“မြန်မာ့ငါးမည်ရ Facebook နှင့် ဇူကာဘတ်အလည်အပတ်ခရီး”

သူရႆဝါFebruary 2, 20111min1948

ဂမ္ဘီရစာရေးဆရာများ သုံးနှုန်းရေးသားလေ့ရှိသော တစ်နေ့သ၌ အင်တာနက်လောကရှိ Social Network Website များအနက်မှ အယုတ်အလတ်အမြတ်မရွေး လူသုံးအများဆုံးဖြစ်သော Facebook အမည်ရှိ ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၎င်းလက်ဆော့ခြေဆော့ လုပ်ခဲ့သည့် ဝက်ဘ်ဆိုက်ကြီးအား မည်သည့်နိုင်ငံမှ လူဦးရေ မည်မျှသုံးစွဲပါသနည်းဟု စစ်တမ်းကောက်၍ ၎င်း၏ Facebook အား သုံးစွဲမှုအများဆုံးနိုင်ငံသို့ အလည်အပတ် လေ့လာရေး ခရီးသွားရောက်ကာ ၎င်း၏အရှိန်အဝါဩဇာကို ပိုမိုတိုးတက်အောင် မားကက်တင်းဆင်းရလျှင် သင့်မြတ်လှပေမည်ဟု တွေးတောမိလေသည်။ ထိုငတိသည် ဉာဏ်များသည့်အလေ့အထ ရှိသည့်အတိုင်း ရှေးဦးမဆွကလည်း ထိုသို့ ထူးခြားဆန်းပြားသော လုပ်ရပ်မျိုးကို လူစိတ်ဝင်စားအောင် ခဏခဏ ပြုလုပ်လေ့ရှိသူတစ်ဦးလည်း ဖြစ်၏။ ဥပမာဆိုရလျှင် တလောက ၎င်းလူသုံးအများဆုံး ဝက်ဘ်ဆိုက်ကြီးကို တည်ထောင်ခဲ့မိသဖြင့် ၎င်း၏ လူပျိုလှည့်ချိန်များ၊ ဈေးဝယ် ထွက်ချိန်များ၊ နိုက်ကလပ်တက်ချိန်များ ဆုံးရှုံးရသည်ဟု အကြောင်းပြ၍ Facebook ကြီးကို ပိတ်ပစ်လိုက်တော့မည်ဟု သတင်းလွှင့်ကာ လူအများ ဝမ်းနည်း၍ အအိပ်အစားပျက်အောင် မဏ္ဍပ်တိုင်တက်ပြသည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်မှာ အထင်အရှားပင်ဖြစ်လေသည်။ သို့ဖြစ်၍ ယခုလို သူ့ဆိုရှယ်လ်နက်ဝါ့ခ်ဆိုက်ကြီးအား လူသုံးအများဆုံးနိုင်ငံသို့ သွားရောက်၍ မားကက်တင်းဆင်းရန် ကြံစည်မှုမှာ သူ့အတွက်တော့ များစွာထူးဆန်းလှသော စိတ်ကူးမျိုးမဟုတ်ပါချေ။

ထူးဆန်းဖွယ်ရာ ကောင်းသည်မှာကား Facebook အား လူဦးရေအများဆုံး အသုံးပြုသည့် နိုင်ငံကို စစ်တမ်းတစ်ခု ပြုစုလိုက်ရာတွင် လူသုံးအများဆုံးအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေသည်ကား အင်္ဂလန်မဟုတ်၊ အမေရိကန်မဟုတ်၊ အာရှတိုက်၏ နိုင်ငံလေးတစ်ခု ဖြစ်သော မြန်မာနိုင်ငံပင်ဖြစ်ကြောင်း ထူးထွေတည့်အံ့ရာသော် စစ်တမ်းအဖြေကို တွေ့ရှိရ လေတော့သည်။ မျက်ကပ်မှန်များ မှားတပ်မိလေသလား စဉ်းစား၍ အထပ်ထပ်အခါခါ ပြန်လည်စစ်ဆေး ပါသော်လည်း အဖြေက မပြောင်းလဲ။ လူတကာကို အံ့ဩအောင် လုပ်လေ့ရှိသော ငချွတ်ကလေး ဇူကာဘတ်လည်း ပြန်လည်၍ အံ့ဩရသည့်အဖြစ်ကို ရောက်ကာ မြန်မာနိုင်ငံ၌ သူ၏ Facebook ကို ဘယ်လောက်အထိ အားပေးသုံးစွဲကြသနည်းဟု သိချင်စိတ်များ ထောင်းထောင်းထ၍ ရရာလေယာဉ်လက်မှတ်ဆွဲ၍ မြန်မာနိုင်ငံသို့ ချက်ချင်းလက်ငင်း မားကက်တင်း လာဆင်းရသည့် အဖြစ်အထိ ရောက်ရှိလေသည်။

မြန်မာနိုင်ငံရောက်မဆိုက်ပင် အင်တာနက်ဆိုင်တကာ လှည့်လေရာ ခရီးသွားဟန်လွဲ အံ့ဖွယ်သရဲအဖြစ်တစ်ခုကို တွေ့ရလေသည်။ အင်တာနက် သုံးနေသော မိန်းကလေးတစ်ဦး အနားသို့အရောက် အမှတ်မထင် ကြည့်မိရာတွင် Google မှ အလကားမတ်တင်း ဝန်ဆောင်မှု ပေးထားသည့် Google Talk ကို Account ငါးခုလောက် ပြိုင်ဖွင့်ထားသည်ကို မြင်၍ မေးကြည့်လေရာ ထိုမိန်းကလေးမှ ဇူကာဘတ်အား “ဘယ်တောက တက်လာတဲ့ ခပ်တုံးတုံးငနဲပါလိမ့်” ဟူသည့် အကြည့်ဖြင့် ကြည့်ခြင်းကို ခံရလျှက် တစ်ခုက ရုံးသုံးအကောင့်၊ တစ်ခုက ကိုယ်ရေးကိုယ်တာ အကောင့်၊ တစ်ခုက အီစီကလီသီးသန့်၊ တစ်ခုက ကိုကိုနှင့် ပြောဖို့ စသဖြင့် အွန်လိုင်းပေါ်တွင် မအားမလပ်အောင် ကိုယ့်ကိုယ်ကို အလုပ်ပေးတတ်ကြသည့် မြန်မာအွန်လိုင်းယူဇာတို့၏ “ဇ” ကို စတင်မြင်တွေ့ရလေကာ ဒီလိုသာလူတိုင်း သုံးကြရင်ဖြင့် Google ကုမ္ပဏီတော့ သူရို့လက်ချက်နှင့် မွဲရချည်ရဲ့ဟု Google CEO အား စိတ်ထဲမှ ကြိတ်၍သနားမိလေ၏။ ထို့နောက် မိမိ၏ လာရင်းကိစ္စဖြစ်သော လူကြိုက်အများဆုံး Facebook အကြောင်း လှည့်လည်စနည်းနာ၍ အွန်လိုင်းတက်နေသူများအကြား မယောင်မလည် စုံစမ်းရာတွင်တော့ ပို၍ပို၍ပင် အံ့ဩရသည့် အဖြစ်ကို ရောက်ရပါလေပြီ။ ၎င်းဆိုက်ကို တည်ထောင်ရန် အကြံအစည်ရချိန်မှစပြီး လူစိတ်ဝင်စားမည့် နာမည်မျိုးအား ထင်ရှားကျော်ကြားသည့် ဗေဒင်ပညာရှင် အပေါင်းနှင့်တိုင်ပင်၍ စဉ်းစားပါသော်လည်း နာမည်ပေးရန် မတတ်သည့် အဖြစ်ကို ရောက်သည့်အဆုံး ၎င်းကျောင်းသားဘဝက စာအုပ်နှင့်မျက်နှာ မခွာဘဲ စာကျက်ခဲ့ရသည့် အဖြစ်သာ ခေါင်းထဲ ရောက်လာကာ Face နှင့် Book အား ကြံကြီးစည်ရာ ပေါင်းသင်းစေပြီး Facebook ဟု ဖြစ်ကတတ်ဆန်းလေး အမည်ပေး မိခဲ့သည့် ဝက်ဘ်ဆိုက်မှာ မြန်မာနိုင်ငံတွင်တော့ တစ်နေရာတွင် နာမည်တစ်မျိုးဖြစ်နေကာ နာမည်ငါးမျိုးဖြင့် ကျော်ကြား၍ တစ်ချိန်က အထင်ကရမြို့ဖြစ်သည့် ရွှေဘိုကဲ့သို့ပင် ငါးမည်ရ Facebook ဖြစ်၍နေလေသည်။

ဘုန်းကြီးကျောင်းသားများ၊ မူလတန်းကျောင်းသားလေးများ သုံးစွဲကြသည့်အမည်မှာ “ဖေ့ စ အေ ဘုတ် ခ” ဖြစ်ကြောင်း သိရချိန်တွင် ဇူကာဘတ်မှာ “ဟင်” ခနဲအော်မြည်၍ လည်းကောင်း၊ အချို့ခေါ်ဝေါ်ပုံမှာ “ဖေ့ဘုတ်” ဖြစ်ကြောင်း သိရချိန်တွင် “ဟယ်” ခနဲ မြည်တမ်း၍ လည်းကောင်း၊ ဘိုလိုမှုတ်ရတာ မကောင်းဟုဆိုတာ လူအချို့၏ မြန်မာမှုပြု ခေါ်ပုံကျတော့ “မျက်နှာစာအုပ်” ဟုဆိုချိန်တွင် “ဟာ” ဟူ၍လည်းကောင်း၊ မြန်မာမှုပြုထားတာကိုပင် ထပ်မံဆန်းသစ်၍ ဂေါ်လီကျကျ ခေါ်ပုံမှာ “အခွက်ဘုတ်အုပ်” ဟု သိရချိန်တွင် “ဟိုက်” ဟုလည်းကောင်း၊ အချို့များ ခေါ်ဝေါ်ပုံကျပြန်တော့ “ဖေ့ဘွတ်” ဟုဆိုချိန်တွင် “အို” ဟုလည်းကောင်း စိတ်ထောင်းကိုယ်ကြေ ဖြစ်ရသည့်ကြားထဲ သူ့အနေဖြင့် FaceFaceBookBook ဟုသာ အမည်မှည့်ခဲ့လျှင် ယခုလောက်ဆို “ဖေဖေ့ဘွတ်ဘွတ်” ဖြစ်ကာ အတော်ပင် နံစော်နေလောက်ပြီဟု ကံသေကံမ တွက်ချက်လိုက်လေတော့သည်။ ဒီလောက်တောင် ဖြစ်နေလို့လည်း မြန်မာနိုင်ငံဟာ ဖေ့ဘုတ် သုံးရာတွင် ထိပ်ဆုံးရောက်နေတာ ဖြစ်ရမည်ဟု စဉ်းစားမိတော့မှ ကျေနပ်ခြင်း အဖြစ်သို့ ရောက်လေ၏။ ဇုကာဘတ်မှာလည်း ဒီလောက် အံ့ဩ ရတာတောင် နာမည်ပေးရုံရှိသေးတာ … Facebook ကို သူကိုယ်တိုင်ပင် မခန့်မှန်း တတ်အောင် ဘယ်နည်းဘယ်ပုံများ သုံးစွဲကြသလဲဟု ထပ်မံ၍ လေ့လာစပ်စုရန် စိတ်အားထက်သန်လေတော့သည်။

တစ်နေရာအရောက် ညောင်ပင်တစ်ပင်အောက်တွင် လူစုစုရုံးရုံးဖြင့် ၎င်းအပင်မှာ ရှိခိုးပူဇော်ဆုတောင်း နေကြသည်ကို မြင်ပြီး ယောင်္ကျားတွေရော၊ မိန်းမတွေရော တစ်အုပ်လုံးကြီး သားဆုပန်ကြတာတော့ မဖြစ်တန်ရာဟု တွေးတော ဆင်ခြင်၍ ကျိုးကြောင်း တီးခေါက်ကြည့်ရာတွင် လာမည့်တစ်လ နှစ်လအတွင်း ဖေ့ဘုတ်အား အပြီးအပိုင် ပိတ်ပစ်တော့မည် ကြားကြ၍ ထိုသို့မဖြစ်အောင် ညောင်ပင်စောင့် ရုက္ခစိုးဆီ လာရောက်ဆုတောင်း နေကြခြင်း ဖြစ်သည်ကို သိရှိရလေ၏။ ထို့အပြင် လာမည့်လအတွင်း ဖေ့ဘုတ်ဆိုက်ကြီး ပျက်စီး၍ အွန်လိုင်းရှိလူအများ နေစရာဘုံပျောက်မည့် ကိစ္စကို ၂၀၁၂ တွင် ကမ္ဘာပျက်မည် ဆိုသည့်ကိစ္စထက်ပင် ပို၍ကြောက်လန့် ကြကြောင်း သိရပြန်လေ၏။ ထိုမျှဖြင့် မကျေနပ် နိုင်သေးသည့် ဇူကာဘတ်လည်း ထပ်မံ၍ စုံစမ်းရာတွင် သူ၏ ဖေ့ဘုတ်အား အသုံးပြု၍ အချို့က ထိုနေရာမှာပင် သင်္ကြန်ကျလိုက်၊ သီတင်းကျွတ်လို်က်၊ ဟက်ပီးနယူးရီးယားလိုက် လုပ်ကြ၍ ၁၂ ရာသီ ပွဲလမ်းသဘင် အစုံအား တစ်နေရာ တည်းတွင်ပင် လက်ခံကျင်းပ နေကြောင်းကို သိရပြန်၍ ထိုမျှအသုံးချတတ်သော မြန်မာနိုင်ငံမှ “Facebooker” များကို များစွာ လေးစားချီးကျူးချင်စိတ်များ တဖွားဖွား ပေါ်လာလေတော့သည်။

ဒါတင်မကသေး …. သူကိုယ်တိုင် အင်တာနက်ဆိုင် တစ်ဆိုင်တွင် ထိုင်၍ Facebook ထဲ ဝင်ကြည့်မိလေသည်။ Facebook.com ရိုက်၍ ခေါ်သော်လည်း မိနစ်အနည်းငယ် ကြာသည့်တိုင်အောင် ဘာဆိုဘာမှပေါ်မလာဘဲ အဖြူထည် အတိုင်း ဖြစ်နေသောအခါ သူမရှိတုန်း အခိုက်၌ သူ့ Facebook ကြီးအား ဟိုမှာကျန်ခဲ့သော သူ့တပည့်တပန်းများ တကယ်ပင် ပိတ်ပစ်လိုက်ပြီလားဟု တွေး၍ လန့်ဖြန့်ရသည့် အဖြစ်ကို ရောက်လေတော့သည်။ သို့သော်လည်း ဇူကာဘတ်ထက် အင်တာနက် အကြောင်း နားလည်သူ ဆိုင်မှစတက်ဖ်ကလေးက Facebook ပျက်သွားတာ မဟုတ်ကြောင်း၊ ရှေ့တိုးမည့်ဆင် နောက်တစ်လှမ်းဆုတ် ဆိုသလို ကော်နက်ရှင်က အရှိန်ယူနေတာဖြစ်ကြောင်း ရှင်းပြမှပင် “ဟူး” ခနဲ သက်မချနိုင်လေသည်။ သို့ဖြင့် မြန်မာနိုင်ငံတွင် ဘယ်လိုများ ဖေ့ဘုတ်ကို သုံးကြသနည်းဟု ဖေ့ဘုတ်ထဲဝင်၍ လေ့လာ ကြည့်မိသောအခါ မျက်လုံးပြူးစရာ ကိစ္စအများအပြား တွေ့ရလေတော့သည်။

ထိုအရာများအနက် တစ်ခုမှာ ဖေ့ဘုတ်၏ နာမည်ကျော် ဂိမ်းဖြစ်သည့် မာဖီးယားဆော့ရတာ ပျင်းလာ၍ မြန်မာဖြစ် လမ်းမတော် ဖိုးတုတ် ဟူသည့် ဂိမ်းအသစ်ရေး၍ ဖေ့ဘုတ်တွင် တင်ရန်ဖွဲ့စည်းထားသော Group ကိုလည်းကောင်း၊ ဓါတ်ပုံတင်သည့် နေရာရှိ မိန်းမလှလေး တစ်ယောက်၏ ပုံအောက်တွင် “မိုက်တယ်ဗျာ” “မမ သိပ်လှတာပဲ” “ဒါမျိုးလေးက တွေ့ရခဲတယ်” ဆိုသည်မှ အစပြု၍ “ဂလု” “ရှလွတ်” အဆုံး ပုရိသအပေါင်း ကာလသားခေါင်းတို့၏ ကော်မန့်ပေါင်း တစ်သောင်းလောက် ကိုလည်းကောင်း၊ “မောင်အာပလာရာဇာ ဘာညာကွိကွ” “မောင်မှမချစ်ရင်သေပစ်မယ်” စသဖြင့် ကျိုက်ထီးရိုး ဝါးသေနတ် များတွင် ရေးလေ့ရှိသည့် စာတန်းများလိုပုံစံဖြင့် ဘယ်နိုင်ငံမှာမှ မတွေ့နိုင်သော အထူးအဆန်း နာမည်ဂွတ်ရှယ်များကို လည်းကောင်း ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် တွေ့ရ ပြန်လေ၏။ ထို့အပြင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ခေတ်စားလာခြင်းအလေ့မှာ ဖေ့ဘုတ်ထဲတွင်ပါဝင်သော ဂိမ်းဖြစ်သည့် Friend For Sale ကို စတင်ဆော့ကြသည့် အချိန်မှစ၍ ဖြစ်ပေါ်ခေတ်စားလာကြောင်း သိရှိရန်လေသည်။ ဒါတင်ပဲလား မဟုတ်သေး … ဖေ့ဘုတ်ထဲရှိ Farm Ville ဟုခေါ်သည့် လယ်ကွင်းခေါင်ခေါင်ထဲတွင် တစ်နေကုန် စိုက်၍မဆုံး၊ ပျိုး၍မဆုံး လယ်သမားလုံးလုံး ဖြစ်နေကြသည့် ဖြစ်အင်ကိုလည်းကောင်း၊ Restaurant City ကို ရှိသမျှမုန့်ဖိုး အကုန်ခံဆော့ရာမှ ပိုက်ဆံပြတ်သော်လည်း မဆော့ရမနေနိုင်သည့်အဆုံး ကြုံရာစားသောက်ဆိုင်တွင် စားပွဲထိုးလုပ်၍ ရသည့်လုပ်အားခဖြင့် ဇွဲနပဲကြီးကြီး ဆက်ဆော့ကြသည်ကိုလည်းကောင်း အံ့ဩထူးဆန်းဖွယ်ရာ မျက်မြင်ကိုယ်တွေ့ ကြုံရ ပြန်လေသည်။

ဒါတင်မကသေး .. ဖေ့ဘုတ်သုံးကြသူများ၏ အနီးအနား မယောင်မလည် ကပ်ကြည့်ရာတွင်လည်း တစ်နေကုန်အွန်လိုင်းတက်၍ ဖေ့ဘုတ်ထဲတွင် ဧည့်စာရင်း တိုင်ကာ ဘာမှလုပ်စရာမရှိသည့်အဆုံး ဘယ်သူ့ Status အောက် ရောက်ရောက် Like Button ထိုင်နှိပ်၍ နေသူများ၊ ဖေ့ဘုတ် ပျက်မည် သတင်းကြားပြီး မပျက်ခင် အချိန်ရှိခိုက်လုံ့လစိုက်၍ တွေ့သမျှ မိန်းကလေးများ၏ ပုံများကို ခိုး၍တစ်ဖုံ ပေါ်တင်တစ်မျိုး Download လုပ်သည့် ကိုကိုများ အားလုံးကို မခြွင်းမချန် တွေ့ရ၍ မြန်မာ့ Facebooker များသည် ဖေ့ဘုတ် တည်ထောင်ခဲ့သည့် မိမိကိုယ်တိုင်ထက်ပင် ဖေ့ဘုတ်အား သုံးတတ်နေကြပြီ ဖြစ်ပါကလားဟု တွေးမိ၍  ဇူကာဘတ်မှာ ၎င်း၏ Facebook အနာဂတ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းနှင့်ပင် ရပ်တည်နိုင်လောက်ပါပေသည်ဟု စိတ်ချခြင်း အဖြစ်ကို ရောက်ရှိပြီး မားကက်တင်းဆင်းခြင်း အမှုကိုရပ်ဆိုင်းကာ နေရပ်သို့ ခေါင်းမော့ရင်ကော့ပြီး ပြန်ကာမှပင် ဖေ့ဘုတ်စီအီးအို သူဌေးကလေး ဇူကာဘတ်၏ လေ့လာရေးခရီး နိတ္ထိတံ လေသည်။

နေရပ်ပြန်ရောက်လတ်သော် ကြွားဝါလိုစိတ်ကို မထိန်းချုပ်နိုင်သော ငတိကလေး ဇူကာဘတ်လည်း ၎င်းမြန်မာ နိုင်ငံရှိ ဖေ့ဘုတ်ကာများ၏ အကြောင်းကို နိုင်ငံတကာသို့ “ဖွ” လိုက်လေရာ ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်ဆိုက်အဖြစ် ဖေ့ဘုတ်ကို ကျော်တက် ချင်သည့် ဒိတ်ဒိတ်ကြဲ Developer များမှာ ထိုသောအခါမှ မြန်မာသုံး ဝင်းဖောင့်၊ ဝိဇ္ဇာဖောင့်၊ ဇော်ဂျီဖောင့်၊ တပ္ပသီဖောင့်၊ သူယောင်မယ်ဖောင့်၊ ယူနီကုတ်ဖောင့်၊ ဧရာဖောင့်၊ ကျော်ထူးဖောင့် အစရှိသည့် ဖောင့်မျိုးစုံကို ဒေါင်းလုပ်လုပ်ပြီး သကာလ မြန်မာနိုင်ငံရှိ အင်တာနက် ယူဇာများသီးသန့် လက်မလည်တမ်း သုံးစွဲနိုင်ရန် မြန်မာဗားရှင်းဖြင့် ထုတ်လွှင့်မည့် ဆိုရှယ်ဆိုက်ပေါင်းစုံကို သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက် ရေးသားထုတ်လွှင့်ရန် ကြိုးပမ်းကြ လေတော့သတည်း။

သူရဿဝါ
ဖေဖော်ဝါရီ ၂ ရက် ၊ ၂၀၁၁ ခုနှစ်
Net Guide Journal
Volume 1, Issue : 69

(စကားချပ် – ယခုတစ်ပတ်ထုတ် Net Guide Journal တွင် အထက်ပါ ဆောင်းပါးကို ထည့်သွင်းဖော်ပြထားပြီး ဆောင်းပါးရှင် အမည်မှန်မှာ ဇေယျတု မဟုတ်ဘဲ သူရဿဝါ သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။)

8 comments

  • R Ga

    February 2, 2011 at 9:25 am

    ခင်ဗျားစာကို Net Guide Journal က ခိုးချပြီးရေးထားတာလို့ပြောတာလား။ ဒါမှမဟုတ် နာမည်မှားထိုးသွားတာလား။ ရေးထားတာ ဖတ်လို့ကောင်းပါတယ်။ ဒီလိုသရော်စာတွေ ကိုလည်းကြိုက်ပါတယ်။

    • Thu Ra Tha Wah

      February 2, 2011 at 9:29 am

      Net Guide က ကျွန်တော့်ဆီက ခိုးချထားတာ မဟုတ်ပါဘူး ကိုအာဂ !
      ကျွန်တော်ကိုယ်တိုင် စာမူပေးထားတာပါ
      ပရုဖ်မစင်လို့ မတော်တဆ ကျွန်တော့်ကလောင်နာမည် မထည့်မိဘဲ ဇေယျတု ဖြစ်သွားတာပါ ။
      း)

  • R Ga

    February 2, 2011 at 10:05 am

    ဒါဆိုရင်တော့ Net Guide ကို ဖုန်းဆက်ပြီးဖြစ်ဖြစ် တောင်းပန်စာထည့်ခိုင်းသင့်တယ်ဗျာ..။ နာမည်တစ်လုံးဆိုတာ အရေးကြီးတယ်ဗျ…။ကိုယ့်ရင်နဲ့ မွေးထုတ်ပေးလိုက်တဲ့ စာသားတွေ မှာ ကိုယ်နာမည် မပါတာက အဆိုးဆုံးပဲ ကျွန်တော်ဆိုရင်လည်း စိတ်မကောင်းဖြစ်မိ မှာအမှန်ပါပဲ။

    • Thu Ra Tha Wah

      February 2, 2011 at 10:08 am

      ဒါကတော့ ကျွန်တော်ပြောစရာမလိုပါဘူး …
      သူတို့ ပင်ကိုယ်အသိနဲ့ထည့်ပေးပါလိမ့်မယ်
      တစ်ခါတလေ အမှားအယွင်းဆိုတာ ဖြစ်တတ်တဲ့အတွက် ကျွန်တော်လည်း
      အပြစ်တင်မနေတော့ပါဘူး
      း)

  • cherrywine

    February 2, 2011 at 10:39 am

    တော်တော်ရေးတက်တာပဲ ။ လူငယ်ပေမဲ့ မထင်ရဘူးပဲ ၊ ဒီလိုမျိုး သရော်စာတွေကိုဖတ်ရတာ သဘောကျတယ်။ ချောကလက်မြို့တော်မှာ ကျိုက်ထီးရိုးသွားခရီးအကြောင်းရေးထားတာ တော်တော်စုံတယ်။ စာတွေအများကြီးရေးနိုင်ပါစေ။

  • zoxnet

    February 2, 2011 at 1:39 pm

    ဟုတ်တယ် အစ်ကိုရေ.. ကျွန်တော်လည်း Net Guide မှာ ဖတ်လိုက်ရတယ်။ နံမည်ကိစ္စတော့ သေသေချာချာလေး ပြန်ပြောဦး အစ်ကိုရ။ အားပေးနေတယ်ဗျို့။

  • naywoonni

    February 3, 2011 at 5:00 am

    ဟုတ်တာပါ့။ ကျွန်တော့တွေ့ဖူးတဲ့ သူတွေကတော့ သူငယ်ချင်းတွေ လိုက်လုပ်ပြီး သူငယ်ချင်းဘယ်နှစ်ယောက်ရပြီ ဆိုပြီး လိုက်ပြောနေကြတာပဲ တွေ့ဖူးတယ်။ ကျွန်တော်တော့ သိပ်ပြီး မသုံးတတ်လို့ မဝင်ဖြစ်ပါဘူး။ အဲဒိ facebook က သူငယ်ချင်းက ဂျီတော့ သူငယ်ချင်းလောက်စေးစေးပိုင်ပိုင် မရှိဘူးလို့ထင်တာပဲ။ အဲဒိမှာ တင်ကြ ဝင်ကြတာတွေက လည်း မရောင်းတဲ့ အခန်းထဲက ကုန်ပစ္စည်းတွေ ခင်းပြထားသလိုပဲ မြင်မိတယ်။ ပစ္စည်းတွေတော့ ခင်းပြထားပါရဲ့ ။ ဝယ်လို့မရသလိုပဲလေ။ ကျွန်တော့ အမြင်ပြောတာနော်။ သုံးတတ်အောင်လည်း မလေ့လာမိပါဘူး ။ သူထက်အရေးကြီးတဲ့ စာရေးစရာတွေ ဖတ်စရာတွေရှိနေတာကိုး။ ပြိးတော့ ဟီးးဟီးး ချက်တင်ကလည်း ဂျီတော့ဖွင့်တိုင်းရှိရှိနေတော့…………..

  • char too lan

    February 3, 2011 at 10:45 am

    ကိုသူရရဲ့ သရော်စာတွေအရမ်းကောင်းတယ် ကျနော်က ဟိုအရင်ပို့စ်တုန်းက ကွန်ပျုတာနဲ့တကယ်အလုပ်ရှုပ်နေတဲ့ ဒိုဘီကုလားမလို့ထင်နေခဲ့လေ hahaa 🙂

Leave a Reply