တောစာကျွေးခြင်း
မိုးတို့သည် သည်းထန်စွာရွာခြင်းနှင့်အတူ နေသည်လည်း အလွန်ပင် ပူနေလေ၏
ထိုအခြင်းအရာကိုမြင်မိပါသော ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်
ငယ်စဉ်က ဤကဲ့သို့ပင် နေပူနေသောအခိုက်ဝယ် မိုးရွာပါက
သီဆိုနေကြဖြစ်သော သီချင်းလော ကဗျာလော သံပေါက်လော မသိသော စာသားလေးများကို
အဝတ်စားဘီရို၏ တံခါးတွင် တပ်လျှက်သား ပါရှိသည့် ကြည့်မှန်ကြီးရှေ့တွင် ခါးထောက်၍
မျက်နှာအမူယာတို့ကို စပ်ဖြဲဖြဲလုပ်၍တစ်နည်း ပြောင်ချော်ချော်လုပ်၍တစ်ဖုံ ပြုံးချည်တစ်လှည့် မဲ့ချည်တစ်ခါဖြင့်
ပြုလုပ်၍ ပြုလုပ်၍သာလျှင် တစ်ကိုယ်တည်း သူငယ်ပြန်နေလေတော့သတည်း။
…………………………………………………………….
နေပူမိုးရွာ သူခိုးလာ လာတဲ့သူခိုး လှံနဲ့ထိုး
ထိုးလိုက် ထိုးလိုက် ဗ ..လက်ချိုင့်
ဗ..လက်ချိုင့် ချော်လဲ န..ငယ် နှာခေါင်းပြဲ
…………………………………………………………….
ကျွန်ုပ် မည်မျှကြာအောင် ပေါကြောင်ကြောင်ဖြင့် သူငယ်ပြန်နေသည်မသိ
ရုတ်တစ်ရက် ရပ်ဆိုင်းလိုက်ပြီးလျှင် ကြည့်မှန်တွင်းရှိ ခပ်ချောချော ရုပ်ခပ်ဖြောင့်ဖြောင့်
မျက်နှာအား လက်ညှိုးထိုး၍ ပြောလိုက်လေသည်
ငပေါ
သူကလည်းမခေ
ငါ့ဘာသာ ငါပေါ့တာနင့်အပူဘာရှိလည်း ( တွေးခေါ်ကြပါကုန် )
………………………………………………..
ကျွန်ုပ်နေထိုင်ရာ ဒီမှာဖက်ကမ်းတိုက်၏ မြေညီထပ်မှ စတင်ရေတွက်သည်ရှိသော် တစ်ဆယ့်ခြောက်ထပ်မြောက်ရှိ အခန်း၏ ခန်းစည်းစတို့ကို
မသိမသာလှစ်၍ တိုက် အောက်လမ်းကြားကလေး၏ ဟိုမှာဖက်ကမ်းရှိ မြေညီထပ်မှ စတင်ရေတွက်ပြီး
တစ်ဆယ့်ခြောက်ထပ်မြောက် ကျွန်ုပ်၏ အခန်းနှင့် တန်းတန်းရှိ အခန်းသို့ ချောင်းကြည့်ခဲ့ပါမူ
အသားမဲမဲ ဘုတ်ပဲမကြီးတစ်ယောက်နေထိုင်လျှက်ရှိလေ၏ ဆိုသည်ကို သိရှိနိုင်မည်သာတည်း။
အဘယ့်ကြောင့် သိရှိနိုင်ပါသနည်းဟူမူ အဆိုပါ ဘုတ်ပဲမကြီး၏ အခန်းတို့သည် မည်သည့် ခန်းစည်းမျှ မကာရံထားဘဲ
မှန်ဘောင်တပ်( slide ) ပြတင်းပေါက်များသာ ရှိလေ၏ဆိုသည်ကို စာရှုသူတို့ သိရှိနားလည်ကြကုန်စေလိုပြီးလျှင်
ဤသည်ကပင် ယ္ခုစာရှု့သူတို့ ရှေ့ဆက်၍ ဖတ်ရမည်လတ္တံ့ဖြစ်သော အကြောင်းအရာတို့ကို
အမှတ်ရမိစေခဲ့သော ပြန်ပြောင်းသတိရ အကြောင်းတစ်ရပ်ပင်ဖြစ်ပေလေတော့သည်။
( ရံခါ သူမသည် ရေချိုးပြီး အဝတ်စားလဲလှည်ပုံ တစ်ယောက်တည်း တေးဂီတများကို ဖွင့်၍ ကခုန်နေပုံများကို ကြုံကြိုက်လျှင်ပြောပြပါဦးမည်)
……………………………………………………
တစ်နေ့သ၌ ကျွန်ုပ်ဆိုခဲ့ပြီးသော ဖေါ်ပြပါ ၎င်းအခန်းတွင်းရှိ ဘုတ်ပဲမကြီးသည် လင်ဘန်းကြီး တစ်ခုထည်းတွင်
စားသောက်ဖွယ်ရာများဟု ခေါ်ဆိုရမည်လော .မုန့်ပဲသွားရည်စာများဟု ထင်မိသည်( အနည်းငယ်လှမ်းနေ၍ မသဲကွဲ ) ထည့်ပြီး
လက်နှစ်ဖက်ဖြင့် လင်ဘန်းကြီးအား မြှောက်၍ ကိုင်ထားပြီးလျှင် နှုတ်မှလည်း တစ်စုံတစ်စုံတစ်ခုကို ရေရွတ်၍
ကျွန်ုပ်တို့ မြန်မာပြည်၏ သမာရိုးကြ မြင်ဘူးနေသည့် မြင်ကွင်းများနှင့် နှိုင်းယှဉ်၍ ပြောရမည်ဆိုလျှင် နတ်ပွဲများတွင်
နတ်ကတော်တို့သည် ကန်တော့ပွဲကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ပင့်၍ ဆိုင်ရာပိုင်ရာများကို ပသနေသည်နှင့် အလွန်တူလွန်းလှသည်ဟူ၍သာ ဆိုရမည်ပင်။
ခြားနားသည်မှာ ကျွန်ုပ်တို့ မြန်မာပြည်၏ နတ်ကတော်များမှာ အဆိုပါ ပ..သ..နေသည့် အချိန်တွင် ဆိုင်းဘုံများ
( ယ္ခုအခါ တစ်ချို့မှာ music player များ(စရိတ်ချွေတာဟန်ရှိသည်) ) ဖြင့် နတ်ချော့ တီးလုံးများကို ဖန်တီး၍
မြူးမြူးကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ခုန်ဆွ ခုန်ဆွ ပြုလုပ်၍ အဆိုပါ ပ..သ သမှု့ ကိစ္စကိုပြုကြကုန်သော်လည်း
အနှီး ဘုတ်ပဲမကြီးမှာမူ တစ်ဦးတည်းဖြစ်သောကြောင့်လားမသိ ငြိမ်ငြိမ်သက်သက်ပင် ရှိလှလေတော့သည်။
(မဆီမဆိုင် ဖြူဖြူကျော်သိန်း၏ တစ်ကိုယ်တော် ဖျော်ဖြေမှု့ကိုပင် အဆစ် သတိရမိပြီး ပြုံးမိပါသေးသည်(စကားချပ်)။
ထိုအချိန်က ကောင်းကင်တွင် ကျွန်ုပ်တို့မြန်မာပြည်အခေါ် အထူးသဖြင့် ဤကဲ့သို့သာ ကျွန်ုပ် ခေါ်ဝေါ်သုံးစွဲတတ်သည့်
ဓာတ်ပုံပါ နေထီးဆောင်းခြင်း အဖြစ်သည်လည်း ကြုံကြိုက်၍ နေလေတော့သည်။
ထိုအကြောင်းမှာ သူမတွက် မည်သည့်အမှု့ကိုပြုလုပ်သည်မှာ သူမ၏ကိစ္စပင်ဖြစ်ပြီး ထိုအခြင်းအရာကို မြင်မိပါသော
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် လွန်ခဲ့လေပြီဖြစ်သော ကျွန်ုပ် ပြန်လည်မှတ်မိနိုင်စွမ်းရှိလာသည့် အတိတ်တို့၏ဖြစ်ရပ်များဆီမှ
တစ်ခုသော အကြောင်းသည် ကျွန်ုပ်၏ စိတ်သဏ္ဍန်ဝယ် ထင်ထင်ရှားရှား ပေါ်လွင်လာရလေတော့၏။
…………………………………..
နှုတ်တစ်ရာစာတစ်လုံး ဟူသည် နှုတ်ဖြင့် မည်သို့တစေ ပြောသော်ငြားလည်း စာဖြင့် ရေးမှတ် လက္ခံမူယူ၍ ပြဆိုဖြေရှင်းကြခြင်းသည်
အလွန်တရာ ခိုင်မာတိကျ တရားမျှတသမှု့ရှိသည်ဟု ဆိုသော်ငြားလည်း
ရှေးသောအခါ ကျွန်ုပ်တို့ မြန်မာပြည်သည် တိုင်းတပါးလက်အောက်ကျရောက်စဉ် ( ယ္ခုတော့ အသို့နည်း ) အရပ်စကားဖြင့် ပြောရပါက
ချစ်တီးကလားတို့၏ စာဖြင့်မှတ်သားလက်မှတ်ထိုးစေ၍ အဓမ္မကျင့်ကြံခံခဲ့ရကုန်ဘူးသော မြန်ပြည် တိုင်းသူပြည်သားတို့ တွက်မူ မှန်မည်မထင်။
အကယ်စင်စစ် ဤသည်မှာ ကျွန်ုပ်ပြန်ပြောင်း အမှတ်ရမိပါသော အကြောင်းအရာတစ်ခုအား ခုနှစ်သက္ကရာဇ် ကို တိတိကျကျ အမှတ်မရမိခြင်းအတွက်
ကာဘာယူခြင်းသာဖြစ်ပေသည်ကို ကျွန်ုပ်ရေးသားခဲ့ပြီးသည့် အကြောင်းအရာများကို ဖတ်ရှု့ဘူးသူ www.myanmargazette.net ၏
ဉာဏ်ပညာ အရာ၌ ကြီးကျယ်ခြင်းသဘောရှိကြကုန်သည့် စာရှု့သူတို့သည် ရိပ်စားမိမည်မှာမလွဲပင်တည်း။
သို့ပါ၍ ကျွန်ုပ် အသက် တစ်ဆယ့်ခုနစ်နှစ် တစ်ဆယ့်ရှစ်နှစ်ခန့် အရွယ်က ဟုပင်ဆိုပါမည်။
ပန်းကုံးရွာမှ အနောက်မြောက် ဘက်သို့ လားသော် ဧကနှစ်ရာခန့်ရှိသည့် တောင်ခြေ လယ်တောကြီးရှိလေပြီးလျှင်
ထိုလယ်တောကြီး၏ တောင်ဘက်သို့ တစ်နည်း လယ်တော၏ တောင်ဘက်အစွန်းဆုံးသည် ပေတစ်ထောင်သာသာ ရှိမည်ဟု ခန့်မှန်းရသည့်
ဒေါနတောင်ကုန်းရှည်ကြီးသည်တည်ရှိလေ၏။ ထိုဒေါနတောင်ကုန်းကြီးကို မြစိမ်းတောင်ဟူ၍ ဒေသခံများက ခေါ်ဝေါ်ကြလေသည်။
ထိုသော မြစိမ်းတောင်ပေါ်တွင် မြစိမ်းတောင်ကျောင်း ( ဘုန်းကြီးကျောင်း) သည် တည်ရှိပါပြီးလျှင် ပါးစပ်ရာဇဝင်များအရ ( ကျွန်ုပ်မှာမူကား အတည်မပြုပါ )
ရှေးရှေး ဘိုးဘေး ဘီဘင် တို့လက်ထက်သောအခါဝယ် အဆိုပါ မြစိမ်းတောင်ဝယ် ဥစ္စာစောင့်တို့သည် ရှိလေသည်ဟူသော
( အဘိဓမ္မာသဘောအရ ဥစ္စာ၌ တက်မက်သူသည် သေလွန်သော် ဥစ္စာ၌စွဲ၍ ပြိတ္တာဖြစ်သည့်သဘော ဟူသော
( သဂျီးမှာကား အဘိဓမ္မာဟူသည် မြတ်စွာဘုရား ဟောသော တရားမဟုတ် ဆိုလေ၏ )
ဒေသခံ ရွာများမှ အလှူအတန်းများပြုလုပ်ကြသောအခါ အဆိုပါ မြစိမ်းတောင်၏ ယနေ့ထက်တိုင်ရှိနေလေသာ ကျောက်ဂူအတွင်းသို့
မိမိတို့ အလိုရှိကြပါလေသာ အိုးခွက်ပုဂံ တို့ကို စာရင်းပြုစု၍ တစ်ရက်မျှ ကြိုတင်ကာ စာရင်းပြထားပါလျှင် ( မြန်မာစာ တတ်ပုံရတယ် )
နောက်တစ်နေ့ဝယ် ရွှေသားတို့ဖြင့် အတိပြီသော အိုးခွက် ပုဂံတို့ကို ရကြလေကုန်သည်ဟူသော။
( တောရွာများ၏ ဓလေ့တွင် အလှူအတန်းပြုသောအခါ ဘုန်းကြီးကျောင်းမှ အိုးခွက်ပုဂံတို့ကို ငှားရမ်းရသည် )
နောင်များတွင် လူတို့၏ မသမာသော အဝိဿမလောဘတို့ကြောင့် အဆိုပါ ပစ္စည်းတို့ကို ပြန်လည်၍ အပ်နှံခြင်းမရှိကြသည်ဖြစ်ရာ
( ကျုပ်သာဆို ရှေးဟောင်းပစ္စည်းပြစားမှာ ) ပစ္စည်းများ ကွယ်လေသည် ဟူသတတ်။
( ပစ္စည်း ပြန်မပေးသော သူတို့ သည်လည်း အသေဆိုး ( လောကစကား။ ဒုတ်။ဒါး။လှံ။သွေးထွက်သံယို ) ) သေနည်းများဖြင့် သေသည်ဟူလေသတတ် )
ထိုသော ပန်းကုုံးရွာမှ မြစိမ်းတောင် ကျောင်းသို့ သွားရာလမ်း၏ တစ်ခုသောနေရာတွင် စမ်းချောင်းတစ်ခုသည်လည်း ရှိလေ၏။
ထိုသော စမ်းချောင်းသည် အကျယ်အားဖြင့် ( ခန့်မှန်း ) ပေသုံးဆယ်မျှ ရှိမည်ထင့်။
ထိုသော စမ်းချောင်းအား သစ်သားလုံး တံတား ( ထိုဒေသသည် အင်ပင်တို့ ပေါများသည့်အလျှောက် လူတစ်ဖက်ခန့်ရှိသော အင်ပင် ) တို့ဖြင့် တံတားပြုလုပ်ထားလေသည်။
( ယနေ့တိုင်လည်း ရှိမည်ထင်သည်( အထင်) )။
…………………………………..
ဒေသခံတို့သည် လွန်စွာ ထိပ်လန့် နေကြကုန်လေသည့်သတင်းတစ်ခုသည် လွန်စွာမှပင် ပျံ့နှံ့၍ နေလေ၏။
အဆိုပါ ကျွန်ုပ် ဆိုခဲ့ပြီးသည့် မြစိမ်းတောင်ကျောင်းတွင် ဦးစံကျော် မည်သော ဖိုးသူတော် တစ်ယောက်သည် ရှိလေ၏။
ဤတွင် ဖိုးသူတော် ဦးစံကျော်အကြောင်းကို အနည်းငယ်ပြောပြလိုပါသည်။
အထွေအထူးကား မဟုတ်လှပါ အများသူငှါ ပြောဆိုနေကြသည့် အချို့သော ဖိုးသူတော်တို့သည် အသက်အရွယ်
စားဝတ်နေရေး အဆင်မပြေ၍ ဖိုးသူတော်လုပ်ကြသည်ဟု အဆိုရှိသော်လည်း ဦးစံကျော်မှာကား ကျွန်ုပ်တို့ဒေသတွင် အတော်တန်ချမ်းသာသည်ဟုဆိုနိုင်ပေ၏။
( ကျွန်ုပ် ကျောင်းတက်စဉ်အချိန်ကာလတွင် ကျွန်ုပ်၏ ဘကြီး ပြီးလျှင် ဦးစံကျော်သည် ဒုတိယမြောက် ကျွန်ုပ်အား
မုန့်ဘိုးပေးသော ဘဏ်တိုက်ကြီးဖြစ်ကာ ကျွန်ုပ်၏ မိဘများသည်ပင် တတိယ အဆင့်တွင်ရှိရလေတော့၏။)
သူ့မိဘများ လွန်သွားကြပြီးနောက် လူပျိုကြီးတစ်ဖြစ်လည်း နှင့်ကတစ်ကြောင်းဖြစ်ကာ ပိုင်ဆိုင်သည့် လယ်ယာများကို ဆွေမျိုးတော်စပ်သူများကို အပိုင်ပေးသည်လား ခေတ္တပေးထားသည်လားမသိ ( ထိုစဉ်သော အချိန်များက
အချို့သော အကြောင်းများကို ကျွန်ုပ်၏ အသက်အရွယ်ကြောင့် လွန်စွာ အတိကျ မသိရှိနိုင်ပေ )
၎င်းကိုယ်တိုင်မှာမူ ဦးခြောက်ပြား၏ ထန်းတောထည်းတွင် တဲထိုး၍နေလေသည်။
ကျွန်ုပ်အထူးဆိုခြင်သည်မှာ အဆိုပါ ဦးစံကျော်မှာ ထန်းရည်အလွန်သောက်သော သို့မဟုတ် အလွန်ကြိုက်သူဖြစ်၏။
အခြားထူးခြားချက်အဖြစ် ဦးစံကျော်ရာဇဝင်တွင် ( ကျွန်ုပ်ကိုယ်တွေ့မျှသာ ) မူးလွတ်သည် ဘယ်ခါမျှမရှိ
ခပ်မှန်မှန်လေး အခြေနေနှင့်သာ ထန်းရည်၏ ရဿ ကိုခံစားတတ်ခြင်းပင်။
ဖိုးသူတော်ဆိုသည်မှာလည်း ဒေသခံများက သူ့ကိုမည့်ခေါ်ထားသောနာမည်ဖြစ်ကာ ကျောင်းအိပ်ကျောင်းစား မဟုတ်ဘဲ
ထန်းတောထည်းနေ ထန်းတောထည်းတွင်အိပ်ကာ ကျောင်းအလုပ်ကို လုပ်သောသူလည်းဖြစ်ပြန်ပေ၏။
ထိုသောထန်းရည်ကို စွဲစွဲမက်မက်သောက်တတ်သော်လည်း မိုးအားကြီး၍ ထန်းလှီးမရသော ရာသီများတွင်
အခြားသောသေရည်များကို အစားထိုးမသောက်ဘဲ ပုံမှန်နေတတ်ခြင်းသည်ကလည်း တစ်မူထူးပြန်၏
အခြားသော တစ်မူမှာကား ဗရုပ်သုတ်ခ အလွန်နိုင်ကာပြောင်စပ်စပ်ဖြင့် ကြောက်ရွှံ့ခြင်းအလျှင်းကင်းကာ
သတ္တိလည်းခေသူမဟုတ်။ စိတ်ရင်းမှာကားအလွန်ကောင်းသည်ဟု ဆိုရမည်ပင်။
မုသားကင်းစွာ ပြောဆိုနေထိုင်တတ်ခြင်းကလည်း လူချစ်လူခင်ဖြစ်စေသော သူ၏ ဝိသေသ ဖြစ်ရပြန်၏။
တစ်နေ့သ၌ ဦးစံကျော်သည် အလွန်ကြီးသော သရဲတစ်ကောင်လော သရဲတစ်ယောက်လော၏ ခြောက်လှန့်ခြင်းကို
ခံရသည်ဟူသောပင်တည်း။
…………………………………….
အဆိုပါဦးစံကျော်သည် စာပေကျမ်းဂမ်တို့ကို အထိုက်လျှောက် တတ်မြောက်သည့် သဘောရှိကာ
အထူးသဖြင့် ရွာသားများနှင့် အသားငါးစားခြင်းအကြောင်းတွင် ပြဿနာအမြဲတက်လေ့ရှိသူလည်းဖြစ်သည်။
သတ်သတ်လွတ်စားခြင်း၊ အဓိဌါန်ဝင်၍စားခြင်း၊ ခြေလေးချောင်း နှင့် အခြား နတ်မကြိုက်သည့် အစာများ စသည်တို့တွင်
ဦးစံကျော်သည် လူအတော်များများနှင့် သဟစာတ အလွန်မဖြစ်လှပေ
သတ်သတ်လွတ်စားသူများ
အဓိဌါန်ဝင်အစားရှောင်ထားသူများ
ခြေလေးချောင်း နှင့် အခြား နတ်မကြိုက်စာ ရှောင်သူများ မလာရ
ပုံ
စံကျော်
ဟူသည် ထိုသော ဦးစံကျော်တည်းဟူသော ပုဂ္ဂိုလ်ကြီး၏ တဲတွင် ရေးချိတ်ထားသော သစ်သားဆိုင်းဘုတ်ဖြစ်လေ၏။
နွားဆိုတာ ကိုယ်နဲ့လက်ပွန်းတစ်တီးနေတဲ့သတ္တဝါဆိုတာ ဟုတ်တာပေါ့ ကျေးဇူးရှိလို့ ကိုယ်နဲ့ အတူလယ်ထွန်တဲ့နွား
ကိုယ်မစားတာကတော့ ဟုတ်ပါတယ် တစ်ခြားရွာက အမဲသားစားတာဘာဖြစ်မှာတုန်း ဤက ဦးစံကျော် ပြောလေ့ပြောထ
ရှိသောစကား။ အကယ်စင်စစ် ထိုစဉ်က ဦးစံကျော် ပြောသော စကားများမှာ ထေရဝါဒတွင်းမှ အစာစားခြင်း အကြောင်းများ
ဖြစ်၏ ဆိုသည်ကို ယ္ခုသောအခါ ကျွန်ုပ်ကိုယ်တိုင် မိမိနှင့်ထိုက်သ၍ စာပေအချို့ကိုလေ့လာဖတ်ရှု့မိမှသိရလေတော့၏။
ဟကောင် စံကျော် သူ့တို့ဘိုးဘေးဘီဘင် လုပ်လာတဲ့ အလုပ်တွေကို တောင်ပေါ်ကျောင်းဆရာတော်တောင်
မဟောမပြောဘဲနေတာ မင့် ထန်းရည်သောက်ပြီးပြောတော့ ရမလားကွ ဒီလောက်ပြောခြင် မင်းဘုန်းကြီးဝတ်ပါလား
ထိုသို့ကျွန်ုပ်ဘကြီးမှ ရံခါ မန်မဲသည့်ခါ ဦးစံကျော် ပြန်မပြောသာသော်လည်း သိပ်တော့မကြည်။
ဒီတစ်ရွာလုံး တော်ရုံသူခံမေပြာတာ ကျွန်ုပ်၏ ဘကြီးတစ်ယောက်တည်းသာရှိသည်လားတော့ အောက်မေ့မိ၏။
ရံခါ မြစိမ်းတောင်ကျောင်းဆရာတော်အား လူအများ အစာစားခြင်းမှားရွင်းပုံကို တရားဟောသင့်ပါကြောင်း
ဘုန်းကြီးစာချသွားလုပ်တတ်သေး၏။
ထိုထိုသော ဝိသေသ များရှိလေသည့် ဦးစံကျော်သည် ဆိုခဲ့ပါပြီးသည့်အတိုင်း အလွန်ကြီးပါသည်ဟု ဆိုသော
သရဲ၏ ခြောက်လှန့်ခြင်းကိုခံရလေတော့သည်။
ဖြစ်ပုံမှာ အဆိုပါနေ့ ( အဖိတ်နေ့ဖြစ်၏ ) ညခြောက်နာရီခန့်တွင်ဦးစံကျော် သည် နောက်တစ်နေ့ ဥပုသ်နေ့တွက်
ချက်ပြုပ်စရာများဝယ်ယူစုစောင်းကာ မြစိမ်းတောင်ဘုန်းကြီးကျောင်းပေါ်သို့ တက်လေ၏( ဤကသူ၏ လုပ်ရိုးလုပ်စဉ်ပင် )
ထိုသို့ တောင်ပေါ်ကျောင်းသို့ တက်ခြင်းဖြင့် လမ်းရှိ ဖော်ပြခဲ့ပြီးဖြစ်သော သစ်သားတံတားသို့ရောက်သောအခါ
အလွန်ကြီးသော လူဝံကြီးကဲ့သို့သတ္တဝါကြီးတစ်ကောင်သည် အချင်း တံတားကိုခွ၍ ထိုင်နေလေပြီးလျှင် ခြေနှစ်ဖက်က
ရေများကို လှုပ်ခတ်၍ တစ်ဗွမ်းဗွမ်းဖြင့် ရှိနေလေ၏ဟူသော။
တွေ့လိုက်စဉ်တွင် ဦးစံကျော်သည် ဇဝေဇဝါဖြစ်သွားရပြီး ဘာကောင်ကြီးပါလိမ့် ဟု သံသယဖြင့် အနည်းငယ်
နီးကပ်လာသောအခါမှ အခြေအနေကို သိလိုက်ပြီဖြစ်ကာ အနည်းငယ်လည်းတုန်လှုပ်မိသွားသည်ဟု ဝန်ခံပြောပြ၏။
ညနေမှောင်ရီတရောချိန်ဖြစ်ခြင်းကလည်းကောင်း တောလမ်းတစ်နေရာဖြစ်ခြင်းကလည်းကောင်း
တစ်ယောက်တည်းဖြစ်ခြင်းကလည်းကောင်း အထူးသဖြင့် သူ၏ ခြင်းတောင်းထည်းတွင်ပါရှိသည့်
အမဲသားအစိမ်းများသည် လက်သည်တရားခံဆိုသည်ကို သူ ချက်ခြင်းသိလိုက်ပြီဖြစ်သည်။
အေးးးးးးးး မနက်ဖြန်ခါ ဥပုသ်နေ့လေကွယ် ဒါ နက်ဖြန်တွက် ဥပုသ်ဟင်းတွေ မင့်ကြွေးလို့မဖြစ်ဘူး လမ်းဖယ်
ဟု ဆိုလိုက်သော်လည်း မဖယ်သည့်အပြင် ခြေထောက်ဖြင့် ရေများကို ပို၍ ပို၍ပင် တစ်ဗွမ်းဗွမ်း လှုပ်ခတ်ပြလေတော့၏။
အခြေနေမဟန်မှန်းသိသော ဦးစံကျော်မှာ ခြင်းတောင်းကိုချ၍ တောင်းအတွင်းမှ အမဲသားစိမ်းအချို့ကို ထုပ်ယူလိုက်ပြီး
ချောင်းအတွင်းသို့ အားဖြင့် လွှဲ၍ ဝေးနိုင်သမျှ ဝေးအောင်လွှင့်ပြစ်လေသည့်အလိုက်တွင်ပင် ထိုသတ္တဝါကြီးမှာ
ရေထည်းသို့ ဗြုန်းဆို ခုန်ဆင်းသွားသည့်အခိုက် ဦးစံကျော်လည်း ချောင်းကို ကဗျာကရာ ဖြတ်ကူးလွန်မြောက်ကာ
ကျောင်းသို့ သုတ်ခြေတင်ပြေးရလေတော့သည်။
ကျောင်းသို့ ရောက်လျှင်ရောက်ခြင်း ဆရာတော်မှ မောင်စံကျော် ဘာတွေဖြစ်လာသတုန်းလောကြီးသုတ်ပျာနဲ့ ဟု
စီးကြိုးမေးမြန်လေလျှင် နာနာဘာဝခြောက်လို့ပါဘုရားဟု ပြန်လည်းလျှောက်ထားလေလျှင်
အင်းးးမင့်ရေးကြီးသုတ်ပြာဖြစ်လောက်တဲ့ သရဲ တော်တော်ကြီးမှာဘဲ ဟု ခပ်ပြုံးပြုံးလေးမိန့်၏။
ဤသို့ဖြင့် နောက်တစ်နေ့ ဥပုသ်နေ့တွင် ထိုသော အဖြစ်အပျက်သည် ဥပုသ်သည်တို့မှတစ်ဆင့်စကားဖြင့်
အလွန်နာမည်ကြီးနေလေတော့၏။
အကယ်စင်စစ် ထိုသောအဖြစ်အပျက်ကို လိမ်ညာခြင်းအလျှင်းမရှိသော ကြောက်ရွံ့ခြင်းအလျှင်းမရှိသော ဦးစံကျော်မှ
ထိုနေ့ ဥပုသ်ဝင်လှာသော ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏ ဘကြီးဖြစ်သူအား အလုံးစုံ ပြောပြနေသည်ကို
အခြားသူများ မှလည်း ကြားမိကြကုန်သည်ဖြစ်ပြီး။ ဦးစံကျော်တည်းဟူသော ကျွန်ုပ်၏ ဘကြီးတည်းဟူသော
ဥပုသ်နေ့တည်းဟူသော ဘုန်းကြီးကျောင်းတွင်ဟူသော ကာလ ဒေသ ပုဂ္ဂလ အကြောင်းတို့ ပြည့်စုံ ပေသည်ဟု
ဆုံးဖြတ်ကြကာ ထိုအေကြာင်းကို အတည်ပြုကြလေတော့၏။
( ထိုသရဲကြီးကို နှိမ်နှင်းပုံကို ဤနေရာတွင်ပင် ဆက်လက်ရေးသားပါဦးမည် )
13 comments
naywoonni
August 6, 2011 at 4:16 pm
တောစာပဲ ကျွေးတာလား တောင်စာကော မပါဘူးလား တောင်ပိုင်ကြီး ကငုတ်တုတ်ထိုင်စောင့်နေလေရဲ့……….
kai
August 6, 2011 at 4:22 pm
ပြည်မသိ..မင်းမသိ..ဗာရာဏသီ.. လုပ်လိုက်လေ..။
ဒါမှ… နောင်အနှစ် ၅၀ဝလောက်ဆို.. ဘုရားဟောဖြစ်ချင်ဖြစ်သွားမှာ..။
ဆက်ရေး..ဆက်ရေး…။ 🙂
ကိုပေါက်(မန္တလေး)
August 6, 2011 at 6:02 pm
ပုပု
မြစိမ်းတောင်သွားရအောင်လေ…………………..
ဆူး
August 6, 2011 at 6:44 pm
ဦးစံကျော် ပိတ်ဖြူ ပုဆိုး ချွှတ်ပြီး ဘောင်းဘီ ဝတ်လိုက်တော့ အောင်ပု ဖြစ်သွားတာ ဖြစ်ရမယ်။
MaMa
August 6, 2011 at 7:48 pm
(ဤတွင် ဖိုးသူတော် ဦးစံကျော်အကြောင်းကို အနည်းငယ်ပြောပြလိုပါသည်။) လို့လည်း ပြောသေးတယ်။ ဘာမှလည်း ဆက်မပြောဘူး။ မကြာမီလာမည် မျှော်လို့ ကိုယ့်ဖာသာကိုယ်ပဲ ဆက်တွေးလိုက်ပါသည်။
hmee
August 6, 2011 at 9:20 pm
ကိုအောင်ပုကတော့ စာကိုမနည်းနားလည်အောင် ဖတ်နေပါတယ်ဆိုမှ ဆက်ရန်က ကျန်သေးတယ်။
nature
August 6, 2011 at 10:07 pm
နေထီးဆောင်းတဲ့ပုံလေးကို မိမိရရရိုက်ထားတာတော်တော်လှတယ်။
ချစ်စ/ဆ ရာ
August 7, 2011 at 7:49 pm
ဪ..
လက်စသပ်တော့
မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာ အရက်သမား မှတ်တယ်
သရဲ နှိမ်နင်းရေးလည်းလုပ်သကိုးးးး
အံ့ဖွယ်သုတ
windtalker
August 7, 2011 at 8:34 pm
ပို ့စ်မော်ဒယ်သမိုင်း များပေလား
ကိုကိုပုရေ
အပိုင်းအပိုင်းလေးတွေနဲ ့ဆိုတော့
တစ်ခု အသစ်ထပ်တင် ရင်
အဟောင်းတစ်ခါ ပြန်ဖတ်ရသေး သာပ
ကြောင်ကြီး
August 8, 2011 at 8:38 am
ဒါဆို ရွာက ရုပ်ဝါဒီ သဂျီးကိုလည်း အမဲသားတုံးနဲ့ ချွတ်လို့ရနိုင်သေးတယ်ပေါ့။ သဂျီးအတွက် လမ်းမဆုံးသေးကြောင်း သိရလို့ သိပ်ဝမ်းသာတာပဲ…။
etone
August 8, 2011 at 1:56 pm
နေထီးဆောင်းနေတုန်း ဒုံးပျံဖြတ်သွားတာလား 😛 😛
pan pan
August 8, 2011 at 2:16 pm
နေထီဆောင်းတာ ဘာမှန်း ဘယ်လိုပုံမှန်းမသိဘူး
ခုမှမြင်ဖူးတယ်
မအီးတုံးပြောသလို ဒုံးပျံများ ဖြတ်သွားလေရော့သလား…??
nature
August 8, 2011 at 6:35 pm
ဒီလိုမျိုးသူကြီးကို တကယ်တွေ့စေချင်တယ်။ မီလီယံဘစ်ဇနစ်ဖြစ်သွားအောင်။