ကလင်တန် - သိန်းစိန် ဆွေးနွေးပွဲ (ဓာတ်ပုံ ဒီဘီဗွီ)


ယနေ့အခါ သမယကား မြန်မာ့သမိုင်းတွင် အရေးပါလှသည့် နေ့တနေ့ပင် ဖြစ်ချေတော့သည်။ အကြောင်းမူကား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာနိုင်ငံသို့ လည်ပတ်စဉ် အများပြည်သူ တခဲနက် ရွေးချယ်တင်မြောက်လိုက်သည့် စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံ၏ ပထမဆုံး သံမဒဂျီး ဦးကြောင်စိန်နှင့် တွေ့ဆုံရန် ရှိသောကြောင့် ဖြစ်ပေသည်တမုံ့။။။။ ဒန်တန်တန်….
လူကြီးလူကောင်းများ တွေ့ဆုံပွဲ ကန့်လန့်ကာ နောက်ကွယ်တွင် နှစ်ဖက်သော ထောက်လှမ်းရေး အဖွဲ့ဝင်များ ပျားပန်းခတ်မျှ အလုပ်များလျက် ရှိပေသည်။ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးဆိုလျင် လွန်ခဲ့သည် ရက်သတ္တပတ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသာမက တကမ္ဘာလုံးရှိ ထောက်လှမ်းရေးကွန်ယက် များသို့ တပ်လှန့်နှိုးဆော်ထားသည်။ ထို့ပြင် တပတ်ခန့် တင်ကြိုပြီး မြန်မာနိုင်ငံသို့ ရောက်ရှိကာ ကလင်တန် သွားရောက်မည့် နေရာများ၊ နေအိမ်ခြံဝန်းတိုက်တာများသို့ ကွင်းဆင်းလေ့လာခြင်း၊ လုံခြုံရေး အစီအမံများ ဆောင်ရွက်ခြင်း၊ သတင်းဖလှယ်ခြင်းများကို အပူတပြင်း ဆောင်ရွက်ခဲ့ကြပေသည်။
မြန်မာနိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှလည်း အားကျမခံ ဘတ်စ်ကားပေါ်တွင် အထောက်တော်များ ပိုမိုချထားခြင်း၊ ခါးပိုက်နှိုက် တေလေဂျပိုး လူဆိုးလူမိုက် ရာဇဝတ်သားထောင်ထွက်များကို ငွေကြေးပေး စည်းရုံးကာ နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်စေခြင်း၊ လိုက်လံအနှောက်အယှက်ပြု ခြိမ်းချောက်စေခြင်းများကို နေ့ညမပြတ် ပြုလုပ်လျက် ရှိပေသည်။ ထိုကဲ့သို့ အရေးကြီးလှသော ထိပ်တန်းတာဝန် တရပ်မှာ ထိရောက်သော ဂမ္ဘီရအစီအမံများ ဖော်ဆောင်နိုင်ရေး သတင်းအချက်အလက်များ အချိန်မှီရရှိရေးပင် ဖြစ်လေသည်။
သံမဒဂျီး အကြံညဏ်တောင်းလျင် ပေးရန် ဟန်တပြင်ပြင် ဖြစ်နေသော နိုင်ငံရေးအဖွဲ့ ၊ စီးပွားရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်များမှာ ၎င်းတို့ထက် အစွမ်းထက်လှသော ဝေဒအကြံပေးအဖွဲ့ ရှိသေးသည်ကို သိရသောအခါ လွန်စွာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။ အထူးသဖြင့် နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် နှစ်ဦးတို့ဖြစ်သည်။ “ခွီး..ထဲမှပဲ ငါ့မှာတော့ မေးရင်ဖြေဖို့ ကျက်ထားလိုက်ရတဲ့ စာတွေ၊ တခုမှလည်း မသုံးရဘူး။” မကျေမနပ် ဖြစ်နေသူ သံမဒနိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုကွိုင်ဖြစ်သည်။ “အေးလဗျာ၊ ကျုပ်လည်း စာတမ်းတစောင် ဝိကိ wiki ကနေကူးချ အဲ… သုတေသနပြုထားတာ အခုတော့ ဂရား….” မီဒီယာအဖွတော် ဦးနေ့စဉ်လှပ်ကား ကြိတ်မနိုင်ခဲမရ လက်သီးတပြင်ပြင်နှင့် ရှိနေပေသည်။ အေပေး အမေရိကန်ထက်ဆိုးတဲ့ ဗေဒင်ဆရာတွေ။။ (မှတ်ချက်။ သံမဒ ဦးကြောင်စိန်အား ချစ်ကြောက်ရိုသေသောအားဖြင့် အကြံပေးပုဂ္ဂိုလ်များအားလုံး စကားတခွန်းပြောပြီးတိုင်း ကြောင်မျိုးနွယ်များ၏ အသံကို အလေးအမြတ်ပြုရသည်။)
ဆွေးနွေးပွဲမစခင် ၁၀ မိနစ်အလို နံနက် ၉နာရီ ၅၀မိနစ် အချိန်ထိ ဘွားတော် ထွက်မလာသေး။ ထောက်လှမ်းရေးများ ခေါင်းကုတ်လျက် ရှိကြသည်။ အထက်မှလည်း ဆဲဆိုကြိမ်းမောင်းနေသည်မှာ တဆွေလုံး တမျိုးလုံးပင် ကုန်ပေပြီ။ ထိုစဉ် မစ္စကလင်တန် အခန်းတွင်းမှ ထွက်လာသည်ကို တွေ့ရသည်နှင့် တပြိုင်နက် ဘွားတော် ဘီလူးငယ်၊ဘီလူးငယ်စီးတယ်ဟု ဆက်သွယ်ရေးစက်မှတဆင့် သတင်းပို့လိုက်သည်။
ထိုအချိန်တွင် သံမဒဂျီးနှင့် သံမဒကတော်တို့မှာ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး မျက်နှာအဖွေးသား၊ ခေါင်းဖြီးဆင်ယင်ပြီးသားနှင့် လံကွတ်တီ အတိုင်းနေကာ အမေရိကန်ဘွားတော် ဝတ်ဆင်မည့် အဝတ်အစား အရောင်သတင်းကို စောင့်မျှော်လျက် စိတ်မသက်မသာ ဖြစ်နေကြသည်။ (ရွာသားများ မြင်ယောင်ကြည့်ပါလေ) အကြောင်းမှာမူ တွေ့ဆုံပွဲတွင် အဝတ်အစားအရောင် ကတ်ကင်းရိုက်ရန် ဝေဒဝိဇ္ဇာများဖြစ်သည့် ဦးဝကြီးနှင့် ကိုရင်စီးသူတို့၏ ညွှန်ကြားချက် ရှိသောကြောင့်ဖြစ်သည်။ “ဘီလူးငယ်စီးတယ်” လျှို့ဝှက်သင်္ကေတမှာ ကလင်တန် အပြာနုရောင် ဝတ်ထားသည်ဟု အဓိပ္ပါယ်ရသည်။
သတင်းရလျင်ရခြင်း သံမဒဂျီးနှင့် သံမဒကတော်တို့အား ဝေဒဝိဇ္ဇာနှစ်ပါးမှ ကလင်တန်ထက် ပိုမိုအရောင်ရင့်သော အပြာရောင်အဝတ်အစားကို ဝတ်ဆင်ခိုင်းလိုက်သည်။ သံမဒကတော်ကို အပြာဝမ်းဆက်၊ သံမဒဂျီးကိုမူကား ပုဆိုးအပြာ၊ အင်္ကျီအဖြူ ဝတ်ခိုင်းသည်။ အဖြူရောင်သည် ဖိုးသူတော်သင်္ကေတဖြစ်ပြီး ဘီလူးထက် ပိုစွမ်းသော ဖိုးသူတော်ဘီလူး ကပြားအဖြစ် ကလင်တန်အား ယတြာပညာခြေခြင်းပေတည်း။ တွေ့ဆုံပွဲကား ရောက်လေပြီ။ သံတမန်ထုံးစံအတိုင်း အပြန်အလှန် နှုတ်ခွန်းဆက်သပြီးနောက် နှစ်နိုင်ငံ အကျိုးတူကိစ္စများကို စကားပြန်မှတဆင့် ဆွေးနွေးကြလေသည်။ မြန်မာနိုင်ငံ စကားပြန်မှာ မြန်မာ – အင်္ဂလိပ် – တရုတ် ဘာသာသုံးမျိုး ကျွမ်းကျင်သော မမှန် အမေရိကန် စကားပြန်မှာ ဂေဇက်ရွာသူဂျီးဆိုသူ မြန်မာ – အင်္ဂလိပ် – ဂျပန် သုံးဘာသာတတ်သူ မစ္စတာဥကိုင် ဖြစ်သည်။ ယင်းစကားပြန် နှစ်ဦးစလုံး မြန်မာပြည်ပေါက် တရုတ်နွယ်ဖွားများ ဖြစ်ပြီး မြန်မာ့ရေသောက် မြန်မာ့ထမင်းစား ကြီးပြင်းခဲ့သော်လည်း ခံယူချက် လားရာကား ဆန့်ကျင်ဖက် ဖြစ်ပေသည်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးပေတည်း။။။။။။
မြန်မာသံမဒဂျီးနောက်တွင် ထိုင်ကာ စကားပြန်အဖြစ် ဆောင်ရွက်နေသော တရုတ်မလေး မမှန်ကား လွန်စွာချောမော လှပပေသည်။ နိုင်ငံတကာထုံးစံ စကပ်အတို ဝတ်ထားရလေကား သံမဒဦးကြောင်စိန်၏ မျက်လုံးများမှာ အနောက်သို့ ခဏခဏရောက်လျက် ရှိပေသည်။ အမေရိကန် စကားပြန် ဥကိုင်ဆိုသူ ရုပ်မှာမူ ဘီလူးသဘက်အလား လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် သမဒဂျီး၏စိတ်ထဲဝယ် ယတြာသည် ကလင်တန်သို့ မသွားဘဲ အနှီစကားပြန်ထံ လွဲချော် ရောက်သွားမည်ကို စိတ်ထင့်နေပေသည်။ သံမဒဂျီးကား လွန်စွာမှ ဘာသာရေး ကိုင်းရှိုင်းသူဖြစ်ပြီး စစ်သားဖြစ်သော်လည်း လူတခါမှ မသတ်ဘူးချေ။ စစ်ဗိုလ်လေးဘဝ ရှေ့တန်းစစ်မျက်နှာတွင် ကတုတ်ကျင်းထဲတွင် သံဗုဒ္ဓေရွတ်ခြင်း၊ မေတ္တာပို့ အမျှဝေခြင်းများကိုသာ ပြုလုပ်ခဲ့ပြီး ယမ်းငွေ့ရှင်းသွားမှသာ မိုးပေါ်သို့ သေနတ် သုံးလေးချက်ဖောက် အမိန့်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။ ယခုလည်း ငါးပါးသီလကို ဆောက်တည်လျက် ဆွေးနွေးနေခြင်းဖြစ်သည်။
ဆွေးနွေးချက် မြန်မာပြန်မူရင်း။။။။
ကလင်တန်။။ မင်္ဂလာပါ သမဒဂျီး..
သံမဒဂျီး။။ ဟောင်းအာယူ။ အိုင်အမ် ဂလု တူမိယူ။ (ယခုအချိန်အထိ စကားပြန်များ မပါသေး)
ကလင်တန်လည်း သမဒဂျီး သူ့ကိုယ်သူ မိတ်ဆက်တယ် မှတ်ပြီး …
ကလင်တန်။။ I am also very honored to meet you, ဦးဂလု….
သံမဒဂျီး။။ စိတ်ထဲတွင်.. တိန် သေပါပြီ။ ငါ့ကိုယ်ငါ လည်လှပြီထင်တာ သူက အရင်ဦးအောင် ဆော်သဟ။ မဖြစ်ချေဘူး အခုကစပြီး စကားပြန်နဲ့ပြောမှ။ အဟမ်း… (စကားပြန်သို့လှည့်၍) စလိုက်ရအောင်…
ကလင်တန်။။ ဗလာ ဗလာ …..
သံမဒဂျီး။။ ဗလု ဗလု …..
ဗလာ ဗလု သံတမန် ခြေဆင်းစကားပေါင်းများစွာ ပြောပြီးနောက်…. ရုတ်တရက်
ကလင်တန်။။ မြောက်ကိုရီးယားနဲ့ ပတ်သက်နေမှုကို ရပ်ပေးစေလိုပါတယ်…
သံမဒဂျီး။။ အင်း… မဟုတ်ဘူး ပြောရင်လည်း သီလကျိုးမယ်၊ ဒီတော့ အရူးကွက် ထုတ်သုံးမှ။ မျောက်ကို ရီးတီးယားတာ လုပ်ဖို့ ရည်ရွယ်ချက် မရှိရိုးအမှန်ပါ။ တိရစ္ဆာန်သာသာရှိတဲ့ အကောင်တွေပါဗျာ..
လေဆိပ် လုံခြုံရေးများနှင့် လက်ဝါးရိုက်ကာ ကျောက်စိမ်းတုံးများ ခိုးထုတ်ရန် ကြံစည်နေသော စကားပြန် ဥကိုင်မှာ လူမြောက်လော တိရစ္ဆာန်မျောက်လော ကောင်းစွာမရှင်းသော်လည်း ကျောက်စိမ်းတုံးမျက်နှာနှင့် သံမဒဂျီးအား ပြန်လည်မေးမြန်းရန် ဆွံ့အနေပေသည်…
ကလင်တန်။။ နိုင်ငံရေး အကျဉ်းသားများ အားလုံးခြွင်းချက် မရှိလွှတ်ပေးစေလိုပါတယ်…
သံမဒဂျီး။။ လွှတ်မှာပါ လွှတ်မှာပါ၊ ဆူဆူပူပူ မလုပ်ခဲ့သူများ အားလုံးကို လွှတ်ပေးပါမယ်…
ကလင်တန်။။ နယ်စပ်ဒေသများမှာ သေနတ်သံများ ရပ်စေလိုပါတယ်…
သံမဒဂျီး။။ ဒါလည်း မပြသနာ သိပ်မရှိပါဘူး။ စစ်တပ်က သေနတ်သုံး ဖြေရှင်းမှာ မဟုတ်ပါဘူး။ ( အေပေး သူပုန်တွေ အမြောက်နဲ့ ထုပစ်မယ် – စိတ်ထဲမှ ကြုံးဝါးသံ )….
ကလင်တန်။။ လူ့အခွင့်အရေးများကို လေးစားလိုက်နာစေလိုပါတယ်….
သံမဒဂျီး။။ ကျနော်ဟာ ဗုဒ္ဓဘာသာနိုင်ငံပါ။ လူဆိုရင် လူလိုဆက်ဆံ ရမယ်ဆိုတာ စာထဲ အတိအကျပါတယ်။ ( အင်း..ဒါလဲ မမှားဘူး။ တလောက ဂေဇက်ရွာမှာ အသက်ရှုတိုင်း လူမမည်ဘူး၊ တရားသိမှ လူလို့ ဆရာတော်များ အထင်အရှား ပြောထားတာရှိတယ်။)
ကလင်တန်။။ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံးဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်ပါတယ်….
သံမဒဂျီး။။ ပေးပါတယ် ပေးထားပါတယ်။ သို့ပေမဲ့ လွတ်လပ်ခွင့် အကြောင်းပြပြီး တည်ဆဲဥပဒေများကို မချိုးဖောက်မိစေဖို့တော့ လိုတယ်…
ကလင်တန်။။ တည်ဆဲဥပဒေများဆိုတာ….
သံမဒဂျီး။။ သိပ်ဒွိဟဖြစ်စေတဲ့ ဥပဒေများကို မဆိုလိုပါဘူး။ ဥပမာ – နှစ်လုံး သုံးလုံး ထီထိုးတာ၊ ဧည့်စာရင်း မတိုင်တာ၊ အာဏာပိုင်များကို ခုခံပြောဆိုတာ၊ တရားမဝင်အသင်းများနဲ့ ဆက်သွယ်သတင်းပို့တာ၊ လမ်းစည်းကမ်းဖောက်တာ၊ ဝင်ငွေခွန် အမြတ်ခွန် စည်ပင်ခွန် လိုင်စင်ကြေး မပေးသွင်းတာ၊ စည်ပင်သာယာ ဥပဒေများချိုးဖောက်….
ကလင်တန်။။ ကျမ အများကြီး ဝမ်းနဲပါတယ်။ သံမဒဂျီးရဲ့ လိုရာဆွဲ ဥပဒေစိုးမိုးရေး အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်မခံနိုင်ပါဘူး….
သံမဒဂျီး။။ တောက်.. လက်မခံ ဖင်… (ခင်ညာ.. စကားပြန်ဥကိုင်၏ အာမေဋိတ်သံ) အဲ… ဖင်လန်နိုင်ငံလို ကြားခံနိုင်ငံတခုမှာ ဆက်လက်ဆွေးနွေးနိုင်ပါတယ်….
ကလင်တန်။။ ကောင်းပါတယ် ကောင်းပါတယ်….
သံမဒဂျီး။။ ဒါဆို ဘာများ ပြောစရာ ရှိပါသေးလဲ….
ကလင်တန်။။ မရှိတော့ပါဘူး၊ လုံလောက်ပါတယ်၊ သံမဒဂျီးရဲ့ ချစ်ခင်ကြင်နာမှုကို ဝမ်းသာပီတိဖြစ်မိပါတယ်….
သံမဒဂျီး။။ ကျနော်ကလည်း လှိုက်လှိုက်လဲလဲ နှစ်ထောင်းအားရ ဖြစ်ရပါတယ်…. ကဲ ကျနော်တို့ နေ့လည်စာ သုံးဆောင်ဖို့ ထမင်းစားခန်းကို သွားလိုက်ရအောင်…..
ကလင်တန်။။ ကျေးဇူးတင်ပါတယ် မစ္စတာဂလု….
သံမဒဂျီး။။ တိန်….. (အဝင်တချက် အထွက်တချက် ပါလားဟ…  )

အပြာကို အပြာနဲ့ တိုက်မကွ....


ထို့နောက် မစ္စဟယ်လာရီ ကလင်တန်နှင့်အဖွဲ့အား သံမဒဂျီးနှင့် သံမဒဂတော်တို့မှ ဦးဆောင်ကာ စားပွဲသောက်ပွဲ မျိုဆို့ပွဲဆီသို့ ခေါ်ဆောင်သွားလေသည်။ ဇာတ်လမ်းကား မပြီးသေး၊ နောက်တချီ ဂမ္ဘီရအစီအရင် စောင့်ကြိုနေပေသည်။ ဝေဒဆရာကြီး နှစ်ပါး၏ ညွှန်ကြားချက်အတိုင်း ထမင်းစားခန်း သွားရာ လမ်းတွင် သံမဒဂတော်ကြီးက မစ္စကလင်တန်အား ချစ်ခင်ရင်းနှီးသယောင် လက်ကိုဖမ်းချုပ်ထားပြီး သံမဒဂျီးမှ ဦးဆောင်အရာရှိသဖွယ် ရှေ့မှခေါ်ဆောင်သွားကာ လူဆိုးအား ရဲများဖမ်းသည့်ပုံစံ ယတြာချေကြသည်မှာ ရပ်ထဲရွာထဲတွင် ဟိုးလေးတကျော် အုတ်အော်သောင်းနင်း ဖြရလေတော့သတည်း….။
သာဓု သာဓု သာဓု ပါ အရှင်ကြောင်ကြီး ဖလ….။ :lol:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး