ဝိညာဉ်တစ်ခု၏ အနံ့ပေးခြင်းလော …

SuWaiPhyoApril 26, 20101min2016

~~~   အနံ့ရတယ်      ~~~

~~~   အနံ့ရတယ်      ~~~

အပုပ်နံ့တော့ မဟုတ်ဘူးရှင့် … အမွှေးနံ့ပဲ။ ဘယ်သွားသွား အဲ့ဒီအနံ့ ရနေတော့တာပါပဲ။ ဘယ်လို အမွှေးနံ့မျိုးလည်း ဆိုတော့ ….

အမွှေးတိုင်နံ့လည်း မဟုတ်ဘူး။ ရေမွှေးနံ့လည်း မဟုတ်ဘူး။ ပန်း အနံ့မျိုးလည်း မဟုတ်ပြန်ဘူး။ ကျွန်မ တခါမှ မရဘူးသော အမွှေးနံ့မျိုးလို့ပဲ ပြောရတော့မှာပဲ။ ကျွန်မက ဗုဒ္ဓဘာသာလူမျိုးဆိုတော့ လူကြီးသူမများ ပြောသလို မကျွတ်မလွတ်သော ဝိညာဉ်တစ်ခုခုက သာဓုခေါ်ချင်၍ အနံ့ပေးခြင်းလား …. ။

လွန်ခဲ့သော ၂၀၀၉ ခုနှစ် ရ လ ပိုင်း အချိန်တုန်းက ကျွန်မ အလားတူ အနံ့မျိုး ရရှိခဲ့ဖူးပါသည်။ အစပိုင်းကတော့ အနံ့ရတယ် အနံ့ရတယ်ပေါ့။ နံဘေးမှာ ရှိသော သူငယ်ချင်းတွေကိုလည်း မေးမိသည်။ အနံ့ရလားပေါ့။ ဘာနံ့ရလဲ ပေါ့။ သူတို့ကလည်း ဘာနံ့မှ မရရှိကြောင်းပြောပါသည်။ ကျွန်မလည်း အစပိုင်းတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမဲ့ .. အဲ့ဒီအမွေးနံ့က အိမ်မှာလည်း ရ၊ အလုပ်မှာဆိုလည်း အချိန်ပြည့်နီးပါးကို ရနေပါသည်။ အိမ်ပြန်ရောက်တော့လည်း အိပ်ယာမဝင်ခင် အချိန်ကနေ.. မနက်အိပ်ယာ စထသည်နှင့် အဲ့ဒီအမွှေးနံ့ ရပါတော့သည်။

တစ်ရက် ကျွန်မ အစ်မ တစ်ဝမ်းကွဲ နေထိုင်သည့် မြောက်ဥက္ကလာ သို့  ကျွန်မ မိခင်နှင့်အတူ အလည်အပတ်အနေနဲ့ ညသွားအိပ်ဖြစ်ပါသည်။ အဲ့ဒီအချိန်ထိကို အမွှေးနံ့က ဆက်တိုက်ရနေပါသည်။ ဒီအမွှေးနံ့က ကျွန်မကို ဘာအန္တရာယ်မှ မပေးပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်မိသည်မှာ အမှန်ပင်။ ကျွန်မလည်း အိမ်ကလူကြီးတွေကို ဖွင့်မပြောမိပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မကိုယ်ကျွန်မလည်း စိတ်ထင်နေတာလား ဘာမှန်းကိုမသိသေးတာနဲ့ … ကျွန်မ အချစ်ဆုံးသူငယ်ချင်းကို အရင် ဖွင့်ပြောမိပါသည်။ သူက အိမ်ကိုဖွင့်ပြောသင့်တယ် ဆိုတာနဲ့  ၅ ရက်မြောက်သည့်ရက်မှာ ကျွန်မ မိခင်ကို ဖွင့်ပြောလိုက်ပါသည်။ ကျွန်မ မိခင်က ကျွန်မတို့ ရပ်ကွက်က ဘုန်းကြီးကျောင်းသို့ သွားပြီး ကျွန်မကို ပရိပ်ကြိုး ဆွဲပေးပါသည်။ အဲ့ဒီပရိပ်ကြိုးဆွဲပြီးနောက် ၆ ရက်မြောက်နေ့မှာ ကျွန်မ ရရှိနေသော ထိုအမွှေးနံ့မှာ လုံးဝမရတော့ပါ။ ကျွန်မလည်း အမွှေးနံ့ မရရှိတော့သည့် အချိန်ကြာလာတော့ ပရိပ်ကြိုးကို မဆွဲချင်တော့တာနဲ့ မဆွဲဖြစ်တော့ပါ။

ယခုလည်း ဧပရယ်လ 20 ရက်နေ့ကနေ စပြီး ကျွန်မ ထိုအမွှေးနံ့ကို ထပ်ရပြန်ပါသည်။ တစ်ည ကျွန်မတို့ မိသားစု ရုပ်ရှင်ထိုင်ကြည့်နေတုန်း ကျွန်မ အဲ့ဒီအနံ့ကို ထပ်မံရရှိခဲ့ပါသည်။ အစကတော့ အမှတ်မထင် ဘာနံ့လည်း ဆိုပြီး ရေရွတ်လိုက်မိပါသည်။ ဘေးက အစ်မတွေကလည်း ဘာနံ့မှ မရပါဘူး ဆိုပြီး ပြန်ဖြေကြပါသည်။ နောက်တော့ ကျွန်မ တစ်ခုခုကို သွားသတိရလိုက်မိပါသည်။ ဒါက ကျွန်မရဲ့ မိတ်ဆွေဟောင်းကြီးပဲ။ ကျွန်မ အဲ့ဒီတော့မှ ဒီအနံ့ကို ရင်းနှီးမိသွားသည်။ အမွှေးနံ့ပိုင်ရှင်ကတော့ ထပ်လာပြန်ပြီ။ ကျွန်မလည်း အစကတော့ မေ့မေ့ပျောက်ပျောက်ပဲ။ အခုတော့ ဒီအမွှေးနံ့က ထပ်ရနေပြန်ပြီ။ အိမ်ကိုဖွင့်ပြောဖို့ စဉ်းစားသေးသည်။ ဒါပေမဲ့ မသေချာသေးတာနဲ့ ဖွင့်မပြောသေးဘူး။ ကျွန်မ သေချာစဉ်းစားလိုက်သည်။ အရင်တစ်ခေါက်တုန်းက ကျွန်မ သူ့ကို အမျှမဝေလိုက်ရဘူး။ ပရိပ်ကြိုးပဲဆွဲလိုက်တော့ အမွှေးနံ့ပိုင်ရှင်ကို မောင်းထုတ်သလိုများ ဖြစ်သွားသလားပေါ့။ အခုတော့ သူသာဓုခေါ်နိုင်အောင်ဆိုပြီး ၃ ရက်မြောက်နေ့ ညအိပ်ယာ မဝင်ခင်မှာ ကျွန်မ အမျှအတန်းပေးဝေလိုက်ပါသည်။ အမျှဝေနေစဉ် ကျွန်မ ကျက်သီးများပင် ထသွားသေးသည်။ စိတ်ထဲတွင် အမွှေးနံ့ပိုင်ရှင် သာဓုခေါ်ပြီးသွားပြီလားပေါ့။ မနက်အိပ်ယာထတော့ အမွှေးနံ့လုံးဝမရတော့ဘူးရှင့်။ တမင်သက်သက်တောင် ရှုကြည့်လိုက်ပါသေးသည်။ လုံးဝမရတော့ပါ။ ဒါပေမဲ့.. အလုပ်မသွားခင်အချိန်လေးမှာ ယင်းအမွှေးနံ့က နှာခေါင်းထဲ ထပ်ဝင်လာပါသည်။ သက်ပြင်းချမိပါသည်။ ဘယ်လိုမှန်းကိုမသိတော့ပါဘူး။ အလုပ်ရောက်တော့လည်း ဆက်တိုက်ရနေသေးပြန်ပါသည်။ ဒီတော့ အိမ်ပြန်ရောက်တော့ ကျွန်မ မိခင်ကို ဖွင့်ပြောလိုက်ပါသည်။ ဘုန်းကြီးကျောင်းသွားရင်လည်း ဦးဇင်းက ကျွန်မကို ဆူတော့မည်။ အရင်ပရိပ်ကြိုးလည်း မရှိတော့ဘူး။ ဒါနဲ့ ကျွန်မမိခင်က ကျွန်မတို့ အသိထဲက အကြားအမြင် ဆရာကို မေးကြည့်မည် ပြောပါသည်။ ကျွန်မ အဲ့ဒါတွေကို အယုံအကြည် သိပ်ပြီးတော့ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီဆရာ ဘာပြောမလဲဆိုတာတော့ ကျွန်မ စိတ်ဝင်စားနေမိသည်။ ခုထိတော့ ကျွန်မမိခင်လည်း မအားသေးတာနဲ့ အဲ့ဒီ ဆရာဆီကို ကျွန်မကို ခေါ်မသွားသေးပါဘူး။ ဘုန်းကြီးကျောင်းလည်း မရောက်ဖြစ်သေးပါဘူး။ ကျွန်မရဲ့ မိတ်ဆွေဟောင်းကြီးရဲ့ အမွှေးနံ့ပေးတာကလည်း အခုဆိုရင် ရ ရက် မြောက်နေပါပြီ။ ကျွန်မက အမွှေးနံ့ရတယ်ဆိုပြီး ပါးစပ်ကပြောမထွက်တော့ပါဘူး။ အာပေါက်နေပါပြီ။ ဒါပေမဲ့ .. တချိန်လုံးနီးပါးကို အမွှေးနံ့ရနေတာပါ။ အခု စာရေးနေရင်းကို အမွှေးနံ့က ရနေပါတယ်ရှင်။ စာဖတ်သူကိုပြောချင်တာက အခုလို အမွှေးနံ့မျိုး ဆက်တိုက်ရဖူးတဲ့သူ ရှိပါသလား။ အဲ့ဒီအမွှေးနံ့ပေးတာမျိုးတွေက ဘယ်လို ဝိညာဉ်မျိုးတွေလဲ။ အမျှပေးရုံနဲ့ မရဘူးလား။ သေချာတာတော့ ပရိပ်ကြိုးဆွဲလိုက်ရင်တော့ အမွှေးနံ့ပျောက်သွားမယ်ထင်တာပဲ။ အဲ့ဒီလိုလည်း မောင်းမထုတ်ချင်တာနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာလေးကို အကြံဉာဏ်ပေးကြပါဦးရှင်။

( စာရေးသူ၏ တကယ့်အဖြစ်အပျက်  “ဖြစ်နေဆဲ” )

6 comments

  • zinkokothant

    April 26, 2010 at 1:56 pm

    အမလေးကြောက်စရာကြီးပါလား…….ဘယ်လိုကြီးလဲ

  • ကိုဇင်

    April 26, 2010 at 3:04 pm

    ဒီမယ်ဗျာ …
    တခါတလေ စိတ်ကြောင့်ဖြစ်နေတာမျိုးဖြစ်တတ်ပါတယ် … ထားတော့ စိတ်ကြောင့်မဟုတ်ဘူးလို့ ယူဆရင် … ခန္ဓာကိုယ်က ဇီဝကမ္မအပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် … ကျနော်လည်း တခါတလေ တစ်ယောက်တည်း အလိုလို အမွှေးနံ့ရဖူးပါတယ် … အတူထိုင်နေတဲ့သူတွေကိုမေးရင် မရဘူးပြောတာပဲ … ထူးဆန်းပါတယ် … ဒါပေမယ့် ဒီမယ်ဗျာ ခင်ဗျားက အမွှေးနံ့ရနေတာ စိတ်အနှောက်အယှက်ဖြစ်တယ်ပြောတယ် … အဲဒါဆို လက်မခံနဲ့ပေါ့ … ပရိတ်ကြိုးဆွဲလို့ အနံ့မရတော့ရင် ဆွဲထားလိုက်ပေါ့ … ပရလောကတစ်ခုခုက လာပေးနေတယ်လို့ယူဆရင် နောက်တစ်နည်းက မေတ္တာသုတ်ရွတ်ပေးပေါ့ … သူ့ကိုအမှန်တကယ်ပဲ ချစ်ချစ်ခင်ခင်နဲ့ မေတ္တာထားပြီး ရွတ်ပေးလိုက်ပေါ့ … အဆင်ပြေသွားမယ် ထင်တာပဲ … ခင်ဗျားကိုက အမွှေးနံ့လေးရနေချင်ရင်တော့ တသက်လုံးအမွှေးနံ့ကို ရှူနေပေါ့ဗျာ ….

  • kopauk mandalay

    April 26, 2010 at 3:30 pm

    စိတ်ထဲမယ် စွဲနေလို.ဖြစ်မှာပါ။
    အာရုံပြောင်းကြည်.လိုက်ပါ။
    ဒါမှမဟုတ်သူနဲ.အနံ.မတူတဲ.ရေမွှေးလေးကို သုံးကြည်.လိုက်ပါ။

  • Rain girl

    April 28, 2010 at 6:17 am

    မေတ္တာသုတ်ရွတ်ပေးတာ ကောင်းပါတယ်။ ကျွတ်လွတ်ချင်လို့ အမျှလာတောင်းတာဆိုရင်လဲ အဲ့လိုမနေပါဘူး။ အိမ်မက်တွေ ဘာတွေပေးမှာပေါ့။ များသောအားဖြင့် ရတတ်တာက အပုတ်နံ့ပဲရတတ်တာပါ။ အမွှေးနံ့ ရတာတော့ မကြားဖုူးသေးဘူး။ ဘာပဲ ဖြစ်ဖြစ် မေတ္တာသုတ်လေးတော့ ရွတ်ပေးပေါ့။ ကိုယ့်အတွက်လည်းကောင်းပါတယ်။

  • etone

    April 29, 2010 at 8:43 am

    အဲ့ဒီလိုအမွှေးနံ့ ရခဲ့ဖူးတယ် ။ အရင်က ဆိုရင် တပတ်ကို 2ရက်လောက်ရဖူးတာ။ 2ရက်မှာလည်း တခါတလေ နာရီဝက်ဆိုတာအများဆုံးပဲ အထူးသဖြင့်ညဘက် 9ခွဲကနေ 11နာရီလောက်ထိရဖူးတယ် ။ တယောက်ထဲမကဘူး တစ်အိမ်လုံးပါ အဲ့ဒီအနံ့ကို ရတာ ။ တခါတခါ ထုံအီနေအောင်မွှေးလာတတ်တယ် ။ အမွှေးနံ့ရတယ်ဆိုတော့လည်း တော်သေးတာပေါ့နော် ။ တချို့ဆိုရင် အပုပ်နံ့တွေရတတ်တယ်တဲ့ ။ အမွှေးနံ့ရတာကတော့ ကောင်းတဲ့နတ်လား ၊ မမြင်ရတဲ့ ပုဂ္ဂိုလ်လား ၊ သတ္တဝါလားတော့မသိဘူး ။ ထူးဆန်းတာကတော့ အမွှေးနံ့ ရရင် စိတ်တွေလှုပ်ရှားပြီး အသက်ရှတာမြန်လာတာတော့သတိထားမိတယ် ။

Leave a Reply