ချန်ပီယံလိဂ် ပွဲစဉ် (၃) အား သုံးသပ်မိခြင်း

khinmintatthuOctober 20, 20101min730

ပထမနေ့က ပွဲတွေမှာ အုပ်စု E,F,G,H ပွဲစဉ်တွေ ကစားသွား ခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေနိုင်ပွဲရခဲ့သလို အသင်းငယ်တွေရဲ့ ဒုက္ခပေးမှုကို ခံစားသွားရတဲ့အသင်းတွေကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်… ယခုညမှာ ယှဉ်ပြိုင်ကစားမယ့်  အုပ်စု A,B,C,D တို့ ယှဉ်ပြိုင်ကြရ မှာဖြစ်ပြီး ဒီအုပ်စုတွေမှာ အင်တာ – စပါး၊ တွမ်တီး – ဘရီမင်၊ လိုင်ယွန် – ဘင်ဖီကာ၊ ရိန်းဂျား – ဗလင်စီယာ စတဲ့ ပွဲစဉ်တွေက အကြိတ်အနယ် အရှိဆုံး ဖြစ်လာမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးအနေနဲ့ ထင်မှတ်ထားတာပဲ ဖြစ်လာမလား…. မထင်မှတ်တဲ့ အဖြေတွေပဲထွက်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်…..

အင်တာမီလန် – စပါး

ကစားမည့် နေ့ရက် – ၂၁-၁၀-၂၀၁ဝ (ကြာသပတေး)
ကစားမည့် အချိန် – ၁း၁၅ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း – ဂူဆက်ပီ မက်ဇာ

နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်

အင်တာ – W L W D W
စပါး – L L W W W

စောင့်ကြည့်ရမည့် ကစားသမား
အင်တာ – အီတူး
စပါး – မိုဒရစ်

ခန့်မှန်းရလဒ်
အင်တာ ၁-၁ စပါး

ပွဲသုံးသပ်ချက်
ဘယ်အသင်းမှ ချန်ပီယံလိဂ် ဖလားကို ၂ နှစ် ဆက်တိုက် မရဘူးဆိုတဲ့ အစဉ်အလာဟာ လက်ရှိ ချန်ပီယံ အင်တာ အတွက်တော့ အဓိက စိန်ခေါ်မှု ဖြစ်လာစေ ပါတယ်။ အင်တာမီလန် အသင်းဟာ နည်းပြ ဘင်နီတက်ဇ် လက်အောက်မှာ အရင်နှစ်က ခြေစွမ်းကို မမီဘူးလို့ ဝေဖန်ခံနေရ ပေမယ့် လတ်တလော ပြိုင်ပွဲ အရပ်ရပ်မှာ ရလဒ် သိပ်မဆိုးတာ တွေ့ရတယ်။ စီးရီးအေမှာ တတိယ၊ ချန်ပီယံလိဂ်မှာ အုပ်စု ထိပ်ဆုံး ဆိုတဲ့ နေရာတွေဟာ အင်တာမီလန် အသင်းရဲ့ ခြေစွမ်းကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ စပါးကလည်း ရာသီ အစပိုင်း နည်းနည်း ရုန်းကန်ခဲ့ရ ပေမယ့် လတ်တလော ပရီးမီးယားလိဂ် ပဉ္စမ နေရာ ရထားပြီး ချန်ပီယံလိဂ် မှာလည်း အင်တာရဲ့နောက် ဒုတိယ နေရာ ရရှိထား ပါတယ်။ ဘင်နီတက်ဇ်နဲ့ ရက်နက်ပ်ဟာ ပရီးမီးယားလိဂ် မှာတုန်းက ထိပ်တိုက်တွေ့တဲ့ အကြိမ်တိုင်း အကြိတ်အနယ် ကစားခဲ့ရသလို အခု ဒီပွဲမှာလည်း ခက်ခက်ခဲခဲ ကစားရ ပါမယ်။ ဒါပေမယ့် အတွေ့အကြုံရော၊ ကစားသမား အင်အားပါ ပိုမို တောင့်တင်းတဲ့ အင်တာမီလန် ကို ယခုနှစ်မှ ချန်ပီယံလိဂ်သို့ ဝင်ရောက်လာတဲ့ စပါးအသင်းကတော့ ကြံ့ကြံ့ခံပြီး အင်တာအသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ပြီး တန်ပြန်ထိုးစစ် ထက်မြက်တဲ့ စပါးအသင်းအတွက် သရေတစ်မှတ်ကိုတော့ မျှော်လင့်နိုင်ပါသေးတယ်။

တွမ်တီး – ဝါဒါဘရီမင်

ကစားမည့် နေ့ရက် – ၂၁-၁၀-၂၀၁ဝ (ကြာသပတေး)
ကစားမည့် အချိန် – ၁း၁၅ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း – ဂရောလက်ချ် ဗက်စ်တီ

နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
တွမ်တီး – W D L W W
ဘရီမင် – L W L D W

စောင့်ကြည့်ရမည့် ကစားသမား
တွမ်တီး – ဂျန်ဆန်
ဘရီမင် – အယ်မေးဒါး

ခန့်မှန်းရလဒ်
တွမ်တီး ၁-၁ ဘရီမင်

ပွဲသုံးသပ်ချက်
တွမ်တီးဟာ မက္ကလာရင် မရှိတဲ့ နောက်ပိုင်း ခြေစွမ်း ကျသွားတဲ့ အနေအထား ရှိပေမယ့် အခု နောက်ပိုင်းမှာ နည်းနည်း ရလဒ်တွေ ပြန်ကောင်းလာ ခဲ့ပြီး အမှတ်ပေး ဇယားမှာ တတိယ နေရာကို ရောက်လာပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ ရမှတ် တစ်မှတ်သာ ရထားသေး တာကြောင့် ဝါဒါ ဘရီမင်နဲ့ အပြိုင် အမှတ်ပေး ဇယားရဲ့ အောက်ဆုံး နေရာကို ရောက်ဖို့ အနေအထား ရှိနေပါတယ်။ ဝါဒါ ဘရီမင် ကတော့ ပြည်တွင်းလိဂ်မှာ အဆင့် ၁၁ နေရာအထိ ရောက်နေပြီး ချန်ပီယံလိဂ် မှာလည်း စပါး တစ်သင်းကိုပဲ သရေ ရထားကာ အုပ်စု အောက်ဆုံးကို ရောက်နေတယ်။ လူအင်အား အရတော့ ဝါဒါ ဘရီမင် သာတာ မှန်ပေမယ့် လက်တလော ခြေစွမ်း အရ တွမ်တီးကိုလည်း လျှော့တွက် မရတာကြောင့် သရေ တစ်မှတ်စီပဲ ခွဲယူကြမယ် ထင်ပါတယ်။

ရှော်ကေး – ဟာပိုးရ်

ကစားမည့် နေ့ရက် – ၂၁-၁၀-၂၀၁ဝ (ကြာသပတေး)
ကစားမည့် အချိန် – ၁း၁၅ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း – ဗယ်လ်တင်းစ် အရီနာ

နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
ရှော်ကေး – W D W L D
ဟာပိုးရ် – L L L W W

စောင့်ကြည့်ရမည့် ကစားသမား
ရှော်ကေး – ဟန်တဲလား
ဟာပိုးရ် – အန်ရီယာမာ

ခန့်မှန်းရလဒ်

ရှော်ကေး ၂-ဝ ဟာပိုးရ်

ပွဲသုံးသပ်ချက်
ရှော်ကေး အသင်းဟာ ပြည်တွင်းလိဂ်မှာ တန်းဆင်းဇုန် ဖြစ်တဲ့ အဆင့် ၁၆ နေရာ အထိ ထိုးကျနေပြီး နိုင်ပွဲ တစ်ပွဲသာ ရထားသေး တာကို တွေ့ရပါတယ်။ ရီးယဲယ်ကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရာအူးလ်ဟာ နာမည်ကြီး ထမင်းငတ် ဘဝ ရောက်နေပြီး အေစီက ဟန်တဲလား ကတောင် နည်းနည်း အလုပ်ဖြစ် နေပါသေးတယ်။ ချန်ပီယံလိဂ်မှာ လိုင်ယွန်ကို ရှုံးပြီး ဘင်ဖီကာကို နိုင်ထားလို့ ရမှတ် ၃ မှတ် ရထားပါတယ်။ ဟာပိုးရ်ကတော့ ပြည်တွင်းလိဂ် အဆင့် ၅ နေရာ ရှိပြီး ချန်ပီယံလိဂ် မှာတော့ အမှတ်မရ သေးပါဘူး။ ခြေပျက်နေတယ် ဆိုပေမယ့် လူအင်အားရော၊ ခြေအဆင့် အတန်းပါ ကွာဟနေလို့ ရှော်ကေးပဲ နိုင်သွားဖို့ ရှိပါတယ်။

လိုင်ယွန် – ဘင်ဖီကာ

ကစားမည့် နေ့ရက် – ၂၁-၁၀-၂၀၁ဝ (ကြာသပတေး)
ကစားမည့် အချိန် – ၁း၁၅ (မြန်မာ စံတော်ချိန်)
ကစားမည့်ကွင်း – စတိတ်ဒီ ဂါးလန်း

နောက်ဆုံး ကစားခဲ့သည့် (၅)ပွဲ ရလဒ်
လိုင်ယွန် – L L W W W
ဘင်ဖီကာ – W W L W W

စောင့်ကြည့်ရမည့် ကစားသမား
လိုင်ယွန် – ဘက်စတို့စ်
ဘင်ဖီကာ – ကော်ဒိုဇို

ခန့်မှန်းရလဒ်
လိုင်ယွန် ၂-၁ ဘင်ဖီကာ

ပွဲသုံးသပ်ချက်
လိုင်ယွန် အသင်းဟာ ပြည်တွင်းလိဂ် အဆင့် ၁၄ နေရာကို ရောက်နေတဲ့ အသင်း ဖြစ်ပြီး ဒီရာသီ တာထွက် မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာတော့ လိုင်ယွန်ဟာ အစဉ်အလာကို ဆက်ထိန်းထား နိုင်ခဲ့ပြီး ၂ ပွဲ ကစား၊ ၂ ပွဲနိုင်၊ ၆ မှတ်နဲ့ အုပ်စုဗိုလ် ဖြစ်နေပါတယ်။ ချန်ပီယံလိဂ် မှာ အသင်းကြီး တွေတောင် သတိထား ရတဲ့ လိုင်ယွန် အသင်းဟာ ဒီအုပ်စုမှာ နောက်တစ်ဆင့် တက်ဖို့ ရေပန်း အစားဆုံး အသင်းလည်း ဖြစ်ပါတယ်။ ဘင်ဖီကာ ကတော့ ပြည်တွင်းလိဂ်မှာ ဒုတိယ နေရာကို ရောက်နေပါတယ်။ ဒါပေမယ့် ထိပ်ဆုံးက ပေါ်တို အသင်းဟာ ရ ပွဲ ကစားအပြီး ရှုံးပွဲ လုံးဝ မရှိသေးပဲ ရမှတ် ၁၉ မှတ် အထိ ရထားတာကြောင့် ဘင်ဖီကာနဲ့ ရ မှတ် ကွာဟနေ ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ဘင်ဖီကာက ဟာပိုးရ် တစ်သင်းကိုပဲ အနိုင်ရထားပြီး ၃ မှတ်နဲ့ တတိယ နေရာ ရောက်နေ ပါတယ်။ လိုင်ယွန်ရဲ့ အစဉ်အလာ တစ်ချက်တည်း အပေါ် မူတည်ပြီး ဆုံးဖြတ်ရင် ဧည့်သည် အသင်း အခြေအနေ ကောင်းစရာ မရှိပါဘူး။