ညီလာခံသဘင် …

ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲကြီးမှ စီးတော်ယာဉ်ပြသနာအတွက် ညီလာခံသဘင် ကျင်းပနေပုံ …

အကြီးအကဲကြီးက ထိုင်ခုံတစ်ခုပေါ်တွင် မှုန်ကုတ်သော မျက်နှာတော်ဖြင့် ထိုင်နေပါသည်။

လက်ဝဲဘက်တွင် လက်ရုံးရည်နဲ့ပြည့်စုံသော ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးသော သိုင်းပညာတတ်သော လက်ဝဲရံ ဗိုလ်ကြောင်၊

လက်ယာဘက်တွင် ဆဲနည်း၊ တွယ်နည်း၊ ချော့နည်း၊ ခြောက်နည်းမျိုးစုံဖြင့် နှလုံးရည်ပြည့်ဝသော လက်ယာရံ ဗိုလ်ပု၊

အနောက်တည့်တည့်တွင် တန်းစီပြီး အသင့်အနေအထားဖြင့် ရပ်နေကြသော သူရဲကောင်းလေးယောက် (အာဂ၊ ဘုန်းလှံ၊ ကြယ်လေး၊ ပေါက်ဖော်)၊

အကြီးအကဲကြီး၏ အရှေ့ဘက်တွင် ဘဏ္ဍာတော်ထိန်း၊ စားဖိုမှူးနဲ့ အကြံပေးရာထူး ၃ မျိုးကို တစ်ဦးတည်းမောင်ပိုင်စီးထားသော ဝေေ၀နှင့်

ရွာရိုးကိုးပေါက် အကုန်လိုက်စပ်စုပြီး သူမသိတာမရှိ၊ နေရာတကာပါတတ်သော ဘွားတော်ဆူး၊

အရှေ့ဘေး တစ်ဖက်တစ်ချက်စီမှာတော့ ထိုင်ခုံပေါ်ထိုင်ပြီး ငိုက်မျဉ်းနေကြသော သက်တော်ရှည် ဘိုးတော်ကြီးများဖြစ်ကြသော ပေါက်အမတ်၊ နီအမတ်၊ ဖက်အမတ်နှင့် ကယ်အမတ်တို့ ထိုင်နေကြပါသည်။ နိုင်ငံတော်အရေးမို့ သားတော်သမီးတော်များဖြစ်ကြသော (တုံ၊ ကွီး၊ လန်၊ ဖြူ၊ မီး)    

တို့ကတော့ တံခါးအနောက်ကနေ ချောင်းပြီး အခြေအနေကို အကဲခတ်နေပါတယ်။ အကြီးအကဲကြီး၏ သမားတော်နှစ်ဦးကတော့ လစာနဲပါးတဲ့ပြသနာကြောင့် ညီလာခံလာမတက်တာကြာပါပြီ။ ဘွားတော်ဆူးကပဲ ဗိနော အတတ်ပညာဖြင့် တစ်ရွာလုံးကို ကုသပေးနေရပါတယ်။

အကြောင်းအရာကတော့ အားလုံးသိထားပြီးသားဖြစ်တဲ့ အကြီးအကဲကြီးရဲ့ စီးတော်ယာဉ်ပျက်စီးသွားသဖြင့် ဘဏ္ဍာငွေရှာဖွေရေး အကြံတောင်းခံပွဲဖြစ်ပါတယ်။ သက်တော်ရှည်အမတ်များကို ဦးစားပေးပြီး အရင်အကြံဥာဏ်တောင်းပါတယ်။

အမတ်ကြီးဦးဖက်က အနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းကို ပရိုမိုးရှင်းတိုးပြီး ဘဏ္ဍာငွေပိုရအောင်ရှာသင့်ကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးပေါက်က အခုတလော သင်တန်းများခောတ်စားနေကြောင်း၊ ရွာထဲမှာ အချက်အပြုတ်သင်တန်း၊ ဘာသာစကားသင်တန်း၊ စားရေးစာဖတ်သင်တန်း၊ ပုံပြင်ပြောသင်တန်း၊ အင်တာနက်အသုံးပြုနည်းသင်တန်း စသဖြင့် သင်တန်းဖွင့်ပြီး ဘဏ္ဍာငွေပိုရှာသင့်ကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးနီကတော့ အလွမ်းသမားပီပီ အလွမ်းရုပ်ရှင်များများရိုက်သင့်ကြောင်း၊ ကဗျာများကို စာအုပ်ထုတ်ပြီး ရောင်းစားသင့်ကြောင်း၊ တစ်လုံး နှစ်လုံး သုံးလုံး လုပ်ငန်းလဲ အဆင်ပြေကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးကယ်ကတော့ အမြဲတမ်းငိုက်မျဉ်းနေတတ်သူဆိုတော့ ရုတ်တရတ် ဘာပြောရမှန်းမသိဖြစ်သွားပြီး မော်ဒယ်မလေးတွေနဲ့ ကြော်ငြာသင့်ကြောင်း ထပြောလိုက်ပါတယ်။

အမတ်ကြီး ၄ ယောက်ဆီက အကြံဥာဏ်တွေနဲ့ပတ်သက်ပြီး မည်သို့ပြုလုပ်သင့်ကြောင်း အကြံပေးအရာရှိ ဝေေ၀ကို မေးလိုက်ပါတယ်။ ဝေေ၀ကတော့ ဘဏ္ဍာငွေရှာခြင်းကိစကို နားမလည်ပဲ ဘဏ္ဍာငွေထိန်းသိမ်းခြင်းကိုသာ နားလည်တဲ့သူဆိုတော့ အသုံးစရိတ်လျော့ချရေးကို အကြံပေးပါတယ်။ အကြီးအကဲကြီးနဲ့တကွ နန်းတွင်း စားသောက်ဖွယ်ရာများကို သတ်သတ်လွတ်ဟင်းရာများဖြင့် အစားထိုးစီစဉ်သင့်ကြောင်း၊ သားတော်သမီးတော်များ၏ အသုံးစရိတ်ကိုလျော့ချသင့်ကြောင်း၊ အမတ်ကြီးများနဲ့ ကိုယ်ရံတော်များ၏ ၀န်ထမ်းလစာများကိုလဲ လျော့သင့်ကြောင်း၊ စီးတော်ယာဉ်မော်တော်ကားမရှိလဲ ဘာမှမဖြစ်ပါကြောင်း၊ ဝေါယာဉ်ဖြင့် ကိုယ်ရံတော် ၄ ယောက်ရဲ့ ကာယအားဖြင့် လိုရာခရီးသွားနိုင်ကြောင်း အကြံဥာဏ်များပေးပါသည်။

ညီလာခံတချိန်လုံးကို တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေပြီး လျှို့ဝှက်စွာပြုံးနေသူကတော့ ဘွားတော်ဆူးဖြစ်ပါတယ်။ စိတ်ရှုပ်နေတဲ့ အကြီးအကဲကြီးကို အကောင်းဆုံး အကြံတစ်ခု တိုးတိုးလေးပေးလိုက်ပါတယ်။ တခြားသူတွေမကြားလိုက်ပေမယ့် ကိုယ်ရံတော် ဗိုလ်ကြောင်နဲ့ ဗိုလ်ပုတို့ကတော့ ကြားဖြစ်အောင်ကြားလိုက်ပါတယ် … ဘွားတော်ဆူး အကြံပေးလိုက်တာကတော့ ….. ယတြာ ပါတဲ့ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....