ဝယ်ယူစားသုံးခြင်း
ဝယ်ယူစားသုံးခြင်းက ဒီစနစ်ရဲ့ နှလုံးသည်းပွတ်ဖြစ်တယ်။ ဒီစနစ်ကို မောင်းနှင်တဲ့အရာဖြစ်တယ်။ မှားယွင်းနေတဲ့ ဒီစနစ်ကို ကျားကန်ဖို့ရာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာမို့ ဒါကိုကာကွယ်ဖို့ရာ အစိုးရအတွက်ရော၊ ကော်ပိုရေးရှင်းတွေ အတွက်ပါ အဓိက ဦးစားပေးလုပ်ငန်းဖြစ်လာတယ်။
၉/၁၁ ဖြစ်ရပ်ပြီးတဲ့နောက် ကျွန်မတို့ရဲ့တိုင်းပြည်ဟာ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေခဲ့တယ်။ ဒီအခါမှာ သမတကြီး ဘုရှ် အနေနဲ့ ပြည်သူတွေကို ”ပူဆွေးကြပါ၊ ဆုတောင်းမစ်တာ ပို့သကြပါ၊ ပြီးတော့ မျှော်လင့်ချက်တွေ ထားကြပါ” စသည်ဖြင့် သင့်လျော်တဲ့ စကားကောင်းကို ပြောနိူင်ပေမဲ့၊ သူတကယ်ပြောခဲ့တာကတော့ ”ဈေးဝယ်ထွက်ကြပါ၊ ဈေးဝယ်ထွက်ကြပါ” တဲ့။
ကျွန်မတို့ရဲ့ တိုင်းပြည်ဟာ ”စားသုံးသူတို့ရဲ့တိုင်းပြည်” ဖြစ်လာခဲ့ပါပြီ။ ကျွန်မတို့ဟာ မိခင်တွေ မဟုတ်တော့ဘူး။ လယ်သမားတွေ မဟုတ်တော့ဘူး။ ကျောင်းဆရာတွေ မဟုတ်တော့ဘူး။ စားသုံးသူတွေသာ ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ တန်ဖိုးကို တိုင်းထွာသတ်မှတ်ဖေါ်ပြတဲ့ အခြေခံနည်းလမ်းက ကျွန်မတို့ ဘယ်လောက်စားသုံးကြသလဲဆိုတဲ့အပေါ် အခြေခံပါတယ်။ ကျွန်မတို့ဟာ ဝယ်ပြီးရင်းဝယ်၊ ဝယ်ပြီးရင်းဝယ် ဆိုသလိုပါဘဲ။ ဒီလိုနဲ့ကုန်ထုတ်လုပ်မှုကို ဆက်လက်စီးဆင်းစေခဲ့တယ်။
မြောက်အမေရိကကို ရောက်လာတဲ့ ကုန်ပစ်စည်းတွေရဲ့ ခြောက်လကြာပြီးနောက် အခြေအနေကို စဉ်းစားကြည့်ရအောင်။ အဲဒီကုန်ပစ်စည်းတွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ဟာ ကုန်ပစ်စည်းအခြေအနေ (သို့မဟုတ်) အသုံးပြုခံရတဲ့အခြေအနေမှာ ရှိနေတယ်ထင်သလဲ။ ၅၀% လား ၂၀% လား။ လုံးဝမဟုတ်ဘူးရှင့်။ ၁% သာလျှင် အသုံးဝင်တဲ့အခြေအနေမှာရှိတယ်။ တနည်းပြောရရင် ကျွန်မတို့ရိတ်သိမ်း၊ တူးဖေါ်၊ ထုတ်လုပ်ပို့ဆောင်ခဲ့တဲ့ ကုန်ပစ်စည်း စုစုပေါင်းရဲ့ ၉၉%ဟာ ၆လကြာပြီးနောက် အမှိုက်ဘဝကိုရောက်ရတာပါဘဲ။ နောက်တနည်းပြောရရင် ဒီစနစ်ကိုဖြတ်သန်းလာတဲ့ ကုန်ပစ်စည်းစုစုပေါင်းရဲ့ ၉၉% ဟာအမှိုက်ပါဘဲ။ အဲဒီတော့ ကုန်ပစ်စည်းတွေကို ဒီလိုနှုန်းနဲ့ ထုတ်လုပ်ပြီးလွှင့်ပစ်နေတဲ့ ဂြိုဟ်တလုံးကို ကျွန်မတို့ဘယ်လိုစီမံကြမလဲ။
အရင်ကဒါမျိုးမဟုတ်ပါဘူး။ ကနေ့ အမေရိကန်တယောက်ရဲ့ စားသုံးမှုပျမ်းမျှဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ ကထက်နှစ်ဆပိုပါတယ်။ ရှင့်ရဲ့အဖွါးကိုမေးကြည့်ပါ။ သူတို့ကာလတုန်းက အိမ်ထောင်ကိုအလေအလွင့်မရှိအောင် ထိန်းသိမ်းစီမံတာ၊ သယံဇာတပေါကြွယ်ဝတာ၊ အသိဉာဏ်ပညာနဲ့ယှဉ်တဲ့ စီးပွါးရေးစနစ်ကျင့်သုံးတာတွေကို အရမ်းတန်ဖိုးထားခဲ့ကြတာ။ ဒါကြောင့် ဒီအခြေအနေမျိုးကနေ ကနေ့အခြေအနေကိုဘယ်လိုရောက်လာခဲ့သလဲ။ ဒါကသူ့ဘာသာဖြစ်ပျက်ခဲ့တာမဟုတ်ဘူး။ အကွကိချစီမံခြင်းရဲ့ ရလဒ်သာဖြစ်တယ်။
ဒုတိယ ကဘာစစ်ပြီးနောက် ကော်ပိုရေးရှင်းတွေနဲ့ အစိုးရတို့က အမေရိကန်ပြည်ထောင်စုရဲ့ စီးပွါးရေးကိုကြီးပွါးတိုးတက်အောင်လုပ်ဖို့ ကြံဆကြတယ်။ အဲဒီမှာကုန်ပစ်စည်းကို စားသုံးသူထံ တိုက်ရိုက်ထိရောက်စွာ ရောင်းချခြင်း ဘာသာရပ်ကို သုံးသပ်လေ့လာသူပညာရှင် ဗစ်တာလီဘိုးက အခုကျွန်မတို့ကျင့်သုံးနေတဲ့ ကုန်ထုတ်လုပ်မှုစနစ်ရဲ့ အခြေခံဖြစ်လာမဲ့အဖြေကို ရှင်းလင်းပြတ်သားစွာ ရှာဖွေဖေါ်ထုတ်ခဲ့ပါတယ်။ ”ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနှုန်း အံ့မခန်းကြီးပွါးတဲ့ စီးပွါးရေးအရ ကျွန်တော်တို့ဟာ ဝယ်ယူစားသုံးခြင်းကို ကျွန်တော်တို့ရဲ့ ဘဝနေထိုင်နည်းအဖြစ် ပြေင်းလဲယူရလိမ့်မယ်။ ကုန်ပစ်စည်းဝယ်ယူသုံးစွဲခြင်းကို ရိုးရာဓလေ့ပွဲတော်များသဖွယ် လုပ်ဆောင်ကြရမယ်။

ကျွန်တော်တို့ရဲ့ ဝိညာဏဆိုင်ရာ စိတ်ကျေနပ်မှုနဲ့ ပုတ်ဂလိက အတ်တစိတ် ကျေနပ်မှုတို့ကိုဝယ်ယူစားသုံးခြင်းမှာရှာဖွေကြရမယ်။ ပစ်စည်းတွေကို စားသုံး၊ မီးရှို့၊ အစားထိုး၊ ပြီးတော့ အမြဲတမ်းမြင့်မားတဲ့နှုန်းနဲ့ စွန့်ပစ်ကြရမယ်လို့” သူပြောခဲ့တယ်။
သမ်မတ အိုက်စင်ဟောင်ဝါး ရဲ့ စီးပွါးရေးအကြံပြုကောင်စီ အုတ်ကထ ကလည်း ”အမေရိကန်စီးပွါးရေးရဲ့ အန်းနိမ ရည်မှန်းချက်က စားသုံးသူကုန်ပစ်စည်းတွေကို ပိုမိုထုတ်လုပ်ဖို့ ဖြစ်ပါတယ်” လို့ပြောခဲ့တယ်။ စားသုံးသူ ကုန်ပစ်စည်း ပိုမိုထုတ်လုပ်ရေးတဲ့လား။ ပြီးတော့ အဲဒါက ကျွန်မတို့ စီးပွါးရေးစနစ်ရဲ့ အန်းနိမရည်မှန်းချက်တဲ့လား။
ဘာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတို့၊ ပညာရေးတို့၊ လုံခြုံစိတ်ချရတဲ့ ပို့ဆောင်ဆက်သွယ်ရေးတို့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတို့၊ တရားမျှတမှုတို့က တိုင်းပြည်ရဲ့ အန်းနိမ ရည်မှန်းချက်မဖြစ်ရတာလဲ။ စားသုံးသူ ကုန်ပစ်စည်း ထုတ်လုပ်ရေးတဲ့လားရှင်။
ဒီစီမံကိန်းမှာ ကျွန်မတို့ပြည်သူလူထုတွေ စိတ်အားတက်ကြွစွာ ပါဝင်လာအောင်သူတို့ ဘယ်လိုများလုပ်ကြသလဲ။
ဒီအတွက်သူတို့မှာရှိတဲ့နည်းဗျုဟာတွေထဲက အထိရောက်ဆုံးနည်းဗျုဟာ နှစ်ရပ်ကတော့ ”ပစ်စည်းများ အသုံးမဝင်တော့သည့် အခြေအနေဖြစ်ပေါ်ရန်အကွက်ချစီမံခြင်း” နဲ့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော ပစ်စည်းများ အသုံးမဝင် ခေတ်မမှီတော့ဘူးဟု ခံစားလာစေမည့် အခြေအနေကို ဖန်တီးခြင်း” တို့ဖြစ်ပါတယ်။
” ပစ်စည်းများ အသုံးမဝင်တော့သည့် အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း”ကို ”စွန့်ပစ်ပစ်စည်း ဖြစ်ပေါ်လာစေရန် ဒီဇိုင်းပြုလုပ်ခြင်း” လို့စကားဖလှယ်လို့ရပါတယ်။ အဓိပ်ပါယ်ကတော့ သူတို့ထုတ်လိုက်တဲ့ ကုန်ပစ်စည်းကိုမြန်နိူင်သမျှ မြန်မြန်အသုံးမဝင် ခေတ်မမှီတော့တဲ့ ပစ်စည်းဖြစ်လာအောင် ဒီဇိုင်းပြုလုပ်၊ ဒီတော့ ကျွန်မတို့က အဲဒီပစ်စည်းတွေကို လွှင့်ပစ်ပြီး အသစ်တွေထပ်ဝယ်ပေါ့။ ပလတ်စတစ်အိတ်တို့၊ ကော်ဖီခွက်တို့လို အသေးအမွှားကနေ ဖုန်သုတ်တံမြက်စည်း၊ DVDစက်၊ ကင်မရာနဲ့ ဘာဘီကျုး (အသားကင်) လုပ်စားတဲ့ ကိရိယာများ အပါအဝင် ပစ်စည်းအကြီးအမားတွေဆိုလည်း ဒီအတိုင်းဖြစ်နေတာပါ။ ကွန်ပျုတာတွေ အပါအဝင်ပေါ့။ ရှင်သတိပြုမိမှာပေါ့။ အခုအခါ ကွန်ပျုတာတလုံးဝယ်ရင် နည်းပညာက အလွန်လျင်လျင် မြန်မြန်ပြောင်းလဲနေတာမို့ နောက်၂နှစ်လောက်ကြာရင် ရှင့်ရဲ့ ကွန်ပျူတာဟာ ဆက်သွယ်ရေးအတွက် အနှောင့် အယှက် အတားအဆီးဖြစ်လာရော။ အလုပ်လုပ်ဖို့ အဆင်မပြေတော့ဘူးပေါ့။ ကျွန်မက အဲဒါကို တော်တော်လေး စိတ်ဝင်စားတာနဲ့ စားပွဲတင်ကွန်ပျုတာကြီးတလုံးကိုဖွင့်ပြီးကြည့်မိတယ်။ အထဲမှာ ဘာတွေများ ရှိသလဲပေါ့။ အဲဒီအခါမှာ တနှစ်တခါ ပြောင်းနေတဲ့အရာဟာ ကွန်ပျုတာအတွင်းထောင့်တနေရာက ပစ်စည်းသေးသေးလေးသာ ဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီပစ်စည်းေသေးသေးလေးကို ဖြုတ်လဲလို့မရဘူးရှင့်။ ဘာကြောင့်လဲ ဆိုတော့အဲဒီပစ်စည်းလေးက အသစ်ပေါ်တဲ့ပစ်စည်းနဲ့ အမျိုးအစားသာတူတာ၊ ပုံစံကမတူဘူး။ ဒီတော့ ကွန်ပျုတာတလုံး လုံးကိုလွှင့်ပစ်ပြီး အသစ်သာဝယ်ပေတော့။
(ဝယ်ယူစားသုံးခြင်း အပိုင်း၂ အားဆက်လက်ဖေါ်ပြပါမည်။)
Shwe Ei
8th Aug 2011

About Shwe Ei

Shwe Ei has written 44 post in this Website..