အဲဒိနေ့ညနေပိုင်း အဆောင်ကိုပြန်ရောက်တော့ ဝိုင်းထိုင်နေကြ အကိုကြီးတွေ့ရဲ့ မြှောက်ပင့်ပေးမှုနဲ့ ခေါင်းမကြည်တာပါရောပြီး တရားဝင်အရက်ဝိုင်းထဲဝင်ထိုင်ပြီးသောက်ဖြစ်တယ်..။ သူတို့နဲ့သောက်ရတာ စိတ်မရှည်ဘူး..။ အရက်သောက်ရတာကို ပြောတာပါ..။ နေ့လည်က သောက်လိုက်ရသလို ခွက်ကြီးကြီးနဲ့ တစ်ခါထဲမော့ချပြီး ရေသောက် ပြီး အိပ်ချလိုက်..။ မူးချင်လို့သောက်တာပဲ..။ မဟုတ်ဘူးလား..။ သူတို့က အဲဂလိုမဟုတ်ဘူး..။ အရက်ငှဲ့ထည့်တဲ့ ခွက်လေးကသေးသေးလေးနဲ့..။ နဲနဲချင်း နဲနဲချင်း ငှဲ့ထည့်ပြီး အလှည့်ကျသောက်နေတာ..။ ကိုယ့်ရှေ့ရောက်လာတဲ့ အရက်ခွက်ကိုလည်း ချက်ခြင်းမသောက်သေးဘူး..။ ရေရော လိုက်သေးတယ်..။ ပြောလက်စ စကားမပြတ်ရင် မသောက်သေးပဲ စကားကိုဆက်ပြောနေတာ..။ ပြီးမှ အရက်ကိုစုတ်သောက်နေလိုက်တာကြာရော..။ အမြီးခွက်ကိုလက်နှုက်ရင်းနဲ့ အရက်ငှဲ့ပေးနေတဲ့ သူဆီကို အရက်ခွက်လှမ်းပေး..။ သူကမှ နောက်တစ်ခွက်ငှဲ့ နောက်တစ်ယောက်ကိုပေး..။ နောက်တစ်ယောက်လည်း စောစောကလူလိုပဲ..။ စကားမပြတ်သေးရင် မသောက်သေးဘူး..။ အဲဒိတော့ နေ၀န်းနီတို့ စိတ်မရှည်ဘူး..။ လေ…….သူတို့ပြောနေတဲ့ အကြောင်းအရာက နေ၀န်းနီတို့ စိတ်ဝင်စားတဲ့ အကြောင်းလဲမဟုတ်ဘူး..။ ဒီတော့ ကိုမျိုးကိုမော့ကြည့်လိုက်တော့ သူက လက်ကာပြတယ်..။ နေ၀န်းနီဆီ နှစ်လှည့်လောက်ရောက်ပြီးတော့မှ လက်ကုတ်ပြီး အပြင်သွားရအောင်လို့လာခေါ်တော့တယ်..။ အပြင်မှာ မှောင်နေပြီ..။ မီးရောင်မှိန်မှန်လေးတွေ ဟိုနားတစ်စ ဒီနားတစ်စ လှမ်းမြင်နေရပြီ..။ အဆောင်ကနေ ထွက်တော့ 82လမ်းပေါ်ကိုရောက်သွားတယ်လေ..။ အဲဒိကနေမြောက်ဖက်အတိုင်းလျှောက်လာတော့ ကယ်လီဝင်းလို့ခေါ်တဲ့ ရှတ်ခ်ျ ကျောင်းကိုရောက်လာတယ်..။ အဲဒိကနေ အရှေ့ဘက်ကို ဆက်လျှောက်လာတော့ လမ်း80 ပေါ်ကိုရောက်လာရော..။ လာခဲ့ရာလမ်း တစ်လျှောက်က ဈေးဆိုင်မရှိတော့ မီးမှောင်နေတယ်လေ..။ လမ်း80 ပေါ်ရောက်တော့ ညထွက်ရောင်းတဲ့ ဆိုင်တွေရှိလို့ မီးလင်းနေတယ်..။ အဲဒိအချိန်က “ စမ်းသီတာ” လ္ဘက်ရည်ဆိုင်ရှိသေးတယ်..။ နေ၀န်းနီတို့ တက်ရတဲ့ အတန်းနဲ့ မျက်နှာချင်းဆိုင်မှာပေါ့..။ အဲဒိဆိုင်ရှေ့ရောက်တော့ လ္ဘက်ရည်သောက်မလားလို့ ကိုမျိုးကိုပြောတော့ ကိုမျိုးက လ္ဘက်ရည်နဲ့ အရက်မတည့်ဘူးတဲ့လေ..။ “ စမ်းသီတာ” လ္ဘက်ရည်ဆိုင် ဆိုတာက ကောင်မလေးတွေ စားပွဲထိုးလို့ ကျောင်းသားတော်တော်များများ ထိုင်ကြတယ်..။ ကိုမျိုးက မတည့်ဘူးဆိုတော့ ဆက်မပြောတော့ပဲ လမ်း80 အတိုင်းမြောက်ဘက်ကို လျှောက်လာတော့ တရုတ်တန်းဈေး ကိုရောက်လာပြီ..။ ဘယ်ကိုသွားမှာလဲဆိုတော့ “ အရက်ဆိုင်” တဲ့..။ 31လမ်းဒေါင့်မှာ အစိုးရ အရက်ဖြူဆိုင်ရှိတယ်..။ အဲဒိဆိုင်က ခုတော့ပိတ်ပြီ..။ ဒါပေမဲ့ အဲဒိတုန်းက အပြင်ဘက်နားလေးမှာ မှောင်ခိုဆိုင်လေးရှိသေးတယ်..။ လမ်းနောက်ကဆိုင်နဲ့ ပလက်ဖောင်းကြားမှာ ကွက်လပ်လေးရှိတယ်..။ အဲဒိကွက်လပ်လေး ပေါ်မှာ ထိုင်ခုံပုလေးတွေချပြီး ရောင်းတာ..။ စားပွဲမရှိဘူး..။ အရက်ကို ရေနွေးခရားနဲ့ထည့်ပေးတာ..။ အရက်သောက်တဲ့ ခွက်နဲ့ အမြည်းပန်းကန်ကို ထိုင်ခုံပုလေး တစ်လုံးပေါ်မှာပဲတင်ရတယ်..။ လူတွေကလည်း ခုံပုလေးတွေနဲ့..။ ကိုမျိုးက ရှေ့ကနေပြီး ဝင်သွားတယ်..။ နေ၀န်းနီလည်းနောက်ကနေ ယောင်လည်လည်နဲ့လိုက်သွားတာပေါ့..။ ဟိုလျှောက်ဒီလျှောက်လုပ်ရင်းနဲ့ ခုံပုလေးနှစ်လုံးရလာတယ်..။ ခုံလေးတွေကိုနေရာချထားပြီး နေ၀န်းနီကို ခဏနေဦး ဆိုပြီးပြန်ထွက်သွားတယ်..။ နေ၀န်းနီလည်း ချထားတဲ့ခုံကနေ လှမ်းကြည့်လိုက်တော့ အနားမှာလာရောင်းနေတဲ့ ဗယာကြော်သွားဝယ်တာကိုး..။ ဗယာကြော် သေးသေးအလုံးလေးတွေကြော်ထားတာ..။ မီးဖိုပါ ထမ်းလာပြီး ရောက်တဲ့နေ၇ာမှာ ကြော်ရောင်းတာ….။ စက္ကူ ကတော့လေးတဲ့ ထည့်ပေးတယ်..။ အသေးက ငါးမူး အကြီး က တစ်ကျပ်..။ ကိုမျိုးက အဲဒါဝယ်ပြီးတော့ အရက်မှာတယ်…။ မှာတာမဟုတ်ပါဘူး..။ ပိုက်ဆံတစ်ခါထဲရှင်းပြီး ယူရတာ..။ ဆိုင်ရှင်ကို ခုံးတစ်လုံးရှာပေးဦးလို့ ပြောပြီး နေ၀န်းနီဆီရောက်လာတယ်..။ နောက်က ဆိုင်ရှင်က ရေခွက်နဲ့ ခုံနဲ့ ဆွဲပြီး လိုက်လာတယ်..။ ကိုမျိုးက အရက်ထည့်တဲ့ ခယား ကိုင်လို့..။ အနားရောက်လာတော့ အရက်သောက်ရတာနောက်ကျရင်ဒီလိုပဲတဲ့..။ ဆိုင်ရှင်လာပေးတဲ့ ရေခွက်နဲ့ ရေနွေးသောက်ပုဂံ အလွတ်ကို နေ၀န်းနီ ကလှမ်းယူလိုက်ပြီး ရေကျင်းဆေးလိုက်တယ်..။ ပြီးတော့ ကိုမျိုးကိုပေးလိုက်တယ်..။ ကိုမျိုးက ရေနွေးသောက်ပုဂံလေးထဲ ကို ခယားထဲက အရက်ငှဲ့ထည့်ပြီး သူအရင်သောက်လိုက်တယ်..။ အဆောင်မှာလိုရေမရောဘူး..။ ပြီးမှ……။
“ ဟားးးးးး……. ငါက ဒီလိုရေမရောပဲသောက်ရတာကြိုက်တယ်..။ ကချင်အရက်တောင် ဒီအတိုင်းသောက်တာဆိုတော့..။ “
ပြီးတော့မှ ဗယာကြော် အတုံးလေးကိုကောက်မြည်းတယ်..။ လက်တစ်ဘက်ကလည်း နေ၀န်းနီဖို့ အရက်ငှဲ့နေရင်းနဲ့
“ ငရုတ်သီးကြော်ပါတောင်းလာတယ်..။ ကြိုက်ရင်စား..။ အရက်သောက်တဲ့ အချိန် ရှောင်ရမှာက အငံပဲ လက်တုန်တတ်တယ်ပြောတာပဲ “
တဲ့လေ…….။ နေ၀န်းနီလည်းရှေ့ရောက်လာတဲ့ အရက်ခွက်ကိုမော့လိုက်တယ်..။ အရက်က အဆောင်မှာသောက်လာတဲ့ အရက်နဲ့ တော်တော်ကွာတယ်..။ အနံ့လည်းတော်တော်စူးတယ်..။ ပြင်းလည်း ပိုပြင်းသလိုပဲ..။ နေ၀န်းနီ နှာခေါင်းရှုံ့သွားတာတွေ့တော့ ကိုမျိုးက ရယ်နေတယ်..။ ဟုတ်တယ်..။ သောက်လိုက်တဲ့ အရက်က သောက်လို့ လည်ချောင်းထဲက မဆင်းချင်သေးဘူး နှာခေါင်းထဲက အနံ့ ပြင်းပြင်းက စူးထွက်လာတာ..။ အရက်ကို မော့ချလိုက်ပြီး ရေမသောက်နိုင်သေးဘူး..။ လည်ချောင်းထဲ ချွဲလာလို့ တံတွေးစုပြိးထွေးလိုက်ရသေးတယ်..။ ပြီးမှရေ သောက်ချလိုက်တော့လည်း ရင်ခေါင်းထဲမှာသာပူနေတာ..။ လည်ချောင်းထဲမှာချိုနေသလိုပဲ..။ သောက်ပြိး ခဏ နေ၀န်းနီတွေဝေနေသေးတယ်..။ နောက်မှ ရောက်လာပြီးမှတော့ မထူးပါဘူးဆိုပြီး နောက်တစ်ခွက်သောက်လိုက်တယ်..။ ကိုမျိုးဝယ်လာတဲ့ ဗယာကြော်ကောက်စားလိုက်ပြီး ဆေးလိပ်တိုကို မီးညှိလိုက်တယ်..။ ကိုမျိုးက
“ ဆေးလိပ်ပြာတွေ အရက်ခွက်ထဲ မကျစေနဲ့နော်…. ပိုပြီးမူးတတ်တယ်..။ “
ခုမှ သတိရတယ်..။ အရှေ့ဘက် ပလက်ဖောင်းပေါ် ကြည့်လိုက်တော့ လမ်းသွားလမ်းလာတွေ ဥဒဟို လျှောက်သွားနေတယ်..။ ဘေးက ကွက်လပ်လေးမှာတော့ ခုံပုလေးတွေ ကိုယ်စီနဲ့ ထိုင်ပြီး ခယားအိုး ထဲက အရက်ကို ငှဲ့ ငှဲ့ သောက်နေကြတာလေ..။ နေ၀န်းနီတို့ တစ်တွေရယ်..။ ကြုံဖူးမှ….ယုံစဖွယ်ပဲ..။ ခင်ဗျားတို့ကော ကြုံဖူးကြရဲ့လား..။ နေ၀န်းနီကတော့ ထူပူနေပြီး အရက်တွေပဲ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်တော့တယ်..။ ဟုတ်တယ်လေ…။ ဒီကနေ လှည့်ပြန်လို့လဲ ဘာထူးမှာမို့လဲ..။ တစ်ခွက်သောက်တော့လည်း ဒီအရက်ပဲ..။ နှစ်ခွက်သောက်တော့လည်း ဒီအရက်ပဲ..။ ဒီလိုနဲ့ ကိုးနာရီ လောက်ကျမှပြန်ခဲ့ကြတယ်..။ အပြန်မှာ ကိုမျိုးကို မရှင်းတာပြန်မေးရသေးတယ်..။
“ ကိုမျိုး စောစောက သောက်တဲ့ အရက်နဲ့ အဆောင်မှာသောက်တဲ့ အရက်က ဘာကွာလို့လဲ တော်တော် ပြင်းတာ…. အနံ့ကောအရက်ကော…….”
“ ဒိလို နေ၀န်းနီရ….။ အဆောင်မှာသောက်တဲ့ အရက်က အတွင်းဆိုင် အစိုးရဆိုင်ကနေ တိုက်ရိုက်ဝယ်သောက်တာဟ..။ ခုသောက်တဲ့ အရက်က မှောင်ခို…။ သူတို့လည်းအစိုးရဆိုင်က ယူရောင်းတာပဲ..။ ဒါပေမဲ့ ရေရောလို့ ..ပျော့သွားတော့ မီးတောက်ချက်အရက်နဲ့ပြင်းအောင်စပ်ထားတာ …။ ဒါကြောင့် အနဲ့ ရော အရက်ကောပြင်းနေတာ..။ “
“အော်……။။ဒါကြောင့်ကိုး”
နေ၀န်းနီကပြောတော့ ကိုမျိုးက
“ နင်တို့ ဗမာတွေ လွတ်အမြတ်ကြီးစားတာ ..။ အစိုး၇ဆိုင်က တစ်လုံးကို ခုနှစ်ကျပ်နဲ့ ပြားနှစ်ဆယ်မဲ့ယူပြီး ရေရော… မီးတောက်ချက်အရက်တွေရောပြီး တစ်လုံးကို 12 ကျပ်ရောင်းတာ..။ ဒါကြောင့် အရက်ရောင်းတဲ့သူတွေ ချမ်းသာတာ နင်လည်းချမ်းသာချင်အရက်ရောင်း သိလား? “
တဲ့ ကချင် စိတ်ဆိုးသွားပြီ..။ ဘာမှဆက်မပြောတော့ပဲ ဆေးလိပ်တိုလေး ဖွာရင်းနဲ့ အဆောင်ဘက်လျှောက်လာခဲ့တော့တယ်..။
အဲဒိလိုနဲ့……………..

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010