တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ

zinmyotunNovember 16, 20101min440

မြန်မာနိုင်ငံမှာ တရားစခန်းတွေ တရားရိပ်သာတွေ တခုပြီးတခု ပေါ်လာပြီး တရားထိုင်တဲ့ ယောဂီတွေ အရင်ခေတ်ကထက် ပေါများ လာလို့ ထေရဝါဒ သာသနာ ပြန်ထွန်းကားလာတယ် လို့ ဝမ်းသာမလို့ လုပ်တုန်း တခါတခါ ဖတ်မိတဲ့
သတင်းများ ကြားရတဲ့ အကြောင်း များက ဘုရားတောင် တ မိရပါတယ်။ တရားဘယ်လောက်
ကြာကြာ ထိုင်နိုင်သလဲ ပြိုင်ပွဲ တဲ့ ဘုရား ဘုရား။ ပြိုင်တယ် ဆိုတည်းက နိုင်
ချင်တဲ့ လောဘတွေ ရှုံးမှာ စိုးရိမ်တဲ့ ဒေါသတွေ သူတပါး ကိုယ့်ထက် သာမှာ
မနာလိုတဲ့ မစ္ဆေရိယတွေ အကုသိုလ် ကိလေသာ စိတ်တွေ ထကြွ သောင်းကျန်းလိုက်မယ့်
ဖြစ်ချင်း။ တရားပြ ဆရာတော်က ဘာလို့ ဒါတွေ သတိမထားမိပါလိမ့်။ နောက်ပြီး
ကိုယ်တိုင် တရားရ ရင်တောင် ရကြောင်းကို ထုတ်ဖော်ပြောတာကို ဆရာတော်ကြီးများ
မလုပ်ကြပါဘူး။ သူတပါးက ပြောလာရင်တောင် မပြောဖို့ တားမြစ်ပြီး အေးအေး စံတော်
မူကြပါတယ်။ ခုတော့ ကိုယ်တိုင်က တရားရကြောင်း ပြောရုံမက ကိုယ့်တပည့်
တွေကိုပါ ဘယ်သူက ဘာ ဆိုပြီး ရာထူး တပ်တဲ့ အတိုင်းပဲ သတ်မှတ်ပေးနေလိုက်ကြတာ။
လူတွေကလဲ အဲလို ရာထူးတပ်ပေးတဲ့ ရိပ်သာ တရားစခန်းဆိုရင် အပြေးအလွှားပါပဲ။
ခက်တာက ရည်းစားထားတဲ့ အနာဂါမ်တွေ အရက်ခိုးသောက်တဲ့ ပြည်သူပိုင် ပစ္စည်း
အလွဲသုံးစားလုပ်တဲ့ သောတာပန် ဆိုတာတွေ မြင် ရပါ များလာတော့ ဟုတ်ကဲ့…
အမြင်မတော်ပြန်ပါဘူး။ ဒါကြောင့် ရွှေဥမင် ဆရာတော် ဘုရားကြီးရဲ့ တပည့်ရင်း
ဆရာတော် ဟောတော် မူတဲ့၊ ရွှေဥမင် ဆရာတော် ဘုရားကြီး ရှိစဉ် ကတည်းက ဆုံးမ
ဩဝါဒ တွေကို အမှတ်တရ မှတ်တမ်းတင် ထားလိုက်ပါတယ်။

ဦးတေဇနိယ (ရွှေဥမင်တောရ)

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊

၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။

၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။

၄။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။

၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။

၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊

၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။

၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။

၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။

၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။

၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။

၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။

၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။

၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ
အဖတ်တင်မယ် ။

၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။

၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊

၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။

၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။

၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။

၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။

၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။

၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။

၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။

၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။

၂၅။ သဒ္ဓါရှိမှ ဝီရိယ ရှိမယ်၊ ဝီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။

၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။

၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။

အထက်ပါ တရားတော်ကို အင်္ဂလိပ် ဂျပန် တရုတ် အီတလီ စပိန် ဘာသာစကားဖြင့်သာ မက ဟီးဘရူး၊ ချက်၊ ပိုလန်၊ ဒတ်ချ်၊ မလေး ဘာသာစကားများဖြင့်လဲ ဒီနေရာမှာ ရယူ ဖတ်ရှုနိုင်ပါသည်။ ကမ္ဘာတလွှားရှိ
လူမျိုးအသီးသီးဆီသို ့ ဓမ္မဒါန ထပ်ဆင့်ဖြန် ့ဝေပေးလိုပါသဖြင့်
တခြားဘာသာစကားများသို ့ ပြန်ဆိုပေးနိုင်ပါက
ပြန်ဆိုအကူအညီပေးပါရန်လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ဝန်ခံချက်။ ။ အီးမေးလ်က ရလာတဲ့ စာလေး ဖြစ်ပေမယ့် ကိုယ်တိုင်က ရွှေဥမင် ယောဂီဟောင်းမို့ ဆရာတော် ဘုရားများရဲ့ ဆုံးမ ဩဝါဒတွေ မှန်ကန် တာမို့ ထပ်ဆင့် ဓမ္မဒါန ဖြန့်ဝေလိုက်ပါတယ်ရှင်။

သဗ္ဗေသတ္တာ -သတ္တဝါ မှန်သမျှ၊ ကမ္မသကာ -မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား…

Attitude on Meditation (တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ) by Ashin Tejaniya (ဦးတေဇနိယ (ရွှေဥမင်တောရ))
http://khunmyahlaing.blogspot.com/