ကျနော့်သူငယ်ချင်းမလေးအိမ်ကို ကျနော်သွားလည်တဲ့အချိန်မှာ ဧည့်ခန်းမှာရေးထားတဲ့ စာလေးကို ကျနော်ဖတ်မိသွားတယ်၊ လူသာလာပါ ပြဿနာသယ်မလာပါနဲ့၊ ညအိပ်ညနေ ဧည့်သည်လက်မခံပါဆိုတဲ့ စာတမ်းလေးပါပဲ၊ ကျနော့်လည်း ဘာကြောင့်ဆိုတာ စပ်စုကြည့်ရင်း ကျနော့်သူငယ်ချင်းမလေးပြောပြတဲ့ အကြောင်းအရာလေးပါ……..

အသက်တစ်ရာမနေရ အမှု့တစ်ရာပွေရဆိုတဲ့ စကားပုံလေးအတိုင်းပေါ့၊ ကျမအသက် ၉နှစ်သမီးအရွယ်မှာ ကျမ အဖေရဲ့ ငယ်သူငယ်ချင်းဦးလူအေး အိမ်ကိုလာလည်ပါတယ်၊ အိမ်မှာတည်းပြီး သူတို့ ဒေသထွက် အထည်တွေကို ရောင်းဖို့ပေါ့၊ ကျမအဖေက ၀မ်းသာအားရကြိုဆိုပါတယ်၊ ကျောင်းပြီးကတည်းက မတွေ့ကြတာ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အိမ်ထောင်တွေကျ မိသားစုအတွက် ရှာရဖွေရနဲ့ မဆုံးဖြစ်ကြဘူးလေ ရောက်လာတော့ ၀မ်းသာအားရ စကားတွေပြောကြနဲ့ ကျမတို့လည်း အဖေ့ကို ကြည့်ပြီးပျော်ရွှင်ကြတယ်၊ အဲ့လိုနဲ့ သူတို့ဒေသထွက်တွေရောင်းပြီး အိမ်ပြန်သွားလိုက်၊ ပြန်လာပြီးရောင်းလိုက်နဲ့ပေါ့၊ တစ်နေ့တော့ ကျမအဖေ့ရဲ့ သူငယ်ချင်းဦးလူအေးက သူတို့ရွာကပဲ ဦးဌေးဆိုတဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်၊ ရွာမှာ ရောင်းတာဈေှးနှိမ်လို့ မြို့တက်ရောင်းတာဆိုပြီး ရောက်လာခဲ့ပါတယ်၊ ကျမတို့အိမ်မှာပဲတည်းပါတယ်၊ ကျမအဖေကတော့ ခြံလုပ်ငန်းလုပ်တာပေါ့၊ မနက်ကနေ ညထိခြံတွေကိုလှည့်ပတ်သွား၊ ပွဲရုံတွေမှာ ခြံထွက်သီးနှံတွေသွင်းနဲ့ ညဘက်မှ ကျမအဖေအိမ်ကိုပြန်ရောက်တာပေါ့၊ ဒီလိုနဲ့တစ်နေ့ အဖေ့သူငယ်ချင်းမပါပဲ အဖေ့သူငယ်ချင်းခေါ်လာတဲ့ ဦးဌေးကအိမ်မှာပစ္စည်းရောင်းရင်းလာတည်းပါတယ်၊ ခါတိုင်းလည်း အဖေ့သူငယ်ချင်းနဲ့အတူလာနေကြဆိုတော့ ကျမတို့လည်း ဘာမှမပြောပဲအိမ်မှာတည်းခွင့်ပြုခဲ့တယ်၊ အဲ့လိုနဲ့ ကျမတို့အိမ်ကို ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းနဲ့ စကားပြောကြရင်းနဲ့ ဆွေမျိုးမကင်းတွေဖြစ်နေကြတယ်ဆိုတာသိရပါတယ်၊ နောက်ပိုင်းတော့ ဦးဌေးက ဈေးရောင်းလာရင်း ဆွေမျိုးဘုန်းကြီးကျောင်းမှာပဲတည်းတော့မယ်ဆိုပြီးတည်းပါတယ်၊ အဲ့လိုနဲ့ပေါ့………. တစ်နေ့မှာ ကျမအဖေက ခြံအလုပ်တွေရှိတော့ မနက်အစောကြီးကတည်းက ခြံကိုထွက်သွားပါပြီ၊ အမေက ထမင်းဟင်းချက်နေတဲ့အချိန် ကျမက အမေ့ကို ၀ိုင်းကူချက်နေပါတယ်၊ အဲ့ဒီအချိန်မှာ ဦးဌေးဆိုတဲ့သူရောက်လာပြီး အစ်မရေ ကျနော့်ပစ္စည်းလေး ခဏထားခဲ့ဦးမယ်နော်၊ ညဖက်မှလာယူမယ်ဆိုပြီးပြောပါတယ်၊ အမေကလည်း မီးဖိုချောင်းထဲကနေဟင်းချက်ရင်း ထားသွားလိုက်ပါ ရပါတယ်လို့ပြောလိုက်ပါတယ်၊ ဘာပစ္စည်းလဲဆိုတာ မကြည့်ပါဘူး၊ ခါတိုင်းလို ရွာထွက် ပစ္စည်းလေးတွေ ထားသွားတာပဲလို့ ထင်လို့ပါ။ ကြည့်လဲမကြည့်ပါဘူး၊ ကျမကတော့ စပ်စုတတ်တဲ့အကျင့်ရှိတော့ ဘာပစ္စည်းထားသွားတာလဲမသိဘူးဆိုပြီး အဲ့ဒီလူထားခဲ့တဲ့ ပုဆိုးလေးနဲ့ထုတ်ထားတာကို ဖွင့်ကြည့်ပါတယ် စက်ပစ္စည်းတစ်ခုကို တွေ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းက ဘာလဲဆိုတာတော့ ကျမမသိပါဘူး၊ အမေ့ကိုသွားပြောပါတယ်၊ ဦးဌေးထားသွားတာ ခါတိုင်းလို မဟုတ်ဘူး၊ ဘာလဲမသိဘူး၊ စက်ပစ္စည်းတစ်ခုပဲလို့ ကျမအမေကိုပြောတော့ ကျမအမေက သူများပစ္စည်းကို စပ်စုပြီး သွားမကိုင်ရဘူးလို့ပြောပါတယ်၊ ကျမအမေကလည်း ဦးဌေးဘာပစ္စည်းထားသွားတယ်ဆိုတာကို မကြည့်ပါဘူး၊ အဲ့လိုနဲ့ ညဘက်ရောက်တော့ ဦးဌေးကိုဖမ်းသွားတယ်၊ ဘုန်းကြီး ပစ္စည်းခိုးလို့ဆိုပြီးရပ်ကွက်ထဲမှာ သတင်းထွက်လာပါတော့တယ်၊ အဲ့ဒီမှာပဲ ကျမအမေက တစ်အားကြောက်သွားပါတယ်၊ မနက်က ခဏထားခဲ့မယ်လို့ပြောတဲ့ ဟာလားမသိဘူးဆိုပြီး ဖွင့်ကြည့်တော့မှ ဘုန်းကြီးကျောင်းကနေ ခိုးလာတဲ့ ပစ္စည်းကိုတွေ့ပါတယ်၊ ကျမအမေက ဘာလုပ်ရမှန်းမသိပဲဖြစ်နေချိန်မှာ ကျမအဖေက ခြံကနေပြန်ရောက်လာပါတော့တယ်၊ ကျမအမေက အကျိုးအကြောင်းပြောပြတော့ အမေ့ကိုဆူပါတယ်၊ ဘယ်လိုလုပ်ကြမလဲဆိုပြီးပြောတော့ ကျမတို့အားထားတဲ့ ဘုန်းဘုန်းဆီကိုအဲ့ဒီပစ္စည်းနဲ့အတူသွားပါတယ်၊ တကယ်တော့ ကျမမိဘတွေ ဥပဒေအကြောင်းတွေကို နားမလည်ပါဘူး၊ ဘုန်းဘုန်းကြီးဆီရောက်တော့ အခုဖြစ်ခဲ့တဲ့ အကျိုးအကြောင်းကို ပြောပြတော့ ဘုန်းဘုန်းကြီးကိုယ်တိုင်ကလည်း ဥပဒေအကြောင်းမသိတော့ နင် တော်တော်အတာပဲဆိုပြီးကျမအမေ့ကို ဆူပါတယ်၊ မသိပဲလက်ခံရမလားဆိုပြီးပေါ့၊ သူ့ယူခဲ့တဲ့ကျောင်းကို ပြန်သွားထားလိုက်ရင် ပြီးပြီပေါ့ဆိုပြီးပြောပါတယ်၊ အဲ့ဒါနဲ့ အဖေနဲ့အမေလည်း ဘုန်းဘုန်းပြောတဲ့အတိုင်း အဲ့ဒီလူယူခဲ့တဲ့ကျောင်းက ဘုန်းကြီးဆီကို သွားပြန်ပေးပါတယ်၊ အဲ့ဒီအချိန်မှာပဲ ဦးဌေးက သူခိုးခဲ့တဲ့ ပစ္စည်းကို ကျမတို့အိမ်မှာထားပါတယ်လို့ရဲစခန်းကိုပြောပါတယ်၊ အဲ့ဒီမှာ ရဲတွေက အိမ်ကိုလာရှာပါတယ်၊ ရဲတွေအိမ်မှာ ပစ္စည်းလာရှာတဲ့အချိန်မှာ အဖေနဲ့အမေက ဘုန်းကြီးကျောင်းကို ပြန်သွားထားပြီး ပြန်လာတဲ့အချိန်မှာ အဖေ့ကို ရဲတွေက လက်ထိပ်ခတ်လိုက်ပါတယ်၊ ကျမအဖေက ဘာလို့ခတ်တာလဲ ကျနော့်မှာ အပြစ်မရှိဘူး၊ ကျနော် ယူတာလဲမဟုတ်ဘူးလို့ပြောပါတယ်၊ ဒါပေမယ့် အဖေ့ကို စခန်းလိုက်ခဲ့ပါ ခင်ဗျားကို ခိုးရာပါပစ္စည်းလက်ခံမှု့နဲ့ ဖမ်းပါတယ်လို့ပြောပါတယ်၊ စခန်းရောက်မှရှင်းပါလို့ပြောပြီး ကျမအဖေလည်း ရဲစခန်းကို ပါသွားပါတယ်၊ စခန်းရောက်တော့ ကျမအဖေကို ခိုးရာပါပစ္စည်းလက်ခံမှု့၊ ပစ္စည်းဖျောက်ဖျက်မှု့ဆိုပြီး (၁) တရားခံအနေနဲ့ တတ်လိုက်ပြီး တကယ်ခိုးတဲ့သူကိုတော့ (၂) တရားခံအနေနဲ့စွဲပါတယ်၊ ပစ္စည်းပျောက်တဲ့ဘုန်းကြီးက ကျမအဖေနဲ့မဆိုင်ပါဘူး၊ လွတ်ပေးပါလို့ပြောပါတယ်၊ နောက်ပြီး တရားခံကိုယ်တိုင်ကလည်း ကျမအဖေနဲ့ မသက်ဆိုင်ကြောင်းထွက်ဆိုပါတယ်၊ ဒါပေမယ့် ကျမအဖေကိုလွတ်မပေးပါဘူး၊ ပိုက်ဆံတောင်းပါတယ်၊ ကျမအမေကလည်း ဘာမှမလုပ်တတ်ပါဘူး၊ ကျမကိုယ်တိုင် အဖေ့ကို အချုပ်ထဲထိလိုက်ကြည့်ပြီး မျက်ရည်ကျပါတယ်၊ ကျမအဖေက ဘာလို့လာတာလဲ မလာရဘူးလို့ပြောတယ်၊ ကျမအမေကတော့ အချုပ်ထဲကို မသွားရဲပါဘူး၊ ထမင်းပို့ကို ကျမဦးလေးသွားပါတယ်၊ ကျမက အဖေ့ကို တွေ့ချင်လို့ ဦးလေးကို အတင်းပူဆာပြီးလိုက်ပါတယ်၊ ကျောင်းမှာလည်း သူငယ်ချင်းတွေက ကျမအဖေအကြောင်းပြောကြပါတယ်၊ အဲ့ဒီအချိန်က ကျမလို ကလေးတစ်ယောက်အတွက် ၀မ်းနည်းစရာဖြစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေရဲ့ သူ့အဖေက ပစ္စည်းခိုးလို့ ဖမ်းခံရတာဆိုတဲ့ မယုံသင်္ကာတဲ့အကြည့်တွေကိုရင်ဆိုင်ရပါတယ်၊ ဒါပေမယ့် ကျမအဖေ အပြစ်မရှိတာကို ကျမကိုယ်တိုင်သိပါတယ်၊ အဖေ့အစ်မဆီမှာ အဖေ့လယ်လေးကို ရောင်းပြီး ရဲတွေကို ပေးရကမ်းရပါတယ်၊ စားသောက်ဆိုင်မှာ နေ့ရော၊ ညရော ရဲတွေစားသမျှ တစ်ဝိုင်းစာရှင်းပေးရမယ်ဆိုပြီး ကျမအဖေကို မလွတ်မချင်းရှင်းရပါတယ်၊ ကျမတို့လယ်ရောင်းရတဲ့ပိုက်ဆံနဲ့ အဖေ့အတွက် ရဲတွေကိုပေးရ၊ တရားရုံးပေးရနဲ့ အမွေရတဲ့လယ်လေးလည်း ကုန်ပါတယ်၊ အဖေ့မှာ အပြစ်မရှိတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် တရားရုံးတော်က လွတ်လိုက်ပါတယ်၊ လယ်ရောင်းလို့ရတဲ့ငွေလေးကုန်သွားသလို၊ ကျမဖေလည်း ဆေးရုံကိုတင်လိုက်ရပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာ ကျမတို့ ညအိပ်ဧည်သည်လက်ခံဖို့ကြောက်သွားခဲ့ပါတယ်၊ နှစ်တွေလည်းကြာခဲ့ပါပြီး၊ ဒါပေမယ့် အဖြစ်အပျက်လေးကို မမေ့နိုင်သေးတာကတော့ ခုထိပါပဲ…………..

 

 

About super

has written 6 post in this Website..