တို ့ကလည်းရွှေပါပဲ …..

onlinezzSeptember 28, 20101min790

တစ်နေ့သော နေသာရက် စနေရုံးပိတ်ရက်တစ်ရက်တွင် ကျွန်ုပ်မောင်ဒီဘီသည် ရန်ကုန်ပြန်မည့် အသိတစ်ယောက်အား ဆုံတွေ့ရန်အလို့ငှာလည်းကောင်း၊ မဂ္ဂဇင်း ဂျာနယ်စာအုပ်များ ဝယ်နိုင်ရန်အလို့ငှာလည်းကောင်း စီးတီးဟောရှိ မြန်မာဆိုင်တစ်ဆိုင်တွင် ချိန်းဆိုထားသည်ကို တွေ့ရန်သွားရလေသည်။ နေ့လည်စာထမင်းစားသောက်၊ လဘက်ရည်သောက် လေပွား ရှေးဟောင်းနှောင်းဖြစ်များ ပြောဆို်ကြလေ၏။ အချိန်တစ်နာရီခန့် စကားပြောဆို၍ အားရကြသောအခါ လူချင်းခွဲကြ၍ ကျွန်ုပ်လည်း အလိုရှိသော မဂ္ဂဇင်း ဂျာနယ်များ ဝယ်၍ အိမ်သို့ပြန်ရန်အလို့ငှာ ဘူတာရုံသို့ဆင်းရလေ၏။ ဘူတာရုံတွင်ကား လူများ များပြားလှသည်မှာ ကြက်ပျံမကျ၊ ငှက်ပျံမကြ၊ ဆီဈေးပြန်မကျ၊ ဆန်ဈေးပြန်မကျ (အဲလေ) လူများ များပြားလှပေသည်။ ကျွန်ုပ်လည်း အနီလိုင်းစီးမည့်ဘက်တွင် အသာရပ်ကာ တန်းစီရလေသည်။ ရထားလာသောအခါ အသီးသီး အသက ထိုင်စရာနေရာရရန်အလို့ငှာ နေရာယူနေသော လူများနှင့်လွတ်စေရန်ကိုလည်း သတိထားကာ ရှောင်ရှားရလေ၏။ တချို့များကြတော့လည်း မောင်ဒီဘီတို့ ရန်ကုန်တွင် အင်းစိန်ကား ပတ်စီးသလိုပင် မရင်နာဘေးသို့ အရင်စီးကြလေသည်။ ထိုမှတဖန်ပြန်ထွက်သော ရထားကိုမှ ထိုင်စရာနေရာ အငြိမ့်သားဖြင့်စီးနိုင်ကြလေသည်။ သို့ဖြင့်ရထားလာသောအခါ မောင်ဒီဘီလည်း လူအုပ်စုကြီးဖြင့် အထဲသို့ မနဲပါနိုင်အောင် လိုက်ပါရလေ၏။ ထို့နောက် သင့်တင့်သော နေရာတစ်ခုတွင် အသာရပ်ပြီးနေရာယူရလေ၏။ ရထားပေါ်သို့အတက်တွင် နေရာရရန်ကိုအလွန်စိတ်ဝင်စားကြသည်မှာ အသက်အရွယ်ကြီးသော အဖိုးအဖွားကြီးများပြီးလျှင် နိုင်ငံခြားသားများထဲတွင် ဘင်္ဂလားကုလားများ ဖြစ်ကြလေသည်။ အနှီဘင်္ဂလားကုလားများသည် စကားပြောလျှင်လည်း အလွန်ကျယ်လောင်စွာပြော၍ နေရာတစ်ခုတွေ့လျှင်လည်း မိန်းခလေးများနှင့် ယှဉ်ကာလုထိုင်ရန် ဝန်မလေးကြောင်းကိုလည်း သတိထားမိလေသည်။ မောင်ဒီဘီလိုက်ပါလာသော တွဲတွင် မောင်ဒီဘီရပ်နေသော နေရာနားတွင် ရထားပေါ်တက်ကြသော လူများထဲမှ မိန်းခလေးနှစ်ယောက်နှင့် ကုလားလေးတစ်ယောက်တို့ ပါလာကြလေသည်။ တွဲပေါ်ရောက်သောအခါ မိန်းခလေးနှစ်ယောက်ထဲမှ တစ်ယောက်သာနေရာရ၍ သူ့ဘေးတွင် နေရာအလုကောင်းသော ကုလားလေးတို့ထိုင်ရလေသည်။ မောင်ဒီဘီလည်း သူတို့အနားတွင်ရပ်စရာရလေ၏။ ခဏနေသောအခါ ဘေးတွင်ရပ်နေသော မိန်းခလေးထံမှ မကျေနပ်သံစကားထွက်လာလေ၏။ သူတို့မိန်းခလေးအချင်းချင်း ပြောနေကြတာဖြစ်ပါသည်။ အကြောင်းအရာမှာကား အနှီကုလားမှာ မိန်းခလေးကို ဦးစားမပေးဘဲ နေရာလုထိုင်ကြောင်း၊ မကျေမနပ်ဖြင့် ဘာကုလား ညာကုလား စသဖြင့် အကြီးအကျယ် အတင်းတုတ်ကြလေ၏။ စကားသံထွက်လာ၍သာ မောင်ဒီဘီတို့လူမျိုး ရွှေဗမာမလေးများမှန်းသိရလေသည်။ တချို့မိန်းခလေးများ ဗမာမလေးများဟုပင်မထင်ရ၊ အတော်ပင်ရုပ်ပြောင်းကြလေသည်။ မောင်ဒီဘီလည်း ထိုမိန်းခလေးများ မကျေမနပ်ပြောနေကြသဖြင့် မသိမသာ ဗမာမှန်းမသိအောင် ဟန်ဆောင်ကာ နားထောင်ရလေသည်။ သူရို့သည် ပြောရင်းကလည်း ထိုလူကို မျက်စောင်းထိုးထိုးကြည့်ကာ ရုပ်ကဘယ်လို ဘယ်ညာ စသဖြင့် မပြီးနိုင်မစီးနိုင် အတင်းတုတ်ကြလေသည်။ ထိုလူမှာလည်း ဘာမှမသိသလိုပင် တည်တည်ငြိမ်ငြိမ် သီချင်းလေးနားထောင်ကာ လိုက်ပါလာလေသည်။ ထိုလူတည်ငြိမ်လေ မိန်းခလေးများမှာ အသည်းယားလေဖြစ်နေသလား မသိပါ၊ အမျိုးမျိုး အဖုံဖုံဖြင့် ဘယ်အထိလိုက်မှာလည်းမသိဘူး၊ ဘွန်လေးအထိဆိုလျှင်ဖြင့် သွားပါပြီ၊ ကုလားများ ဘွန်လေးတွင်အနေများသည်ဆိုတော့ ဖြစ်နိုင်ခြေများသည် ဘာညာစသဖြင့် ပြော၍မပြီးနိုင်ရှိကြလေသည်။ သို့ဖြင့်လိုက်ပါလာရင်း ဘူတာတစ်ခုအရောက်တွင် အနှီကုလားလေးမှာ ဆင်းမည့်ဟန်ပြင်သဖြင့် ထိုမိန်းခလေးနှစ်ယောက်မှာ ပြန်လှုပ်ရှားအသက်ဝင်လာပြီး၊ ဆင်းတော့မည့်လူအား နောက်ဆုံးအကြိမ်အနေဖြင့် တဖန်ပြောကြပြန်လေသည်။ ထိုလူမှာ မတ်တတ်ရပ်လိုက်ပြီးမှ ရုတ်တရက် မိန်းခလေးများဘက်သို့လှည့်၍ စကားတစ်ခွန်းပြောလိုက်လေ၏၊ ထိုအခါတွင်မှ ထိုလူ၏နေရာတွင်ထိုင်ရန် အာရုံစိုက်နေသော မိန်းခလေးနှင့် သူ့အဖေါ်မိန်းခလေးတို့မှာ မျက်လုံးများပြူးကျယ်သွားကြလေတော့၏။ ထိုသူပြောလိုက်သော စကားမှာကား .. “ညီမတို့ရယ် ဒီလောက်လဲ မပြောကြပါနဲ့ အစ်ကိုကလည်း ရွှေကုလား ပါဘဲ” ဟူသတည်း။ မောင်ဒီဘီလည်း တိတ်တိတ်ကလေးကျိတ်ရယ်ရပါလေတော့သည်။

Source :Fwd Mail