ဒီတပတ် voice ဂျာနယ်မှာ “စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ်လိမ်ရောင်းဆိုတဲ့ သတင်းလေး တစ်ပုဒ် ပါလာပါတယ် သတင်းမှာ ပါတာက “ အေးလျှင်ခဲတတ်သော အာနိသင်ရှိသည့် စားအုန်းဆီကို မခဲရန် အနံ့ပျော့ဆပ်ပြာမှုန့်များ ရောကျိုကာ ပဲဆီအနံ့သွင်းပြီး ပဲဆီအဖြစ်ရောင်းချမှုများရှိနေကြောင်း တောင်ဒဂုံ စက်မှုဇုန်မှ ဆုံဆီသီးသန့် ရောင်းချသူ တစ်ဦးကပြောကြားသည်။ ဈေးသက်သာသော စားအုန်းဆီကို မီးအပူပေးကျိုပြီး  အနံ့သိပ်မပြင်းသည့် ဆပ်ပြာမှုန့်များနှင့် ရောလျှင် စားအုန်းဆီသည် ရေခဲသေတ္တာထဲထည့်လျှင်ပင် မခံဘဲ အရောင်မှာလည်း ကြည်လာကြောင်း ဆပ်ပြာမှုန့်ရောထားသည့် စားအုန်းဆီ တစ်ပီပါကို မြေပဲရနံ့ တစ်အောင်စလျှင် ပဲဆီနှင့် ဆင်တူယိုးမှား ဖြစ်သွားပြီး ပဲဆီအဖြစ် ဈေးမြှင့်ရောင်းကြကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။  အိမ်ရှင်မအများစုသည် စားအုန်းဆီသာခဲပြီး ပဲဆီဆိုလျှင် မခဲဟု လွဲမှားစွာ မှတ်ယူထားကြသဖြင့် မခဲအောင် ဆပ်ပြာမှုန့် ရောကျိုခြင်းဖြစ်ပြီး ယခုခေတ်တွင် ဓာတုဗေဒနည်းပညာဖြင့် ထုတ်လုပ်ထားသော ရနံ့မျိုးစုံလွယ်ကူစွာ ၀ယ်ယူရနေသဖြင့် မခဲအောင်လုပ်ထားသည့် စားအုန်းဆီကို အနံ့သွင်းပြီး မြေပဲဆီအဖြစ် လိမ်ညာရောင်းချခြင်းဖြစ်သည်ဟုဆိုသည်။ မြေပဲဆီမှန်လျှင် မခဲဟုသာ မှတ်ယူထားသော အိမ်ရှင်မများ၏ ဗဟုသုတသည် လွဲမှားနေကြောင်း မြေပဲဆီကြိတ်လျှင် ရေနွေးဖျန်းပြီးမှ ကြိတ်ရပြီး ဆီစစ်များနှင့် ကောင်းစွာမစစ်နိုင်လျှင် မြေပဲဆီအစစ်သည်လဲ ရေခဲသေတ္တာထဲကို ထည့်ထားလျှင်ခဲကြောင်း၊ ယခုဖြစ်စဉ်သည် အိမ်ရှင်မများ အသိအမှတ်လွဲမှုအပေါ် အခွင့်အရေးယူ အသုံးချခြင်းသာဖြစ်ကြောင်း ပခုက္ကူမြို့မှ ဆီစက်လုပ်ငန်းရှင် တစ်ဦးကပြောဆိုသည်။ ယခင်က စားအုန်းဆီနှင့် မြေပဲဆီရောပြီး အနံ့ကောင်းစေရန် မြေပဲရနံ့ထည့်ကြောင်း၊ ယခုစားအုန်းဆီကို မခဲအောင်လုပ်ပြီး မြေပဲရနံ့ဖြင့် မြေပဲဆီဟုရောင်းနေသည်ကို ကြားနေရကြောင်း ၄င်းကရှင်းပြသည် ။ မြေပဲဆီအစစ်ဆိုရင်  လျှာပေါ်မှာ ဆိမ့်ပြီး ကျန်ခဲ့တဲ့အရသာကို သတိပြုသင့်တယ် ဟု ၄င်းက ရှင်းပြသည်။ လက်ရှိမြေပဲဆီ လက်ကားဈေး တစ်ပိသာ ၃၇၀၀၊၄၀၀၀ ကျပ်ခန့်ရှိပြီူး မြေပဲဆန်တပိသာ ၁၂၀၀၊၁၀၀၀ ကျပ်ခန့် ရှိကာ စားအုန်းဆီ လက်ကား တပိသာ ၁၆၅၀၊ ၁၇၀၀ ကျပ်ခန့်သာ ရှိသဖြင့် ဆီရောရောင်းလိုသူများပင် တွက်ခြေကိုက်ကြောင်း ရန်ကုန် ဘုရင့်နောင် စားအုန်းဆီ ဈေးကွက်အတွင်း စုံစမ်းသိရှိရသည် ” လို့ ရေးထားတယ်

 

ဆီတွေ သုံးရမှာ ကြောက်လာတဲ့အချိန် နောက်သတင်း တစ်ခုက မော်ဒန်သတင်းဂျာနယ်က ခင်မောင်ဝင်း(စစ်တွေ)ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်ပါ  စာရေးသူက သူ့မိတ်ဆွေအိမ်ရောက်လို့ နနွင်းမှုန့်ရောင်းနေတာတွေ့တယ် နနွင်းတပိသာကို ၃၀၀၀ လောက် ၀ယ်ရတယ် အဲဒါကို အမှုန့်ကြိတ် ပြန်ရောင်းတော့ နှစ်ဆယ်သား တစ်ထုတ်ကို ၄၀၀ (တပိသာရောင်းမှ ၂၀၀၀ ပဲ ရမယ်) ဒီအတိုင်းဆို ရှုံးနေပြီ ဘယ်လိုဖြစ်တာလဲ ဆိုပြီး မေးကြည့်တော့ သူ့မိတ်ဆွေက ရှင်းပြတာ နနွင်းတက်ကို စက်နဲ့ကြိတ်တိုင်း နနွင်းမှုန့်ဖြစ်တာ မဟုတ်ပါဘူးတဲ့ ကြိတ်ထားတဲ့ နနွင်းမှုန့်ထဲကို နနွင်းလို မှုန့်နေတဲ့ အမှုန့်တစ်မျိုးရော (ဘာအမှုန့်လဲ ၊စားသုံးလို့ အန္တရာယ် ရှိ၊မရှိ ဘယ်သူမှ မသိနိုင်ဘူး) ၊ နောက် အလေးချိန်တက်ဘို့နဲ့ ကြာရှည်ခံအောင် ဆားထပ်ရောတယ် ဆားမှာ အရည်မပျော်အောင် ရိုးရိုးချက်ဆားမဟုတ်ပဲ နေလှန်းဆားရောပါတယ်  ရောတဲ့ အချိုးအစားက နနွင်းမှုန့် တပိသာကို ရောတဲ့အမှုန့်က ငါးပိသာ နေလှန်းဆားအမှုန့်က တစ်ပိသာ ရောပါတယ် ငါးပိသာ ထည့်တဲ့အမှုန့်ကို အ၀ါရောင် ဖြစ်အောင် ဆိုးဆေးလဲ သုံးပါသေးတယ် အဲဒီအတွက် ကုန်ကျစရိတ်က နနွင်းတစ်ပိသာက ၃၀၀၀ ၊ ရောတဲ့အမှုန့် ငါးပိသာက ၈၀၀ ၊ ဆိုးဆေးဘိုးက သိတ်မကျပါဘူးတဲ့ (ဒါဆို သေချာပြီ စားသောက်ကုန်မှာ ရောခွင့်ပြုထားတဲ့ ဆိုးဆေးမဟုတ်ပဲ စက်မှုသုံး ဆိုးဆေးတွေပဲဖြစ်မယ်) ၊ ဆာတစ်ပိသာက ၁၅၀ ၊ ကြိတ်ခတပိသာက ၂၀၀ ဆိုတော့ စုစုပေါင်း ခုနှစ်ပိသာအတွက် ကျပ် ၄၁၅၀ ကျမယ် အဲဒီတော့ တစ်ပိသာကို အရင်း ၅၉၂ ကျပ် လောက်ကျမယ် အဲဒီမှာ ပလပ်စတစ်အိတ်ဘိုး ၊ နနွင်းမှုန့်အစစ်လို့ ရေးထားတဲ့စာရွက်ဘိုး၊အလုပ်သမားခပေါင်းမှ တစ်ပိသာကို ၆၀၀ လောက် ကျမယ် ရောင်းတော့ ၂၀၀၀ အမြတ်ကို စဉ်းစားသာ ကြည့်ပေတော့ ဒါက နနွင်းမှုန့် ၊ ဒီလိုပဲ ရယ်ဒီမိတ် ငရုတ်သီးမှုန့် ဆိုလဲ ငရုတ်သီး အညှာတွေ၊ ဖြူဖတ်ဖြူရော် ငရုတ်သီးခြောက်တွေ ငရုတ်ပင်အရိုးတွေ ကို ထုထောင်ကြိတ် အရောင်ဆိုး ပြီး သဘာဝ ငရုတ်သီးမှုန့်စစ်စစ်လို့ရောင်းနေကြပါသတဲ့ …..

 

ဖတ်ရင်းနဲ့တောင် တော်တော်လန့်လာတယ် စားသုံးဆီထဲ ဆပ်ပြာရောတယ် နနွင်းမှုန့်ထဲ ဘာမှန်းမသိတဲ့ အမှုန့်တွေ ရော အရောင်တွေ ဆိုးတယ် ဆိုတာ တော်တော်ကို အန္တရာယ်များနေပါပြီ အရောအနှော တွေ အတု လုပ်တဲ့ ကိစ္စတွေက နည်းပညာ တိုးတက်လာတာနဲ့အတူ လူတွေရဲ့လောဘတွေ စားသုံးသူတွေရဲ့ အသိဥာဏ်ပညာ နည်းပါးမှုတွေကြောင့် ပိုပိုများလာပါတယ် လက်ဖက်၊ ငါးပိ၊ မျှစ် တွေကို အရောင်ဆိုးတယ် ငါးခြောက်လှန်းရင် ယင်မနားအောင် ယင်မနားဆေးရည်(ပိုးသတ်ဆေး)တွေ သုတ်တယ် ဖျော်ရည်တွေမှာ လိုချင်တဲ့ အသီးရဲ့ အနံ့တွေ အရောင်တွေ ရအောင် ဓါတုဗေဒပစ္စည်းတွေ သုံးတယ် ၊ ငှက်ပျောသီးမှာ အရင်းနား စိမ်းနေသေးပေမဲ့ အပေါ်ကအသီးက ဆေးစိမ်ထားလို့ မှည့်နေပြီ ၊ခြင်ဆေးခွေမှာ ခြင်ပိုသေအောင် သတ်မှတ်ခွင့်ပြုထားတဲ့ ပမာဏာထက် ကျော်တဲ့ အဆိပ်တွေ သုံးတယ်  ကြာလေ ကြာလေ နေရ၊စားရတာ အန္တရာယ်တွေက ပိုများလာပါတယ် နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေ ကနေ ရောဂါမျိုးစုံရပြီး အသက်တိုရမဲ့ကိန်း ဆိုက်နေပါပြီ …..

 

ဒီလို သတင်းမျိုးကို သတင်းသမား တစ်ယောက်ကတောင် သိတယ်ဆိုတော့ တာဝန်ရှိသူတွေက သိချင်တဲ့ စိတ်လေးသာရှိရင် အလွယ်တကူ သိနိုင်တဲ့ အနေအထားပါ ၊ တာဝန်ရှိသူတွေကလဲ စုံစမ်းဖော်ထုတ် ၊ FDA ကလဲ သေချာစစ်ဆေး ၊ အန္တရာယ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင်လဲ ထိထိရောက်ရောက် အရေးယူ သင့်ပါတယ်(တရုတ်မှာ မယ်လမင်းထည့်တဲ့သူ သေဒဏ်ပေးသလို ပြတ်ပြတ်သားသား လုပ်ရမှာပါ ) ရိုးရိုးရေ သောက်ရင် ကျန်းမာရေးထိခိုက်မှာ စိုးလို့ ရေသန့်ဝယ်သောက်မိမှ ဘုံဘိုင်ကရေကို ရေစစ်လေးနဲ့ စစ်ထဲ့လာတဲ့သူ ၊ စာအုန်းဆီ ဆို ကြောက်လို့ ပဲဆီကို ဈေးကြီးပေး ၀ယ်သုံးကာမှ ပဲဆီမရောင်းဘဲ စားအုန်းဆီထဲ ဆပ်ပြာနဲ့ရောတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ သက်ညှာပေးစရာ အကြောင်းမရှိပါဘူး..

 

FDA အပိုင်းက လုပ်နိုင်သလောက် လုပ်နေပေမဲ့  သူတို့မှာ ရှိတဲ့ လူအင်အား ဘတ်ဂျတ်အခြေအနေနဲ့ ဈေးကွက်မှာ ရှိတဲ့ ပစ္စည်းရဲ့ တ၀က်လောက်ကို စစ်ပေးနိုင်ရင်တောင် ကံကောင်းပါ ၊ အစိုးရအပိုင်းက လူ၊ငွေကြေးသုံးစွဲနိုင်မှုအပိုင်း ကို တဖြည်းဖြည်း တိုးချဲ့သွားဘို့လိုသလို ပြည်သူတွေအပိုင်းကလဲ ကိုယ်နိုင်တဲ့ ၀န် ၊ ကိုယ် ၀င်ထမ်းမှ ပိုအဆင်ပြေမှာပါ အစိုးရမှာ  FDA ရှိသလို ၊ အပြင်မှာလဲကျွမ်းကျင်ဝန်ထမ်း စက်ကိရိယာ အပြည့်အစုံနဲ့ သမာသမတ်ကျကျ စစ်ဆေးပေးနိုင်မဲ့ NGO တွေ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ပေါ်လာဘို့ အစပျိုးသင့်ပါပြီ ( တကယ်တော့ နောက်တောင်နောက်ကျနေတာပါ)အစားအသောက်တိုင်းက စစ်ဆေးထားတဲ့ လက်မှတ်ပါဘို့လိုပြီး အဲဒီအဖွဲ့အစည်းတွေက စစ်ဆေးထားတဲ့ လက်မှတ်ပါရင် ဘာစိုးရိမ်ကြောင့်ကြမှုမှ မရှိဘဲ စားသုံးနိုင်တဲ့ အခြေအနေမျိုး ဖြစ်သင့်နေပါပြီ …..

 

အရောအနှော အတုအယောင် သတင်းတွေ အတွေ့များလာပြီး လူလဲ စိတ္တဇဖြစ် လာပါတယ် ဟိုအစာရော ဘာရောထားမလဲ ဒီဟာရော သန့်ပါ့မလားနဲ့ တွေးမိလာပါတယ် ၊ ကြော်လိုက်ရင် ငါးနံ့လေးမွှေးပြီး စားရတာ မွနေတဲ့ ငါးမုန့်ကရော တကယ့်ငါးအနံ့မှ ဟုတ်ရဲ့လားလို့ စဉ်းစားမိတာနဲ့ အရင်လို အားရပါးရတောင် မစားဖြစ်တော့ပါဘူး အစားအစာတွေကို တဖြည်းဖြည်းနဲ့ စားရမှာတောင် ကြောက်လာပါတယ်   အင်း … ဒါပေမဲ့လဲ    ကြောက်ကြောက်နဲ့တော့   စားနေရဦးမှာပါပဲ…..

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ