ဗုဒ္ဓမြတ်စွယ်တော်ပွား နှစ်ဆူဖူးမြော်နိုင်ပြီ

 

 

 

မမျှော်လင့်ဘဲနှင့် ရုတ်တရက်ကြွရောက်လာသောတရုတ်ပြည် ပီကင်းမြို့ ဆင်ခြေဖုံး ရှုခင်းကောင်းလှသည့် အနောက်ဖက်တောင်ကုန်းများပေါ်ရှိ (လိကွမ်း)ဘုန်းတော်ကြီးကျောင်းတော်အတွင်းတွင် တည်ရှိခဲ့ပြီးဤမြတ်ဗုဒ္ဓစွယ်တော်သည် တရုတ်ပြည်တွင် ကိန်းဝပ်စံပယ်တော်မူသည်မှာ နှစ်ပေါင်း (၁၅၀၀) ကျော်ခဲ့ပြီဖြစ်သည်။၎င်းဗုဒ္ဓမြတ်စွယ်တော်ပွားအား ၂.၈.၂၀၁၁၁ (အင်္ဂါနေ့) နေ့လည် (၂းဝ၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမာစာရဦးစီးပင့်ဆောင်ခဲ့သည်။

 

ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ မပင့်ဆောင်မီရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ခေတ္တခဏကိန်းဝပ်အပူဇော်ခံယူခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယကာမများနှင့် “အိုကေ” ကုသိုလ်ဖြစ်သာသနာပြု ရှမ်းတီးဝိုင်းအဖွဲ့တို့မှ အနီးကပ်ဖူးမြော်ခဲ့ကြပြီးနောက် နေ့လည် (၃း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပင့်ဆောင်ကာပြည်မြို့ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အပူဇော်ခံထားရှိရန်အတွက် ဆရာတော်ဘဒ္ဒန္တသောမာစာရ၊ ဥက္ကဌဦးကျော်သူနှင့်အတူအသင်းသားများတို့မှ ကိုယ်တိုင်ကိုယ်ကျ ပြည်မြို့သို့လိုက်ပါပြီးဗုဒ္ဓမြတ်စွယ်တော်ပွားအားပင့်ဆောင်ကူညီဆောင်ရွက်ခဲ့သည်။

 

ဗုဒ္ဓစာပေသမိုင်းမှတ်တမ်းများအရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ၍ တေဇောဓါတ်လောင်ပြီးသောအခါ လူ့ပြည်၌ စွယ်တော်နှစ်ဆူကျန်ရစ်ခဲ့သည်။ တစ်ဆူအားသီဟိုဋ္ဌ်ကျွန်း (သီရိလင်္ကာ)သို့ ပင့်ဆောင်သွားခဲ့ပြီးကျန်တစ်ဆူအား ရှေးဟောင်းဥဒျာနပြည်သို့ ပင့်ဆောင်သွားခဲ့ပါသည်။ ခရစ်နှစ် ငါးရာစုနှစ်အတွင်းမှ စတင်၍ မင်းဆက် အဆက်ဆက်ကာလအတွင်းတရုတ်ပြည် အလယ်ပိုင်း၌ တိုင်းပြည် မငြိမ်မသက် ဖြစ်ပွားနေစဉ် စွယ်တော်အားတစ်နေရာမှ တစ်နေရာသို့ ပင့်ဆောင်ယူခဲ့ကြပြီးနောက်ဆုံး၌ တရုတ်ပြည် မြောက်ပိုင်းရှိ လျောင်မင်းဆက် မြို့တော်ဖြစ်သောယယ့်(န်)ကျင်း (ယခုပီကင်း) မြို့သို့ ရောက်ရှိလာခဲ့သည်။ (အေဒီ ၁၀၇၁ ခု၊ ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂၅ ရက် အတွင်း)၌ ဗုဒ္ဓစွယ်တော်ကိုကျောက်ယှီး-ယ်န်စေတီတော်၌ ဌာပနာခဲ့ကြောင်းဖော်ပြပါရှိသည်။ ဤ သို့ဖြင့် ဗုဒ္ဓစွယ်တော်သည် ပီကင်းမြို့တော်သို့ ရောက်ရှိလာခြင်းပင်ဖြစ်တော့သည်။

 

ကျောက်ယှီး-ယ်န်စေတီတော် တည်ရှိရာလိကွမ်းဘုန်းတော်ကြီးကျောင်းတွင် ခရစ်နှစ် (၈)ရာစုကတည်ထောင်ခဲ့သောကျောင်းဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ အထပ်ဆယ်ထပ် ပါရှိသော ရှစ်မြောင့်ပုံစေတီတော်ကို ကျောင်းဝင်း၏ အရှေ့တောင်ထောင့်တွင် တည်ထားသည်။ စေတီတော် အုပ်ချပ်များတွင် ဗုဒ္ဓရုပ်ပုံတော်များခပ်နှိပ်ထားသောကြောင့် ဤဘုရားကို “ဗုဒ္ဓရုပ်ပုံတစ်ထောင်စေတီ” ဟူ၍လည်းလူသိများကြသည်။

လိကွမ်းဘုန်းတော်ကြီးကျောင်းသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းကပင် ဘုရားဖူးသူများအဖို့ ပီကင်းမြို့ရှိ စိတ်ဝင်စားဖွယ် ထင်ရှားသောနေရာတစ်နေရာ ဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၉၀ဝ ပြည့်နှစ်တွင် နယ်ချဲ့ရှစ်နိုင်ငံမှ တပ်များသည် ပီကင်းမြို့တော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီးလုယက် ဖျက်ဆီးမှုကြောင့် ပျက်စီးမှုအမြောက်အများ ကြုံတွေ့ခဲ့ရသည်။ မြို့တော်ဆင်ခြေဖုံးရှိ လိကွမ်းဘုန်းကြီးကျောင်းနှင့် ကျောက်ယှီး-ယန်းစေတီတော်တို့မှာလည်းအမြောက်လက်နက်များဒဏ်မှ မလွတ်ကင်းခဲ့ ကြချေ။ ပစ်ခတ်တိုက်ခတ်မှုများ ပြီးဆုံးသွားချိန်၌ ကျောင်းရှိဘုန်းတော်ကြီးများသည် ထိုနေရာကို ရှင်းလင်းကြသောအခါ ဗုဒ္ဓစွယ်တော် ကိန်းဝပ်တော်မူရာ ကျောက်သားကြုတ်ကိုတွေ့ရှိခဲ့သည်။ ယနေ့ ရှန်းယှီးပြည်နယ် မြောက်ပိုင်းတွင် ဟန့်ပြည်ထောင်သည် မင်းဆက် ငါးဆက်ကာလ (အေဒီ ၉၀ရ – ၉၆၀) နောက်ပိုင်းကာလအတွင်းတည်ရှိခဲ့သော ပြည်ထောင်ဖြစ်ပြီးနောင်အခါတွင် ဆုန်းမင်းဆက်၏ သိမ်းပိုက်ခြင်းကိုခံရသည်။ ထို့ကြောင့် ခရစ်နှစ် ၁၀၇၁ ခုနှစ်တွင် ထိုစေတီတော်၌ ဗုဒ္ဓစွယ်တော်ကိုဌာပနခဲ့ရာ ပြန်လည်တွေ့ရှိသည့် ၁၉၀ဝ ပြည့်နှစ်အထိဆိုလျှင် မြတ်စွယ်တော် ကိန်းဝပ်တော်မူခဲ့သော ကာလမှာ နှစ်ပေါင်း (၈၃၀) ကြာမြင့်ခဲ့ပေပြီ။

 

မြတ်ဗုဒ္ဓစွယ်တော်ကို ၁၉၀ဝ ပြည့်နှစ်တွင် ပြန်လည်တွေ့ရှိပြီးနောက်ပိုင်းရာစုနှစ်ဝက်ခန့် အတွင်းခေတ်ပျက် အခြေအနေဆိုးကြောင့် ဘုန်းတော်ကြီးများအဖို့ မြတ်စွယ်တော်ကိုထိုက်ထိုက် တန်တန် ပူဇော်ခြင်းမပြုနိုင်ခဲ့ချေ။ တရုတ်ပြည် လွတ်မြောက်ပြီးသောအခါမှ ပီကင်းမြို့တော်ရှိ ဗုဒ္ဓ ဘာသာဝင်များ၏ ရှေ့ဆောင် ရှေ့ရွက်ပြုမှုနှင့် ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုတို့ကြောင့် ၁၉၅၅ ခုနှစ် တွင် မြတ်စွယ်တော်အားကွမ်ကျိဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့သည်။ စွယ်တော်အားရတနာခုနှစ်ပါးစီခြယ်သော ရွှေသားစေတီတော်အတွင်း ကိန်းဝပ်စံပယ်တော်မူစေပြီး သရီရအဆောင်တော်တွင် အပူဇော်ခံထားရှိသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဗုဒ္ဓဘာသာဝင်များ၏ မေတ္တာရပ်ခံချက်အရ မြတ်စွယ်တော်သည် အဆိုပါနိုင်ငံများသို့ တစ်ကြိမ်စီဒေသစာရီ ကြွချီခဲ့ရာဗုဒ္ဓဘာသာ ဝင်ပြည်သူများကသောင်းသောင်းဖြဖြလှိုက်လှိုက်လှဲလှဲ ကြည်ညိုဖူးမြော်ခဲ့ကြသည်။

 

၁၉၅ရ ခုနှစ်တွင် တရုတ်ပြည်ရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓယဉ်ကျေးမှုနှင့်အညီစေတီတော် သစ်တစ်ဆူတည်ရန် အဆိုပြုခဲ့ကြသည်။ မြတ်စွယ်တော်အားအစဉ်ဖူးမြော်နိုင်မည့် အတည်တကျ နေရာရှိရန်နှင့် ထူးခြားသော သမိုင်းဝင်စေတီတော်ဟောင်းနေရာကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသို့ဖြင့် ၁၉၅၈ ခုနှစ် နွေရာသီမှ ၁၉၆၄ ခုနှစ် နွေဦးပေါက်ရာသီကာလအတွင်း ခံ့ညားထည်ဝါလှသော စွယ်တော်စေတီတော်သစ်နှင့် အခြားသာသနာ့အဆောက်အအုံများကိုတည်ဆောက်ပြီးစီးခဲ့သည်။

အမြင့် (၅၁) မီတာရှိပြီးဘုံ (၃၁) ဆင့်ပါရှိသောစေတီတော်သစ်အားမြေပြင်မှ အမြင့် (၇.၇) မီတာနှင့် အကျယ်အဝန်း (၂၂) စတုရန်းမီတာရှိသောဖိနပ်တော်ပေါ်တွင် တည်ထားသည်။ စေတီတော်အား ဂန္တဝင် တရုတ်ဗုဒ္ဓယဉ်ကျေးမှုလက်ရာမပျက်စေရန် ခေတ်မီဆောက်လုပ်ရေးနည်းစနစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အဦးခန်းမအလယ်တွင် ကျောက်သားဖြင့် ပြုလုပ်ထားသော ဝဇီရပလ္လင်တော်ရှိပြီးပလ္လင်တော်ပေါ်၌ မြတ်စွယ်တော်ကိန်းဝပ်ရာ ရတနာခုနှစ်ပါးစီခြယ်သော ရွှေသားစေတီကိုဖူးမြော်နိုင်သည်။

 

၁၉၆၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် တရုတ်ပြည် ဗုဒ္ဓဘာသာဝင်အသင်းသည် စွယ်တော်စေတီတော် စတင်ဖွင့်လှစ်သည့် ဘုရားပွဲတော် အခမ်းအနားအားကျင်းပခဲ့သည်။ ကမေ႓ာဒီးယား၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မွန်ဂိုးလီးယား၊ နီပေါလ်၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တို့မှ စသည့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များသည် မြတ်စွယ်တော်စေတီဖွင့်ပွဲသို့ တက်ရောက်ခဲ့ ကြသည်။

တရုတ်ပြည် ဗုဒ္ဓမြတ်စွယ်တော်ပွားသည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ၃.၈.၂၀၁၁ ရက်နေ့ ည (၁၂းဝ၀) နာရီအချိန်တွင် ရောက်ရှိကိန်းဝပ်စံပယ်ခဲ့ရာ ယင်းည၌ အဖြူရောင်အဆင်းရှိသောတောက်တဲ့ကြီးတစ်ကောင်လာရောက်ကြိုဆိုဖူးမြော်ခဲ့သလို ၄.၈.၂၀၁၁ ရက်နေ့ နံနက်တွင်လည်း မြန်မာတို့၏ ကျက်သရေဆောင် အထွတ်အမြတ်ထားရာဖြစ်သောဥဒေါင်းတစ်ကောင်သည်လည်း ရွှေပေါက်ပင် တောရကျောင်းတိုက်ဝင်းအတွင်းသို့ လာရောက်ဖူးမြော်ခဲ့ပုံကိုလည်း တွေ့မြင်ခဲ့ရသည်။

 

ထိုမျှလောက် ထူးခြားတန်ခိုးကြီးမားလှသောတရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ကြွရောက်လာခဲ့သောသီဟိုဋ္ဌ်ကျွန်း (သီရိလင်္ကာ)မှ ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူ (လူ့ပြည်ရှိဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူ)တို့သည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်အတွင်း၌ သီတင်းသုံး ကိန်းဝပ်စံပယ်တော်မူနေပြီး ဖြစ်ပါ၍ ဗုဒ္ဓအနွယ် ဝင် မြန်မာပြည်သူ/သားအပေါင်း ကြွရောက်၍ အနီးကပ်ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါကြောင်းနိဗ္ဗာန် အကျိုးဆော်၍ နှိုးဆော်လိုက်ပါသည်။

 

ကမ႓ာ့ပြည်သူ/သားများ မြန်မာပြည်သူ/သားများ သောကကင်းဝေ ငြိမ်းချမ်းသာယာဝပြောကြပါစေ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

facebook မှ ကူးယူဖော်ပြပါသည်။

About ဦးကောက်

has written 79 post in this Website..