Sichuan ခရီးစဉ် (၁)
တိဗက်မှာ ၇ ရက်တာ လည်ပတ်ခဲ့ပြီး ၈ ရက်မြောက်နေ့မှာ တိဗက်ပြည်နယ် လားဆားမြို့လေဆိပ်မှ မနက် ၉ နာရီခွဲလေယာဉ်နဲ့ စီချွမ်ပြည်နယ်မြို့တော် ချန်သူး (Chendu) ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ စီချွမ်မှာ ၄ ညပဲ အချိန်ရလို့ ကျွန်မတို့ အဓိကသွားချင်တဲ့ (Jiuzhaigou) ကျိုကျိုက်ကုန်း နဲ့ giant Buddha ရှိတဲ့ (leshan) လဲ့ရှန်းကိုပဲ သွားဖို့ စီစဉ်ခဲ့ပါတယ်။ တိဗက်ကထွက်လာတော့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ထဲပဲ စီချွမ်ကိုခရီးဆက်ခဲ့တယ်။ ခရီးသွားကုမ္ပဏီနဲ့ မဆက်ပဲ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ခရီးစဉ်ကို ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်က စီချွမ်ငလျှင်ပြီးတာ ၂ လ ပဲ ရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး တော်တော်လေး ဆိုးနေသေးတဲ့အချိန်ဆိုတော့ သွားတာသွားရတာ စိတ်ထဲကတော့ ခပ်လန့်လန့်ပါပဲ။

ချန်သူးမြို့အ၀င်


မြို့ထဲတစ်နေရာက မြင်ကွင်း


ချန်သူးလေဆိပ်ကို မွန်းလွဲ ၁ နာရီလောက်မှာရောက်ပါတယ်။ လေဆိပ်ကနေ တက်စီငှားပြီး ချန်သူးမြို့ထဲက အဝေးပြေးကားဂိတ်ရှိရာနေရာကို အရင်ဆုံးသွားလိုက်ကြပါတယ်။ နောက်တစ်နေ့ ကားနဲ့ ကျိုကျိုက်ကုန်းကို သွားဖို့ စုံစမ်းရင်းနဲ့ ကားလက်မှတ်နဲ့ တည်းခိုဖို့ ဟိုတယ်အတွက်ပါ စီစဉ်ရပါတယ်။ ကံကောင်းတယ်ပဲပြောရမယ်။ ချန်သူး-ကျိုကျိုက်ကုန်းကားလမ်းက ငလျှင်ဒဏ်အကြီးအကျယ်ထိခဲ့လို့ လမ်းပိတ်ထားတာကြာပြီ။ အဲဒီအပါတ်မှာမှ ခရီးသည်တင်အဝေးပြေးကား လမ်းစဖွင့်ပါတယ်။ တစ်နေ့လုံးမှာမှ မနက်ပိုင်းတစ်စီးပဲ ထွက်ပါတယ်။ ကျွန်မတို့ ၂ ယောက် သတ္တိတော်တော်ကောင်းလို့ သွားမယ်ဆုံးဖြတ်ပြီး နောက်တစ်နေ့ မနက်ထွက်မယ့် ကားလက်မှတ်ဝယ်လိုက်ကြတယ်။ တည်းခိုဖို့ ကားဂိတ်နဲ့နီးတဲ့ ဟိုတယ်တစ်ခုကို ရွေးလိုက်ပါတယ်။ ဟိုတယ်မှာ ပစ္စည်းတွေထား ရေမိုးချိုးခဏအနားယူပြီး ချန်သူးမြို့ထဲက ပန်းခြံတစ်ခုနဲ့ ဘုရားကျောင်းတစ်ကျောင်းကို သွားလည်ကြပါတယ်။ Taojiao (တာဆိုအယူဝါဒ) ရှိတဲ့နေရာဖြစ်တာကို သတိထားလိုက်မိတယ်။ တာအိုဘုန်းကြီးတွေလဲ တွေ့ခဲ့ရပါတယ်။

တာအိုဘုရားကျောင်း


ဘုရားကျောင်းက အကြီးအကဲရုပ်ထု

ပူပြင်းတဲ့နွေရာသီဆိုတော့ ပန်းခြံထဲမှာ အပန်းဖြေအနားယူနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အများကြီး တွေ့ခဲ့ရတယ်။ အလွန်ကျယ်ဝန်းပြီး သန့်ရှင်းခေတ်မှီတဲ့ ပန်းခြံကြီးတစ်ခုပါပဲ။ မြို့တိုင်းမှာ ၀င်ကြေးပေးစရာမလိုတဲ့ အပန်းဖြေပန်းခြံကြီးတွေ အများကြီးရှိတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နေတဲ့ အသက်ကြီးတဲ့သူတွေ၊ အကတိုက်နေကြတဲ့ အဘွားကြီးတွေ၊ ထိုက်ကျီချွမ်လေ့ကျင့်နေတဲ့သူတွေ၊ ပန်းချီဆွဲနေသူတွေ၊ ကလေးထိန်းနေတဲ့ အဘိုးအဘွားများကို အများဆုံးတွေ့ရပြီး လူလတ်ပိုင်းတော်တော်နဲတာကို သတိထားမိခဲ့ပါတယ်။

ပန်းခြံထဲမှ တစ်နေရာ


အပန်းဖြေရင်း ကိုယ်လက်လှုပ်ရှားနေကြတယ်

ညနေစာကို စီချွမ်စားသောက်ဆိုင်မှာ စားတယ်။ ပူစပ်တယ်လို့ နံမည်ကြီးတဲ့ စီချွမ်အစားအစာအစစ်က အရင်တုန်းက စားဖူးတာတွေထက် အဆပေါင်းများစွာ ပူစပ်ပါတယ်။ ကျွန်မက အစပ်ကြောက်တဲ့သူဆိုတော့ ဘယ်လိုမှစားလို့မရအောင် စပ်တယ်။

စီချွမ် စားသောက်ဆိုင်


အစားအစာများ

ညနေစာစားပြီးတော့ ညလမ်းလျှောက်ဈေးလမ်း (buxingjie) (walking street) မှာ လမ်းလျှောက်ရင်း ပစ္စည်းတွေကို စပ်စုကြပါတယ်။ တခြားဒေသနဲ့ ဘယ်လိုကွာသလဲသိရအောင် စပ်စုကြတာ။ ၀ယ်ဖို့အစီအစဉ်တော့ မရှိပါဘူး။ တခြားရောက်ဖူးတဲ့ မြို့ကြီးတွေနဲ့ သိပ်မကွာဘူး။ အပြင်အဆင်၊ ဈေးနှုန်းနဲ့ တံဆိပ်တွေက အတူတူပါပဲ။

ညဘက် လမ်းလျှောက်ဈေးလမ်း

ငလျှင်ဒဏ်ထိခဲ့တဲ့ အဆောက်အဦးတွေနဲ့ စိုးရိမ်စရာရှိတဲ့အဆောက်အဦးတွေ အကုန်လုံးအမြန်ဖြိုပြီး အသစ်ပြန်ဆောက်နေကြပါတယ်။ မြို့ထဲမှာ ချောင်းတစ်ခုဖြတ်ပြီး စီးဆင်းနေတာကို သတိထားမိခဲ့ပါတယ်။ ချောင်းဘေးပတ်ပတ်လည်ကနေ လမ်းလျှောက်လို့ရအောင် အရိပ်ရသစ်ပင်များ၊ အနားယူစရာ ခုံတန်းလျားများ၊ ညဘက်မှာ မီးဆိုင်းများနဲ့ သာသာယာယာရှိလှပါတယ်။ တခြားမြို့များထက် အနဲငယ်ပိုထူးခြားတာတစ်ခုက တရုတ်လူကြီးတွေ ချောင်းဘေးလမ်းတစ်လျှောက် အရိပ်ကောင်းကောင်းနေရာတွေမှာ လူစုကြပြီး ဖဲကစားခြင်းနဲ့ မာကျောက်ကစားခြင်းများ ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။

ညမိုးချုပ်မှ ဟိုတယ်ကိုပြန်ပြီး ကျိုကျိုက်ကုန်း ခရီးစဉ်အတွက် လိုအပ်သလောက်အ၀တ်အစားအသုံးအဆောင်တွေပြင်ဆင်ပြီး အနားယူလိုက်ကြတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....