အချစ်သုံးမျိုး

ashinindakaMarch 15, 20111min10310

ဒီနေ့ သတို့သား မောင်ဇော်ဇော်ဦးနဲ့ သတို့သမီးမအိအိခင်တို့
လောကကြီးကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချပြီး
ကိုယ့်အိုးကိုယ့်အိမ်ကို တည်ထောင်တဲ့ အိမ်ထောင်ပြုကြတဲ့ပွဲပေါ့။

တနည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့ ့ အချင်းချင်း
ချစ်ခင်စုံမက်ပြီး လက်ထပ်ကြတဲ့ပွဲဖြစ်ပါတယ်။
ချစ်တာကို ပါဠိလို ပေမလို့ခေါ်တယ်။

ပေမလို့ခေါ်တဲ့ အချစ်က သုံးမျိုးသုံးစားရှိတယ်လို့ မှတ်သားဘူးတယ်။
(၁) တဏှာပေမ
(၂) ဂေဟဿိတပေမ
(၃) မေတ္တာပေမ တဲ့။

နံပါတ် (၁) တဏှာပေမဆိုတာ သမီးရည်းစားချစ်ကိုပြောတာ။
လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာတဲ့အခါ
သမီးရည်းစားဘဝကို ရောက်ကြတာချည်းပဲ။
ဒီလို သမီးရည်းစားဘဝရောက်ပြီး သမီးရည်းစားချစ် ချစ်ကြတာကို
တဏှာပေမလို့ ခေါ်ပါတယ်။

နံပါတ် (၂) အမျိုးအစား ဂေဟဿိတပေမကို ဝတ္တရားချစ်လို့
အလွယ်နည်းနဲ့ ဘာသာပြန်ဆိုနိုင်ပါတယ်။
ဝတ္တရားချစ်ဆိုတာက လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင်
လင့်မှာလည်း လင့်ဝတ္တရား၊ မယားမှာလည်း မယားဝတ္တရား
အသီးအသီးရှိကြပါတယ်။

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်ဆိုတဲ့အတိုင်း
လင်ယောက်ကျားလုပ်တဲ့သူက
ကိုယ့်ဇနီးမယားအပေါ်မှာ (ငါကရှာကျွေးနေရတာပဲဆိုပြီး) မထေမဲ့မြင်မလုပ်ဖို့၊
ရလာတဲ့ ငွေ၊ စည်းစိမ်ဥစ္စာတွေကို ဇနီးမယားကို အပ်နှံဖို့၊
ကိုယ့်ဇနီးမယားကလွဲရင် ကျန်တဲ့ မိန်းမတွေကို ဖွဲ၊ ဆန်ကွဲလို့ သဘောထားဖို့၊
ကိုယ့်ဇနီးမယားကို နေ့ထူးနေ့မြတ်တွေမှာ အဝတ်အစားလေးတွေ၊
ရတနာပစ္စည်းလေးတွေဝယ်ပြီး လက်ဆောင်ပေးကာ ဆင်ယင်ဖို့၊
ကိုယ့်ဇနီးမယားကို ကြင်နာမြတ်နိုးဖို့ ဆိုတဲ့
ဝတ္တရားတွေကို ကျေပြွန်အောင် ထမ်းဆောင်ရပါမယ်။

ဇနီးမယားလုပ်တဲ့သူကလဲ
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ
ဆိုသည့်အတိုင်း
အိမ်တွင်းအလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်စတဲ့
အိမ်တွင်းအလုပ်တွေကို လုပ်ဆောင်ရပါမယ်။

(ဒီအချက်ကို ပြောပြတော့ သတိုးသမီးဖြစ်တဲ့ မအိအိခင်က
သူလည်း အပြင်ကို အလုပ်ထွက်လုပ် နေရလို့
အိမ်လုပ်ငန်းတွေကို လင်ယောက်ကျားဖြစ်တဲ့သူလည်း
လုပ်ဆောင်သင့်ပါတယ်ဘုရားလို့ ရယ်ရယ်မောမော လျှောက်လာပါတယ်။)

မအိအိခင်ပြောတာ မှန်ပါတယ်။

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ နီးပါးက အိန္ဒိယနိုင်ငံ လူ့အဖွဲ့အစည်းမှာ
ဒီလင့်ဝတ္တယား မယားဝတ္တရားတွေကို ဘုရားရှင် ဟောကြားခဲ့တာပါ။

အိန္ဒိယထုံးစံက
အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးသမီးများက အမျိုးသားများကို တင်တောင်းရပါတယ်။
အင်္ဂလိပ်လို Dowry လို့ခေါ်ပါတယ်။
လင်ယောက်ကျားရဲ့ ပညာဂုဏ် ဆွေဂုဏ်မျိုးဂုဏ် အဆင့်အတန်းပေါ်မူတည်ပြီး
တင်တောင်းရတဲ့ငွေကြေးပမာဏ အနည်းအများကွာပါတယ်။
လင်ယောက်ကျားကျေနပ်တဲ့အထိ ဇနီးမယားလုပ်မဲ့သူဘက်က ရှာကြံပေးရပါတယ်။

ဒီလိုဇနီးမယားလုပ်မဲ့သူက လင်ယောက်ကျားစိတ်ကြိုက် တင်တောင်းပြီးလို့
အကြင်လင်မယားအဖြစ်ရောက်သွားပြီဆိုရင် ဇနီးမယားက ဘာမှ မလုပ်တော့ပါဘူး။
အိမ်တွင်းမှာပဲ ကုတ်နေတော့တာပဲ။
ဒီစနစ် ဒီဓလေ့က ဒီနေ့အထိပါပဲ။

ဒါ့ကြောင့် အိန္ဒိယနိုင်ငံကို သွားရင်
ဈေးရောင်းနေတာလဲ ကုလားပဲ၊ စားပွဲထိုးလုပ်နေတာလဲ ကုလားပဲ။
နေရတကာမှာ ကုလားအထီးတွေချည်းဘဲ။
ဈေးတွေမှာလည်း ကုလားအထီးတွေဘဲ ဈေးရောင်း ဈေးဝယ်လုပ်နေတာ တွေ့ရပါတယ်။

ဒီလိုဓလေ့ထုံးစံရှိတဲ့ အိန္ဒိယလူ့အဖွဲ့အစည်းမှာ
ဇနီးမယားလုပ်တဲ့သူကို အိမ်တွင်းအလုပ်တွေကို ကျေပြွန်အောင် လုပ်ပါလို့
ဘုရားရှင်ဟောခဲ့တာပါ။

ဒီနေ့ဒီအချိန်အခါ ဒို့လူမျိုးအဖွဲ့အစည်းမှာတော့
လင်ယောက်ကျားရော၊ ဇနီးမယားပါ မနက်က မိုးချုပ် အပြင်ထွက်အလုပ်လုပ်နေရတာဆိုတော့
လင်ရော မယားပါ အိမ်တွင်းအလုပ်တွေကို အတူတူလုပ်ကြပေါ့။

နောက် ဇနီးမယားဝတ္တရားတွေက
လင်ယောက်ကျားက အပ်နှံတဲ့ ငွေ ပစ္စည်းဥစ္စာတွေကို
သေသေချာချာ သိမ်းဆည်းထားရပါမယ်။
ကိုယ့်ယောက်ကျားကလွဲလို့ တခြားယောက်ကျားတွေကို
ဖွဲ ဆန်ကွဲလို သဘောထားရပါမယ်။
တချို့က လင်ယောက်ကျားဘေးထားပြီး ရုပ်ရှင်ကားကြည့်ရင်း
“နေတိုးက အတော်ချောတာပဲ လို့ ပြောတတ်ကြတယ်။
မပြောသင့်ပါဘူး။ ဒါမျိုးကအစ ရှောင်ကြဉ်ရပါမယ်။
သူ့ဘက် ကိုယ့်ဘက် သင့်လျော်အောင် ဖြန့်ချိရပါမယ်။
မပျင်းမရိဘဲ တက်တက်ကြွကြွ နေထိုင်ရပါမယ်။

ဒီလိုအသီးအသီးရှိကြတဲ့ ဝတ္တရားတွေကို တာဝန်ကျေပြွန်အောင် ထမ်းဆောင်တာကို
တာဝန်ကျေပြွန်စွာ ထမ်းဆောင်ရင်းချစ်ကြတာကို
ဂေဟဿိတပေမ – ဝတ္တရားချစ်လို့ခေါ်ပါတယ်။

နံပါတ် (၃) ဖြစ်တဲ့  အချစ်ကတော့
မေတ္တာပေမ လို့ခေါ်ပါတယ်။ မေတ္တာချစ်ပေါ့။
မေတ္တာဆိုတာ ဘာပဲပြုပြု၊ ဘာပဲ ပြောပြော၊ ဘာပဲ ကြံကြံ
သူ့အကျိုးလိုလားစိတ်နဲ့ ပြုမူပြောဆိုကြံစည်တာကိုပြောတာပါ။
လင်ယောက်ကျားက ဇနီးမယားအကျိုးအတွက်
ပြုမူပြောဆိုကြံစည်ရမှာဖြစ်သလို
ဇနီးမယားကလည်း လင်ယောက်ကျားအကျိုးမျှော်ကိုးပြီး
ပြုမူ ပြောဆို ကြံစည်ရပါမယ်။
ဒါမျိုးကို မေတ္တာပေမ – မေတ္တာချစ်လို့ခေါ်ပါတယ်။

အိမ်ထောင်ပြုလို့ လင်ရယ် မယားရယ်လို့ဖြစ်လာမှတော့
သမီးရည်းစားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။
ဝတ္တရားချစ်နဲ့လည်း ချစ်ရမှာပါဘဲ။
မေတ္တာချစ်နဲ့လည်း ချစ်ရမှာပါဘဲ။

ဒီသုံးမျိုးလုံးနဲ့ချစ်ရင် ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်မှာပါ။
ဒါ့ကြောင့် ဒီအချစ်သုံးမျိုးလုံးနဲ့ ချစ်နိုင်ကြပါစေ။
ချစ်နိုင်ပြီးသကာလ ဒီလင်ဒီမယား သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ။

သာဓု သာဓု သာဓု
မနေ့က မင်္ဂလာဆွမ်းကျွေးမှာ ဟောခဲ့တဲ့တရားဖြစ်ပါတယ်

10 comments

  • kai

    March 15, 2011 at 8:58 am

    ခရစ်ယန်ဘုန်းကြီးတွေမှာ ..မင်္ဂလာဆောင်ရင်… Marriage Certificate လုပ်ရာမှာထောက်ခံပေးနို်င်တဲ့.. အခွင့်အာဏာရှိပါတယ်..။
    ဆိုလိုတာက .. စုံတွဲတတွဲ ယူအက်စ်-လပ်စ်စဗေးဂတ်စ်သွားပြိးလည်ရင်း..လက်ထပ်ချင်လာလို့..လက်ထပ်မယ်ဆိုပါစို့..
    နီးရာ ချချ်..ဘုရားရှိခိုးကျောင်းဝင်ပြီး .. ဖာသာ။ ပါစတာ..ရှေ့မှာ ကတိခံလက်ထပ်လို့ရပါတယ်..။

    အဲဒီမှာ ..ရုပ်ရှင်တွေထဲမြင်နေကျဖြစ်တဲ့.. သတို့သားသတို့သမီးတို့ လက်စွပ်လဲတာ..။နမ်းတာ..။ ကတိခံတာတွေကို .. ဘုန်းကြီးက ရှေ့က ဦးဆောင်တိုင်ပေးလုပ်ပေးတာပါပဲ..။
    အဲဒီလိုပြီးရင်..သတ်မှတ်ထားတဲ့စာရွက်မှာ ..ဘုန်းကြီးကထောက်ခံလိုက်ပြီး .. ဆိုင်ရာမြို ့နယ်ရုံးမှာ လက်ထပ်စာချုပ်ထုတ်ရတာပေါ့..။
    အဲဒီစာချုပ်ရှိပြီးမှ… ကွဲတယ်ပြဲတယ်ဆို… လျှော်ကြေးပေးရတာ..နစ်နာကြေးပေးရတာ..စတာတွေဖြစ်ပါတယ်..။
    ဥပဒေကြောင်းအရ တရားဝင်ဖြစ်သွားတယ်ဆိုပါတော့..။

    သိသလောက်.. ယူအက်စ်က .. တချို ့တရုတ်ဘုန်းကြီးတွေလည်း .. အဲဒါမျိုးလုပ်ခွင့်အာဏာကို အစိုးရဆီလျှောက်ထားပြီး.. လုပ်ပေးကြတယ်..။
    ဆိုတော့.. တရုတ်တွေ..တရုတ်လို မင်္ဂလာဆောင်နိုင်ကြတယ်..။

    ပြဿနာက ..မြန်မာတွေဘုရာ့..။
    မြန်မာဘုန်းတော်ကြီးတွေ..ဒါမျိုးလုပ်ပိုင်ခွင့်မလျှောက်ထားတော့ … မြန်မာဗုဒ္ဓဘာသာဝင်တွေမင်္ဂလာဆောင်ရင်.. ထာဝရဘုရားတိုင်တယ်ပြီး … ခရစ်ယန်လို မင်္ဂလာဆောင်နေရတော့ တာပါပဲ..။

    အဲဒါမျိုးကို ..သေသေချာချာလေ့လာပြီး ..မြန်မာဘုန်းတော်ကြီးတွေ တခုခုလုပ်ပေးသင့်တယ် ထင်မိတာပါပဲ..။ မြန်မာ-ဗုဒ္ဓဘာသာဝင်တွေလည်း ကမ္ဘာအနှံ သန်းချီရှိနေကြပြီမဟုတ်ပါလား.. ဘုရာ့..။

    ဘိသိတ်ဆရာတို့.. ပုဏ္ဏားတို့.. အခါတော်ပေးတို့နေရာမဟုတ်ပါဘူး..။
    ဘာသာရေးအရ မြင့်မြတ်သူတပါး ရှေ့မှာ ..ကတိထားကြတဲ့သဘောကိုပြောတာပါ..။
    ဆိုတော့…
    နောက်နောင်..ကွဲကြမယ်ဆိုလည်း.. ဘုန်းကြီးမျက်နှာ..အာဏာနဲ့..ထိမ်းသိမ်းတာလေးတွေရှိလာမယ်လည်း ထင်မိပါတယ်..။ 🙂

    • ashinindaka

      March 15, 2011 at 9:07 am

      ဒကာခိုင်စဉ်းစားသလို စဉ်းစားမိတာ ကြာဘီ။ ဖြစ်သင့်ပါတယ်။ မလေးရှားနိုင်ငံမှာ တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ တရားဝင် Marriage Certificate ထုတ်ပေးတာတွေ့ရပါတယ်။ ဘုန်းကြီးကျောင်းက Marriage Certificate ကို အခြေခံပြီး အစိုးရရုံးတွေမှာ လုပ်စရာရှိတာ ဆက်လုပ်သွားရတာပါ။ မလေးရှားနိုင်ငံမှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ရှေ့မှာ ဒါမျိုးလုပ်နေပါပြီ။ ကိုယ်ကိုယ်တိုင်တောင် အတွေ့အကြုံရှိနေပြီဆိုပါတော့။ ဒါပေမဲ့ မြန်မာအတွဲတွေတော့ မဟုတ်ဘူး။ တရုတ်အတွဲတွေ။ မြန်မာတွေအတွက်လဲ လုပ်သင့်ပါတယ်။ ဖြစ်သင့်ပါတယ်။ ဒီကိစ္စက မြန်မာအစိုးရကို နားလည်အောင် ပြောပြနိုင်တဲ့ သံဃာ့အဖွဲ့အစည်းက ခေါင်းဆောင်ကောင်းဘုန်းကြီး ပေါ်ပေါက်မှ ဖြစ်မဲ့ကိစ္စပါ။

  • Gong Zhu

    March 15, 2011 at 9:00 am

    သာဓု သာဓု သာဓု ပါနော် …

  • ဆူး

    March 15, 2011 at 2:29 pm

    ဘုန်းကြီးက မင်္ဂလာဆောင် ကို သူနဲ့ သူနဲ့ ညားလို့ ပြောလို့ မအပ်ဘူးလေ။
    အာပတ်သင့်တယ်။
    ဘာတွေ မှန်းလဲ မသိဘူး။ ရေးထားတာဘဲ ဖတ်တာ နားမလည်တာလား အတွေးဘဲ လိုက်မမှီတာလားတော့ မသိဘူး။

  • တညင်သား

    March 15, 2011 at 5:40 pm

    တော်ရုံတန်ရုံ ဆရာတော်လောက်ဆို ကိုခိုင် ထောက်ကွက်တွေနဲ့ လန်ထွက်သွားနိင်တယ် သူကြီးရာထူးလေးပဲ လူချစ်လူခင်ပေါပါတယ်ဗျာ .ဝန်ကြီးရာထူးရရင် ဆရာတော် တွေ ကိုယ်တိုင် ကားမောင်းပြီး မင်္ဂလာ လိုက်ဆောင်ပေးနေရပါအုံးမယ်.ဒီခေတ်လူငယ်တွေက အရင်ခေတ်လူကြီးတွေနဲ့ မတူတော့ဘူး တခြားဘာသာကို မဝေဖန်တော့ပဲ ကို့ ကိုးကွယ်တဲ့ ဘာသာကို ဟုတ်ရဲ့လားလို့ ပြန်စမ်းစစ်နေကြရင်း အသိတွေ တိုးကုန်ကြပြီ…….. ကြိုဆိုရမှာပါ သူများယောင်လို့ မဟုတ်ပဲ အနည်းငယ်သိလာလို့ကိုးကွယ် ကြတာလေ..နိင်ငံတော်ကြီး တိုးတက်အောင် အုတ်ပုံကြီး ရွေချ ထားတာပဲ ဆိုပြီး ရွေတိဂုံ စေတီက ရွေခွါရောင်းဖို့ အကြံအဉာဏ် မပေးကြပါနဲ့ဗျာ..တခြား အကြံ လေးများမရှိတော့ဘူးလား.. မြန်မာ့ဓလေ့ကတော့ အရှေ့ (ရ)အိမ် အနောက်(ရ)အိမ် အသိအမှတ်ပြု ပုဆိုးတန်းတင် အကြင် လင်မယားဖြစ် အဲဒီလိုတော့ ကြားဘူတာပဲ.. ဒါနဲ့ us မှာ ဘုန်းကြီး မထောက်ခံ ပေးရင် တရားရုံးက လက်မခံဘူးလား…ဘုန်းကြီးကျောင်းတွေ အများကြီးဆို နေ့ဆွမ်း လေးကပ်ပြီး သူငယ်ချင်းများကို အကျွေး အမွေးနဲ့ ဧည့်ခံ အထမြောက်ပါတယ်…ကုန်မဲ့ ပိုက်ဆံကို မြန်မာပြည်ထဲ မရှိဆင်းရဲသားတွေလှူ .. အကွဲ အပြဲ ဖြစ်လာရင်လဲ တရားနဲ့ ရှင်းမနေနဲ့.. ဓါးနဲ့သာ ရှင်းလိုက်တော့ပေါ့နော်……..

    • ashinindaka

      March 16, 2011 at 12:00 am

      ဘုန်းကြီးက မင်္ဂလာခန်းမကြီးထဲ အမိန့်သားဝင်ပြီး သတိုးသား သတိုးသမီးကို တခြားရိုးရာနဲ့ လက်ထပ်ပေးဘို့ပြောတာမဟုတ်ဘူး ဒကာတို့ရ။ နိုင်ငံခြားမှာနေလာတာ ဘုန်းဘုန်းလဲ ကြာပါဘီ။ အတွေ့အကြုံအရ ပြောရရင် တခြားဘာသာဝင်တွေရဲ့ ကျောင်းတွေမှာ မင်္ဂလာဆောင်တာ ခေတ်မှီတယ်၊ အဆင်ပြေတယ်ဆိုပြီး အသိဉာဏ်နည်းတဲ့ ဗုဒ္ဓဘာသာဝင်လူငယ်တွေ တခြားဘာသာဝင်တွေကျောင်းမှာ သွားပြီး မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြပါတယ်။
      နောက်တစ်ခုက နိုင်ငံခြားမှာ နေနေတဲ့ မြန်မာလူငယ်တွေ ဗုဒ္ဓဘာသာဝင်ကျောင်းတွေမှာ မင်္ဂလာဆောင် လက်ထပ်လိုက်ရင် သူတို့နေနေတဲ့ နိုင်ငံအစိုးရက အသိအမှတ်ပြုပေးခြင်းဖြင့် သူတို့လေးတွေရဲ့ ရုံးလုပ်ငန်းဘာညာစသည်တွေ အဆင်ပြေကောင်းပြေလာဘို့ ဘုန်းကြီးကျောင်းမှာ လက်ထပ်ပေးရရင် ကောင်းမယ်လို့ပြောတာပါ။ နိုင်ငံခြားရောက်နေတဲ့ မြန်မာလူမျိုးဆိုတာမှာ အမေရိကန်ရောက်မြန်မာကိုတင် စဉ်းစားလို့ မရပါဘူး။ ထိုင်း ၊ မလေးရှားရောက်နေတဲ့ အခြေခံ လူတန်းစားလူငယ်တွေကိုပါ ထည့်စဉ်းစားရမှာပါ။ သူတို့လေးတွေဟာ အများစုက အသိဉာဏ်နည်းပြီး မိဝေးဖဝေးမှာနေနေရတဲ့ အခြေခံလူတန်းစားလေးတွေပါ။ သူတို့လေးတွေအတွက် တခြားဘာသာလို ဗုဒ္ဓဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ဘုန်းကြီးက ရှေ့က ဦးဆောင်ဦးရွက်ပြုလုပ်ပေးရင် ကောင်းမယ်လို့ စဉ်းစားမိတာပါ။ သူတို့အကျိုးအတွက်ပါ။ ဘုန်းကြီးရဲ့ နိဗ္ဗာန်ရောက်ဖို့အကျိုးအတွက် မဟုတ်ပါဘူးလို့ ပြောပါရစေ။

  • bigcat

    March 16, 2011 at 1:49 am

    တရားရုံးမှာ လက်ထပ်ထိမ်းမြားခြင် civil marriage ဆိုတာနိုင်ငံတိုင်းမှာ ရှိတယ်ထင်ပါတယ်။ (အစ္စလာမ်နိုင်ငံတွေမှာတော့မသိဘူး) ယူအက်စ်မှာလည်း တရားသူကြီး၊ (မြန်မာပြည်မျာတော့ မတရားသူကြီး) အသိသက်သေတွေရှေ့မှာ ရှေ့မှာကျမ်းကျိန် လက်မှတ်ထိုးရင် ဥပဒေကြောင်းအရ အထမြောက်ပါတယ်။ ကျနော်အသိ တချို့တောင် အဲသည်လိုပဲ လက်ထက်ကြပါတယ်။ ပြီးမှဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးလုပ်၊ ညဖက်စားပွဲခင်းပါတယ်။ ခြွေတာချင်ရင် ညစာစားပွဲတောင် မလုပ်လို့ရပါတယ်

    • ashinindaka

      March 16, 2011 at 2:07 am

      ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေလက်ထပ်ရင် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးရှေ့မှာ လုပ်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရှေ့မှာ (သေချာတော့မသိပါဘူး) လုပ်ပါတယ်။ ပြောချင်တာက နေရာပါ။ ဗုဒ္ဓဘာသာဝင်ဆိုရင် ဘုန်းကြီးကျောင်းတည်းဟူသော နေရာမှာ ဘုန်းကြီးရှေ့မှာ လုပ်ရပါတယ်။ လက်မှတ်ထိုးရပါတယ်။ ဆွမ်းကျွေးတာတော့ ဆွမ်းကပ်တာတို့ကတော့ ဇနီးမောင်နှံအဆင်ပြေမှ အချိန်ရမှ ကပ်ကြတာပါ။ ဆွမ်းမကပ်လဲ ဘာမှ မဖြစ်ပါဘူး။ ပြောချင်တာက ဘုန်းကြီးနဲ့ ဘုန်းကြီးကျောင်းက လက်ထက်ပွဲရဲ့ တစ်စိတ်တစ်ဒေသပေါ့။ ဒီနိုင်ငံရဲ့မူကို ပြောနေတာပါ။ ကိုယ့်နိုင်ငံက ကလေးတွေလဲ တရားဝင်မှတ်ပုံတင်ထားတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ဘုန်းကြီးရှေ့မှာ လက်ထပ်ပွဲလေး လက်မှတ်ရေးထိုးပွဲလေး ဖြစ်ရင် အစစအရာအရာ ဒီထက်ပိုအဆင်ပြေလာမလားလို့ စဉ်းစားမိတာပါ။

  • search123

    March 21, 2011 at 9:58 am

    အိမ်ထောင်သည်တွေအားလုံး ဒီအတိုင်းလိုက်နာနိုင်ကြရင် ကောင်းမှာပါ။

Leave a Reply