ပုဂ္ဂလိကစက်သုံးဆီဆိုင် လုပ်ကိုင်ခွင့်ရသည့်အဖွဲ့အားလုံး ရန်ကုန်မြို့ပေါ်ဆိုင်များ ရရှိခြင်းမဟုတ်ပဲ ကုမ္ပဏီအချို့နယ်ဆိုင်များသာလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခုမှ စက်သုံးဆီအား ဝယ်ယူသည့် ဈေးရင်းအတိုင်း ရောင်းချနိုင်ရန်စီစဉ်လျက်ရှိ

klnMay 21, 20101min690

ပုဂ္ဂလိကစက်သုံးဆီဆိုင်လုပ်ကိုင်ခွင့်ရသည့် အဖွဲ့အစည်းမှာ ၂ဝကျော်သာရှိသည်ဟုဆိုသော်လည်း အဆိုပါအဖွဲ့အားလုံး ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်များအားခွဲဝေလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းမဟုတ်ကြောင်း၊ ကုမ္ပဏီတစ်ဝက်နီးပါးမှာ နယ်ဆိုင်များသာ လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇယ်ဆီတင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်သိရသလောက်တော့ ယုဇန၊ မြတ်မေတ္တာမွန်ကုမ္ပဏီတွေဆိုရင် နယ်ဆိုင်သီးသန့်ပဲဖွင့်မှာ၊ ရန်ကုန်မြို့ပေါ်မပါဘူး။ နယ်ဆိုင်ပဲရတဲ့ တခြားကုမ္ပဏီတွေလဲ ကျန်ပါသေးတယ်။ ရန်ကုန်မြို့ပေါ်ဆိုင်တွေကို အနည်းစုက ဖွင့်လှစ်မယ့်အနေအထားပါ”ဟု ရှင်းပြခဲ့သည်။ အစိုးရဆိုင်များအနေဖြင့် စက်သုံးဆီရောင်းချရာတွင် FEC ဖြင့်ဆိုပါက ဒီဇယ်ဆီတစ်ဂါလန် ၃ ဒသမ ၁ယူနစ်၊ ဓာတ်ဆီတစ်ဂါလန် ၃ ဒသမ ၂ယူနစ်ဖြစ်ကြောင်း၊ ပြင်ပပေါက်ဈေးများမှာမူ ဒီဇယ်ဆီတစ်ဂါလံ ၃၂၀ဝကျပ်၊ ဓာတ်ဆီတစ်ဂါလန် ၃၆၀ဝကျပ်ဖြစ်ကြောင်း သိရသည်။ လက်ရှိဖွင့်လှစ်ထားသည့် ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့မှ ရောင်းချသည့် ဒီဇယ်ဆီတစ်ဂါလန်ဈေးနှုန်းမှာ ကျပ် ၃၂၀ဝဖြစ်သည့်အတွက် ပုဂ္ဂလိကဆိုင်များပြင်ပပေါက်ဈေးအတိုင်း ရောင်းချသည့်အနေအထားရှိကြောင်းသိရသည်။ “ဧဒင်ကုမ္ပဏီက ဆိုင်စဖွင့်တဲ့အခါ ဓာတ်ဆီကို ဝယ်ယူကုန်ကျတဲ့ဈေးရင်းအတိုင်းနဲ့ စပြီးရောင်းသွားဖို့ စီစဉ်နေတယ်လို့ လောလောဆယ်ကြားသိရတယ်။ စီစဉ်နေတဲ့ အနေအထားလို့ပဲ ကြားသိရသေးတယ်ဆိုပေမဲ့ ပုဂ္ဂလိကဆိုတာပြိုင်ဆိုင်တဲ့ဈေးကွက် ပုံသဏ္ဍာန်မျိုးနဲ့ သွားကြရတာဖြစ်လို့ နောက်ကုမ္ပဏီတွေလဲ သူ့နည်းနဲ့သူ အပြိုင်ရောင်းနိုင်ဖို့ လုပ်လာကြမယ်ဆိုရင်တော့ ဈေးကအရမ်းမြင့်မသွားဘူးလို့ ခန့်မှန်းရတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကရှင်းပြခဲ့ကြောင်း သိရသည်။