“သူရဿဝါနှင့် ကွန်ပျူတာငတုံးများ”

ယနေ့ခေတ်တွင် ကွန်ပျူတာသည် လူသားတို့အတွက် မရှိမဖြစ် အရေးပါသော အသုံးအဆောင် ပစ္စည်းထဲတွင် တစ်ခုအပါအဝင် ဖြစ်လာရုံမျှမက တစ်ခါတရံ လူသားတို့အတွက် အပျင်းပြေ အဖော်အပေါင်း၊ သူငယ်ချင်း မိတ်ဆွေ သဖွယ် ဖြစ်လာပြီ ဆိုသည်ကို အားလုံးပင် သိရှိထားကြပါသည်။ အခုဆိုလျှင် ကွန်ပျူတာကို တဂျောက်ဂျောက် တဂျက်ဂျက် လောက်လေးမျှ မနှိပ်တတ်လျှင်ပင် လူရာမဝင်သလို လူတောမတိုးသလို ဖြစ်နေပြီ။ ကျောက်ခေတ်၊ သံခေတ် မှသည် နည်းပညာခေတ် ဖြစ်လာချိန်တွင် ကွန်ပျူတာနှင့် လူသားသည် ပဲပြုတ်နှင့် နံပြားလို ခွဲ၍မရအောင် ဟာမိုနီ ဖြစ်၍ နေပေပြီ။ ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာကို ဖက်၍မအိပ်ရုံတမယ် ပေါင်းသင်းဆက်ဆံပါသည်။ တစ်နေ့ ၂၄ နာရီတွင် ၁၅ နာရီလောက် ကွန်ပျူတာနှင့် ကျွန်တော် တွဲလျက်ရှိတတ်၏။ ထိုသို့ ကွန်ပျူတာနှင့် သမီးရည်းစားသဖွယ် တတွဲတွဲမခွဲဘဲ ရှိတတ်သော ကျွန်တော်က “ဒီကွန်ပျူတာ ဆိုတဲ့ကောင်တွေ အလကားပါကွာ” ဟု ပြောသည့်အခါ သင်တို့ မျက်လုံးပြူးရုံတင်မက ပါးစပ်များပါ ပြဲထွက်သွား ပေလိမ့်မည်။ အကြောင်းရှိပါ၏။
ကမ္ဘာ့စစ်တုရင် ချန်ပီယံ ကက်စ်ပါရော့ဗ်သည် ကွန်ပျူတာနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်၍ စစ်တုရင် ထိုးခဲ့ရသည်ဟု သတင်းကြားချိန်တွင် ကွန်ပျူတာအား ကျွန်တော် အတော်ကြီးကို အထင်ကြီး လေးစားခဲ့ပါသည်။ ပိုက်ဆံကြေးသာ ထိုးရင်တော့ ကက်စ်ပါရော့ဗ် အိမ်ပင်ပေါင်ရလောက်သည် ဟူ၍လည်း တွေးမိ၏။ လူတို့တီထွင်သော စက်က လူထက်ပို၍ စွမ်းနေသည် ဆိုသော ကိစ္စမှာ ကျွန်တော့်အတွက်တော့ အတော်ပင် အံ့သြထူးဆန်းဖွယ်ရာကြီး ဖြစ်၍နေ၏။ သို့သော် ကျွန်တော်ကလည်း နယ်နယ်ရရကောင်မှ မဟုတ်တာပဲ။ ကျွန်တော် ကွန်ပျူတာ သင်မည်။ ပညာရှင်ကြီး ဖြစ်အောင် လုပ်မည်။ ပြီးလျှင် ကက်စ်ပါရော့ဗ်ကို ဒုက္ခပေး၍ စစ်တုရင် ပြိုင်ထိုးသော ကွန်ပျူတာကို ကျွန်တော် စိန်ခေါ်ပစ်မည်။ ဒီကောင် စစ်တုရင်သာ ထိုးလျှင် ထိုးတတ်မည်။ ကျွန်တော်နှင့်ပြိုင်၍ တူတူပုန်းတမ်းတော့ ကစားတတ်မည်မဟုတ်။ ထိုအခါ သူ့ကို ကျွန်တော် နိုင်ပြီပေါ့။ ဟုတ်တယ်လေ … သူ့မှာ ခြေတွေလက်တွေမှ မပါတာ။ ဒီအတိုင်း အတောင့်လိုက်ကြီး ဘယ်နားသွားပုန်းမလဲ။ ထိုသို့ ကလိန်ကကျစ် ကျွန်တော် စဉ်းစားပြီး ကွန်ပျူတာ သင်တန်းများ တက်ပါသည်။
လူအကြောင်း ပေါင်းကြည့်မှသိ ဆိုသလိုပင် ကွန်ပျူတာ၏စိတ်ကိုလည်း နှိပ်ကြည့်မှပင် သိပါ၏။ တကယ်တော့ လူတို့အတွက် မရှိမဖြစ်ဆိုသော၊ လူတို့အလွန် အားကိုးသော ကွန်ပျူတာဟူသည့် အကောင်များသည် တော်တော်ကို လက်ပေါက်ကပ်သည့် ငတိများပင် ဖြစ်ပါသည်။ ပထမဆုံး အချက်ကတော့ ဒီကောင်တွေသည် “ငထူငအ” များ ဖြစ်ကြ ကုန်၏။ ကျွန်တော်တို့ Application တစ်ခုခုကို ဖွင့်၍ သုံးကြသည် ဆိုပါစို့။ အသုံးပြုပြီး၍ ပိတ်မည်ဟု ကျွန်တော် အချက်ပြ လိုက်သောအခါ တစ်ခါတည်း မပိတ်ဘဲ အူတူတူ အတတနှင့် တကယ်ပိတ်မှာ သေချာသလားဟု တစ်ခေါက် ထပ်မေး၏။ သုံးနေတဲ့လူ ကိုယ်တိုင်က ပြီးတာသေချာ၍ ပိတ်ပါမည် ဆိုနေတာကို တစ်ခါတည်း ပိတ်မသွားဘဲ ပိတ်မလား၊ မပိတ်ဘူးလား၊ သေချာလား၊ အဟုတ်လား ဟူ၍ ပြန်ပြန်မေးနေသည့် ကွန်ပျူတာ ငတိကို ထိထိမိမိ နားရင်းအုပ် လိုက်ရလျှင် မကောင်းဘဲ ရှိတော့မည်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။ ကြောင်ကွက်တွေ အများကြီး ရှိသေးသည်။
ကျွန်တော်တို့ လူသားများ တစ်ချိန်တည်းတွင် အလုပ်အများကြီး လုပ်နိုင်ကြသည်။ မိန်းကလေးများဆိုလျှင် ပို၍ပင် ထူးချွန်ကြ၏။ အသက်ရှူရင်း၊ ပါးစပ်ထဲ တစ်ခုခု စားရင်းသောက်ရင်း၊ ဟိုသတင်း ဒီသတင်း အတင်းပြောရင်း၊ မျက်လုံးများကို ဟိုကြည့်ဒီကြည့် အကဲခတ်ရင်း စသဖြင့် တစ်ချိန်တည်း အလုပ်တွေ အများကြီး လုပ်နိုင်ကြ၏။ သို့သော် ကျွန်တော်တို့ အားကိုးပါသည် ဆိုသော ကွန်ပျူတာများမှာ အလုပ်ကလေး နှစ်ခု၊ သုံးခုလောက် တပြိုင်နက်တည်း ခိုင်းလိုက်သည်နှင့် မလုပ်ချင်တော့။ ရင်ကျပ်သလိုလို၊ ချောင်းဆိုးသလိုလိုနှင့် စက် “ဟမ်း” သည်ဟု အကြောင်းပြကာ ဘာတစ်ခုမှ ဆက်မလုပ်ဘဲ အေးအေးဆေးဆေး နှပ်နေတော့သည်။ သူတို့ကို ပြန်ကောင်းလာအောင် ချော့ရသည့် ကျွန်တော်တို့မှာသာ ချွေးဒီးဒီးကျရ၏။ မကောင်းလိုက်သမှ တစ်စက်လေးတောင် အကျင့်မကောင်း။ ဒါတင်ပဲလား … မဟုတ်၊ ပြောမကုန် ဆိုမဆုံး ရှိပါသေး၏။
ကွန်ပျူတာ ဆိုသော အကောင်များသည် အတော်ကို အတ္တကြီး၍ ငါစွဲစွဲနေသော တရားမရှိသည့် နလပိန်းတုံးများ ဖြစ်ကြကုန်၏။ ကြည့်လေ .. ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ အမြဲတမ်း တွေ့ရလေ့ရှိတာ My Computer တဲ့။ တကယ်ဆို ကျွန်တော်တို့က ဒီကွန်ပျူတာတွေ ပိုင်ဆိုင်ခွင့်ရအောင် ပိုက်ဆံ အကုန်ခံ၍ ဝယ်ထားရတာ။ Your Computer တော့ ဖြစ်သင့်တာပေါ့။ အခုတော့ ငါတကောကော၍ My Computer တဲ့။ ကျွန်တော်တို့၏ စာရွက်စာတမ်းများ ဖြစ်သင့်တာပေါ့၊ မဟုတ်ဘူး … My Document တဲ့။ My Music, My Pictures, My Videos ဆိုတာတွေတော့ စိတ်ကုန်လွန်းလို့ ထည့်ကို မပြောချင်တော့။ ဒါကိုတောင် သူတို့က ဟိတ်ကြီးဟန်ကြီးလုပ်၍ ကွန်ပျူတာအချင်းချင်း အဆင့်အတန်း ခွဲခြားထားသေး၏။ 125 ဆိုလျှင် မှတ်ဥာဏ် သိပ်မကောင်းသည့် ကွန်ပျူတာ၊ 256 ဆိုလျှင် အနည်းငယ် ဥာဏ်ကောင်းသည့် ကွန်ပျူတာ၊ အဲ .. 512 ဆိုလျှင်တော့ အတော်ကို ဥာဏ်ကောင်းသည့် ကွန်ပျူတာ ဖြစ်သည်ဆိုပဲ။ လူကြားကောင်းအောင် လျှောက်ပြောတာ၊ တကယ်တော့ အလကား၊ အားလုံး နလပိန်းတုံးတွေချည်းပဲ ဖြစ်သည်။ ဒါနဲ့တင် လုံလောက်ပြီလားဆိုတော့လည်း မပြီးသေး။
ထိုအကောင်တို့သည် လူတွေကိုပြန်၍ လူလည်ကျ၊ လူပါးဝသည့် အကောင်များ ဖြစ်သေး၏။ ကွန်ပျူတာ သုံးစွဲရင်း ကျွန်တော်တို့ အခက်အခဲ တစ်ခုခုတွေ့ပါက Program တိုင်းလိုလိုတွင် Help ဆိုတာပါ၏။ သူ ကူညီပေးရမလား ဟူသည့် သဘော။ ပုံစံကြည့်လျှင်တော့ လူတို့မလုပ်တတ်သမျှ သူတို့ပဲ အစအဆုံး လုပ်ပေးတော့မလိုလို၊ ဘာလိုလို။ တကယ်တမ်း အကူအညီလို၍ ထို Help ကို နှိပ်လိုက်ပါက ငါးပါးမှောက်ရုံတင်မက၊ လေးဖက်ပါ ထောက်ရမည့် အဖြစ်သို့ ရောက်လေ၏။ မဆုံးနိုင်သော စာများပေါ်လာ၍ ဟိုဟာလုပ်လိုက်ပါ၊ ဒီဟာလုပ်လိုက်ပါ၊ ဟိုခလုတ်လေး နှိပ်လိုက်ပါ၊ ဒီခလုတ်လေး ဖိလိုက်ပါ စသဖြင့် မလုပ်တတ်၍ ခခယယ အကူအညီတောင်းသူကို ကိုယ်ဖိရင်ဖိ ကူညီမည်မရှိဘဲ အထက်စီး လေသံဖြင့် မဆုံးနိုင်အောင် အမိန့်ပေးလေတော့သည်။ နောက်ဆုံးတော့လည်း ကိုယ်ပဲ အကုန်လုပ်လိုက်ရ တာပါပဲ။
အဆိုးဆုံးအချက်ကတော့ ကွန်ပျူတာဆိုသော ကောင်များမှာ အထီးမှန်းမသိ အမမှန်းမသိ မျိုးပွား၍ မရသော အပုန်းများ ဖြစ်ကြလေ၏။ လူတွင်လည်း အထီးနှင့် အမရှိ၏။ ကြက်အထီးနှင့် အမ တစ်စုံဝယ်၍ အတူတူ ထားလိုက် လျှင်တောင် အချိန်ကြာလာသောအခါ ဥကလေးများ ပေါက်၍ မွေးချင်မွေး၊ စားလိုစား လုပ်နိုင်ဦးမည်။ ကွန်ပျူတာမှာသာ အထီးနှင့် အမရှိလျှင် တစ်စုံဝယ်ပြီး အတူတူထားပေး၍ အချိန်တန်သောအခါ ကွန်ပျူတာ နှစ်လုံး၏ ရင်သွေးလေး Laptop တစ်လုံးလောက်မွေး၊ နောက်ထပ်ကြာသောအခါ သူတို့၏ မြေးကလေးအဖြစ် Netbook လေးများကို ထပ်မွေး၊ သုံး လေး ငါးမွှာပူးလောက်ဖြစ်လျှင် အတိုင်းထက်အလွန်ပေါ့။ ဒါဆို ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ။ အခုတော့ အဲဒီလို မဟုတ်။ သူတို့ကိုယ် သူတို့တောင် အထီးမှန်း အမမှန်း မသိတဲ့ဟာတွေ။
ကိုင်း … အနှစ်ချုပ်လိုက်တော့ ကျွန်တော်တို့ အားကိုးတကြီး သုံးနေကြသည့် ကွန်ပျူတာဆိုတဲ့ ဟာတွေ ဘာများ ကောင်းသလဲ။ လိမ်ပြော၊ အကျင့်မကောင်း၊ အကြံတုန်း ဥာဏ်တုန်း၊ လူလည်ကျ၊ ကိုယ့်ဘဝကိုယ် မသိသည့် ကွန်ပျူတာ များအား တွေးလေ စိတ်နာလေ ဖြစ်ရသည်။ ကျွန်တော့်ကိုပဲ ကြည့်လေ … မချစ်သော်လည်း အောင့်ကာနမ်း၊ ကွန်ပျူတာ များနှင့် ဖက်လှဲတကင်း နေပါများ၍ အခုတဖြည်းဖြည်းနှင့် သူတို့လိုပင် လိမ်ပြော၊ အကျင့်မကောင်း၊ အကြံတုံး ဥာဏ်တုံး၊ လူလည်ကျ တတ်သည့် ကောင်တစ်ကောင် ဖြစ်လာပြီး သူတို့နှင့် မတူတာဆို၍ ကိုယ့်ကိုယ်ကို အထီးမှန်း သိသေးတာ တစ်ခုပဲ ကျန်ပေတော့လေသတည်း။

About Mobile House

Mobile House has written 82 post in this Website..

Mobile House ဖုန်း ပြုပြင်ရေး နှင့် အရောင်း ဆိုင် လမ်း ၃၀ ။ ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့ ။မန်းလေး မြို့