လုပ်ချင်တာကတစ်မျိုး လုပ်သင့်တာကတစ်မျိုး၊ စားချင်တာကတစ်မျိုး စားသင့်တာကတစ်မျိုး၊ နေချင်တာကတစ်နေရာ နေသင့်တာကတစ်နေရာ၊ ချစ်ချင်တာကတစ်ယောက် ချစ်သင့်တာကတစ်ယောက်၊ ၀တ်ချင်တာကတစ်မျိုး ၀တ်သင့်တာကတစ်မျိုး စသဖြင့် မတူညီမှုတွေ ဆန္ဒနဲ့ဘ၀ ထပ်တူမကျမှုတွေ လောကကြီးထဲမှာ စဉ်ဆက်မပြတ်ကြုံနေကြရမှာပါ …

အသိဥာဏ်ရှိသူများကတော့ လုပ်သင့်တာကိုပဲ ရွေးချယ်လုပ်ကိုင်ကြပြီး ပုံစံခွက်ထဲမှာ နေထိုင်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေထိုင်ကြတာ တွေ့ရပါတယ်။ အရသာမကြိုက်ပေမယ့် ကျန်းမာရေးအတွက် သင့်တော်သည့်အစားအစာများကို စားသောက်ခြင်းဖြင့် အသက်ကို စောင့်ရှောက်ကြပါတယ်။ သူ့နေရာနဲ့သူ သင့်တော်တာကို ၀တ်ဆင်ခြင်းဖြင့် စိတ်လွတ်လပ်မှုကိုချုပ်တည်းပြီး ဂုဏ်ရှိအောင်ဝတ်ဆင်ကြပါတယ်။ ကိုယ်ချစ်တဲ့သူကို လက်မတွဲသင့်တာနဲ့ မချစ်ပေမယ့် သင့်တော်တဲ့သူနဲ့ လက်ထပ်ပြီးအိမ်ထောင်တည်ထောင်ကြတယ်။ မိဘအိမ်မှာနေချင်ပေမယ့် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးမှာ သွားနေရင်း ဘ၀ကို ရုန်းကန်ကြတယ်။

ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဘ၀ဆိုတာ တိုတိုလေးပါ။ နှစ်ပေါင်း ၄၀ လောက် ပုံစံခွက်နဲ့နေထိုင်ခဲ့ပြီးချိန်မှာ စဉ်းစားစရာတွေ အများကြီးဖြစ်လာပါတယ်။ လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တဲ့အပြုအမူ အတွေးအခေါ်တွေကို ငြီးငွေ့လာပါတော့တယ်။ လုပ်ချင်တာလုပ်ပြီး အသက်တိုတိုနေရတာနဲ့ လုပ်သင့်တာလုပ်ပြီး အသက်ပိုရှည်တာ ဘယ်ဟာကောင်းသလဲဆိုတဲ့ အတွေးဝင်လာပါတယ်။

ဒီကနေ့မနက် မိုင်လိုတစ်ခွက်သောက်ရင်းနဲ့ တစ်ခုစဉ်းစားမိတယ်။ ကျွန်မအနှစ်သက်ဆုံးက ကော်ဖီခါးခါးတစ်ခွက်ဖြစ်ပါတယ်။ အိပ်ယာထပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရင် အားလုံးပြီးပြည့်စုံသွားပြီး တစ်နေ့တာအတွက် အဆင်ပြေသွားလေ့ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ ကော်ဖီသောက်ဖို့အဆင်မပြေလို့ သောက်သင့်တဲ့ မိုင်လိုကို သောက်ပါတယ်။ မိုင်လိုတစ်ခွက်ကို ဆေးတစ်ခွက်လိုသဘောထားပြီးသောက်နိုင်ပေမယ့် စိတ်ထဲမှာ ကျေနပ်မှုမရပါ။ အဲဒါနဲ့ သစ်သီးဖျော်ရည် တစ်ခွက် ထပ်သောက်ပြန်တော့လဲ မဟုတ်သေးပြန်ဘူး။ ဘီစကစ်နဲနဲထပ်စား၊ အသီးနဲနဲထပ်စားနဲ့ စားလိုက် သောက်လိုက်နဲ့ တစ်မျိုးပြီးတစ်မျိုးသာကုန်သွားတယ် မူရင်းဆန္ဒကို မပြည့်နိုင်ခဲ့ပါ။ နောက်ဆုံး မထူးပါဘူးဆိုပြီး ကော်ဖီသောက်လိုက်မှပဲ အားလုံးပြီးပြည့်စုံသွားပါတယ်။

အဲဒီမှာ ဘာစဉ်းစားမိလဲဆိုတော့ အစကထဲကသာ ကော်ဖီတစ်ခွက်ကို သောက်လိုက်ရင် ကျန်တာဘာမှလိုအပ်မှာမဟုတ်ဘူး။ အချိန်နဲ့ငွေ ပိုကုန်သွားတာပဲ အဖတ်တင်ပါတယ်။ ကော်ဖီနဲ့ဥပမာပေးလိုက်ပေမယ့် တခြားအရာတွေမှာလဲ အတူတူပါပဲ။

လုပ်ချင်တာနဲ့လုပ်သင့်တာ လွန်ဆွဲလေ့ရှိပေမယ့် လုပ်သင့်တာက အမြဲတမ်းအနိုင်ယူသွားတာကြာလာတော့ ဘ၀ဆိုတာကြီးကို ငြီးငွေ့လာပါတယ်။

အခုနေသာ လုပ်ချင်တာချည်းပဲ လုပ်ခွင့်ရမယ်ဆိုရင်တော့ …………

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....