အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း(၂)

kotun_mdyNovember 11, 20111min530

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

အပိုဒ် ၈

ဖွဲ့စည်းပုံ အခြေခံဥပဒေကသော်လည်းကောင်း၊ အခြားဥပဒေကသော် လည်းကောင်း၊ လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်း ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။

 

အပိုဒ် ၉

မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

 

အပိုဒ် ၁၀

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း ၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁

(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှု ကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့်အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအားပေးပြီး ဖြစ်စေရမည်။

(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆို အပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ် အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ် ထက် ပိုမို ကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း ၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့အပြင် မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။

လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃

(၁) လူတိုင်းတွင် မိမ်၏ နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။

(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှ လည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်း ရှိသည်။

အပိုဒ် ၁၄

(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခုံလှုံနေနိုင်ခွင့်ရှိသည်။

(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားမူများကို ဖီဆန်သော အမှုများမှသော်လည်းကောင်း အမှန် ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅

(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

 

အပိုဒ် ၃ဝ ထိရှိပါသည်။ ခွဲ၍ တင်ပေးပါမည်။ သည်းခံ၍ ဖတ်စေလိုပါသည်။