စိတ်ပျက်မိတယ်

ashinindakaMarch 24, 20111min15010

ဒီနိုင်ငံမှာ နှစ်စဉ် ဩဂုတ်လရောက်ရင် တရုတ်တွေ တစ္ဆေကြီးပွဲ ကျင်းပကြတယ်။
တစ္ဆေကြီးပွဲဆိုတာကို နားလည်သလိုပြောရရင်တော့
သေဆုံးသွားကြတဲ့ မိဘ ဘိုးဘွားတွေကို အာရုံပြု ရည်စူးပြီး အမျှအတမ်းပေးဝေတဲ့ပွဲပါဘဲ။
တိုက်ဆိုင်တာလားတော့မသိဘူး။
အဲ့လတုန်းက တစ္ဆေတွေ ခြောက်လန့်ကြောင်း တရုတ်တွေ မကြာမကြာ လာပြောတယ်။

ကျောင်းနဲ့ နာရီဝက်လောက်ကားမောင်းပြီးသွားရတဲ့နေရာမှာ
တစ်ခါသုံး ဖော့ခွက်တွေလုပ်တဲ့ စက်ရုံကြီးရှိတယ်။
အဲ့မှာ မြန်မာအလုပ်သမားတွေ အတော်များတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ တစ္ဆေကြီးပွဲကျင်းပချိန်တုန်းက
အဲ့စက်ရုံက မြန်မာဒကာလေးတစ်ယောက်နဲ့
စက်ရုံမန်နေဂျာတစ်ယောက် ကျောင်းရောက်လာတယ်။

စက်ရုံမှာ တစ္ဆေခြောက်ကြောင်း၊
စက်ရုံက အလုပ်သမားတွေလဲ အခုတလော ထိခိုက်ဒဏ်ရာ အရများနေကြောင်း၊
ဒါ့ကြောင့် ပရိတ်တရားတော်ရွတ်ဖတ်ပေးစေလိုကြောင်း
မြန်မာဒကာလေးက လျှောက်ပါတယ်။
ဒါနဲ့ နောက်ရက် ညနေပိုင်းအားကြောင်း ပြောဆိုပြီး သူတို့ပြန်သွားကြတယ်။

ဗုဒ္ဓဘာသာအကြောင်း၊ ဗုဒ္ဓဘာသာရှုဒေါင့်က တစ္ဆေအယူအဆနှင့်
ထိုတစ္ဆေခြောက်ခြင်းမှ ကင်းဝေးအောင် ဘယ်လိုပြုမူနေထိုင်ရမယ်စသည်တွေကို
တရုတ်တွေကို နားလည်အောင် ရှင်းပြအုံးမှပဲ ဆိုပြီးတွေးထားတယ်။ ကြံထားတယ်။

နောက်နေ့ညနေရောက်တော့ စက်ရုံကို ကြွပါတယ်။
ထုံစံအတိုင်း ပထမဦးဆုံး သရဏဂုံသုံးပါး၊ ငါးပါးသီလ ဆောက်တည်စေဘို့
နမော တဿ တိုင်ပေးပါတယ်။
ဟောဗျာ၊ တရုတ်တွေ နမော တဿ မရကြဘူး၊
ဒီတော့ တစ်လုံးချင်း တိုင်ပေးရတယ်။
နမော ဆိုရင် နောက်က နမော လို့ လိုက်ဆိုကြတယ်။
ဒါတောင် ရှည်တဲ့ သမ္မာသမ္ဗုဒ္ဓဿ လိုဟာမျိုးကြတော့ ပီပီပြင်ပြင် လိုက်မဆိုနိုင်ဘူး။
နောက် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်။
နောက် ပါဏာတိပါတာ ၊ ငါးပါးသီလ။
နဂိုက ဘာမှ မသိတော့ ဘာမှ အဆင်မပြေဘူး။
အတော်လေးစိတ်ပျက်သွားတယ်။

ဒီလို ဘာမမသိတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အသိဉာဏ်
သုညအဆင့် (Zero level) သာရှိတဲ့ ဒီလူတွေကို ဟောပြ ပြောပြနေလို့
အဆင်ပြေမယ်မထင်ပါဘူး။ အကျိုးရှိမယ်မထင်ပါဘူးလို့ တွေးမိပြီး
တရားဟောပြချင်စိတ် ပျောက်သွားဘူးတယ်။
အရင်က တရားဟောလိုက်မဟဲ့လို့ အားခဲထားပေမဲ့ (ပွင့်ပွင့်လင်းလင်းပြောရရင်) ဟောဘို့ စိတ်ပျက်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဟောပြဖြစ်ခဲ့ပါတယ်။

ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့နောက် ဗောဓိပင်နား တစ်ပါးတည်း နေနေတုန်းကလဲ
လူသားတွေကို တရားဟောချင်စိတ် ပျောက်ခဲ့ဘူးတယ်။

ငါသိတဲ့တရား (ငါဟောပြမဲ့တရား) ဟာ မြင်နိုင်ခဲတယ်၊
သိနိုင်ခဲတယ်၊ ငြိမ်သက်တယ်၊ မွန်မြတ်တယ်၊
တောင်ကြံ မြောက်ကြံ ကြံနေတဲ့ အကြံသမားတွေရဲ့ ကျက်စားရာမဟုတ်ဘူး၊
သိမ်မွေ့တယ်၊ ပညာရှိတို့သာ သိနိုင်တယ်။
(ငါ့တရားကို နာမဲ့) လူတွေကတော့
ကာမဂုဏ်နဲ့အချိန်ကုန်၊ ကာမဂုဏ်မှာ ပျော်ပိုက်၊
ကာမဂုဏ်မှာပဲ နှစ်ခြိုက်နေကြတယ်။
ဒီလိုလူတွေကို ပဋိစ္စသမုပ္ပါဒ်တရား၊ နိဗ္ဗာန်အကြောင်း ဟောနေလို့ကတော့ အလကားပဲ။
ပင်ပန်းရုံသာ ရှိတော့မပေါ့၊
မသိနားမလည်တဲ့ ရာဂထူပြော၊ ဒေါသအားကြီးနေတဲ့သူတွေကို ငါတရား မဟောတော့ပါဘူးလို့
ဘုရားရှင် တွေးမိပြီး တရားဟောချင်စိတ် ပျောက်သွားဘူးတယ်။

ဒီလို စိတ်ပျက်သွားတော့
ဗြဟ္မာ့ပြည်က သဟမ္ပတိဆိုတဲ့ဗြဟ္မာက လာပြီး တရားဟောဘို့ တောင်းပန်တယ်။
ဒီလိုနဲ့ ဘုရားရှင် တရားဟောဖြစ်သွားတယ်ဆိုပါတော့။

ဘုရားရှင် တရားဟောချင်စိတ်မပေါက်တာကို
“ဘုရားကလဲကွာ၊ တရားဟောဘို့ ပါရမီဖြည့်လာပြီး ဘုရားဖြစ်ပြီးခါမှဘဲ
တရားဟောချင်စိတ် ပျောက်သွားရသလား” လို့ ထင်မယ်ဆို ထင်စရာပါ။

အထက်မှာ ပြောခဲ့သလို ကိုယ့်အတွေ့အကြုံအရတော့
ဘာသာရေးနဲ့ပတ်သက်လို့ အင်မတန်အသိဉာဏ်နည်းတဲ့
နမော တဿတောင် လိုက်မဆိုတတ်တဲ့
သရဏဂုံသုံးပါးဆိုတာကိုတောင် မကြားဘူးတဲ့
သူတွေကို တရားဟောပြဘို့ စိတ်တွန့်ဆုတ်မိတာအမှန်ပါ။
ဒါ သဘာဝကျကျ စဉ်းစားတာပါ၊ အတွေ့အကြုံနဲ့ ပြောပြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး
မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ စာသင်ပေးတဲ့
(ကွယ်လွန်သွားရှာပြီဖြစ်တဲ့) ဆရာကြီးဦးဘဆန်းရဲ့ အယူအဆကို သတိရတယ်။

ဆရာကြီးက
“ဘုရားရှင်အနေနဲ့ သတ္တဝါတွေကို တရားဟောဘို့အတွက်
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး
ပါရမီဖြည့်ကျင့်ပြီး ဘုရားဖြစ်လာမှတော့ ဗြဟ္မာကြီးက
တရားဟောဘို့ မတောင်းပန်လဲ ဟောမှာပါဘဲ တဲ့။

ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တဲ့ခေတ် အိန္ဒိယနိုင်ငံမှာ
အိန္ဒိယလူမျိုးတွေက ဗြဟ္မာကို ကိုးကွယ်ကြကြောင်း၊
သူတို့ကိုးကွယ်တဲ့ဗြဟ္မာကြီးကတောင်မှပဲ ဘုရားရှင်ကို တရားဟောဘို့
ခခယယတောင်းပန်တာကို ပြလိုလို့ ဖြစ်ကြောင်း၊
ဒီအဖြစ်အပျက် ဒီဇာတ်ကွက်ပေါ်ပေါက်လာခြင်းဖြင့်
(ဘုရားရှင်ဟာ ဗြဟ္မာကြီးရဲ့ ဆရာကြီးဖြစ်သွားတဲ့အတွက်
အိန္ဒိယလူမျိုးတွေရဲ့ ဆရာ့ဆရာကြီးဖြစ်သွားလို့)
ဘုရားရှင်အပေါ် လေးစားယုံကြည်မှု ချက်ချင်း (ပိုမို) ရလာနိုင်ကြောင်း”
စသည်ဖြင့် သူ့အယူအဆကို ရှင်းပြပါတယ်။

ဆရာကြီးက သူထင်မြင်ယူဆတာကို တင်ပြတာပါတဲ့။
အထင်အမြင် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်လို့ ဆက်ပြောပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်
ဘုရားရှင်ကတော့ မကြာခင် တရားစည်ကြီးကို တီးတော့မှာပါ။

10 comments

  • bigcat

    March 24, 2011 at 3:52 am

    အရှင်ဘုရားပြောတဲ့ ဘုရားရှင်တရားမဟောလိုစိတ်ဖြစ်တာကို လူအတော်များများ ဇဝေဇဝါဖြစ်ကြပါတယ်။ လူတွေဟာ ဘုရားဆိုတာကို ကိုယ်ရဲ့ပုထုဇဉ်စိတ်နဲ့ နှိုင်းကြပါတယ်။ အဲဒီမှာ အစွန်းနှစ်ဖက်ကွဲပါတယ်။ တမျိုးက အလုံးစုံပြည့်စုံခြင်း perfection သဘောကို လိုက်ကြပါတယ်။ နောက်တစွန်းကြတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူထဲကလူအဖြစ် သာတွေးကြပါတယ်။ နှစ်ဖက်စလုံးက အကောင်အထည်ပြနိုင်တဲ့ ရုပ်သဘောနောက်ကိုသာ လိုက်ကြတယ်လို့ထင်ပါတယ်။ ဘုရားရှင်ရဲ့ စိတ်ကိုသိအောင် မကြိုးစားကြပါ။ မရှိခြင်းရဲ့ရှိခြင်းသဘော၊ မပြည့်စုံခြင်းရဲ့ ပြည့်စုံခြင်းသဘော၊ ပျက်ခြင်းရဲ့မပျက်ခြင်းသဘော သဘာဝတရားကို မလေ့လာဘဲ ပုထုဇဉ်သဘောနဲ့တူတာနဲ့၊ တခါတရံလည်းမတူတာနဲ့ တရားသဘောကို ကျော်ပြီးကောက်ချက်ချပါတယ်။ တရားသဘော သဘာဝရုပ်နာမ်သဘောကို ဘယ်သူမှလွန်ဆန်လို့မရဆိုတာ မေ့ကုန်ကြပါတယ်။

    • ashinindaka

      March 24, 2011 at 4:13 am

      အိမ်း။ ဟုတ်ပေတယ် ဒကာကြောင်ကြီး။ ဒကာကြောင်ကြီးလဲ အတော်တွေးသားဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2011 at 6:32 am

    မဇ္ဈိမနိကယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
    ၄ – ရာဇဝဂ်
    ၅ – ဗောဓိရာဇကုမာရသုတ်
    ၃၂၇။ ငါ့အားလည်း ဘုရားမဖြစ်မီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိသေးသော ဘုရားလောင်း မျှသာ ဖြစ်နေစဉ်က
    ̏ ချမ်းသာနှင့် ရင်းနှီးသဖြင့် ချမ်းသာကို မရနိုင်၊ ဆင်းရဲ ဒုက္ခနှင့် ရင်းနှီးမှ ချမ်းသာ သုခကို ရနိုင်၏ ˝
    ဟု ဤသို့သော အကြံ ဖြစ်ဖူးပြီ။
    ၃၃၇။ ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက် ခံနေရသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။
    အဝိဇ္ဇာ အမှောင်ထု ဖုံးလွှမ်းလျက် ရာဂ တပ်စွဲနေသော သူတို့သည် သိမ်မွေ့ နက်နဲ၍ အဏုမြူ သဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ ဟု (စိတ်ထဲ၌ ထင်ပေါ်လာပြန် ကုန်၏)။
    ၃၃၈။ ဤသို့ ဆင်ခြင်သော ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့ နေရန် ညွတ်ခဲ့၏။
    ̏ ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာ ဟု အမှတ် ရှိသည် ဖြစ်၍ လူတို့အား မဟောခဲ့ပြီ၊ (မဟောဘဲနေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်း ဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း ] သဒ္ဓါတရား} ကို စေလွှတ်ကြ ကုန်လော့၊ ထိုသူတို့အတွက် နိဗ္ဗာန် တံခါးကို ငါ ဖွင့်ထားပြီ ˝ ဟု (မိန့်တော်မူ၏)။

    • ashinindaka

      March 24, 2011 at 6:43 am

      နာမည်၊ အောင်ပု
      ပညာအရည်အချင်း၊ ခေသူမဟုတ်

  • nozomi

    March 24, 2011 at 6:56 am

    အရှင်ဘုရား တပည့်တော် တစ်ခုသိချင်လို့ပါဘုရား အပေါ်ကအကြောင်းအရာနဲ့တော့ မသက်ဆိုင်ပါဘူး
    လူတစ်ယောက်သေတယ် သူလုပ်ခဲ့တဲ့ ကံတွေကြောင့် လူပြန်ဖြစ်မယ်ဆိုပါတော့ ဘုရား…. အဲဒီလူ ဟာ ဘယ်မိခင်ရဲ့ ဝမ်းမှာ လူဖြစ်နိုင်ပါသလဲ ၊
    နိုင်ငံခြားမှာသေတဲ့ မြန်မာသတင်းတွေ ဖတ်ပြီး သိချင်လို့ပါ ဘုရား

  • ashinindaka

    March 24, 2011 at 6:59 am

    နိုင်ငံခြားမှာ သေတဲ့မြန်မာသတင်းဆိုတာ ဘယ်လိုတုန်း။ ပြောပြပါအုံး။

    • nozomi

      March 24, 2011 at 7:13 am

      ဟိုတစ်လောက ရုရှ မှာ မြန်မာလေယာဉ်မှူး(၂)ယောက်သေတယ် သူတို့မှာ များ လူဖြစ်ဘို့ ကံပါလာရင် ရုရှမှာများ လူဖြစ်မလား ၊ လစ်ဗျားကိုပဲရောက်သွားမလား မြန်မာပြည်ပဲပြန်လာ လူဖြစ်မလား စဉ်းစားမိလို့ပါ

      • ashinindaka

        March 24, 2011 at 7:16 am

        ကြံကြံဖန်ဖန် nozomi ရယ်။ ဒီအကြောင်းတွေ မဟာဂန္ဓာရုံဆရာတော်ကြီးဟောထားတဲ့ အခြေပြုပဌာန်းတရားတော် အသံဖိုင်ကို နားထောင်ကြည့်ပါအုံး။ ပါမယ်ထင်ပါတယ်။ သေခြင်း၊ ပြန်လည်မွေးဖွားခြင်း အကျိုးပေးတွေပေါ့။ အနန္တရပစ္စယော ဆိုတာမယ်မှတ်တယ်။ ရှာပြီး Download လုပ်ပြီး လောလောဆယ် နားထောင်ထားဦး။

      • char too lan

        March 24, 2011 at 8:02 am

        2007 Revolution မှာလုံးဝမပါဘူး ချိုရင်တော့ လူပြန်ဖြစ်လောက်တယ် သယ်ရင်း
        Pစ်.. လို့ တစ်ခွန်းပြောထားလဲ တစ်ခွန်းပဲနော် သိသာဒယ် ဟ 🙂

  • char too lan

    March 24, 2011 at 8:07 am

    မှားတွားဒယ်ဘုရား…….
    nozomi ကို reply လုပ်တာဘုရာ့ 🙂

Leave a Reply