုပ်နှင့်သာလူလုပ်ရမည်’ လို့ဆိုကာမောင်တော်အပေါ်မိန်းမဝတ်ကျေသောမိန်းမတစ်ဦးရဲ့မေတ္တာတရားကိုပြသခဲ့သူပေါ့။

ဒီလိုဒီလိုတွေတောင်မင်းတုန်းမင်းကြီးရဲ့အချစ်ကိုခံရသူသစ္စာတောင်အတူပြုခဲ့ဖူးသူဖြစ်ပေမယ့်ဘ၀ကံအကြောင်းကမလှလေတော့ရှင်သဲဟာနန်းမတော်မိဖုရားခေါင်ကြီးဆိုတဲ့ဂုဏ်နဲ့တော့လွဲခဲ့သူပါ။မင်းတုန်းမင်းနန်းတက်ချိန်မိဖုရားခေါင်အရာကိုထားမယ့်သူကိုရှာဖွေတဲ့အခါနန်းမျိုးနန်းနွယ်မဟုတ်တဲ့အရပ်သူရှင်သဲကိုထားမယ့်အစားသာယာ၀တီရွှေဘိုမင်းနဲ့ကျပင်းမိဖုရားတို့ရဲ့သမီးလဲဖြစ်ကာအမတစ်ဝမ်းကွဲလဲတော်သူစကြာဒေဝီမင်းသမီးကိုသာနန်းပေးစေလိုကြောင်းအိမ်ရှေ့စံကနောင်မင်းသားနဲ့တစ်ကွမှုးမတ်ဗိုလ်ပါများကပါအလိုရှိခဲ့ကြတာပေါ့။ဟိုယခင်စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား)လက်ထက်ကအရပ်သူမယ်နုကိုနန်းမတော်အရာထားမိလို့နန်းတွင်းအရေးတွေရှုပ်ထွေးခဲ့ဖူးတဲ့သာဓကကရှိလေတော့ရှင်သဲနန်းမတော်ဖြစ်ရေးကပိုလို့တောင်ဝေးသွားစေတာပေါ့။ 

ဒီအရေးဒီအကြောင်းကိုမင်းတုန်းမင်းကရှင်သဲအပါးကိုသွားကပြောပြချိန်’မောင်တော်ကိုဘုရားကျွန်မကအသက်ပေးချစ်ရသူမို့မောင်တော်သဘောကျဆောင်ရွက်တော်မူပါ။ဘုရားနှမလေးကိုငဲ့ကွက်တော်မမူပါပဲမောင်တော်စီမံသမျှကျေနပ်နှစ်သက်အားရနေပါမည်ဘုရား’လို့လျောက်တင်ကာ’ဘုရားနှမလှူဒါန်းလိုတဲ့အခါမှသာလွယ်လွယ်ကူကူဖြစ်ရပါစေဘုရား’ ဆိုပြီးတောင်းဆိုစကားကိုဆိုခဲ့လေရဲ့တဲ့။ဒါနဲ့ပဲစကြာဒေဝီဟာတောင်ညာစံနန်းမတော်မိဖုရားခေါင်ကြီးဖြစ်ခဲ့သလိုမင်းတုန်းမင်းကြီးဟာရှင်သဲအပေါ်ထားတဲ့မေတ္တာတရားကိုပြသတဲ့အနေနဲ့ဒုတိယအမြတ်ဆုံးမိဖုရားဖြစ်တဲ့မြောက်နန်းစံမိဖုရားအရာနဲ့အတူ’သီရိမဟာရတနာမင်္ဂလာဒေဝီဘွဲ့’ ကိုပါချီးမြှင့်ခဲ့ပါတယ်။

ဒီနေရာမှာရှင်သဲရဲ့ချစ်စရာရိုးသားမှုတစ်ခုကိုလဲထပ်တွေ့ရပြန်ပါတယ်။ဟိုယခင်ရှင်သဲအပျိုတော်ဘ၀နန်းမတော်မယ်နုထံခစားနေစဉ်မှာနန်းမတော်ကြီးကရွှေကြယ်တဘတ်ခြုံထားတာကိုသဘောကြစွာကြည့်ရင်း’ခြုံခြင်လိုက်တာ’လို့ပြောမိတော့အပျိုတော်ဖြစ်သူမမဘော်ရဲ့’ဟဲ့ကောင်မလေး… မအပ်မရာဘာတွေပြောနေတာလဲ’ ဆိုပြီးမာန်မဲခံခဲ့ရဖူးပါတယ်တဲ့။အဲ့ဒီနောက်မြောက်နန်းမိဖုရားဖြစ်လာချိန်ရွှေကြယ်တဘတ်ကိုခြုံရတဲ့အခါအပါးတော်ခေါ်ယူခစားနေစေတဲ့မမဘော်ကို’ခင်သဲခြုံရပြီ’ လို့ဝမ်းသားအားရပြောဖူးတယ်တဲ့လေ။ချစ်ဖို့ကောင်းလိုက်တဲ့မိဖုရားကြီးရှင်သဲ။တောသူအရပ်သူအဖြစ်ကအိမ်မက်ဆန်ဆန်တိုင်းပြည်အထွတ်အထိပ်ရောက်ခဲ့ပေမယ့်မာနမထောင်လွှာဘ၀မမေ့ပဲငယ်ဘ၀ကသူငယ်ချင်းဘ၀တူမမဘော်ကိုအပါးခေါ်ကာမြှောက်စားခဲ့တာရယ်ငယ်ဘ၀ရဲ့အိမ်မက်လေးတစ်ကယ်ဖြစ်လာကြောင်းကိုမှတ်မှတ်ရရနဲ့ချစ်စဖွယ်ကြွားလုံးထုတ်သွားပုံလေးကသူ့ရဲ့ရိုးသားမှုကိုအတိုင်းသားမြင်ရစေတာပေါ့။

မင်းတုန်းမင်းကြီးအနေနဲ့ကလဲနန်းဓလေ့ထုံးစံအရဆွေတော်မျိုးတော်ထဲကစကြာဒေဝီကိုမိဖုရားခေါင်ကြီးအဖြစ်တင်မြှောက်ခဲ့ပေမယ့်ငယ်ချစ်အိမ်တော်ပါမိဖုရားရှင်သဲအပေါ်မလျော့သောအချစ်တွေနဲ့ချစ်စဲချစ်မြဲဖြစ်ကြောင်းကိုမင်းတုန်းမင်းတရားကိုယ်တိုင်စပ်ဆိုတော်မူခဲ့သည်လို့မှတ်သားခဲ့ရတဲ့’မြောက်နန်းတော်မိဖုရားဘွဲ့တေးထပ်’မှာတွေ့မြင်ရမှာပါ။အကြောင်းအရာအချုပ်အနေနဲ့ဆိုရရင်တော့’ရှင်သဲလေးခမျာသက်တော်ကြီးရင့်လာလို့အမယ်အိုလိုဖြစ်နေပေမယ့်ဗန္ဓရသရက်လိုပဲအလှတရားဟာချိုမြိန်တုန်းမို့ရွှေမေတ္တာတွေတိုးလို့သာနေရပါတယ်။ပါးရေတွေကျုံ့လို့ဆံပင်တွေဖြူဖြူဖွေးနေတော့လဲတိုးလို့သာသနားချစ်ချစ်မိပြန်တာပေါ့။ဇရာထောင်းလို့ခါးလေးညွတ်လာကာနုညက်တဲ့ပါးပြင်မှာလဲမှဲ့နက်မှဲ့နီတွေတိုးလာပေမယ့်ငယ်ငယ်ကအတိုင်းမေတ္တာမပျက်နိုင်ပါဘူးလေ။ကြင်စဦးမို့စေတနာပိုသူမို့မိုးပေါ်ကနတ်သက်လျာကဒီအမယ်အိုနေရာမှာအစားဝင်ပါရစေလို့ရှိခိုးတောင်းဆိုရင်တောင်မလဲနိုင်ပါဘူးလေ’ တဲ့လေ။မင်းတရားကြီးအနေနဲ့လဲမောင်တော်အပေါ်မှာအနစ်နာခံမြတ်နိုးခဲ့မောင်တော်ထံကအပူတွေကိုကူကာဖြေပေးခဲ့တဲ့ငယ်ချစ်မိဖုရားအပေါ်မေတ္တာတရားကြီးမားခဲ့ရှာပါတယ်။

မင်းတုန်းမင်းကိုယ်တော်တိုင်ကနန်းမတော်စကြာဒေဝီကသားသမီးရတနာမထွန်းကားလို့နန်းလျာထားဖို့ရန်အခက်တွေ့နေချိန်’မယ်သဲမှာသာသားယောက်ျားတစ်ဦးဦးထွန်းကားလာခဲ့ရင်နန်းလောင်းလျာထားမြောက်စားတော်မူနိုင်ငဲ့’ လို့မိန့်ဖူးခဲ့လေရဲ့။သို့ပေမယ့်ရှင်သဲမှာမိဖုရားခေါင်ဖြစ်ဖို့ဇာတာမပါခဲ့လေသလိုဘုရင့်မယ်တော်ဖြစ်ဖို့ကံအကြောင်းလဲမပါလေတော့သားသမီးရတနာထွန်းကားခဲ့ခြင်းမရှိခဲ့ဘူးလေ။အကယ်လို့မြောက်နန်းစံရှင်သဲသာသားတစ်ဦးဖွားခဲ့ရင်မင်းတုန်းမင်းနောက်ပိုင်းမင်းဆက်ဟာအပြောင်းအလဲဖြစ်ပြီးမြန်မာ့နိုင်ငံရေးသမိုင်းမှာလဲပြောင်းလဲသွားနိုင်တယ်လို့ကိုကာကြီးကတော့တွေးမိပါရဲ့။

 မြောက်နန်းစံအပေါ်ထားတဲ့မင်းတရားကြီးရဲ့မေတ္တာတရားကိုသိတော်မူတဲ့မိဖုရားခေါင်ကြီးစကြာဒေဝီကလဲရှင်သဲအပေါ်ဂရုဏာထားချစ်မြတ်နိုးခဲ့တာပေါ့။မင်းကြီးကိုယ်တိုင်တင္မကမိဖုရားခေါင်ကြီးကပါရှင်သဲအပေါ်အရေးပေးနေမှန်းသိတော့တစ်ချို့မိဖုရားတွေနဲ့ကိုယ်လုပ်တော်တွေဟာမကျေမနပ်ဖြစ်ကြဟန်တူပါရဲ့။ဒါကိုသိသွားတဲ့မိဖုရားခေါင်ကြီးက’ညည်းတို့မြောက်နန်းမတော်အပေါ်မှာမနာလိုဝန်တိုမရှိကြနဲ့။သူ့လင်ကိုတို့ကခိုးယူထားတာ။သူကမယားကြီး။ဒီတော့မယားကြီးအပေါ်မနာလိုဝန်တိုမရှိကြရဘူး’ လို့ခေါ်ယူဆုံးမဖူးတယ်တဲ့လေ။တစ်ခါကကြတော့လဲစကြာဒေဝီမိဖုရားကြီးကအရည်အသွေးအလွန်ကောင်းတဲ့ပတ္တမြားလက်ဝတ်တော်ကိုရှင်သဲနဲ့လိုက်မှာပဲဆိုပြီးအတင်းဆင်ပေးတဲ့အခါရှင်သဲကသူနဲ့မထိုင်တန်လို့မဆင်ပါရစေနဲ့လို့ငြင်းဆိုတော့စကြာဒေဝီက’မဘုရားကိုချစ်ရင်အမြဲဝတ်ဆင်ထားရမယ်’လို့ဆိုကာဆင်မြန်းပေးခဲ့ပါတယ်တဲ့။ဒီလိုတွေကြောင့်ပတ္တမြားလက်ဝတ်တော်ကိုရှင်သဲဝတ်ဆင်ထားတာမြင်တော့ကျန်တဲ့မိဖုရားတွေကို’လှလိုက်တာဘုရား’ လို့ပြောချိန်’လှဆိုလင်တစ်ယောက်လုံးနဲ့လဲထားရတာကိုး’ ဆိုတဲ့စကားကိုရှင်သဲကပြန်ဖြေခဲ့တယ်တဲ့လေ။အပေါ်ယံကြည့်မယ်ဆိုရင်တော့ရှင်သဲကစကြာဒေဝီကိုခနဲ့တဲ့ရွဲ့တဲ့စကားလိုမြင်စရာရှိပေမယ့်တစ်ကယ်တမ်းအကြောင်းစုံသိတဲ့အခါရှင်သဲတစ်ယောက်မိမိရဲ့မောင်တော်အပါးဒုတိယအရာကခစားရသည်ကိုမတင်းတိမ်ပဲတိုးကာတိုးကာခစားလုပ်ကြွေးလိုတဲ့မယားကောင်းတို့ရဲ့ချစ်ခြင်းမေတ္တာကိုမြင်နိုင်မှာပါ။

 ရှင်သဲဟာမြောက်နန်းစံဖြစ်ပြီးတဲ့နောက်မွေးရပ်မြေမှာဘုရားတည်ကျောင်းဆောက်ခြင်းငယ်ဆရာကိုဘွဲ့တံဆိပ်တော်ကပ်လှူခြင်းတွေအပြင်အခြားသောကုသိုလ်ကောင်းမှုအမြောက်အများကိုလဲပြုခဲ့ပါတယ်။ထင်ရှားတဲ့ကုသိုလ်တစ်ခုကိုထုတ်ပြပါဆိုရင်မဟာမြတ်မုနိဘုရားဂန္ဓကုဋိတိုက်ရဲ့မြောက်ဘက်အာရုံခံပြသာဒ်စောင်းတန်းတော်ကိုဆောက်လုပ်ခဲ့ခြင်းလို့ပဲပြောရမှာပေါ့။ 

ဒီလိုမျိုးမင်းတရားကြီးအပါးမှခစားရင်းမိုးကြိုးဒဏ်ထိၿပီးအသက်ပျောက်နေတဲ့သားအဖသုံးေယာက္ရဲ့အလောင်းကိုမြင်ကာသွေးလန့်တော်မူပြီးအဖျားဝင်ရာမှစကာခရစ်နှစ်၁၈၇၂ခုမေလ၃ရက်(မြန်မာသက္ကရာဇ်၁၂၃၄ခုနှစ်ကဆုန်လပြည်ကျော်၁၂ရက်)နေ့မှာမြောက်နန်းစံမိဖုရားရှင်သဲဟာကံတော်ကုန်နတ်ရွာလားခဲ့ရပါတယ်။ခေတ်စကားနဲ့ဆိုရရင်တော့တုတ်ကွေးဖြစ်ကာကွယ်လွန်ခဲ့တယ်လိုပဲမှတ်ရမှာပေါ့။ကံတော်မကုန်မီမှာမိမိရဲ့အခြေအနေကိုရိပ်မိတဲ့ရှင်သဲဟာငယ်စဉ်ကသစ္စာပြုခဲ့သည့်အတိုင်းနှင်းပန်းခိုင်ကိုကိုင်ကာအပြစ်ရှိကခွင့်လွှတ်တော်မူပါရန်မင်းတရားကြီးကိုကန်တော့ခဲ့ပါတယ်။ဒီအချိန်မင်းတရားကြီးကရွှေတန်ဆာဘုရားကအဖြစ်ကိုသတိဝင်ပြီး’အို…ခင်အကြီးရယ်’ လို့ကြေကွဲစွာမိန့်တော်မူခဲ့ပါလေတယ်။

 မင်းတုန်းမင်းတရားကြီးဟာမြောက်နန်းမိဖုရားရှင်သဲရဲ့အလောင်းတော်ကိုနန်းမြို့တော်အနောက်မြောက်ထောင့်မှာအုတ်ပြာသာဒ်နဲ့ဂူသွင်းသင်္ဂြိုဟ်တော်မူခဲ့ပါတယ်။သို့ပေမယ့်သီပေါမင်းလက်ထက်ရောက်ချိန်နန်းမတော်စုဖုရားလတ်ကမင်းဆွေစိုးမျိုးရဲ့သင်္ချိုင်းတော်မဟုတ်လို့ဖယ်ရှားခံခဲ့ရတဲ့အတွက်ယနေ့အချိန်မှာတော့ရှင်သဲရဲ့အုတ်ဂူဘယ်မှာရှိမှန်းမည်သူမျှမသိနိုင်ခဲ့တော့ပါ။တစ်ဆက်တည်းကိုကာကြီးတွေးမိတာတစ်ခုကိုတင်ပြရရင်လက်လှမ်းမီနိုင်သောက်စာပေမှတ်တမ်းဓါတ်ပုံတွေထဲမှာရှင်သဲရဲ့ပုံကိုရှာပေမယ့်လုံး၀မတွေ့ရပါဘူး။တစ်ခြားသောမထင်မရှားဖြစ်တဲမိဖုရားများရဲ့ပုံကိုသာတွေ့ရပါတယ်။ဒါေၾကာင့္ကိုကာကြီးအတွေးပေါက်မိတာကရှင်သဲရဲ့မှတ်တမ်းဓါတ်ပုံဟာစုဖုရားလတ်ရဲ့မင်းဆွေစိုးမျိုးမဟုတ်တဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှပါဝင်ပြီးနန်းတွင်းမှတ်တမ်းတွေသိမ်းတဲ့နေရာကနေပါဖျက်စီးခံရသလားလို့အထင်ရောက်မိပါတယ်။

 မင်းတုန်းမင်းတရားကြီးပဉ္စမသင်္ဂါယနာတင်ချိန်မှတ်တမ်းများအရမင်းနှင့်မိဖုရားခေါင်ကြီးလို့သာရှိနေပေမယ့်ရှင်သဲသည်လဲသက်ရှိထင်ရှားရှိနေတုန်းမို့ရှေ့တမ်းကပါဝင်ကုသိုလ်ပြုနေမှာမလွဲလို့မှတ်ယူရပါလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ်မင်းတုန်းမင်းကြီးမြနန်းစံကျော်ရွှေနန်းတော်နှင့်နန်းမြို့ကြီးတည်ထောင်ရာမှာအတူတစ်ကွဦးေဆာင္ပါဝင်ခဲ့သူဆိုတာကိုတော့မှတ်တမ်းများမှာအထင်အရှားတွေ့ရမှာပါ။ဒါတွေကြောင့်ပဲရတနာပုံမြို့တည်နန်းတည်သတ္တဌာနနေရာတွေကိုအသစ်ပြန်လည်ဆောက်လုပ်ခြင်းပြင်ဆင်မွန်းမံခြင်းတွေပြုပြီးနောက်အထိန်းအမှတ်ရုပ်ထုအဖြစ်ထုလုပ်ရာမှာမင်းတုန်းမင်းကြီးရဲ့အပါးမှာမြောက်နန်းစံမိဖုရားရှင်သဲဟာတင့်တယ်စွာစံမြန်းနေရခြင်းဖြစ်ပါလိမ့်မယ်။

 တစ်ဆက်တည်းသတ္တဌာနနေရာတွေအကြောင်းကိုနည်းနည်းပြောချင်ပါသေးတယ်။သတ္တဌာနနေရာတွေဆိုတာကမင်းတုန်းမင်းကြီးအနေနဲ့မန္တလေးရတနာပုံမြို့ကြီးကိုစတည်ထောင်တဲ့အခါမှာအထိန်းမှတ်အဖြစ်တည်ဆောက်ခဲ့တဲ့နေရာ(၇)နေရာပါ။အဲ့ဒီမဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား၊မဟာအတုလဝေယာန်အတုမရှိကျောင်းတော်ကြီး၊ပိဋိကတ်တိုက်တော်ကြီး၊မဟာပဋ္ဌာန်းရွှေသိမ်တော်ကြီး၊သုဓမ္မာသံဃသဘာရွှေကျောင်းတော်ကြီး(သုဓမ္မာဇရပ်တော်)၊ကျုံးတော်ကြီး၊နန်းမြို့တော်နှင့်မြို့ရိုးကြီးဆိုတဲ့ဒီခုနှစ်နေရာကိုမင်းတုန်းမင်းတရားကြီးကမြန်မာသက္ကရာဇ်၁၂၂၁ခုနှစ်မှာတစ်ချိန်တည်းတစ်ပြိုင်တည်းပန္နတ်တော်တင်အုတ်မြစ်တော်စီမဟာမင်္ဂလာအခန်းအနားနဲ့တည်ဆောက်လှူဒါန်းခဲ့တဲ့နေရာတွေပေါ့။ 

အဲ့ဒီခုနှစ်နေရာထဲမှာမှ၁၉၃၉  – ၁၉၃၅ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်က(၄)နေရာမှာဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့်အတုမရှိကျောင်းတော်ကြီးကို၁၉၉၆ခုနှစ်ကပြန်လည်ပြင်ဆင်ပြီးခဲ့ပေမယ့်ပိဋိကတ်တိုက်တော်ကြီး၊မဟာပဋ္ဌာန်းရွှေသိမ်တော်ကြီး၊သုဓမ္မာသံဃသဘာရွှေကျောင်းတော်ကြီးတို့မှာပြင်ဆင်ဖို့ကျန်နေသေးတဲ့အတွက်မန်းမြေရာဇာကုမ္ပဏီလီမိတက်မိသားစုကနေပြီး၂၉ရက်မတ်လ၂၀၁၅ခုနှစ်မှာအသစ်ပြန်လည်တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ 

လှူဒါန်းတဲ့နေရာမှာလည်းအလှူရှင်များ၏ကမ္ဗည်းမော်ကွန်းဆောင်နှင့်မင်းတုန်းမင်းတရားကြီးနှင့်မြောက်နန်းစံမိဖုရားကြီးရုပ်ထုဆောင်တွေကိုပါကျောက်တော်ကြီးဘုရားအနီးမှာတစ်ဆက်တည်းဆောက်လုပ်လှူဒါန်းခဲ့တယ်ပေါ့။အံ့ချီးဂုဏ်ယူဖွယ်လှူဒါန်းမှုများအဖြစ်နဲ့သာဓုခေါ်ပါရစေ။

ကဲလေဒီမှာတင်ပဲစာလဲအတော်ရှည်နေပြီမို့သမိုင်းမတွင်ပေမယ့်သမိုင်းဝင်နေတဲ့မိဖုရား(မြောက်နန်းစံမိဖုရားကြီးရှင်သဲ) ရဲ့အကြောင်းကိုရပ်နားလိုက်ပါရစေ။ 

Courage

ကိုးကား-  မောင်သန်းဆွေ(ထားဝယ်) / ကုန်းလောင်ရှင်းတမ်း

 မြကေတု/ နန်းဓလေ့မှတ်တမ်းများ

 ဘုန်းနွယ်(ရေစကြို) (အရှင်ဇသိက) / မြန်မာနိုင်ငံသာသနာ့မိခင်ကြီးများ 

မောင်သန်းဆွေ(ထားဝယ်) / ထီးရနံ့နန်းရနံ့

မြန်မာဝီကီပီးဒီးယား/ ခင်သဲ(မြောက်နန်းမိဖုရား)

တင်မောင်(မန္တလေးကိုယ်ပွား) / သတင်းစဉ်ဆောင်ပါး

About Courage

has written 49 post in this Website..