ဒီရက်ပိုင်း တက်လာသော ပို့စ်လေးများကို ဖတ်ပြီး ကျွန်တော် ကွန်းမန့် ၀င်ပေးနိုင်ခြင်း မရှိခဲ့ပါ။ ကြောင်ကြီး၊ ကိုသစ်မင်း၊ အဘ FR နှင့် သူကြီး kai တို့၏ ဆွေးနွေးချက်များကိုသာ ဖတ်ပြီး ငိုင်တွေငေးမော နေရသော အဆင့်ဖြင့် လေ့လာမှု နယ်ပယ် မကျယ်ပျံ့ပါသော ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်မိပါသည်။ သို့သော် လေ့လာရန်လိုအပ်သည်ဆိုတာကို ရိုးရိုးသားသား လက်ခံလိုက်ကာ အိမ်နားတွင်ရှိသော စာပေလောကသို့ ချီတက် ခဲ့ဖြစ်ပါသည်။ ဆိုင်မှ အရောင်းစာရေးမလေးထံမှ စာအုပ် နှစ်အုပ် ၀ယ်ပြီး ညနေဘက် ထမင်းစားပြီးချိန်မှ စဖတ်ဖြစ်ပါသည်။ အရင်ဆုံးစကိုင်ဖြစ်သည့် စာအုပ်မှာပင် ရွာထဲမှ ကျွန်တော့်လို စာဖတ်ဘို့ အချိန်မရ သူများကို ဝေငှပေးချင်စိတ်ပေါက်လာခဲ့ပါသည်။ အပေါ်က ပုဂ္ဂိုလ်ကြီးများကြားတွင် ကျွန်တော်တို့လည်း လူရာဝင်အောင် အတူတူလေ့လာပြီး အတူတူ သင်ယူကြတာပေါ့ခင်ဗျာ။ စာအုပ်ရေးသူမှာ ဆရာကျော်ဝင်းဖြစ်ပြီး စာအုပ်နာမည်မှာ ဂလိုဘယ်လိုက်ဇေးရှင်း တတိယလှိုင်းနှင့် ဦးနှောက်ပါဝါစစ်ပွဲများ ဖြစ်ပါသည်။

တဲလင့်ဝါး (သို့မဟုတ်) ဦးနှောက်ပါဝါစစ်ပွဲများ ဆိုသည့်ခေါင်းစဉ်ဖြင့် အခန်းတစ်ခန်းကို အတူဖတ်ကြည့်ရအောင်ပါ။ တစ်ဆက်တည်းကူးရေးပေးလိုက်ခြင်းမျိုး မဟုတ်ပဲ ဖတ်ရလွယ်အောင် ကျော်သင့်သည်များကိုကျော်၍ ပြန်ပြောပြခြင်းမျိုးဟုသာ မှတ်ယူပေးကြပါ။ စာမျက်နှာ ၂၃၂ မျက်နှာပါ စာအုပ်၏ ၁၀ မျက်နှာခန့်ကို ဖတ်ပြီးပြန်ရေးပြခြင်းဖြစ်ပါသည်။ သိပြီးဖတ်ပြီးသူများအတွက် မရည်ရွယ်ပါ။ မသိသေး မဖတ်ရသေးသူများအတွက်သာ ရည်ရွယ်ပါသည် ခင်ဗျား။ အစအဆုံး ဖတ်ချင်သူများ ၀ယ်ဖတ်ကြပါလို့။

 

တိုင်းပြည်များကြား နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ယခင်က အင်အားချိန်ခွင်လျှာ (Balance of Power) အကြောင်း ကိုသာ တည်ပြောခဲ့သော်လည်း ယခု ဦးနှောက် ချိန်ခွင်လျှာ (Balance of Brains) အကြောင်း အလေးထားပြောလာရသည်။ ပါဝါကိုယ်တိုင်က ပညာဘက်သို့ ရွေ့လာသည့် သဘောဖြစ်သည်။ တစ်နည်းပြောရလျှင် ပညာသည်ပင် ပါဝါ ဖြစ်လာသည်ဟု ဆိုနိုင်သည်။

TALENT ဆိုသည်မှာ ထူးချွန်ထက်မြက်သူများ၊ ပါရမီရှိသူများ၊ ဇ ရှိသူများ ဟု အလွယ်ခေါ်နိုင်စရာရှိပါသည်။ ဒီပို့စ် တွင် အဆိုပါ TALENT ကို ဇ ရှိသူများဟု ခေါ်ဝေါ် သုံးစွဲသွားမည်ဖြစ်ပါသည်။ ယနေ့ခေတ်အခါအရ “ဇ ရှိသူများ က အဖွဲ့အစည်းကို လိုအပ်သည်ထက် အဖွဲ့အစည်းက ဇ ရှိသူများကို ပိုလိုအပ်နေပြီ “ ဟု ကောက်ချက်ချ နေကြပြီဖြစ်ပါသည်။ ကုမ္ပဏီတွေကလည်း ဇ ရှိသူများနောက်ကို အပြိုင်အဆိုင် လိုက်နေကြပြီဖြစ်သည်။

ဤတွင် အထက်ပါ ဇ ရှိသူများနောက် အဖွဲ့အစည်းတွေက အပြိုင်အဆိုင်လိုက်လာကြပြီး ဇ ရှိသူများကို အပြိုင်အဆိုင် ရှာဖွေစုစည်းကြ သည့် တဲလင့်ဝါး (Talent War) များဖြစ်လာနေပြီဖြစ်သည်။

စင်စစ် တဲလင့်ဝါး ကို သဲကြီးမဲကြီး ဆင်နွှဲနေကြသည်မှာ ကုမ္ပဏီများသာမဟုတ်။ တိုင်းပြည်များ၊ အစိုးရများသည်လည်း တဲလင့် မွေးမြူရေး၊ တဲလင့်စွဲဆောင်ရေး၊ တဲလင့်ထိန်းသိမ်းရေးများကို အစီအစဉ်ရှိရှိ လုပ်လာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများက လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို လျှော့ပေါ့၍ နိုင်ငံတကာ တဲလင့်များကို တံခါးကျယ်ကျယ် ဖွင့်ခေါ်သည်။ မိမိတို့ နိုင်ငံရှိ တက္ကသိုလ်ကျောင်းတိုက်ကြီးများကို တဲလင့် စွဲဆောင်နိုင်အောင် ပညာဗဟိုအဖြစ် အားကျိုးမာန်တက်တည်ဆောက်လာကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ကိုယ်ပိုင်တဲလင့်များ မွေးထုတ်နိုင် အောင် လူ့စွမ်းအား အရင်းအမြစ်တည်ဆောက်ရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လာကြသည်။ မိမိတို့ တိုင်းပြည်မှ လူငယ်လူရွယ်များ ကို နိုင်ငံတကာ တက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားစေသည်။ အကြောင်းကြောင်းကြောင့် အမိမြေနှင့်ဝေးနေသော အဝေးရောက် တဲလင့်များ ပြည်တော်ပြန်လာစေရန် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

(ဒါကတော့ အခု ကျွန်တော်တို့ အစိုးရကလည်း လိုက်လုပ်နေပြီဖြစ်သည်။)

ဂျင်နရယ်အီလက်ထရစ် (ဂျီအီး) အနေဖြင့် မိမိ ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပုံမှန်စစ်ဆေးပြီး အတော်ဆုံးလူကို ထိပ်တင်ကာ အညံ့ဆုံလူကို ဖယ်ရှားသည့် စနစ်ကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့သည်။ ကုမ္ပဏီပိုင် ဇ ရှိသူများ ခေါ် တဲလင့်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၅၀ အလွန် နှစ်များလောက်ကပင် ဂျီအီးပိုင် ကော်ပိုရိတ်တက္ကသိုလ်တစ်ခု တည်ထောင်ထားခဲ့သည်။ ဂျီအီးဥက္ကဌ ကိုယ်တိုင် အဆိုပါတက္ကသိုလ်သို့ အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သွားရောက်ကြီးကြပ်ပေးခဲ့သည်။ (ဒါက ကိုယ်ပိုင် ဇ ရှိသူများမွေးထုတ်လာကြသည့် အကြောင်း)

ဤသို့ဖြင့် ဇ ရှိသူများ လိုအပ်ချက်မှာ ကုမ္ပဏီများ၏ သေရေးရှင်ရေး လိုအပ်ချက်ပြသနာ ဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်ဖေါ်ထုတ် ရေး မှာ နံပတ်၁ ဦးစားပေးတာဝန်ဖြစ်လာသည်။ တစ်လျှောက်လုံး နောက်တန်းတွင်သာ အရေးမပါသောဘ၀ဖြင့် နေခဲ့ရသော လူ့စွမ်းအားအရင်း အမြစ်ဌာန (HR Department) များမှာ ချက်ခြင်းဆိုသလို ရှေ့တန်းသို့ ခုန်တက်လာသည်။ HR မန်နေဂျာများမှာ လုပ်ခလစာ အများဆုံးခံစားခွင့် ရှိသူများဖြစ်လာသည်။ ၄င်းတို့ကို ဇ ရှိသူများစီမံခန့်ခွဲရေးနှင့် ပတ်သက်သော  နောက်ဆုံးပေါ်တက်ခနိုလိုဂျီ များဖြင့်လည်း လက်နက်တတ်ဆင်ပေး လာကြသည်။ ဂျီအီးကို အတုယူပြီး ကုမ္ပဏီပိုင်တက္ကသိုလ်များဖွင့်ကာ ကိုယ်ပိုင် ဇ ရှိသူများကို မွေးထုတ်လာကြသည်မှာ တက္ကသိုလ်ပေါင်း ၁၆၀၀ ခန့်ရှိနေပြီဟု သိရသည်။ ဤသည်တို့မှာ ဇ ရှိသူများ စီမံခန့်ခွဲရေးပညာ (Talent Management) ကို ရှေ့တန်းသို့ ပို့လိုက်သော နောက်ခံအခင်းအကျင်းများဖြစ်ပါသည်။

(ဒီအထိကတော့ ထူးချွန်ထက်မြက်တဲ့ ဇ ရှိသူတွေကို အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်မြင့်မားလာတဲ့အတွက် ကိုယ်ပိုင်ဇ ရှိသူများ မွေး ထုတ်လာကြတာကို သိခဲ့ရပါတယ်။)

နောက်ဆက်သိရတာက (Talent Management) အကြောင်း ရှင်းပြထားတာဖြစ်ပါတယ်။ ဒါကတော့ နောက်ကြုံမှ သတ်သတ်ပြန်ရေးပါ မည်။ အခုတော့ အရေးကြီးတာလေး ဆက်သွားရအောင်ပါ။ တံခါးဖွင့်ပေါ်လစီ ဆိုတာလေးကို ဖတ်ကြည့်ရအောင်ပါ။

ယခင်က တံခါးဖွင့်ပေါ်လစီဟု ဆိုလိုက်လျှင် နိုင်ငံတကာကုန်သွယ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှု နယ်ပယ်တို့နှင့်သာ အဓိက သက်ဆိုင်သည်ဟု နားလည်ခဲ့ကြသည်။ ယနေ့ တံခါးဖွင့်ပေါ်လစီတွင်မူ နောက်ထပ်အရေးကြီးသော တတိယနယ်ပယ်တစ်ခု ပေါ်လာသည်။ လူ့အရင်းအမြစ်နယ်ပယ် ဖြစ်ပါသည်။ တိတိကျကျ ဆိုရလျှင် နိုင်ငံတကာ ဇ ရှိသူများကို မိမိတိုင်းပြည်သို့ လာရောက်အခြေချနေထိုင်စေရန် ဆွဲဆောင် သိမ်းသွင်းကြခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံများပါ ဤ ကိစ္စအတွက် အားသွန်ခွန်စိုက် ကျိုးပမ်းလျက်ရှိကြသည်။ အစဉ်အလာ အရပြောရလျှင် အခြားနိုင်ငံများမှ မိမိနိုင်ငံအတွင်းသို့ လာရောက်နေထိုင်သူများအရေးမှာ သက်ဆိုင်ရာနိုင်ငံအတွက် ဖိအားတစ်ခု အနေနှင့်သာ သဘောထားခဲ့ကြသည်က များသည်။ လက်တွေ့ကျကျ ဆန်းစစ်ကြည့်လိုက်လျှင်မူ အခြားနိုင်ငံများမှ လာရောက်အခြေချ နေထိုင်သူများ၏ စွမ်းဆောင်မှုသာ မပါခဲ့လျှင် ယနေ့အောင်မြင်မှုရနေသော နိုင်ငံတော်တော်များများ၏ စီးပွားရေးမှာ ယခုအခြေအနေသို့ ရောက် နိုင်လိမ့်မည်မဟုတ်ပါ။ အဆိုပါလာရောက်နေထိုင်သူများကြောင့် ပြသနာအချို့ရှိခဲ့သည်မှာ မှန်သော်လည်း၊ ၄င်းတို့မှာ ဆင်းရဲသားများထက် ပညာတတ်များကသာ အများစုဖြစ်သောကြောင့် အဆိုးထက်အကောင်းက ပိုသည်ဟု တွက်ဆလာကြပါသည်။

နိုင်ငံအများစုမှာ မိမိတို့၏ လူဝင်မှုကြီးကြပ်ရေးဥပဒေများကို လျှော့ပေါ့ပြီး ကျွမ်းကျင်အလုပ်သမားများ၊ အလွယ်တကူဝင်ရောက်အခြေချ လာနိုင်စေရန် တံခါးကျယ်ကျယ်ဖွင့်လာကြသည်။ (ဒီနေရာမှာတော့ ကျွန်တော်တို့ သူကြီးအမြဲပြောပြောနေတာနဲ့ တစ်ထပ်တည်းပါပဲ)။ တချို့နိုင်ငံ များဆိုလျှင် တံခါးကျယ်ကျယ်ဖွင့်ရုံမက မက်လုံးမျိုးစုံ ပင် ဖန်တီးလာကြပါသည်။ ဂျာမနီနိုင်ငံက ကျွမ်းကျင်အလုပ်သမားများအတွက် အထူးဦးစား ပေး ပြည်ဝင်ခွင့် ဗီဇာများထုတ်ပေးသည်။ ဗြိတိန်ကလည်း ဘာသာရပ်မျိုးစုံ ကျွမ်းကျင်အဆင့်ရှိသူများကို နှစ်ရှည်အလုပ်လုပ်ခွင့်ပါမစ်များ အလွယ်တကူ ချပေးလျက် ရှိသည်။ ကနေဒါနှင့် သြသတြေးလျ တို့ကလည်းအားကျမခံ။ ၄င်းတို့နိုင်ငံတက္ကသိုလ်များသို့ လာရောက်ပညာသင်ကြသော နိုင်ငံခြားသားကျောင်းသားများကို ဘွဲ့ရပြီးသည့်တိုင်အောင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရအောင် အစီအစဉ်ချထားသည်။

ဤသို့ ဇ ရှိသူများကို အပြိုင်ဆွဲဆောင်နေကြသည့် ပြိုင်ပွဲကြီးတွင် ရှေ့ဆုံးမှ ပြေးနေသည်မှာ စင်္ကာပူဖြစ်ပါသည်။ စင်္ကာပူနိုင်ငံသည် ယခုလောလောဆယ် တဲလင့် ပြိုင်ပွဲကြီးတွင် အခြားနိုင်ငံများထက် နှာတစ်ဖျားသာသော အနေအထားသို့ ရောက်နေပါသည်။

စင်္ကာပူ၏ ပထမဆုံးခြေလှမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေသော မိမိနိုင်ငံသားများကို အမိမြေပြန်လာစေရန် ဆွဲဆောင် ကြိုးပမ်းခြင်းဖြစ်သည်။ (ဒါကတော့ ကျွန်တော်တို့ အစိုးရလုပ်တာကို အတုခိုးတာဖြစ်ရမယ်။ : haha) ဒုတိယခြေလှမ်းမှာ နိုင်ငံတကာ မှ အတော်ဆုံး၊ အထက်ဆုံး၊ ဇ အရှိဆုံးလူများကို စင်္ကာပူသို့ လာရောက်အခြေချနေထိုင်စေရန် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအတွက် အလွန်ပျော့ပျောင်းသော လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် လက်တွေ့အကောင်အထည်ဖေါ်ခဲ့သည်။

ဤသို့ နိုင်ငံတကာ ဇ ရှိသူများ ဆွဲဆောင်သိမ်းသွင်းရေးတွင် နိုင်ငံအများစု အဓိကအားထားကြသည်မှာ ၄င်းတို့နိုင်ငံရှိ တက္ကသိုလ်ကျောင်းတိုက်ကြီးများ ဖြစ်သည်။ (ကျွန်တော်တို့ရဲ့ ရန်ကုန်တက္ကသိုလ်ကိုလည်း အဆင့်မြှင့်တင်ပြီး ဒီလိုလုပ်သင့်တယ်ထင်ပါတယ်။) ဤသို့ဖြင့် ထိပ်ဆုံးအဆင့် ဥာဏ်ရည်ဥာဏ်သွေး ရှိသူများကို ဆန်ကာတင်စုစည်းပြီးသား ဖြစ်နေသည်။ ထိုမျှမက နိုင်ငံခြားမှ လာရောက်ပညာရှာ ကြသော ကျောင်းသားများ၏ အထွေထွေ အသုံးစရိတ်မှာ သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးထဲသို့ အလိုလိုစီးဝင်ပြီးသား ဖြစ်သွားသည်။ဤ အကြောင်းများကြောင့် တက္ကသိုလ်များကို နိုင်ငံပေါင်းစုံမှ ဇ ရှိသူများ ရှာဖွေစုစည်းရေးအတွက် အလွန်အသုံးတည့်သော ပိုက်ကွန်များအဖြစ် သဘော ထားလာကြသည်။

ဂျပန်တက္ကသိုလ်များမှာ ဟိုးယခင်ကပင် နိုင်ငံတကာကျောင်းသားများကို ဆွဲဆောင်ဖို့ ကြိုစားခဲ့သော်လည်း မျှော်လင့်သလောက် အောင် မြင်မှုမရ ဟု သိရသည်။ အဓိက အခက်အခဲမှာ ယဉ်ကျေးမှုဓလေ့ဆိုင်ရာ အတားအဆီး အခုအခံများကြောင့် ဟု ဆိုပါသည်။

ဒရိန်းမှ ဂိန်း သို့

ဦးနှောက်ယိုစီးမှု (Brain Drain) ကို ဦးနှောက် အကျိုးအမြတ် (Brain Gain) အဖြစ် လှည့်ပြောင်းပစ်ရေးပေါ်လစီဖြစ်ပါသည်။ တဲလင့်ပြိုင်ပွဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ လက်တွေ့ကျင့်သုံးလာကြသော ပေါ်လစီဖြစ်သည်။ ဤသို့ ကျင့်သုံးရာတွင် အောင်မြင်မှု အရဆုံးမှာ တရုတ်နှင့် အိန္ဒိယ တို့ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုအနေနှင့် ပြသနာပေါင်းစုံနှင့် ရုန်းကန်နေကြစဉ်အတွင်း ထိုနိုင်ငံများမှ ပညာတတ်တော်တော်များများမှာ နိုင်ငံရပ်ခြားသို့ ရောက်သွားခဲ့ကြသည်။ ဤသည်ကို ဦးနှောက်ယိုစီးမှုဟုခေါ်ပါသည်။ ထိုစဉ်ကာလကမူ ဤသို့ အမိနိုင်ငံကို စွန့်ခွာသွားကြသူများကို မျိုးချစ်စိတ်ကင်းမဲ့သူများ၊ အမျိုးသားသစ္စာဖေါက်များစသည်ဖြင့် နာမည်တတ်ခဲ့ကြပါသည်။

တရုတ်နိုင်ငံ၏  “ဦးနှောက်အကျိုးအမြတ်စီမံချက်” အကြောင်းပြောလျှင် ၁၉၈၇ ခုနှစ်က တရုတ်ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူး ကျောက်ကျိယန်၏ မိန့်ခွန်းမှ အစပြုရပါလိမ့်မည်။ သူက ဦးနှောက်ယိုစီးမှု ပြသနာကို အမြင်သစ်ဖြင့် ချဉ်းကပ်ကြည့်သည်။ “ယိုစီးသွားသော ဦးနှောက်များကို ပင်လယ်ရပ်ခြားတွင် သိမ်းဆည်းထားသော ဦးနှောက်ပါဝါများအဖြစ် သဘောထားရမည်” ဟု ဆိုသည်။ “ တရုတ်ပြည်ကြီး ခေတ်မီဖွံ့ဖြိုးရေးအတွက် အဆိုပါအဝေးရောက် ဦးနှောက်ပါဝါကို ပြန်လည်အသုံးပြုနိုင်ရန် ကြိုးစားရမည်” ဟုလည်း ဆော်သြခဲ့သည်။ ယခုအခါ ကျောက်ကျိယန်မရှိတော့သော်လည်း သူ့ကိုဆက်ခံသူများက ဤပေါ်လစီကို လက်တွေ့ကျင့်သုံးခဲ့ကြသည်။ ပင်လယ်ရပ်ခြားတရုတ်များထဲမှ တရုတ်ပြည်က အဓိကပစ်မှတ်ထားသည်မှာ ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်သည်။ သူတို့တတွေ အမိမြေသို့ ပြန်လာစေရန် ရုပ်ပိုင်းရော၊ စိတ်ပိုင်းပတ်ဝန်းကျင်များကိုပါ ဖန်တီးပေးသည်။ လက်တွေ့ပြန်လာသူများကိုလည်း နိုင်ငံခေါင်းဆောင်များ ကိုကြိုဆိုသလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။ (ကျွန်တော်တို့ နိုင်ငံကလည်း ကြိုဆိုသင့်တာပေါ့ နော။ : ha ha) တဲလင့် တစ်ရာ ပရိုဂရမ် ဆိုသော အဝေးရောက်တရုတ်ပညာရှင်များ အဖွဲ့ကို ဖွဲ့စည်းစေပြီး ဆီလီကွန်ချိုင့်ဝှမ်းလိုနေရမျိုးတွင် ရုံးဖွင့်စေသည်။ နှစ်ပေါင်းနှစ်ဆယ်နီးပါးမျှ ကြာသောအခါ တရုတ်တို့၏ ပေါ်လစီ အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ၁၉၈၅ ခုနှစ်က ပြည်တော်ပြန်အရေအတွက် ၁၀၀၀ သာသာမျှသာရှိခဲ့ ရာမှ ၂၀၀၄ ခုနှစ်တွင် ၂၅၀၀၀ အထိ ရှိလာသည်။

အန္ဒိယနိုင်ငံကြီးမှာလည်း ဦးနှောက်ယိုစီးမှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော တိုင်းပြည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်သော အိန္ဒိယလူမျိုးပေါင်း သန်း ၂၀ ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ ယခု ဦးနှောက်အကျိုးအမြတ်ပေါ်လစိကို လက်တွေ့ကျင့်သုံးရာတွင်မူ တရုတ်နှင့်မတူပါ။ နိုင်ငံတကာရှိ အောင်မြင်မှု ရနေသော အိန္ဒိယနွယ်ဖွား ဘိဇနက်ခေါင်းဆောင်များကို အဓိက ပစ်မှတ်ထားသည်။ သူတို့တတွေ အမိနိုင်ငံပြန်လာရေးထက် အဝေးတစ်နေရာမှပင် အမိမြေကို ကျေးဇူးပြုနိုင်ဘို့အတွက် ဦးစားပေးစီစဉ်သည်။ အွန်လိုင်းပေါ်တွင် နက်ဝပ်ဖွဲ့စေပြီး အိန္ဒိယဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ငွေကြေး၊ အဆက်အသွယ်၊ ပညာနှင့် အတွေ့အကြုံများကို စုစည်းရှာဖွေပေးသည်။

အိန္ဒိယပေါ်လစီမှာလည်း သူ့နည်းသူ့ဟန်နှင့် အောင်မြင်ခဲ့သည် ဟုဆိုရမည် ဖြစ်ပါသည်။ ငွေကြေးရှာဖွေပေးကြသည်သာမက အဆက် အသွယ်များကိုပါ ရှာဖွေပေးသည်။ နိုင်ငံတကာနှင့် ကန်ထရိုက်စာချုပ်များ ချုပ်နိုင်ရေးအတွက်လည်း ဆက်သွယ်ဆောင်ရွက်ပေးသည်။ အိန္ဒိယနိုင် ငံအတွင်း ဘိဇနက်ကျောင်းများ ဖွင့်နိုင်ရေးအတွက်လည်း ဆိုခဲ့ပါ အဝေးရောက်များကပင် စီစဉ်ဆောင်ရွက်ပေးသည်ဟု သိရပါသည်။

ဤသည်မှာ ဦးနှောက်ယိုစီးမှု အနှုတ်လက္ခဏာမှ ဦးနှောက်အကျိုးအမြတ် အပေါင်းလက္ခဏာသို့ ပြောင်းသည့် စီမံချက်ပင် ဖြစ်ပါသည်။

ဒါလေးတွေကတော့ ကျွန်တော်တို့ နိုင်ငံကလည်း အတုခိုးသင့် ခိုးရမည့် အချိန်မျိုးဟု ထင်ပါသည်။ ပြည်ပမှ ပညာရှင်တွေ ပြည်တွင်းပြန် လာ အခြေချဘို့ စိတ်ပိုင်း ရုပ်ပိုင်း ပတ်ဝန်းကျင်တွေ ဖန်တီးပေးဘို့လိုပါမည်။ နေရာပေးမှ နေရာလာယူကြပါလိမ့်မည်။ ပြန်မလာနိုင်ကြသူများကို လည်း အားတစ်ရပ်ဖြစ်အောင် စည်းရုံးစေချင်ပါသည်။ ရန်ဖြစ်နေကြမည့်အစား သူတို့ တခြားနိုင်ငံမှာရှိနေခြင်းကို အားတစ်ခုအဖြစ် ပြန်အသုံးချ စေချင်ပါသည်။ ကျွန်တော့် ဥာဏ်လေးတစ်ထွာ တစ်မိုက်လောက်နဲ့ ပြောကြည့်တာပါ။ သူများနိုင်ငံတွေကမှ ပညာတတ်တွေကို အိမ်ပြန်လာဘို့ စီမံချက်ချစည်းရုံးနေရသေးသည်။ ကျွန်တော်တို့ ခင်ဗျားတို့ လေးစားအားကိုးချစ်ခင်နေကြပါသော ဒေါ်အောင်ဆန်းစုကြည် ကို စီမံချက်ချ စည်းရုံး စရာမလိုပဲ  ကျွန်တော်တို့ လက်ခံရရှိပြီးဖြစ်ပါသည်။  တိုင်းပြည်အတွက် ဘယ်လို အသုံးချမလဲဆိုတာ  စဉ်းစားပြီးမှ ဆုံးဖြတ်ကြပါခင်ဗျာ။

black chaw

About black chaw

black chaw has written 332 post in this Website..