“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” ( တတိယပိုင်း……. ခေတ်ကောင်းချိန်နဲ့တောက်ပခဲ့သောကြယ်ပွင့်များ
“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”
( တတိယပိုင်း……. ခေတ်ကောင်းချိန်နဲ့တောက်ပခဲ့သောကြယ်ပွင့်များ)
ကျနော်တို့လူပျိုပေါက်စအရွယ်ရောက်တော့ နောင်တစ်ချိန် မြန်မာရုပ်ရှင်လောကမှာ
ဂုရုကြီးတစ်ပါးဖြစ်လာမယ့် ကျော်ဟိန်း ပေါ်လာပါတယ်။
သူ့နဲ့လက်တွဲဖော်ဖြစ်လာမယ့် စန္ဒာနဲ့တွဲဖက်လို့ နုနုငယ်ငယ်နဲ့ဖူးစာလမ်းဆုံဇာတ်ကားက
နေအစပြုလိုက်တာ အောင်မြင်လို့ လူကြိုက်ခဲ့ပါတယ်။
ဒါပေမယ့် ဆံပင်ကောက်ကွေးသလို လူကလဲတွန့်လိန်ကောက်ကွေးပြီး သရုပ်ဆောင်တတ်တဲ့
ကျော်ဟိန်းကို လူငယ်များကနှစ်သက်ပေမယ့် လူကြီးအများစုကတော့ သရုပ်ပျက်တယ်ဆိုပြီး
ဆန့်ကျင်ခဲ့ကြပါတယ်။
ကျော်ဟိန်းက သီချင်းဆိုတာဝါသနာပါ ပါတယ်။
ဒါပေမယ့်အသံတော့သိပ်မကောင်းဘူး။
“ချစ်သလား မုန်းသလားပြောပါလား မုသားမသုံးနဲ့လေ….
လူသားလကမ္ဘာယောက်တာလဲတစ်ခေါက်မကတော့ဘူး ….”ဆိုတဲ့သီချင်းလေးကို ကိုယ်တိုင်ဆိုလို့သရုပ်ဆောင်ခဲ့တာပေါ့။
ကျော်ဟိန်းငယ်ငယ် က လူက ပိန်ပိန် ဆံပင်ကလဲ တွန့်လိန်လိန် ဒါပေမယ့် တစ်စထက်တစ်စ ရုပ်ရှင်တွေရိုက်လာရပါတယ်။
ဒါပေမယ့် ဒီအချိန်မှာကျော်ဟုန်းက သူနဲ့ခေတ်ပြိုင်တစ်ယောက်ရဲ့နောက်ကဘဲရှိနေခဲ့ပါတယ်။
သူနဲ့ခေတ်ပြိုင်မင်းသားကတော့ မန်းလေးသား။
“မင်းရည်မှန်းသူက မြခဲစိန်ခဲ ………….တို့မှာကလမ်းခင်းတဲ့ကျောက်ခဲ ….တန်ဘိုးမှာလည်းနည်း”
ဆိုတဲ့စာသားခပ်လန်းလန်းလေးနဲ့သီချင်းက သင်္ကြန်သီချင်းမဟုတ်တဲ့“ကျောက်ခဲ”ဆိုတဲ့သီချင်းလေးကထူးထူးခြားခြား တစ်ခုသောသင်္ကြန်မှာ ခေတ်စားလာခဲ့ပါတယ်။
အဲဒီသီချင်းရဲ့ သီချင်းအစ အတောပိုဒ်ရဲ့သံစဉ်ကိုယူလို့အငြိမ့်ထဲကလူရွှင်တော်တွေကသီချင်းပိုင်ရှင်ရဲ့နာမယ်ကို
ထည့်လို့ဆိုကြပါတယ်။
“ဟေ့ကောင် ဇော်ဝမ်း မင်းကျောက်ခဲကို မင်းပြန်ကောက်သွား………………………….”ပါတဲ့။
ပကာသနာမပါ၊ထူးခြားဆန်းကြယ်တဲ့လှည့်ကွက်တွေမပါ၊နာမည်ကြီးသရုပ်ဆောင်တွေမပါ၊
လူအများကြီးလည်းမပါ ၊လှပတဲ့ဒီဇိုင်းဆန်းတဲ့အဝတ်အစားတွေလဲမပါတဲ့
“စေလိုရာစေ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေး က လူထုကြားမှာ လေးညှင်းကလေးလိုတိုးဝှေ့လို့ဝင်ရောက်လာပါတယ်။
မင်းသားကလဲ အရပ်ပုပု ဂုတ်တိုတို ရုပ်လှတယ်လို့လဲမပြောနိုင် စစ်ဆွယ်တာနဲ့ဘောင်းဘီနဲ့၊
သူနဲ့တွဲဘက် လင်းထင်ဆိုတဲ့မင်းသားကတော့ ရုပ်ခပ်သန့်သန့် မင်းသားလုပ်တဲ့သူထက်တောင် သာနေသလို၊
မင်းသမီးအသစ်ဖြစ်တဲ့ “ဆွေဇင်ထိုက်”ကလဲ လှတယ်ဆိုတဲ့စံနုှန်းတွေနဲ့တိုက်ရင်ဘာမှမကိုက်။
ရှည်ရှည်လျားလျား ပိန်ပါးပါး။
ထူးဆန်းတယ်လို့ပြောရင်ရတာကတော့ မင်းသမီးထိုင်လို်က်တဲ့လှေကြီးကို မင်းသားလုပ်သူက ကမ်းပေါ်ကနေ
ကြုးိနဲ့ဆွဲတာပါဘဲ။
အသစ်တွေနဲ့ပေမယ့် အနုပညာအရရော ငွေကြေးအရပါအောင်မြင်ခဲ့ပါတယ်။
အဲဒီကားကနေစပြီး ဇော်ဝမ်း လင်းထင် ဆွေဇင်ထို်က်ဆိုတဲ့မျက်နှာသစ်သုံးယောက်ကလဲ မြန်မာ့ရုပ်ရှင်လောကမှာ
လင်းလက်တဲ့ကြယ်လေးတွေဖြစ်လာပါတယ်။
အအောင်မြင်ဆုံးကတော့ ဇော်ဝမ်းလို့ပြောနိုင်ပါတယ်။
သဘာဝအတိုင်းအရိုးခံအတိုင်းသရုပ်ဆောင်တတ်သူဖြစ်ပါတယ်။
ခေါင်းကလေးပု လက်ကလေးနှစ်ဖက်အသာလေးမလို့ “ဟာ ဟ……..”လို့ရီတတ်တဲ့အမူအယာလေးကို
အများစုကနှစ်သက်၊ သီချင်းကလဲအဆိုကောင်းဆိုတော့ သူ့ရဲ့အောင်မြင်မူ့က ဝုန်းကနဲတက်လာပါတယ်။
ဝင်းဦးနောက်ပိုင်းမှာကိုယ်တိုင်သီချင်းဆိုနိုင်သူ ရုပ်ရှင်သီချင်းတော်တော်များများကို ပရိသတ်ကြိုက်အောင်
ဆိုနိုင်သူဖြစ်ပါတယ်။
“ စေလိုရာစေ “၊“ဟေလား “၊“ ကျောက်ခဲ “၊“ သဇင် “၊“ ချစ်နှင်းဆီလှလှလေး“၊“ ရန်ကုန်သားနဲ့မန္တလေးသူ“၊
“ရွှံ့ပေါ်ရွှံ့ပြေး ရွှံမွှေးရွှံမလူး “၊“ မောင်သူရ “၊“ ပုစ္ဆာဆန်သောမိန်းကလေး “၊“ လင်းလိုက်စမ်းပါကြယ်ကလေးရယ် “၊
“ရွှေကိန္နရီလားသူဇာလား”၊”ချစ်လွန်းသူအမျိုးသမီးများများ”၊”ဘယ်သွားနေလဲမရွှေဖဲ”၊
အဲဒီအချိန်ကစလို့ ဇာတ်ကားပေါင်းများစွာကို မင်းသမီးပေါင်းများစွာနဲ့တွဲလို့လက်မလည်အောင် ရိုက်ကူးရပါတယ်။
သူ့ရဲ့အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ဝင်တေးတွေကလဲများမှများပါဘဲ။
(ဒါပေမယ့်ဝင်းဦးကိုတော့မမှီတာအမှန်ပါဘဲ)
ထူးခြားတဲ့ကားလို့ပြောရရင် ကလေးတွေအများကြီးနဲ့သူသရုပ်ဆောင်ထားတဲ့ “မောင်သူရ”ဆိုတဲ့ကားရယ်၊
သူနဲ့ရူ့မဝစမ်းစမ်းအေးတွဲဘက်လို့ ရိုက်ကူးထားတဲ့ “မေတ္တာဘုံသို့နှစ်ခေါက်လေ”ဆိုတဲ့ဇာတ်ကားပါဘဲ။
မြန်မာ့ရုပ်ရှင်တွေမှာကားတွေကဒီကားမတိုင်ခင်မှာ အဖြူအမဲကားတွေဘဲဖြစ်ပါတယ်။
နိုင်ငံခြားရုပ်ရှင်ကားတွေသာ ရောင်စုံကားတွေဖြစ်ပေမယ့် မြန်မာကားတွေကတော့ အဖြူအမဲနဲ့ခေတ်နောက်ကျဆဲ။
ဒီဇာတ်ကားမှာတော့ ဒုတိယအပိုင်းပြတဲ့အခါမှာဆေးရောင်စုံကားအဖြစ်ပြောင်းလဲလို့ပြပါတယ်။
တစ်ကားလုံးအပြည့် မဟုတ်ဘဲ ကားတစ်ဝက်ကိုသာ စမ်းသပ်ရိုက်ကူးတာပါ။
ဆေးရောင်စုံဖလင်က အတော်လေးဈေးကြီးတော့လဲ အတော်လေးကို အကုန်အကျခံရိုက်တာဖြစ်နိုင်ပါတယ်။
ဇာတ်လမ်းရော မင်းသားမင်းသမီးရောကောင်း နောက်ပြီး မြန်မာမင်းသားမင်းသမီးတွေကို ဆေးရောင်စုံနဲ့မြင်ကြရတာ
ပထမဆုံးဆိုတော့ ဝက်ဝက်ကွဲရုံပြည့်ရုံလျှံအောင် အားပေးခဲ့ကြပါတယ်။
အဲဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ အကျီရောဘောင်းဘီပါ ကြည်ပြာရောင်ဝမ်းဆက်နဲ့သရုပ်ဆောင်ခဲ့တာ
ကတော့ ကျွန်တော့်တို့ အားကျခဲ့တာပေါ့။
အဲဒီတုန်းကများဇော်ဝမ်းစတိုင် ကော်လာကြီးကြီး အကျီကို ကိုယ်နဲ့ကပ်နေအောင်ခပ်ကျပ်ကျပ်ချုပ်လို့ စတိုင်တွေထုတ်ခဲ့ကြတာပေါ့။
အဲဒီတုံးက ရိုက်ခဲတဲ့ ဓါတ်ပုံတွေကို အခုပြန်ကြည့်တော့ ရီစရာကြီးဗျ။
အဲဒီတုန်းကတော့ အလန်းဇယားနဲ့မိုက်တယ်ထင်ခဲ့တာပါ။
နောက်ဇော်ဝမ်းရဲ့သွက်လက်တဲ့သရုပ်ဆောင်တာကို အမိအရဖမ်းပြီးတော့ ဆံပင်အရှည်သနပ်ခါးပါးကွက်ကြားနဲ့
ဂစ်တာ တစ်ဒေါင်ဒေါင်တီးလို့ သရုပ်ဆောင်ခိုင်းသူကတော့နာမယ်ကျော်ဆရာဦးသုခပါ။
မြန်မာတစ်နိုင်ငံလုံးရဲ့အအောင်မြင်ဆုံးသောလှုပ်ယှားမှု့ဖြစ်တဲ့ စာမတတ်သူပပျောက်ရေး”အသုံးလုံး”စီမံချက်
ကို ဂုဏ်ပြုပြီးရိုက်ကူးတဲ့ “ဘယ်သူပြိုင်လို့လှပါတော့နိုင်”ဇာတ်ကားမှာဘဲ။
တောသူတောင်သားတွေကို တက္ကသိုလ်ကျောင်းသူကျောင်းသားများက “လုပ်အားပေး”တဲ့အနေနဲ့စာသွားသင်
ပေးကြတာကို ရီစရာ သနားစရာ ပျော်စရာ လွမ်းစရာတွေရောယှက်နွယ်လို့ တင်ပြထားတဲ့ကားလေးပါ။
ဒီဇာတ်ကားမှာ ဇော်ဝမ်းကပေါ့ပေါ့နေပေါ့ပေါ့စား လမ်းသူရဲအဖြစ်ကနေ အမြင်မှန်ရသွားတဲ့ကျောင်းသားတစ်ယောက်
အဖြစ်ပီပြင်စွာသရုပ်ဆောင်သွားခဲ့ပါတယ်။
ထန်းပင်တွေပေါ်မှာစာလုံးကြီးတွေရေးလို့သင်တာလိုမျိုး စာမတတ်သူတွေရဲ့ရွာတွေကိုအရောက်သွားလို့ စာသင်ကြားပေးကြတဲ့
ကျောင်းသားတွေနဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေကြားက ကမောက်ကမဖြစ်ပုံတွေ၊ရယ်မောစရာ ဟာသတွေရယ်
အနေကြာလာတဲ့အခါ တစ်ဦးနဲ့တစ်ဦးသံယောဇဉ်နှောင်ဖွဲ့လာကြတာတွေ ကိုတကယ့်အဖြစ်အပျက်အမှန် အခြေခံလို့
မြန်မာ့တောရွာတွေရဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ ဓလေ့တွေနဲ့ ရောယှက်လို့ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ။
ရုပ်ရှင်ထဲမှာ မကောင်းတဲ့အခန်းကအမြဲနေ အမြဲတမ်းပရိသတ်ရဲ့အဆဲခံခဲ့ရတဲ့ လူကြမ်းအံ့ကျော်ကို အင်မတန်မှသနားစရာ
ကောင်းတဲ့ ရိုးသားတဲ့ရွာသားတစ်ယောက်အဖြစ်ပုံဖော်လို့ ကြည့်နေသူပရိတ်သတ်ရဲ့သနားမှု့ကို ယူလို့မျက်ရည်တွေချုသွား
ခဲ့ပါတယ်။
စာသင်ပေးတာတွေကို အပိုအလုပ်လို့သတ်မှတ်လို့ ဂျစ်တို်က်ခဲ့သူက ဆရာဆရာမတွေအပြန်မှာ အမြင်မှန်တွေရလို့လှည်းနောက်
ကပြေးလိုက်လို့လက်ဆောင်ပေးတဲ့အခန်းကတော့ ရုပ်ရှင်ကြည့်နေသူတွေကိုမျက်ရည်ကျမှန်းမသိကျစေတဲ့ပြကွက်ဖြစ်သလို
အကယ်ဒမီဆိုတာကိုလဲ အံ့ကျော်လက်ထဲရောက်အောင်ပို့ပေးတဲ့ပြကွက်လေးကတော့ တစ်သက်မမေ့စရာပါ။
ကျနော့်အနေနဲ့ပြောရရင်တော့မြန်မာကားတွေထဲမှာ ပြောစရာဘာမှမရှိအောင်ကို ကောင်းတဲ့ဇာတ်ကားတစ်ကား
လို့သတ်မှတ်ချင်ပါတယ်။
ဇော်ဝမ်းရုပ်ရှင်တွေတစ်ကားပြီးတစ်ကားရိုက်လို့ လူကြီးလူငယ်မရွေးကြိုက်နေကြတဲ့အချိန်မှာ တွန့်လိန်ကောက်ကွေးလို့
မျက်စေ့နောက်အောင်သရုပ်ဆောင်တတ်သူကျော်ဟိန်းကလဲသူနည်းသူ့ဟန်နဲ့အောင်မြင်နေဆဲ။
လူငယ်တွေကြားမှာ တခဲနက်အားပေးမှု့တွေနဲ့ ကျော်ဟိန်းရဲ့အရှိန်အဟုန်ကလည်းမြင့်ဆဲ။
တွံတေးသိန်းတန်ဆိုတဲ့ မြန်မာ့ကျေးလက်အဆိုတော်ကလဲ အများအားဖြင့်မြင့်မြင့်ခိုင်နဲ့တွဲလို့ရုပ်ရှင်တွေရို်က်နေတာကိုလည်း
အားပေးတဲ့ပရိသတ်ရှိမြဲ၊
ခင်သန်းနု အေးအေးသင်း ကောလိပ်ဂျင်နေဝင်း ဝင်းဦး အောင်လွင် တို့လို
ရှေးမင်းသား မင်းသမီးကြီးများရဲ့ကားများကိုလည်းအရင်ကလောက်မဟုတ်ပေမယ့် ပရိသတ်က အားပေးနေကြဆဲ။
စိန်မြင့် ဇော်လင်း ထွန်းထွန်းဝင်း စိုးရွှေ မြင့်နိုင် နွဲ့နွဲ့မူ ချိုပြုံး မောင်သန်းဝင်း စီစီစိန်တို့ မြင့်မြင့်ခိုင် တင်တင်ညို တို့ကလည်းရုပ်ရှင်လောကမှာတစထက်တစနေရာယူဆဲ မြန်မာ့ရုပ်ရှင်လောက အတော်လေးဖွံ့ဖြုးိခဲ့တဲ့
ကာလတစ်ခုဆိုရင်လဲမမှားပါဘူး။
ဘာကားပြပြ အမြဲတမ်းရုံပြည့်ရုံလျှံ ဝက်ဝက်ကွဲအားပေးခဲ့ကြတဲ့ကာလ ကိုတော့တွေးကြည့်ရင်လွမ်းစရာပါ။
မဆီမဆိုင်သတိရမိတာလေးပြောရရင် ခန့်ငြားပြီးယောက်ျားပီသတဲ့ရုပ်ရည်ရှိသလိုသရုပ်ဆောင်လဲကောင်း
တဲ့ စစ်ဗိုလ်ဇာတ်ရုပ်နဲ့ဆိုအင်မတန်လိုက်ဖက်တဲ့မင်းသား ဇော်လွင်ပါ။
မထင်မှတ်တဲ့လူမူ့ရေးအရှုပ်အထွေးတစ်ခုနဲ့ငြိစွန်းရာကနေ ရုပ်ရှင်လောက ကပျောက်ကွယ်ခဲ့ပါတယ်။
နောင်မှာတော့ ဒီလောကထဲကို လူကြီးခန်းကနေပြန်လည်ဝင်ရောက်လာခဲ့ပေမယ့် မင်းသားအဖြစ်
အောင်မြင်နိုင်ပေမယ့် ဒီလောကကို စွန့်ခွာခဲ့ရတဲ့အတွက်ကတော့နှမြောစရာကောင်းလှပါတယ်။
(ပြန်သတိရမိတဲ့ အသစ် အသစ်သော………….)
သရုပ်ဆောင်အသစ်ဘဝကနေတက်လာတဲ့မင်းသားမင်းသမီးတွေထဲမှာ ဇော်ဝမ်းတင်နာမယ်ကြီးတာမဟုတ်ခဲ့ပါဘူး။
သူနဲ့အတူ တစ်ပြိုင်တည်းရုပ်ရှင်လောက်ထဲကိုရောက်လာကြတဲ့
ရူ့မဝထွက်မင်းသားလင်းထင်နဲ့ မင်းသမီးဆွေဇင်ထို်က်တို့ကလဲ အောင်မြင်ကြပါတယ်။
သူတို့နှစ်ဦးနဲ့ ဝါရင့်သရုပ်ဆောင် ဦးကျောက်လုံးတို့ရဲ့သုံးပွင့်ဆိုင် အားပြိုင်လို့ သားသမီးကမိဘအပေါ်ထားတဲ့မေတ္တာကို ထူးခြားစွာရိုက်ပြခဲ့တဲ့ “ဘယ်ပန်းချီရေးလို့မမှီ”ဇာတ်ကားထဲမှာ သရုပ်ဆောင်ပုံကတော့ အပိုအလိုမရှိကွက်တိ။
ဒါကြောင့်လဲဒီ ဇာတ်ကားဟာ အနုပညာတန်းဝင်တဲ့ကားတစ်ကားဖြစ်သွားခဲ့ပါတယ်။
ဒီဇာတ်ကားကတော့ စာရေးဆရာသိန်းသန်းထွန်းရဲ့နာမယ်ကျော်ဝတ္တုကိုပြန်ရိုက်ထားတာပါ။
ရှမ်းပြည်နယ်ကိုနောက်ခံထားလို့ရိုက်ထားတဲ့ လွမ်းမောစရာသနားစရာအဖြစ်အပျက်လေးပေါ်မှာတည်ဆောင်ထားတဲ့ ခိုင်မာတဲ့ဇာတ်အိမ်ကြောင့် ဇာတ်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။
ဇာတ်ဝင်သီချင်းကိုလဲ စတီရီယို သီချင်းများကိုစတင်လမ်းဖောက်ခဲ့သူသီဆိုသူများထဲကတစ်ယောက်ဖြစ်တဲ့ပလေးဘွိုင်အဖွဲ့က တက္ကသိုလ်အေးမောင်က သီဆိုပေးထားပါတယ်။
သီချင်းသံစဉ်နဲ့ စာသားကလိုက်ဖက်လွန်း တော့ နားထောင်ရတာ အသက်ဝင် လွန်းပါတယ်။
“မိဘရဲ့အသဲနှလုံးအပြုံးနဲ့ယှဉ်ကာသာနှောချစ်ဇောရဟတ်မပြတ်လည်ပြီ
တကယ်ပင်တေးဖွဲ့လို့ပင် မမှီခဲ့ပြီ…………………နှလုံးသားမှာ ချိုသာ………………အသက်ကိုမနှေးပေးအပ်ပါမည်……… ”ဆိုတဲ့ နူးညံ့ ခန့်ငြား တဲ့စကားလုံး ငြိမ့်ညောင်းတဲ့တီးလုံးနဲ့အတူတက္ကသိုလ်အေးမောင်ရဲ့ကြည်မြတဲ့အသံကြောင့်
ရုပ်ရှင်ကြည့်ရတာပိုမိုအသက်ဝင်လာသလိုပါဘဲ၊
သာမန်အားဖြင့် မိဘကသာ သားသမီးကိုအကာအကွယ်ပေးကြတာပေါ့။
ဒါပေမယ့်ဒီကားမှာတော့အဖေတစ်ယောက်က မှားလိုက်တဲ့အမှားကို သားဖြစ်သူက အနစ်နာခံပြီး
အသက်ပေးလို့ အဖေရဲ့အရှက်ကိုကာကွယ်သွားတဲ့ကားလေးပါ။
နောက်ဆုံးအခန်းမှာ အမှန်တရားကိုဖွင့်ပြောရမှာစိုးတဲ့သားနောက်ကို ဖအေဖြစ်သူက လို်က်တဲ့အခန်းမှာ
အမှားလုပ်မိခဲ့လို့နောင်တတွေ တပွေ့တပိုက်နဲ့ဦးကျောက်လုံးကိုတောင် သနားယူရတဲ့အထိ အနုပညာမှော်နဲ့
ပရိသတ်ကို ဖမ်းစားနိုင်တဲ့အတွက်ကြည့်မိသူတိုင်း မျက်ရည်မဆည်နိုင်အောင်အလွမ်းပိုခဲ့ကြရတဲ့ကားလေးတစ်ကားပါဘဲ။
လောကနိယာမအရအဟောင်းသွားရင်အသစ်တွေလာမယ်ဆိုပေမယ့်ဒီရုပ်ရှင်လောကမှာတော့ အသစ်ဝင်လာဘို့ခက်ခဲသလို
ဝင်လာနိုင်ခဲ့ရင်တောင်မှ အောင်မြင်ဘို့ဆိုတာကလဲ လွယ်ကူတဲ့အလုပ်တစ်ခုတော့လဲမဟုတ်ပြန်ပါဘူး။
အဲဒီလိုအသစ်တွေအောင်မြင်ဘို့ခက်ခဲတာတောင်မှာ မင်းသားမင်းသမီးအသစ်တွေကို တင်လို့ရိုက်ကူးသူ လူစွန့်စားများလဲ
ရှိပါတယ်။သူတို့ရဲ့ စွန့်စားလိုစိတ်နဲ့ စေတနာရယ် အသစ်ကလေးများရဲ့ပါရမီရယ် ကြုးိစားမူ့ရယ် ကံတရားရယ် ဟန်ချက်ညီသွားတဲ့အခါမှာအောင်မြင်သွားခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ကြတာလဲ အမှန်ပါဘဲ။
ဇော်ဝမ်းတို့အဖွဲ့လို အသစ်ကလေးတွေကိုတင်ပေးလိုတဲ့စိတ်ရှိတဲ့ရုပ်ရှင်ကုမ္မဏီကနေပြီး
“ဘယ်ဆုတောင်းမလဲချစ်သူ”ဆိုတဲ့ရုပ်ရှင်ကားအတွက် မင်းသားအသစ်နှစ်ယောက်ကိုသတင်းစာကနေခေါ်လို့ရွေးချယ်ခဲ့ပါတယ်။
အဲဒီကားလေးမှာ ရွေးချယ်ခံရတဲ့ ထွန်းထွန်းဝင်းနဲ့ဇော်လင်းဆိုတဲ့ရုပ်ရှင်သရုပ်ဆောင်သစ်နှစ်ဦးပေါ်ထွန်းလို့လာပါတယ်။
မင်းသားသစ်နှစ်ဦးကို နာမည်ကျော်လူကြိုက်များနေတဲ့ခင်သန်းနုနဲ့တွဲဖက်လို့ တင်ပေးလိုက်ပါတယ်။
ထွန်းထွန်းဝင်းကတော့ ရုပ်ဖြောင့်ဖြောင့် ဇော်လင်းကတော့သာမန်လူတစ်ယောက် ဒါပေမယ့် တည်ကြည်ခန့်ငြားတဲ့ရုပ်ပိုင်ရှင်ပေါ့။
အဲဒီကားကနေအောင်မြင်လိုက်တာ ဇော်လင်းက “ဖက်ဖူးရောင်”ဆိုတဲ့ကျောင်းဆရာများဘဝကို ရိုက်ပြခဲ့တဲ့ကားမှာအားလုံးက
တော်ပါပေတယ်လို့ပြောခဲ့ရသလို “ချစ်လိုက်ရတာ မသဲအူ”ဆိုတဲ့ကားမှာလဲ သရုပ်ဆောင်ထွန်းထွန်းဝင်းက သူ့အနုပညာ
ကိုမှတ်ကျောက်တင်ပြခဲ့ပါတယ်။
ထွန်းထွန်းဝင်းကတော့ နော်ကူးမဇာတ်ကားနဲ့အောင်မြင်ခဲ့တဲ့ နွဲ့နွဲ့မူနဲ့အတွဲညီခဲ့တဲ့ကားလေးတစ်ကားကတော့ ဗိုလ်ကလေးတင့်အောင်ရဲ့နာမယ်ကျော်ပြဇာတ်ကို ပြန်အသက်သွင်းတဲ့ အတူးရေအသက်ရေလို့ တွင်ခဲ့တဲ့
“ငယ်ကျွမ်းဆွေ”ကားပါဘဲ။
နောက်ထွန်းထွန်းဝင်းရဲ့အောင်မြင်တဲ့ကားတစ်ခုလို့ပြောရရင် မိဘမဲ့ကလေးတစ်ယောက်ဘဝကိုအခြေခံလို့ရိုက်ကူးထားတဲ့
မေဝင်းမောင် ကိုအကယ်ဒမီရသွားတဲ့ “ကြည်ပြာ”ဇာတ်ကားပါဘဲ။
မန်းလေးနန်းရှေ့က မိဘမဲ့ကလေးကျောင်းမှာ ဇာတ်ဝင်ခန်းတွေရိုက်ကူးခဲ့ပါတယ်။
ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ မေဝင်းမောင်က သူ့ကို ငြင်းပယ်ချိန်မှာ
ခေါင်းလေးမော့ နဖူးပေါ်လက်တင်လို့ ဆွေးပြလိုက်တဲ့အခန်းကတော့ စုပ်တသပ်သပ်နဲ့သနားခဲ့ကြပါတယ်။
ရုပ်ရှင်ကြည့်တဲ့ကောင်မလေးတွေကပေါ့။
တည်ငြိမ်တဲ့ဇာတ်ရုပ်များနေရာမှာဇော်လင်းက အပီအပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဇော်လင်းကတော့ နောက်ပိုင်းမှာ စန္ဒာနဲ့အိမ်ထောင်ကျ ကားရိုက်တာတွေကျဲသွား
အခုတော့ နှစ်ယောက်စလုံးကွယ်လွန်သွားကြပါပြီ။
ထွန်းထွန်းဝင်းကတော့ ရုပ်ရှင်လောက ကခဏပျောက်သွားပေမယ့် အခုချိန်မှာတော့ အနုပညာပန်းခင်းထဲမှာ
ရင့်ကျက်တဲ့လိပ်ပြာလေးတစ်ကောင်လိုလှပစွာဝဲပျံဆဲပါဘဲ။
(မေ့မရတဲ့ အကြောင်းလေးတွေ…………….)
ကျနော်တို့ငယ်ငယ်တုန်းက နေခဲ့တဲ့ 25လမ်းသူဌေးတန်းမှာ ရုပ်ရှင်ဖြန့်ချိရေးတစ်ခုရှိပါတယ်။
မန်းလေးကို ရုပ်ရှင်လာရိုက်ကြတယ်ဆိုရင် ရုပ်ရှင်မင်းသား မင်းသမီးတွေ အဲဒီအိမ်မှာလာတည်းလေ့ရှိပါတယ်။
တစ်ရက်မှာတော့ အရပ်မြင့်မြင့်ပိန်ပိန်ပါးပါး (ရုပ်ကတော့ ဖြောင့်တယ်)မျက်နှာက ခပ်ပြုံးပြုံးနဲ့ လူတစ်ယောက်အိမ်ရှေ့ရေကန်မှာထွက်ရေချုုးိနေတာကိုသံတိုင်တွေကြားက နေ ကလေးတွေဝိုင်းကြည့်နေကြပါတယ်။
အဲဒါနဲ့ကျနော်လဲသူတို့ ဝိုင်းကြည့်နေတာဘယ်သူများပါလိမ့်လို့ တိုးဝှေ့ကြည့်လိုက်တော့ ရုပ်ချောတဲ့ဟာသသရုပ်ဆောင်
စိန်မြင့် ဖြစ်နေပါတယ်။
မြန်မာရုပ်ရှင်သရုပ်ဆောင်မှာ ဟာသမင်းသားဆိုတာမရှိသလောက်ရှားပါတယ်။
ရှားပါတယ်ဆိုတဲ့အထဲမှာမှ အရပ်အရှည်ကြီး ကလန်ကလားနဲ့ဟာသမင်းသားတစ်ယောက်ပေါ်လာပါတယ်။
သူကတော့ စိန်မြင့် ပါ။ သဘာသ ဟာသမင်းသားလို့နာမယ်ပေးရင်မလွန်ဘူးလို့ထင်ပါတယ်။
တစ်ခုသောရုပ်ရှင်ကားမှာ “ငါ ဗိုလ်ဖြစ်ပြီ ငါဗိုလ်ဖြစ်ပြီ”လို့ခပ်ကြောင်ကြောင်အော်ဟစ်ရင်းလူကြိုက်များလာခဲ့တဲ့
ဟာသမင်းသားလဲဖြစ်ပါတယ်။
“ဆိတ်မြည်သံ”ဆိုတဲ့ဇာတ်ကားနဲ့ စတင်ခဲ့တယ်လို့ ထင်ပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင်ပေ့ါ။
နောက်တော့လဲ ရုပ်ရှင်တွေရိုက်ရင်း ထင်ရှားလို့လာပါတယ်။
ထင်ရှားပါတယ်ဆိုမှ ပိုပြီးလူသိအောင်ဖြစ်လိုက်တဲ့သူ့ရဲ့အပြင်ဘဝဇာတ်လမ်းကတော့
မျက်နှာသစ်သရုပ်ဆောင် မင်းသမီးလေးနဲ့သူ့အချစ်ရေးမှာလူကြီးများကလက်မခံတော့
ကိုယ့်သဘောနဲ့ကိုယ် တူနှစ်ကိုယ်တိုင်းပြည်ထူထောင်လိုက်တဲ့အခါ ပြဿနာတွေဖြစ်တဲ့အချိန်မှာ…………….
” ကိုကို့ ကို ကျမက ခိုးတာပါ” လို့သဘောသက်ရောက်တဲ့အဖြေလေး
ကို သူ့လက်တွဲဖော်က လူသိရှင်ကြားထုတ်ဖော်ပြောခဲ့တာကြောင့် ပိုပြီး ထင်ရှားလာခဲ့ပါတယ်။
စိန်မြင့်ရိုက်သမျှကားအားလုံးမကြည့်ဖြစ်ခဲ့ပေမယ့် ထူးထူးခြားခြားဦးဦးဖျားဖျားကြည့်ခဲ့ရတဲ့အပြင်
ကျနော်ကိုယ်တိုင် ထပ်ပြီး ပြန်ကြည့်ဖြစ်ခဲ့တဲ့ကားလေးတစ်ကားရှိခဲ့ပါတယ်.။
မှတ်မှတ်ရရပြန်ပြောရမယ်ဆိုရင်ဖြင့်…………………………..
ကျနော်အစိုးရဝန်ထမ်းဘဝရှိနေစဉ်မှာ အဲဒီခေတ်က ဝန်ထမ်းတိုင်းမတက်မဖြစ်တဲ့
ဗဟိုဝန်ထမ်းတက္ကသို်လ်(ဖောင်ကြီး)ကိုတက်ရပါတယ်။
အဲဒီခေတ်က “ဖောင်ကြီးဆင်း ဖင်ကြီးစောင်း “လို့ ဟာသအလုပ်ခံရတဲ့ခေတ်ပေါ့။
အဲဒီမှာဗုဒ္ဓဟူးနေ့မှာနိုင်ငံခြားကားနဲ့ စနေနေ့မှာ ဆိုရင် မြန်မာကား အပါတ်တိုင်းရုပ်ရှင်ပြပါတယ်။
ပြတဲ့နေရာကတော့ ဝန်ထမ်းတက္ကသိုလ်အခမ်းအနားများကျင်းပတဲ့ခန်းမကြီးထဲမှာပါ။
ဗဟိုလမ်းမကြီးရဲ့အရှေ့ဘက်ဘေး မိန်းကလေးအဆောင်တွေနဲ့အားကစားခန်းမလွန်ရင်ရုပ်ရှင်ခန်းမပေါ့။
ရုံဝင်ခကပြားငါးဆယ်ဆိုတော့အင်မတန်မှသက်သာပါတယ်။
အဲဒီကပြတဲ့ရုပ်ရှင်နဲ့ပါတ်သက်ရင် အမှတ်ရစရာလေးပြောပြချင်ပါသေးတယ်။
ဗုဒ္ဓဟူးနေ့မှာဆိုရင် ညနေလေးနာရီမှာပြပါတယ်။
တကယ်လို့ ရုပ်ရှင်မကြည့်ဘူးဆိုရင် ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ရပါတယ်။
ဝန်ထမ်းတက္ကသိုလ်တံဆိပ်ပါတဲ့စွတ်ကျယ်နဲ့ဘောင်းဘီတိုအဖြူဝတ်လို့လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရတာပေါ့။
အဲတော့ ဒီသင်တန်းဆိုတာ နေ့စဉ်မနက်အစောကြီးထ ကိုယ်လက်ကြံ့ခိုင်ရေး(ပီတီ)လုပ်၊စစ်ရေးပြလုပ်၊စာသင်နဲ့အတော်လေးပင်
ပင်ပန်းပန်းလုပ်ရတာဆိုတော့ အဲဒီနိုင်ငံခြားကားပြတဲ့နေ့ဆိုရင် ရုပ်ရှင်ကြိုက်ကြိုက ်မကြိုက်ကြိုက်ရုပ်ရှင်ကြည့်ကြတာပါဘဲ။
အဲဒီခေတ်က ဆိုရှယ်လစ်ခေတ်ဆိုတော့ ဘယ်အင်္ဂလိပ်ကားကောင်းကောင်းပြမလဲ။
ရှရှားကားတွေများပါတယ်။
ပြတဲ့ရုပ်ရှင်ကောင်းရင် ကြည့် မကြည့်ချင်ရင် ရုံထဲမှာအိပ်ပေါ့။
အိ်ပ်တယ်သာပြောရတယ် သိပ်တော့ ဇိမ်မရှိလှပါဘူး။
ရုပ်ရှင်ရုံက သစ်ပင်အကွယ်မရှိတော့ အနောက်နေကထိုးထားတော့ ပူ၊
ခန်းမပေါ်တပ်ထားတဲ့ ပန်ကာက ကြာတော့လေပူတွေထွက်။
ဘယ်လောက်ပူပူ အိပ်ကြတာပါဘဲ။
ပီတီလုပ်ရတာထက်စာရင် အပုံကြီးသက်သာတာကိုးဗျ။
ဒါပေမယ့်စနေနေ့မှာပြတဲ့ မြန်မာရုပ်ရှင်တွေက ကားအသစ်တွေများပါတယ်။
အဟောင်းပြတဲ့အခါလဲပြပေါ့။
မိဝေးဘဝေးနဲ့နေရတော့ ဘာကားပြပြကြည့်တာပါဘဲ။
ရန်ကုန်မြို့မှာတောင်မပြသေးတဲ့ကားတွေကိုပြလေ့ရှိပါတယ်။
အဲဒီမှာ စိန်မြင့်နဲ့အောင်ထွန်းလေးရဲ့”အဖေတစ်ခုသားတစ်ခု”ကို
ကြည့်ပြီးမျက်ရည်တွေကျခဲ့ရသပေါ့။
စကြည့်စကတော့ စိန်မြင့်ကားဆိုရင်ဟာသပေါ့၊
သူမွေးစားထားတဲ့ကလေးအတွက်နဲ့လူပေါင်းစုံနဲ့သူရန်ဖြစ်တဲ့အခန်းတွေ၊
ဆင်းရဲသားမို့ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ရင်းကလေးလေးကိုစိတ်ချမ်းသာအောင်
နည်းမျိုးစုံနဲ့ချော့မော့လို့ထိန်းကျောင်းခဲ့တာတွေကိုကြည့်ရတော့ပရိတ်သတ်တဝါးဝါးတဟားဟားနဲ့ပါ။
သူ့သားလေး က ရှင်ပြုချင်တယ် မောင်ရှင်လောင်းဝတ်စုံလေးဝတ်ချင်တယ်ဆိုတာကို ဖြည့်ဆည်းပေး
ဘို့ကတော့ သူ့အတွက်အဖြစ်ချင်ဆုံးဆန္ဒ အလိုအပ်ဆုံးသော ရည်မှန်းချက်လိုဖြစ်နေပါတယ်။
ဒီအတွက်သူလဲကြိုးစားအလုပ်လုပ် ကြိုးစားလို့ ငွေစုပေါ့။
နောက်ပိုင်းမှာတော့ကလေးရဲ့အမေဖြစ်သူကသူ့သားကိုပြန်လိုချင်တဲ့အခါမှာ အပြင်မှာညှိနိုင်းမရ ပြန်တောင်းလို့မရတော့ တရားရုံးမှာရင်ဆိုင်ရတာတွေဘာတွေဖြစ်လာပါတယ်။
သူအနေနဲ့မရှိဆင်းရဲသားပေမယ့်ဒီကလေးလေးကို သံယောဇဉ်တွယ်ပါတယ်။
ကလေးကိုပြန်မပေးချင်ပေမယ့်လဲ ဆင်းရဲတဲ့ သူ့ဆီမှာနေရင်ဘဝနိမ့်ကျမယ်၊
ချမ်းသာတဲ့မိဘဆီမှာနေရင် ကလေးဘဝမြင့်မယ်ဆိုတာကို အားလုံးက ဝိုင်းနားချတဲ့အခါမှာကလေးကိုသူ့အမေကို
ပြန်ပေးဘို့ဆုံးဖြတ်လိုက်ပါတယ်။
သူ့အမေလာခေါ်ချိန်ကလေးက မလိုက်ဘဲပေကပ်နေတဲ့အခါမှာကလေး သူ့ကိုနာကျည်းအောင်ရိုက်နှက်ပြီး ဇွတ်မောင်းထုတ်တဲ့အခန်းတွေ၊
ကလေးကသနားစဖွယ်လက်အုပ်လေးချီလို့ တောင်းပန်တဲ့အခန်းတွေမှာ ဇာတ်ရှိန်မြင့်သထက်မြင့်လာပါတယ်။
ဥပမာပေးရရင် အအေးလွန်နေတဲ့ရေကို တကြိုက်ထဲမော့သောက်လိုက်ရသလို ရင်ထဲမှာစူးယှလို့သွားပါတယ်။
နောက်တော့ကလေး လေးကို ချမ်းသာတဲ့အမေအရင်းဆီကို ရင်နာနာနဲ့ပြန်ထည့်လိုက်ရလို့တစ်ယောက်ထဲ
ယောင်ချာချာနဲ့ကျန်နေခဲ့တဲ့အလွမ်းခန်းမှာတော့ အရှိန်အမြင့်ဆုံးပါဘဲ။
တစ်ရက်မှာတော့ ပြန်ပေးလိုက်တဲ့ကလေးလေးသူ့ဆီပြန်အလာမှာသူကားတိုက်ခံရလို့သေသွားပါတယ်။
ဇာတ်သိမ်းမှာတော့ ကလေးကို ရှင်ပြုပေးတယ်လို့ စိတ်ထဲမှာမှတ်ရင်း သူကိုယ်တိုင်ကယောကျာ်းလိုရောမိန်းမလိုပါ
သရုပ်ဆောင်လို့ရှင်ပြုတဲ့အခန်းမှာနှစ်ကိုယ်ခွဲသရုပ်ဆောင်ရီစရာတွေလုပ်ပြဇာတ်ရှိန်ကိုပြန်ချပေးပေမယ့်
ကြည့်ရသူတွေမှာဝမ်းနည်းလို့ကျလာတဲ့မျက်ရည်စတွေကိုပြန်မသိမ်းနိုင်ခဲ့ကြတာတော့အမှန်ပါဘဲ။
အဲဒီကားလေးကို ဦးဦးဖျားဖျားကြည့်ရတော့ ကိုယ်အသိမိတ်ဆွေတွေဆီစာရေးတဲ့အခါ
အဖေတစ်ခုသားတစ်ခု ရုပ်ရှင်လာရင်ကြည့်ဖြစ်အောင်ကြည့်ဆိုပြီး ကိုယ့်ထမင်းကိုယ်စားလို့ကြော်ငြာတွေဝင်ပေးပါတယ်။
တကယ်လဲ တပြည်လုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့တဲ့ကားဖြစ်ပါတယ်။
ဒီကားကို အရှိန်မြင့်သထက်မြင့်အောင် ဝိုင်းတင်ပေးသူတွေကတော့ ဒေါ်ဂျမ်းစိန် ဆွေဇင်ထိုက် နဲ့ဇော်လင်းပေါ့။
ဒီကားလေးကိုကြိုက်လွန်းတော့ ကျနော်သုံးကြိမ်ပြန်ကြည့်ဖြစ်ပါတယ်။
(ယောက်ျားလို့ရော မိန်းမလိုရောဝတ်ပြီးသရုပ်ဆောင်တာ သူပထမဆုံးလို့ထင်မိပါရဲ့)
(အခုနောက်ပိုင်း အဆိုတော်လေးဖြူက “အဖေ” ဆိုတဲ့သူ့ဗွီစီဒီသီချင်းလေးထဲမှာ ဒီကားက ဇာတ်ဝင်ခန်းတွေကိုထဲ့လို့ပြရင်း
သူကိုယ်တိုင်ကလဲ သရုပ်ဆောင်သွားပါတယ်။
သူလဲမျက်ရည်တွေကျလို့ ။ခံစားမူ့အစစ်နဲ့ကျလာတဲ့မျက်ရည်တွေဖြစ်မယ်လို့ယုံကြည်ပါတယ်။)
နောက်ပိုင်းကားမှာတော့ စိန်မြင့်လဲရုပ်ရှင်လောကထဲမှာ ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင် “သဘင်သည်မဝင်ရ”ဆိုတဲ့ကားလေးမှာ ကောလိပ်ဂျင်နေဝင်းက ဒီကားမပြီးဘဲဆုံးပါးသွားတော့
ကျန်တဲ့အပိုင်းကို စိန်မြင့်က ဆက်ပြီးရိုက်ပေးတယ်လို့ စိတ်ထဲမှာစွဲနေပါတယ်။
ဒီအတိုင်းဘဲ ဝင်းဦးရဲ့ မူံရွှေရည်ကားအဆက် ခိုင်မာလာနှင်းဆီကို ရိုက်တော့ ဝင်းဦးကွယ်လွန်သွားတဲ့အခါ
မှာရန်အောင်ကဆက်လက်ရိုက်ကူးပေးခဲ့ဘူးပါတယ်။
စိန်မြင့်လိုတကယ့်ရုပ်ရှင်သရုပ်ဆောင်ကောင်းတစ်ဦးက အရက်ကိုနှစ်သက်လွန်းအားကြီးတာရယ်
အိမ်ထောင်ရေးအဆင်မပြေတာတွေရယ်ကြောင့် သူ့အနုပညာကို ကုန်စင်အောင် ပြမသွားရသေးခင်မှာလူ
လောကကြီးထဲ့ ထွက်ခွာသွားခဲ့ရပါတယ်။
နှမျောစရာ……။
(တောက်ပခဲ့သောကြယ်ပွင့်များ)
သဘာဝမင်းသားဇော်ဝမ်းရယ် ကျော်ဟိန်းရယ်က “ကျော်ကိုချစ်မလား ဇော်ကိုချစ်မလား”ဆိုတဲ့ ကားလေးမှာဆုံခဲ့ကြပါတယ်။
အဲဒီကားရဲ့ဇာတ်သိမ်းခန်းမှာတော့ကျော်ဟိန်းကသေပေးခဲ့ရပါတယ်။
တကယ့်အပြင်မှာ ဘဝသေသွားသူကတော့ ဇော်ဝမ်းလို့ပြောရင်ရပါတယ်။
အောင်မြင်နေတဲ့အချိန်မှာ ဒီလောကထဲကနေ အကြာကြီးပျောက်ကွယ်လို့သွားခဲ့ရပါတယ်။
အနုပညာလောကကို တစ်ကျော့ပြန်လည်ရောက်ရှိချိန်မှာတော့ သူနဲ့အတူသရုပ်ဆောင်စဉ်က သေပေးခဲ့ရတဲ့ကျော်ဟိန်းက စူပါစတားဖြစ်လို့နေပါပြီ။
ဇော်ဝမ်း တစ်ကျော့ပြန်ချိန်မှာတော့ ရုပ်ရှင်လောကထက် ဂီတလောကမှာ နေရာတစ်ခု ရယူနိုင်ခဲ့တဲ့အပြင် သင်္ကြန်မင်းသား
ဆိုတဲ့ဘွဲ့ကို ပရိသတ်များက နှင်းအပ်ခဲ့ပါတယ်။
သင်္ကြန်နဲ့အကျိုးပေးလွန်းတဲ့ ဇော်ဝမ်းခေါ် ကိုတာကြီးက မန်းလေးမြို့ရဲ့ ဂုဏ်ယူစရာလူများထဲကတစ်ယောက်ဖြစ်သလို
မြန်မာ့သင်္ကြန်မှတ်တမ်းမှာ အကောင်းဆုံးရုပ်ရှင်အဖြစ်ရပ်တည်နေတဲ့”သင်္ကြန်မိုး”ရုပ်ရှင်မှာ ပြန်လည်ပါဝင်တာကအစပြုပြီး
ရုပ်ရှင်ပေါင်းများစွာကိုပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။
ဒါပေမယ့်အခုချိန်မှာတော့သူလည်း ပြန်မလာနိုင်တဲ့လမ်းကို အားလုံးလွမ်းနေရအောင်ထွက်ခွာလို့သွားတာကြာခဲ့ပါပြီ။
သင်္ကြန်မိုး အကြောင်းပြောမယ်ဆိုရင် မင်းသမီးခင်သန်းနုမပါလို့မရပြန်ပါဘူး။
အောက်နုပ်ခမ်းတွဲတွဲလေးနဲ့အရပ်အမောင်းကောင်းကောင်း ကြည်လင်တဲ့မျက်နှာပေးရှိတဲ့မင်းသမီးပေါ့။
ပထမဆုံးဇာတ်ကား ညွန့်ဝင်းနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်မှာ
ယောက်ျားလျှာလို သရုပ်ဆောင်တာကောင်းလွန်းလို့ ပထမဆုံးကားနဲ့အကယ်ဒမီရဘူးသူ၊
မယ်ဘွဲ့ရဘူးသူ တစ်ယောက်ပါဘဲ။
သူ့ခေတ်သူ့အခါမှာအနုပညာမျုးိရိုးမဟုတ်ဘဲ အောင်မြင်ထင်ရှားတဲ့မင်းသမီးတစ်လက်ဖြစ်လာတာကတော့
ပါရမီ ကြိုးစားမူ့နဲ့အခြေအနေအချိန်အခါ တစ်ထပ်ထဲကျသွားလို့လဲဖြစ်နိုင်ပါတယ်။
အဲဒီအချိန်ကနာမယ်ကျော်မင်းသား မှန်သမျှနဲ့တွဲရိုက်ဘူးသလို အောင်မြင်တဲ့ကားတွေကလဲ မရေမတွက်နိုင်အောင်ပါဘဲ။
ဇာတ်ရုပ်မျိုးစုံကိုလဲ ပီပြင်စွာသရုပ်ဆောင်နိုင်သူလို့နာမယ်ကြီးပါတယ်။
ခင်သန်းနုကားတွေကို မရေမတွက်နိုင်အောင် မမှတ်မိလောက်အောင်ကြည့်ဘူးပေမယ့် သူ့သရုပ်ဆောင်တာကို ကျနော်စိတ်ထဲမှာ တင်ကျန်နေတဲ့ကားကတော့ မှုံရွှေရည်နဲ့ သင်္ကြန်မိုးဇာတ်ကားဘဲဖြစ်ပါတယ်။
မှုံရွှေရည်မှာတော့ မိမိလေးစားရတဲ့ဆရာသမားက ဇနီးမယားအဖြစ်ဇွတ်ယူခဲ့ပေ့မယ် တကယ်ပေါင်းသင်းချိန်မှာတော့
သံသယတွေအောက်မှာ စိတ်ဒုက္ခခံနေရတဲ့သနားစရာဇာတ်ရုပ်နဲ့သရုပ်ဆောင်ခဲ့ပြီး၊
သင်္ကြန်မိုးဆိုတဲ့တစ်ကျော့ပြန်ဇာတ်ကားမှာတော့
ချမ်းသာကြွယ်ဝတဲ့ မိဘထိန်းချုပ်မှု့အောက်ကနေ မိဘသဘောမတူနိုင်လောက်တဲ့အနုပညာသမားနဲ့ချစ်ကြိုက်မိ၊
ချစ်သူနောက်ကို အားလုံးကိုစွန့်လို့လိုက်တာတောင် သူ့ကိုလာမခေါ်တဲ့ချစ်သူကိုနာကျည်းစိတ်နဲ့လက်စားခြေဘို့
ကြိုးစားတာတွေကို သရုပ်ဆောင်ရာမှာပီပြင်လှပါတယ်။
တကယ်လို့များ သင်္ကြန်မိုးဇာတ်ကားက သူ့နေရာမှာအခြားသူကိုသရုပ်ဆောင်ခိုင်းမယ်ဆိုရင်တောင်ရုပ်ရှင်ကဒီလောက်
ထိကြွတက်လာပါ့မလားလို့တောင်တွေးမိဘူးပါတယ်.။
သူကလဲအောင်မြင်နေဆဲမှာအိမ်ထောင်ကျတော့ ရုပ်ရှင်လောကကိုစွန့်ခွာ။
နောင်တစ်ချိန်မှာမှ ရုပ်ရှင်လောကကို တစ်ကျော့ပြန်ဝင်လာတော့လဲ လူကြီးအခန်းမှာအောင်မြင်ပြန်တာပါဘဲ။
ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝရောက်တဲ့အချိန် ပြည့်သူ့အချစ်တော်ဇော်ဝမ်းရယ် စိုင်းထီးဆိုင်ရယ်နှစ်ယောက်က
အောင်မြင်စပြုနေတဲ့အချိန်။
မှားယွင်းတဲ့စိတ်ဓါတ်တွေကိုဆေးကြောပြုပြင်ဘို့အတွက် ဒီအနုပညာလောကကို စွန့်ခွာလို့
အားလုံးနဲ့ဝေးသော နေရာလေးတစ်ခုအောက်မှာ နေရာချထားခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ သူ့နောက်က ကပ်လိုက်လာတဲ့ ကျော်ဟိန်းက ပိုလို့အောင်မြင်လာပါတယ်။
ကျော်ဟိန်းမှာကိန်းအောင်းနေတဲ့အနုပညာတွေကို သိသူက ဦးသုခပါ။
တွန့်လိန်လို့ သရုပ်ဆောင်တတ်သူ ကျော်ဟိန်းကို အနုပညာရည်ဝနေတဲ့ ကောလိပ်ဂျင်နေဝင်းနဲ့
တွဲဖက်လို့ တစ်ဦးကမေတ္တာ တစ်ဦးကစေတနာဇာတ်ကားမှာ တွဲဖက်လို့ သရုပ်ဆောင်ခိုင်းလိုက်ပါတယ်။
ခါးပိုက်နှိုက်ဘဝမှာကျင်လည်နေတဲ့လူငယ်လေးကိုဘဝလမ်းမှန်ပေါ်ရောက်အောင်ကယ်တင်တဲ့ကားလေးပေါ့။
“တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတဲ့ဆောင်ပုဒ်လေးကို လူတိုင်းရင်ထဲကိုရောက်အောင်ရိုက်
သွင်းခဲ့တဲ့ရုပ်ရှင်ကားလေးဆိုလဲမမှားပါဘူး။
အဲဒီကားထဲမှာကျော်ဟိန်းက စစ်ဦးထုပ်လေးဆောင်း စစ်အကျီအဟောင်းလေးဝတ်လို့ ကွမ်းလေးတဗျစ်ဗျစ်လုပ်သွား
ပါတယ်။အဲဒီကားက စပြီး မြန်မာပြည်ကလူငယ်တွေကြားမှာ ကွမ်းစားတာ ခေတ်စားလာတယ်လို့ထင်ပါတယ်။
အမြဲတမ်းမျက်စေ့နောက်လောက်တဲ့အမူအယာနဲ့ဘဲသရုပ်ဆောင်ခဲ့တဲ့ကျော်ဟိန်းကို အငြိမ်သရုပ်ဆောင်ခိုင်းလို်က်
ပါတယ်။တကယ်ကိုလဲသရုပ်ဆောင်တာပီပြင်လှပါတယ်။
အဲဒီကားကစလို့ အစက လမ်းသူရဲဆိုပြီး မနှစ်သက်သူများတောင်မှ ကျော်ဟိန်းကိုသဘောကျခဲ့ကြပါတယ်။
ကျော်ဟိန်းနဲ့ကောလိပ်ဂျင်နှစ်ယောက်တွဲလို့ထပ်အောင်မြင်တဲ့ကားကတော့အကာကအချစ်အနှစ်ကမေတ္တာပါ။
ရုပ်ရှင်ဇာတ်လမ်းကောင်းတာ မကောင်းတာအပထား ကျော်ဟိန်းတစ်ယောက် ခါးတောင်းကိုမျှောင်နေအောင်ကြိုက်ပြီး
လှေကားပေါါ်တက်လို့ ရေနံကြီး သုတ်ပြသွားတာကတော့ အားလုံးက သဘောကျလို့ ပြောမဆုံးပေါင်ဖြစ်ခဲ့ရပါတယ်။
မိဘနဲသားသမီးကစလို့ အဖိုးအဖွားထိဆွဲပြလို့ ချစ်ခြင်းမေတ္တာတွေကိုပြသွားတဲ့ကားလေးပါ။
နောက်ကျော်ဟိန်းကို ကောင်းကောင်းအသုံးချသွားနိုင်သူတစ်ယောက်ကတော့ ဒါရိုက်တာဝင်းဖေပါ။
ထွန်းဝေ ကောလိပ်ဂျင်နေဝင်းနဲ့ကျော်ဟိန်းပါ။
တစ်ခါအသက်ကယ်ဘူးတယ်ဆိုတာနဲ့တစ်သက်လုံးကျေးဇူးရှင်လိုသတ်မှတ်ပြီးနေရတာကာ အလိုလိုက်ငုံ့ခံအရှုံးပေးနေရုံတင်အားမရနိုင်ဘဲ သားစဉ်မြေးဆက်ပါ အညံ့ခံချင်တဲ့ရိုးသားလွန်းတဲ့၊
ကျေးဇူးသိတတ်လွန်းတဲ့အဖေရယ် ၊တစ်ဖက်သတ် အနိုင်ကျင့်တာကို လက်မခံနိုင်တဲ့သားဖြစ်သူရယ်
ကျေးဇူးတရားဆိုတာကိုအကြောင်းပြလို့ အနိုင်ကျင့်လွန်းတဲ့သူရယ်သုံးပွင့်ဆိုင်ဇာတ်လမ်းပါဘဲ။
“တစ်ခါကျေးဇူးရှိမိတာ တစ်သက်လုံးဆပ်လို့မကုန်တော့ဘူးလား”လို့မေးတဲ့ကျော်ဟိန်းရဲ့စကားလေးကိုအရမ်းကို
သဘောကျခဲ့တာပေ့ါ။
နောက်ကျော်ဟိန်းကားတွေအကြောင်းပြောရရင် ခင်သီတာထွန်းတွဲခဲ့တဲ့ “တစ်ခါကတစ်ဘဝ”
သူစ စိတ်ဖောက်ခါနီးမှာ ကော်ဖီခွက်အလယ်ကချိုပြီးဘေးက ခါးနေတယ် လို့ပြောလိုက်တာလေးရယ်
အတိတ်မေ့နေချိန်မှာ နာမယ်မေးတော့ ဘာဖြေရမှန်းမသိတဲ့အချိန်မော်တော်ပြင်နေတဲ့သူတွေအချင်းအချင်းပြောလိုက်တဲ့
“စက်က စက်က “ဆိုတာကို ကြားတာနဲ့ သူ့နာမယ်ကို “စက္က”လို့ပြောလိုက်တာလေးတွေကတော့ စိတ်ထဲမှာအခုချိန်ထိ
မှတ်မိနေပါသေးတယ်။
နောက် ကျနော်အကြိုက်ဆုံးကားထဲမှာ ချိုပြုံးနဲ့သူ သရုပ်ဆောင်ထားကြတဲ့” မွန်းတည့်ချိန်မှာနေဝင်သည် “ဇာတ်ကားပါ။
ရုပ်ရှင်ထဲက စရို်က်နဲ့ကိုက်အောင် ဆိုပြီး ကျော်ဟိန်းက ပိန်အောင်ထမင်းမစားဘဲ ဝိတ်ချလို့ရိုက်ခဲ့တဲ့ကားပါ။
မှတ်မှတ်ရရ အဲဒီကားထဲမှာ နာမယ်ကျော်သရုပ်ဆောင် မင်းသားချော မြင့်အောင်ရဲ့သမီး မို့မို့မြင့်အောင်က စစ်အကျီအဟောင်း
လေးဝတ်လို့သရုပ်ဆောင်ခဲ့တာပါဘဲ။
နောက်ကျော်ဟိန်းကားထဲမှာထူးခြားတဲ့ကားကတော့ ဆေးရောင်စုံဇာတ်ကား “ကျီးယောင်ဆောင်သောဒေါင်း”
ပေါ့။ အဲဒီကားထဲမှာလဲ မို့မို့မြင့်အောင်ပါတယ် ဒါပေမယ့် သူ့ကသူဌေးသမီးအခန်း။
ဒါပေမယ့် သူဘာပြောတယ်ဆိုတာမသိအောင်ပြောပြီး ပရိသတ်သတိထားမိအောင် သရုပ်ဆောင်သွားပါတယ်။
ကျော်ဟိန်းကမိန်းမလိုဝတ်ပြိးပထမဆုံးသရုပ်ဆောင်ခဲ့တော့ မပြခင်ကတည်းက လူတွေစိတ်ဝင်စားကြတဲ့ကားပေါ့။ အဲဒီအချိန်ဂီတတေးဆီးရီးလောကမှာစင်ပေါ်ကသီချင်းများနဲ့အောင်မြင်နေချိန် အဲဒီစီးရိစ်ထဲက သီချင်းတွေကိုယူသုံးပြီး ပရိသတ်ဝက်ဝက်ကွဲအားပေးအောင်ဖန်တီးလို့သွားပါတယ်။
ကျွတ်ဆပ်ဆပ် မာကြောကြောစရိုက်တွေနဲ့ ပရိတ်သတ်အားပေးမူ့ကိုရခဲ့တဲ့ကားတွေလဲအများကြီးပါဘဲ။
ငယ်စဉ်ကာလ က “အချစ်တပွဲစစ်ပွဲတစ်ရာ”လိုစစ်ကားနဲ့လူကြိုက်များခဲ့သူက အသက်အရွယ်ကြီးချိန်မှာ
“ဝေလဲမွှေးကြွေလဲမွှေး” စစ်ကားနဲ့ဘဲထပ်မံအောင်မြင်ခဲ့သလို
မိုက်ကန်းကန်းဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ “မောင်ရင်ငတေမိုက်ကန်းသည်”၊
ကျော်သူလို လူငယ်လေးကို “ဆယ်နှစ်……ဆယ်နှစ်”လို့ လက်ညိုးလေးကွေးပြပြီး စိန်ခေါ်ခဲ့တဲ့ “အကြွေး”ကားတွေ၊ကိုရိုက်ကူးခဲ့ပါတယ်။
မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ကားမှာ ပထမဆုံးသရုပ်ဆောင်တဲ့ မင်းသားသစ်(ပထမကားမှာဘဲအကယ်ဒမီရသွားပါတယ်)
နေအောင်နဲ့တစ်ကျော့ပြန်တွေ့ဆုံတဲ့ကားမှာတော့ ကျောင်းဆရာနေရာမှာသရုပ်ဆောင်တဲ့နေအောင်က
“လူဆိုတာ ဆိုးရင်ရတယ် မိုက်ရင်လဲရတယ် ဒါပေမယ့် မယုတ်မာရဘူး”လို့အပြောခံရလောက်အောင်ဆိုးသွမ်းတဲ့
စရိုက်ကိုပီပြင်အောင်သရုပ်ဆောင်ဘို့ အတွက် “ ပန်းမြိုင်လယ်က ဥယျာဉ်မှူး”မှာပြန်ဆုံခဲ့ကြပါတယ်။
ထန်းပင်အစစ်ကြီးကို ငွေအလျှော်ပေးလို့ ခုတ်လှဲပြခဲ့တာတော့ အဲဒီကားရဲ့ထူးခြားချက်ပေါ့။
ကျော်ဟိန်းကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ငယ်စဉ်ကစလို့ အသက်ကြီးသည်အထိပီပြင်စွာသရုပ်ဆောင်
နိုင်သူ ဂုရုကြီးလို့ မှတ်ယူနိုင်ပါတယ်။
ငယ်ရွယ်စဉ်ကလာ နုနုငယ်ငယ်လို့ ကားမျိုးကစလို့မျက်စေ့နောက်အောင်သရုပ်ဆောင်ခဲ့သလို လူကြီးတန်းရောက်
တဲ့အခါမှာ ကြိုးတန်းလို သဘာဝကျတဲ့ ဇာတ်ကားတွေအထိ ကားပေါင်းများစွာသရုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် စံချိန်တင်လောက်တဲ့ အရည်အတွက်လို့ပြောနိုင်အောင် အကယ်ဒမီအများကြီးရထားသူမဟုတ်ပေမယ့်
လင်းလက်တောက်ပတဲ့အနုပညာတွေနဲ့မွှမ်းထုံနေတဲ့ သရုပ်ဆောင်မူ့တွေနဲ့ဆောက်တည်ထားတဲ့
အကြိုက်ဆုံးအကောင်းဆုံးပါလို့ ပြောရခက်တဲ့ရွေးရခက်တဲ့ ရုပ်ရှင်ကားပေါင်းများစွာကိုရိုက်ကူး
ထားခဲ့ပါတယ်။
အနုပညာမှာလေးစားစရာကောင်းပေမယ့် ကျောက်ကောင်းမှန်ရင်အနာမကင်းသလိုပြင်ပလောကမှာတော့
ပြောစရာလေးကလေးတွေလဲရှိခဲ့ပါတယ်။
အခုတော့လဲ အနုပညာနဲ့ဝေးရာ အားလုံးနဲ့ဝေးရာမှာ ငြိမ်းအေးသော တရားရိပ်မှာ………………………..။
ဒါကတော့ အစီအစဉ်တကျမဟုတ်ဘဲရင်ထဲမှာရောက်လားတွေကို စားမြုံ့ပြန်မိတာလေးတွေပါ။
ကျနော်တို့ကျောင်းသားဘဝမှာ တက္ကသိုလ်ကိုနောက်ခံထားလို့ရေးတဲ့ဝတ္တုတေ(ွအထူးသဖြင့်ဆရာငြိမ်းကျော်ပေါ့)
ခေတ်စားလာပါတယ်။
အဲဒီအချိန်မှာဘဲ မြန်မာရုပ်ရှင်လောကကမှာ ထင်ရှားသူ ခေတ်သစ်ကို ခြေစလှမ်းသူ …………
“ကကြီးရေက”ဆိုတဲ့၊ဇာတ်ကားနဲ့မင်းသမီးအသစ်ကလေး မြတ်မွန်ကို ဟုန်းကနဲကျော်ကြားအောင်စင်တင်ပေးလို်က်သူ၊
စာအရေးကောင်းသူ ဒါရိုက်တာ သာဓုရဲ့သားဖြစ်သူ “ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း”လိုဇာတ်လမ်းရယ်လို့ ရေရေမရှိတဲ
ဝတ္တုကို ရုပ်ရှင်ဖြစ်အောင်ရိုက်ပြတတ်သူ အကယ်ဒမီရအောင်စွမ်းဆောင်နိုင်သူ ခြေဖဝါးတော်နုနုလိုအနုပညာတင်ကျန်တဲ့ကားမျုးိကိုရိုက်ပြထားတဲ့ အကယ်ဒမီမောင်ဝဏ္ဏရေးထားတဲ့
တက္ကသိုလ်နောက်ခံ အလွမ်းဝတ္တုလေးတပုဒ်ရှိပါတယ်။
အဲဒီကားလေးကို ရုပ်ရှင်အဖြစ်အသက်သွင်းလိုက်တဲ့အခါ…………………………………..။
ဆက်လက်ဖော်ပြပါမည်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး။
(15-9-2011)
11 comments
koyinmaung
September 18, 2011 at 7:50 pm
ဆရာပေါက်ရေ စောင့်ဖတ်ရကျိုးနပ်ပါတယ်
( ရွှံ့ပေါ်ရှင့်ပြေး ရှင့်မွှေးရွှံမလူး )
( တောင်ပေါ်ကရှမ်းကလေးရှော်ထမ်းလို့ပြေး
တိုတဲ့ရှော်ကတိုရှေတဲ့ရှော်ကရှေ )…
ငယ်ငယ်ကဒီသီချင်းကိုဆိုလိုက်ရတာ
ခုအချိန်ထိမြန်မြန်ဆိုလို့ရနေသေးတယ်
ဒီသီချင်းကိုမြန်မြန်ဆိုယင်မှားဆိုကြလို့အရမ်းရယ်ရပါတယ်…
ကျေးဇူးဘဲဆရာပေါက်…..
nozomi
September 18, 2011 at 8:19 pm
အရမ်းကို ကောင်းပါတယ် ဦးပေါက်ရေ..
ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ မှတ်တမ်း တစ်ခုပါပဲ ဦးပေါက် ပြောတဲ့အထဲက ကြည့်ဘူးတဲ့ကားလေးတွေ မျက်စေ့ထဲ ပြန်မြင်လာတယ်
ကားဟောင်းတွေက တီဗီက တစ်ခါတစ်လေ ပြလို့ တိုက်ဆိုင်မှပဲ ကြည့်ရတော့တယ် ကြည့်ချင်တဲ့ကားကို ကြည့်ချင်တဲ့အချိန် အလွယ်တကူ ကြည့်လို့ရအောင် စီစဉ်ပေးနိုင်ရင်ကောင်းမယ် အင်တာနက်မှာတင်ထားတာတို့ အခွေအနေနဲ့ ထုတ်တာတို့ပေါ့
အရင်က ရုပ်ရှင်အပေါ်ကို အရူးအမူး ဖြစ်ကြသလို ရုပ်ရှင်သရုပ်ဆောင်တွေကို ကြိုက်နှစ်သက် လေးစားတဲ့သူတွေလဲ တွေ့ဘူးရဲ့
ဝင်းဦးသရုပ်ဆောင်တာ ကောင်းတယ်လို့ ပြောတာကို ဝင်းဦးလို့ မခေါ်ပါနဲ့ ကိုဝင်းဦးလို့ခေါ်ပါလို့ တစ်ခါ ပြောခံရဘူးတယ်
hmee
September 18, 2011 at 8:59 pm
ခေတ်အဆက်ဆက်ကို သေချာပြောပြထားတာ အရမ်းကောင်းပါတယ်။ လေးပေါက်ရေ ဇော်ဝမ်းရဲ့ သူရဲကောင်းလေးများ ရုပ်ရှင် (အောင်ထွန်းလေးပါတယ်) အဲ့ဒီကားက မှီတို့ ရွာနားမှာ ရိုက်ထားတာလေ အဲ့ဒါကြောင့် ရုပ်ရှင်လာတိုင် ကြည့်ပြီး ဟေးးးး တို့ရွာနားကွလို့ အော်ခဲ့တာ အမြဲ။ နောက် ခင်သန်းနုကလည်း မှီတို့ရွာ အနောက်ဘက်က ရွာသူ။ လယ်ပြင်သူတွေ အများစုက အသားမဲပေမဲ့ ခင်သန်းနုတို့ ရွာက မိန်းခလေးတွေဟာ ဘာကြောင့်မှန်းမသိဘူး အခုအချိန်ထိ ဖြူဖြူဖွေးဖွေးနဲ့ သိပ်ချောကြတယ်။ သူ့ရွာမှာ ဇရပ်လှုထားတယ် နာမည်မပေးပေမဲ့ အားလုံးက ခင်သန်းနု ဇရပ်လို့ပဲ ခေါ်ကြတာ။ လင်းထင်ရဲ့ ဘယ်ပန်းချီရေးလို့မမှီကတော့ အရမ်းကြိုက်။ ကိုင်းတောထဲကို ငိုရင်းနဲ့ ဖြတ်ပြေးတဲ့ အခန်းမှာ မငိုပဲကို မနေနိုင်အောင်ပဲ။ စိန်မြင့်ရဲ့ သဘင်သည်မဝင်ရကားမှာ မှီမှတ်မိသလောက် ပြောရရင် ကောလိပ်ဂျင်နေဝင်းရဲ့ ဈာပနအခန်းတွေပါတယ်။ မှီ့မောင်လေး အကျင်္ ီအပွဝတ်တာကို ကြည့်ပြီး အဖေပြောတာ မှတ်မိသေးတယ် “မင်းတို့ ဟာတွေကကွာ မိသားစုလိုက် ဝင်လို့ရတယ်။ တို့တုန်းက ကျော်ဟိန်းခေတ် အကျင်္ ီကျပ်ကျပ်မှ ချုပ်ပေးတာ နဲနဲလောက် ပွနေရင် ဆဲမဆုံးဘူးတဲ့။ အဖေတို့ ဓါတ်ပုံတွေ ကြည့်တိုင်း ရီမိတယ် ဘောင်းဘီက ကျပ်ပြီး အဖျားကပွ အကျင်္ ီကဆိုတော့ လက်မောင်းကို တစ်လို့။ နောက် ဦးဇော်လွင်ကို အရမ်းကြိုက်တဲ့ကား ရှိတယ် ကားနာမည်တော့ မေ့ပြီ သမီးသုံးယောက် အဖေအဖြစ် သရုပ်ဆောင်တာ အဲ့ဒီကားမှာ အကယ်ဒမီရတယ် ထင်တယ်။ ကျော်သူ၊ မို့မို့မြင့်အောင်ပါတယ်။ အဲ့ဒီထဲက သီချင်းကိုလည်း ကြိုက်တယ် “တူနှစ်ကို တဲအိုပျက်မှာနေရ ရွှေဘုံပေါ်မှာစံရ ချစ်တာ ချစ်တာ ပဓာန” ဆိုတဲ့သီချင်းလေ။
mihninlay
September 18, 2011 at 10:40 pm
မမမှီပြောတဲ့ဇာတ်ကားကအရိုင်းစံပါယ်ပါ
ကိုပေါက်(မန္တလေး)
September 18, 2011 at 9:26 pm
ကျနော်ပိုစ်တင်ပြီးမှတစ်ခုသတိရလိုက်တာက ဇော်ဝမ်းနဲ့ကလေးတွေရိုက်ထားတဲ့ကားက
သူရဲကောင်းလေးများကို မောင်သူရလို့ သီချင်းနာမယ်ဘဲရေးပေးလိုက်မိတာပါ။
အပိုင်းလေးထိရေးပြီးသွားပါပြီ။
မျက်ရှုမဂ္ဂဇင်းအတွက်ရေးပေးတာမို့သူတို့ဆိုက်မှာတင်ပြီးမှ ကျနော်က အခြားဆို်က်ကိုတင်တော့ခဏလေး
စောင့်ပေးရတာပါ။
ဒီပို်စ်ကရှည်တော့ ကျနော်ပင်တိုင်ရေးတဲ့ ရွာထဲရယ် ကျနော်ကို လက်ဆောင်ပေးထားတဲ့
http://www.kopaukmdy.infoရယ်မှာဘဲတင်ပေးပါတယ်။
ပို့စ်ကရှည်တော့ကျန်တဲ့ဆိုက်တွေကိုအားနာလို့ပါ။
အပိုင်း(5)မှာ ဝေဖန်ချက်တွေနဲ့အဆုံးသတ်မှာဖြစ်ပါတယ်။
ရွှေဘိုသား
September 19, 2011 at 9:30 am
လေးပေါက်ပြောမှသတိရတယ် ဦးအံ.ကျော် ကြီးကလှည်းကြီးနောက်လိုက်ပြီး ထန်းရွက်နဲ. လုပ်ထားတဲ. လက်ဆောင်လေးပေးတာကြည်.ဖူးတယ် မျက်ရည်တောင်ကျတယ် အကယ်ဒမီ ရသွားတယ်လေ
အဲဒီကားလေးပြောတာလားလေးပေါက်
(မိဘတို. အသဲနှလုံးမှ စီးဆင်းသော မေတ္တာရေသည် ညွှန်းစာဖွဲ.လို.မမှီ) ဆိုတဲ.စာသားလေးကတော.
ကြည်.ပြီးကတည်းက အခုထိ အလွတ်ရနေတယ်ဗျာ
ဦးဇော်ဝမ်းရဲ. “မင်းရည်မှန်းသူက မြခဲစိန်ခဲ ………….တို့မှာကလမ်းခင်းတဲ့ကျောက်ခဲ ….တန်ဘိုးမှာလည်းနည်း” ဆိုတဲ. သီချင်းစာသားလေးကတော. တစ်ခါပဲ နားထောင်ဖူးပြီး အခုထိ တစ်ခါတလေဆိုညည်းဆဲပါဗျာ အဓိပ္ပါယ် တော်တော်ရှိတဲ. သီချင်းလေးပါ
ကြောင်ကြီး
September 19, 2011 at 10:17 am
နန္ဒာလှိုင်အကြောင်းလည်း လုပ်ပါအုံး….။
koyinmaung
September 19, 2011 at 10:49 am
ရှေ့ဟောင်းကားများပြန်ကြည့်ချင်ယင်ဒီဆိုက်မှာဝင်ကြည့်လို့ရပါတယ်
http://www.burmeseclassic.com/old_movie.php?status=go&pno=1
ဆရာပေါက်ပြောတဲ့ရုပ်ရှင်ကားတချို့တော့ရှိပါတယ်…..
windtalker
September 19, 2011 at 2:27 pm
မိုးဟေကို ရဲ ့အကြောင်းတို ့
မယ်လိုဒီ ရဲ ့ အကြောင်းတို ့လဲ
တက်ဆက်ပေးစေလိုပါကြောင်း
🙂
ကိုပေါက်(မန္တလေး)
September 19, 2011 at 10:12 pm
windtalker အဲဒါတွေက မင်းရေးရမှာလေ
Shwe Ei
September 21, 2011 at 1:28 pm
ကိုမသိတာတွေများနေလို့ ဖတ်ပဲဖတ်သွားပါတယ်။ မမန့်တော့ပါဘူး။ ရှေးတုန်းကရုပ်ရှင် သရုပ်ဆောင်တွေ အိုက်တင်လုပ်တာ ပိုတော်ကြတယ်လို့တော့ထင်ပါတယ်။ နေ့လည်ဘက်လာတဲ့ ဇာတ်ကားဟောင်းတွေက ကြည့်ဘူးသလောက်တော့ သရုပ်ဆောင်ချက်တွေက အနှစ်ပါတာချည်းဘဲ။