မြန်မာနိုင်ငံမှာ စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်ပြီလို့ သတင်းဌာနများက ဆိုပါတယ်။ ထုံးစံအတိုင်း တရားဝင်တော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကောင်းကင်က ကြယ်တာရာ နက္ခတ်များမစုံသေးလို့ ဖြစ်ပုံရပါတယ်။ ကနဦးတုံ့ပြန်ချက်တွေအရ ၂၀၀၈ နာဂစ် အခြေခံဥပဒေမှာ ပြဌာန်းထားလို့ ခေါ်ယူတော့မဲ့ မဲခိုးလွှတ်တော်ကသာလျင် ပြဌာန်းပေးရမှာလို့ ပြောတာဖတ်ရပါတယ်။ အားလုံးလိုလိုက လက်ညိုးထောင်ခေါင်းညိမ့် လုပ်မဲ့အတူတူ လွှတ်တော်အမတ်များ လက်ညောင်း ဇက်ညောင်း သက်သာအောင် အချုပ်မှူးးကြီးက စေတနာနဲ့ ကြိုတင်ဆောင်ရွက်ပေးလိုက်ပုံ ရပါတယ်။ ယောက်ျားလေးဆိုအသက်၁၈နှစ် ကနေ ၄၅နှစ်အထိ၊ မိန်းခလေးဆို အသက်၁၈နှစ်ကနေ ၃၅နှစ်အထိ ၂နှစ်မှ၃နှစ်အကြာ စစ်မှုထမ်းရမဲ့စနစ်ဖြစ်ပါတယ်။ ပျက်ကွက်မယ်ဆိုရင်တော့ ထောင်ဒဏ်၅နှစ်အထိ ကျခံရပါလိမ့်မယ်။ တချို့ကတော့ တိုင်းပြည်ကာကွယ်ဖို့ နိုင်ငံသားတိုင်း စစ်ပညာတတ်ရန် နိုင်ငံတကာ ကျင့်သုံးနေတဲ့ စံညွှန်းဖြစ်တယ်။ ဒါပေမဲ့ နယ်စပ်ဒေသက ပြည်တွင်းစစ်အတွက် စစ်အင်အားတိုးချဲ့ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာ မဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။
ကျနော်ကတော့ ပြည်ပရောက်နေပြီဖြစ်လို့ ကုလားပဲဟင်းစားပြီး နေပူထဲအလုပ်ကြမ်းလုပ်ရဖို့ စိတ်ပူခြင်းအလျဉ်းမရှိပါဘူး။ ရေးဖေါ်ရေးဖက် ညီတော်ညီမတော်များ အတွက်တော့ စိတ်ပူမိပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရအဆက်ဆက် ဆင်ဖမ်းမယ် ကျားဖမ်းမယ် ဥပဒေအမျိုးမျိုးထုတ်ပြီး နောက်ဆုံး ပိုးဟပ်နဲ့ကြွက်တောင် ဖမ်းနိုင်စွမ်းမရှိတာမို့ ကိုယ့်လူတွေ အရှောင်အတိမ်း ဂျက်ဆီဂျိမ်းနည်းများကို သေချာပေါက် သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ယူအက်စ်မှာတော့ နိုင်ငံသားနဲ့ အမြဲနေခွင့်ရသူများ အမေရိကားမြေပေါ် နင်းတဲ့အချိန်မှာ အသက်၂၇နှစ် မကျော်သေးရင် စစ်မှုထမ်းနိုင်ဖို့ selective service ဆိုတဲ့ ဖောင်ဖြည့်ရပါတယ်။ မလုပ်မနေရတော့ မဟုတ်ဘူးထင်ပါတယ်။ ကျောင်းတက်ဖို့ အစိုးရဆီကငွေချေး၊ အစိုးရနဲ့သက်ဆိုင်တဲ့ အလုပ်တွေလျောက်၊ အစိုးရအထောက်အပံ့ကို တနည်း တဖုံးခံစားချင်တယ်ဆိုရင်တော့ အဲဒီဖောင် ဖြည့်ရပါတယ်။ သတ်မှတ်အသက်ကျော်သူများလည်း အဲဒီအခွင့်အရေးတွေယူထားခဲ့ရင် လိုအပ်တဲ့အခါ အသက် ၅၀လားမသိဘူး မကျော်သေးရင် အစိုးရရဲ့ စစ်မှုထမ်းဖို့ draft service ကိုလိုက်နာပါမယ်လို့ ဝန်ခံကတိပြုရပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယား၊ အီရန်စတာတွေနဲ့ တပြိုင်နက်ထဲ စစ်ဖြစ်ရင် အပြင်မှာ လတ်ယားလက်ယား ကော့ကန်ကား လုပ်နေတဲ့သူတွေ အတော်များများ စစ်ယူနီဖောင်းဝတ်ရမှာပါ။
တဆက်ထဲမှာ ဘာကြောင့် စစ်တပ်အနေနဲ့ အခုလိုခြေလှမ်းလှမ်းရသလဲလို့ တွေးမိပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်းက ဦးနှောက်သုံးရတဲ့အလုပ်မျိုးဆို မလုပ်တတ်ကြပါဘူး။ မလုပ်ရဲဘူး ဆိုရင်ပိုမှန်မယ်ထင်ပါတယ်။ သူတို့လုပ်တတ်တာ ရန်သူစစ်စခန်းကို ထိုးစစ်ဆင်ရင် အင်အား၃ချိုး၁ချိုး ရှိရမယ်ဆိုတဲ့ အတွေးအခေါ်အတိုင်း ကောင်းတာမကောင်းတာ နောက်ဆက်တွဲ အကျိုးဆက်များထက် လောလောဆယ်နိုင်ဖို့ကိုပဲ အာရုံထားပါတယ်။ အခုကိစ္စဟာ စစ်ဗိုလ်ချုပ်များအတွက် အကောင်းဆုံး အနေအထားတော့ မဖြစ်နိုင်ပါဘူး။ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရရင် စစ်တပ်ရဲ့ လက်ရှိဖက်ဆစ် အုပ်ချုပ်မှုစနစ် ပျက်ဆီးသွားနိုင်လို့ပါပဲ။ ငတ်လို့၊ ရာဇဝတ်မှုကျူးလွန်၊ အတင်းအကျပ်စေခိုင်းခံရလို့၊ တပ်ပြင်ထွက်လည်း ဘာမှလုပ်မစားတတ်တော့တဲ့ ခေါက်ရိုးကျိုး ဝါရင့်စစ်သားများကိုသာ လက်ရှိပုံစံနဲ့ အုပ်ချုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်တာကတော့ စစ်ထဲမဝင်လိုသူများထံမှ ဆက်ကြေးကောက်ခြင်း၊ နီးစပ်ရာတပ်စခန်းများ ဆီကိုပို့ပြီး တပ်သက်သာချောင်ချိရေး လုပ်အားပေးကိစ္စများ ဆောင်ရွက်စေခြင်း စတာတွေကို အဓိကထားလုပ်မှာဖြစ်ပြီး စစ်ပညာကိုတော့ ဘယ်ညှိညာညှိ၊ နေပူထဲစစ်ရေးပြ လမ်းလျောက်လောက် စတာလောက်သာ လုပ်ခိုင်းဖို့များပါတယ်။ စစ်တပ်သည် သိတဲ့အတိုင်း ငွေလိုနေပါတယ်။ ဓါတ်ငွေ့၊ သစ်တော၊ ကျောက်မျက် အခြားသယံဇာတက ရတဲ့ငွေမာတွေအားလုံးလိုလို့ သူတို့အိပ်ထဲရောက်၊ ကျန်တာတွေကလည်း ညူကလီးယားဗုံးထွင်၊ စစ်လက်နက်ဝယ်တဲ့ အထဲရောက်ကုန်လို့ စစ်တပ်ကြီး သက်ဆိုးရှည်ဖို့ ဝင်ငွေအကြီးအကျယ် လိုနေပါတယ်။ ရနိုင်သမျှ စားပေါက်တွေကလဲ ကုန်ပြီဆိုတော့ လူထုဆီက အေးဓမြတိုက်ဖို့ပဲ ကျန်ပါတော့တယ်။ ခိုင်းလို့ရသူတွေ၊ ဦးနှောက်ဆေးပေးထားသူတွေ လောက်ကိုသာ စစ်တိုက်ဖို့သုံးရဲပါလိမ့်မယ်။ ဒီတော့ အဓမ္မလုပ်အားပေး၊ ပေါ်တာဆွဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း စစ်တပ်ရဲ့အစဉ်အလာအတိုင်း ရှိမြဲဆက်ရှိပါလိမ့်မယ်။
တကယ်၍များ အကောင်အထည် ပေါ်လာခဲ့ရင် မျိုးချစ်စိတ်ရှိသူ လူငယ်များ ဒီအခွင့်အရေးကို ရနိုင်သမျှ အသုံးချပါ။ စစ်တပ်၏ သဘောသဘာဝကို နားလည်အောင်လုပ်ပြီး ပြည်သူနဲ့ တသားထဲ ဖြစ်အောင် စည်းရုံးတတ်ကြပါ။ ကိုယ်တိုင်လည်း အခြေခံစစ်ပညာ၊ အမိန်နာခံတတ်မှု၊ အဖွဲ့အစည်း စိတ်ဓါတ်၊ ပင်ပန်းဆင်းရဲခံနိုင်မှု စတာတွေကို လေ့လာကြပါ။ အိမ်နီးနားချင်းနိုင်ငံများမှာ စစ်မှုမထမ်း မနေရ ဥပဒေတွေရှိပါတယ်။ တက္ကသိုလ်တက်နေရင် ဘွဲ့ရတဲ့အထိ ဆိုင်းပေးတယ် ထင်ပါတယ်။ ပညာအရည်အချင်းလိုက်လို့ ထမ်းဆောင်ရတဲ့ တာဝန်ရာထူး ကွာခြားပါတယ်။ စင်္ကာပူလူမျိုးတဦးက စစ်မှုထမ်းအတွေ့အကြုံဟာ သူ့ဘဝအတွက် အလွန်ကောင်းတယ်လို့ ပြောတာ ကြားဖူးပါတယ်။ တခါ မြန်မာပြည်မှာ အစိုးရဝန်ထမ်းများ ရက်ရှည်ဖောင်ကြီးသင်တန်း တက်ပြီးပြန်လာရင် ယူတတ်သူများ အလွန်အကျိုးရှိတာ သိရပါတယ်။ လက်တွေ့ဘဝကို တကယ် ရင်ဆိုင်ဖြတ်သန်းလာခဲ့ရလို့ပါ။ ဆရာ မင်းသိင်္ခ ဝတ္တုတွေထဲက ဇာတ်လိုက်မင်းသား မကြီးပွားခင်၊ သိဒ္ဓိ မဟိဒ္ဒိမပေါက်ခင် ထောင်ထဲအရင် ရောက်ရတာ သတိရမိပါတယ်။ မိတ်ဆွေ ညီအကို ညီအမများရော ဘယ်လိုတုံ့ပြန် ထင်မြင်ချက် ရှိကြပါသလဲ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး