ဆရာတစ်ယောက်က စာသင်ခန်းတစ်ခုမှာ ရှေးဟောင်းမြို့များကို ပြန်လည်တူးဖော်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောပြနေပါတယ် တူးဖော်နိုင်ဘို့အတွက် ဘယ်လိုပြင်ဆင်ရတယ် ဘယ်လိုတူးဖော်ရတယ် ဘာတွေတွေ့ရှိရတယ် ဆိုတာတွေကို သူ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပြောနိုင်တော့ ကျောင်းသားအားလုံးရဲ့  စိတ်ဝင်စားမှုကလည်း အပြည့်ပေါ့ အဲဒီလိုပြောရင်းကနေ  တူးဖော်မှုတစ်ခုမှာ တွေ့ရတဲ့ ရှေးဟောင်းပန်းအိုးလေးတွေရဲ့ အကြောင်းရောက်သွားတယ် ဘယ်လိုအနုပညာမြောက်အောင် ပုံဖော်ထားတယ် သက်တမ်းကတော့ ဘယ်လောက်ရှိပြီ ဆိုတာတွေပြောပြရင်းကနေ အဲဒီအိုးကလေးရဲ့ ခန့်မှန်းခြေကာလတန်ဘိုးကို မေးကြည့်တော့ ကျောင်းသားတိုင်းက ကိုယ့်အမြင်နဲ့ ကို အမျိုးမျိုးပြောကြတာပေါ့ အဲဒီအချိန်မှာပဲ ဆရာက အောက်ကပုံလေးကို အားလုံးမြင်အောင်ပြပြီးတော့ ဒါဘာပုံလဲဆိုတော့ တစ်တန်းလုံးက “ပန်းအိုးလေးတစ်လုံး”  ရဲ့ ပုံပါလို့ဖြေကြတယ်

နောက်စာသင်ခန်း တစ်ခုမှာကတော့ ဆရာသင်ရတဲ့ခေါင်းစဉ်က အမြွှာမွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ ဆေးပညာအယူအဆ အကြောင်းတွေကို ဆွေးနွေးပါတယ် စာသင်ကောင်းတဲ့ ဆရာကြီးတွေဆိုတော့ သူ့စာသင်ခန်းမှာလည်း အားလုံးကစိတ်ဝင်တစားပါဘဲ သတင်းစာတွေမှာ ကြော်ငြာနေတဲ့ အမြွှာလိုချင်သူများအတွက် သတင်းကောင်းဆိုတဲ့ တိုင်းရင်းဆေး ကြော်ငြာလေးအကြောင်းကိုတောင် ထည့်ပြောသွားပါသေးတယ် အဲဒီအချိန်မှာဘဲ စောစောက စာသင်ခန်းမှာ ပြသွားတဲ့ ပုံလေးကိုပဲပြကြည့်တော့ ကျောင်းသားအားလုံးက “အမြွှာနှစ်ယောက်ရဲ့” ပုံပါလို့ဖြေကြပါတယ်

ဒီအကြောင်းအရာကို သိပြီးသားလူတွေလဲရှိမှာပါ တစ်ခါတစ်လေ သူတို့မြင်စေချင်တဲ့ အကြောင်းအရာကို တစ်ဖက်လူ မြင်လာစေဘို့ အတွက် အတွေးပုံသွင်းခံရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ် ကာယကံရှင်တွေကတော့ အဲဒီလိုသွင်းခံလိုက်ရပါလား ဆိုတာတောင် သိလိုက်မှာမဟုတ်ပါဘူး ရွာသားတွေ ပညာရှိသတိဖြစ်ခဲ ဆိုတာလို ဖြစ်မှာစိုးလို့ မှတ်မိတာလေးတစ်ခု ပြန်မျှဝေကြည့်တာပါနော် ရွာသားတွေရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါတယ် ခင်ဗျာ

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ