ကျနော့စိတ်ကလေးတစ်ယောက် ဂိတ်စောင့်အလုပ်ကို ကြိုးစားလုပ်ကိုင်မှုအတွက် ဒီနေ့ ကျင်းပပြုလုပ်သော ရာထူးတိုးပွဲလေး သို့ ပျော်ရွှင်စွာတက်ရောက်ခွင့်ရခဲ့ပါပြီ။
နေရာကတော့ ခါတိုင်းကျင်းပနေကျ။
ခန္ဓာအိမ်နန်းတော်တွင်းတစ်နေရာမှာပဲပေါ့။
ရင်ခုန်စွာ စောင့်မျှော်နေတုန်း ခန္ဓာအိမ်ခန်းမတွင်းသို့ ဆရာတစ်ယောက် ခပ်သုတ်သုတ်လေး ၀င်လာပါပြီ။
စင်မြင့်ထက်မှ ဆရာ့ရဲ့ မိန့်ခွန်းသံက ကျယ်လောင်စွာထွက်ပေါ်လာပါပြီ။
“ဟိုနေ့ကပဲ ရာထူးတိုးစာရင်း ကြေငြာသွားခဲ့ပြီးပြီမို့ ဒီနေ့တော့ ရာထူးတိုးသွားပြီဖြစ်တဲ့ မင်းတို့ကို ကိုယ်ရံတော် ခန့်အပ်ပြီး အလုပ်တာဝန်တွေကို ပေးအပ်သွားမှာ ဖြစ်တယ်။
မင်းတို့အနေနဲ့ အရင့်အရင်က ဂျလေဗီ အဆင့်ကနေ အလုပ် တွေရလို့ အလုပ်တွေကို ကြိုးစားလုပ်ကိုင်လို့ပဲ ခုလို ရာထူးတိုး အခမ်း အနားကို တက်ရောက်ခွင့် ရခဲ့ကြပြီနော်။ အဲဒီတော့ကာ မင်းတို့တွေကို စောင့်ရှောက်ပေးမယ့် ကိုယ်ရံတော်တွေပါ တစ်ခါတည်း ခန့်ပေးရတော့မယ်လေ။ မင်းတို့တွေ အန္တရယ်ကင်း ဘေးရှင်းစေဖို့ “သတိ” ကိုယ်ရံတော်ကတော့ မရှိမဖြစ်ပဲဆိုတာ ထူးပြောစရာမလိုတော့ပါဘူး ။ ဒီသတိရှိမှပဲ ကိလေသာ ရန်သူအန္တရာယ်တွေက အနား မကပ်ရဲမှာမို့ သတိကိုယ်ရံတော်လည်း ရှိရပါမယ်။ နောက်ပြီး ၀ီရိယ ကတော့ သတိရဲ့ တွဲဖက်လို ဖြစ်နေတာကြောင့် သူ့ကိုလည်း ချန်ထား လို့မရဘူးနော်။ နောက်တစ်ခုက သမာဓိဆိုတဲ့ တည်ငြိမ်မှုလေးရလာလို့သာ ခုလို ရာထူးတွေ တိုးခွင့်ရကြတာမို့ ဒီသမာဓိသာ မရှိရင် တော့ မင်းတို့ ရပြီးသား ရာထူးကနေ တန်းပြီး လျှောသွားမယ် ဆို တာလေးလည်း သိထားကြရပါမယ်။
ဒီတော့ ဆရာ မင်းတို့ကို ပေးမယ့် ကိုယ်ရံတော် သုံးပါးသည် သတိရယ်၊ ၀ီရိယရယ်၊ သမာဓိရယ် ဆိုတဲ့ သုံးယောက်ပဲ ဖြစ်တယ်။ ဒီသုံးယောက်ထဲမှာမှ သတိကတော့ မင်းတို့ သွားလေရာ လာလေရာ မှာ ပါခွင့်ရှိသလို အမြဲလည်း လက်တွဲသင့်တာကြောင့် သူ့ကိုတော့ မင်းတို့ရဲ့ သက်တော်စောင့် အနေနဲ့ လက်တွဲ ထားလိုက်ကြရမယ်။ အဲ ကျန်တဲ့ ၀ီရိယ နဲ့ သမာဓိ ကိုယ်ရံတော်တွေကိုတော့ ဥာဏ်နဲ့ ချိန်ပြီး ခိုင်းပေါ့နော်။ ခုလို ဆရာ ခန့်လိုက်တဲ့ ကိုယ်ရံတော် သုံးယောက်ကို ပေါင်းပြီး “သမာဓိမဂ္ဂင် သုံးပါး” လို့ နာမည်ပေးထားလိုက်မယ်။ ခုက စလို့ မင်းတို့ (စိတ်) ကလေးကို ဒီ သမာဓိ မဂ္ဂင် သုံးပါးနဲ့ အလှဆင်နိုင် သွားပြီမို့ စိတ်ပုံအလယ်မှာ ကိလေသာလည်း ဝေးလို့ သန့်သန့်ပြန့်ပြန့် လေး နဲ့ တည်တည်ငြိမ်ငြိမ်လေးလည်း ဖြစ်နေပြီနော်။
ကဲ ကိုယ်ရံတော် ခန့်အပ်ပွဲလေးတော့ ပြီးသွားပြီးတဲ့ နောက် မင်းတို့ ဆက်လက် တာဝန်ထမ်းရမယ့် လုပ်ငန်းတာဝန်တွေကို ဆက်ပြီး ပြောပါမယ်။ လောကမှာ တကယ်ရှိတဲ့ တရား နှစ်ပါးရှိတယ်။ ရုပ်ရယ်၊နာမ်ရယ်တဲ့။ ဘယ်လိုဟာကို ရုပ်လို့ ခေါ်သလဲဆိုရင် ဆိုရင် ဖောက်ပြန်တတ်တဲ့သဘောကို ရုပ်လို့ခေါ်တယ်။ နောက် သိတတ်တဲ့ သဘောကို နာမ်လို့ခေါ်တယ်။ ကဲ ဆရာက ထုံးစံအတိုင်း လုပ်ပုံကိုင်ပုံ လေးကို လက်တွေ့ သင်ပေးပါမယ်။ ကဲလာလိုက်ခဲ့ ။ မင်းတို့ အလုပ် နေရာဖြစ်တဲ့ ခန္ဓာအိမ်ရဲ့ လေ၀င်လေထွက်ပေါက်ကို သွားကြရအောင်။ နှာခေါင်းပေါက်ဝလည်း ရောက်ရော ဆရာက ကဲ ခါတိုင်း စောင့်နေကျ နေရာကနေပဲ ၀င်လာမယ့် လေလေးကို စောင့်ကြရမယ်။ ခါတိုင်းက တော့ ၀င်လာတဲ့လေလေးက နှာသီးဖျားကို ထိတာနဲ့ကို သိလို့မှတ်ရ တယ်နော်။ ခုက မင်းတို့ မှတ်ရမယ့်ထဲမှာ ခါတိုင်းလို “သိ” တစ်လုံး တည်းမဟုတ်တော့ပဲ ဒီဖြစ်စဉ်ကိုမှ ဥာဏ်နဲ့ ထပ်ပြီး ရုပ်၊ နာမ်ခွဲတဲ့ အလုပ်ကို လုပ်ရမှာဖြစ်တယ်။ ဆိုလိုတာကတော့ အရင်က မှတ်ရတာ က ၀င်လာတယ်။ ထိတယ်။ သိတယ်။ ဒါပဲ။ ခုကျတော့ ၀င်လာတယ် ဆိုရုံနဲ့ မရတော့ဘူး။ ဘယ်သူ ၀င်လာတာလဲ ဆိုတာပါ တိတိကျကျ မှတ်ရတော့မယ်။ သိတယ်ဆိုတာနဲ့ မရတော့ဘူး။ သိတာ ဘယ်သူလဲ ဆိုတာရော သေချာ စာရင်းယူထားရတော့မယ်။ သိပ်တော့ မခက်လှပါ ဘူးကွာ။
ဒီတော့ မင်းတို့ကို ဆရာက အရင်ဆုံး မိတ်ဆက်ပေးမယ်။ မင်းတို့ ထိုင်စောင့်နေတဲ့ နှာသီးဖျားလေးသည် ရုပ်တရား၊ နောက် ၀င်လာတဲ့လေသည်လည်း ရုပ်တရား။ ဒီရုပ်တရား နှစ်ခု ထိလိုက်တာ ကို သိလိုက်တာသည် နာမ်တရားပဲ။ အော် ရုပ်နဲ့ ရုပ် ထိတာကိုပဲ သိနေတာသည် နာမ်ပါလားဆိုတာကို နားလည်နေရမယ်နော်။ ခု ဆရာ ရှင်းပြတာရော သဘောပေါက်ကြရဲ့လား။” ဆရာက မေးရင်း အကဲခတ်ကြည့်နေပါပြီ။
ကျနော့စိတ်ကလေးက ခေါင်းညိတ်ရင်း ပြန်ပြောသည်။ “ဒါဆို ကျနော့ တာဝန်က ၀င်လာတဲ့ အရာကိုလည်း ရုပ်လား၊ နာမ်လား ခွဲရမယ်။ ပြီးတော့ ထိတဲ့အခါမှာလည်း ရုပ်ချင်းထိတယ်ဆိုတာကို လိုက်ခွဲနေရမယ်။ နောက် အဲလိုထိတာကို သိလိုက်တာလေးကိုပါ နာမ်တရားပါလားဆိုတာ မှတ်ပေးနေရမှာပေါ့နော် ဆရာ။” အဲလိုလား။ ဆရာက “ဟုတ်တာပေါ့” ဟု ပြောပြီးနောက် နမူနာ အနေနဲ့ သူ့ရှေ့မှာ မှတ်ခိုင်းသည်။ အတိုကောက် မှတ်ထားလိုက်တာကတော့ “ထိတာရုပ် သိတာနာမ်” ဆိုတာလေးပါပဲ။
ဆရာက လက်တွေ့ ပြသပြီးနောက် ဆက်ပြီး ရှင်းပြပါတယ်။ မင်းတို့နေတဲ့ ခန္ဓာအိမ်ကြီးသည် ရုပ်တရားလား? နာမ်တရားလား? ပြောပါဦး။ ဟု မေးလိုက်သောအခါ ဒီခန္ဓာအိမ်ကြီးက သိမှ မသိတတ်တာပဲလေ။ ဒါဆို ရုပ်တရားပဲပေါ့။ ဒါကြောင့် ရုပ်တရားပါဟု ပြန်ဖြေလိုက်သည်။ ok..thats right ။ နောက်တစ်ခု ရှင်းပြဦးမယ် ။ သေချာ နားထောင်ထားကြ။ မင်းတို့ စိတ်ကလေးသည် ဒီတိုင်းဆိုရင် လုပ်စရာမရှိဘူး ဖြစ်နေတယ်။ အဲဒီစိတ်ကလေးကို ဘေးကနေ စေတ သိတ် ဆိုတဲ့ အဖော်တွေက ကပ်လာတဲ့အခါမှာ မင်းတို့ အလုပ်တွေ ရှုပ်သွားရတယ်နော်။ ကုသိုလ် စေတသိတ်နဲ့ လက်ချိတ်မိတော့ ကုသိုလ်အလုပ်တွေ လုပ်ချင်လာမယ်။ အဲလို ဟိုဟာ လုပ်ချင် ဒီဟာ လုပ်ချင်၊ ဟိုဟာ စားချင်၊ ဒီဟာစားချင် ဆိုတာတွေ ဖြစ်လာရတာသည် စိတ်နဲ့ စေတသိတ်နဲ့ ပေါင်းသွားရာကနေ ဖြစ်လာရတယ်။ အဲဒီကနေမှ ကောင်းတယ် ။ မကောင်းဘူး။ ချိုတယ်။ ခါးတယ်ဆိုတာတွေကို သူက သိနေတယ်လေ။ အဲဒါသည်ပင် သိတတ်တဲ့ သဘောမို့ စိတ်နဲ့ စေတသိတ်ပေါင်းရင် နာမ်ရယ်လို့ ဖြစ်လာရတယ်နော်။
ဒီတော့ မင်းတို့မှာက လောဘစေတသိတ်နဲ့ တွဲမိသွားတော့ လိုချင်ရချင်တယ်ဆိုတဲ့ နာမ်တရားတွေဖြစ်လာ ရတယ်။ အဲလိုလည်း နာမ်ကထဖြစ်လိုက်ရော မင်းတို့ နေနေတဲ့ ခန္ဓာအိမ်ကြီးက နာမ်ခိုင်းတဲ့ အတိုင်း လိုက်ရွေ့ပေးရတယ်။ အိပ်ချင်ပြန်တယ်ဆိုတော့ အိပ်ရာဆီ သွားရပြန်တယ်။ စားချင်လာတယ်ဆိုတော့ စားစရာရှိရာကို သွားရပြန် တယ်။ ဒါတောင်မှ လောဘစေတသိတ်က ကဲလွန်းလာရင် ရှိတာ မစားပဲ ဟိုဟာမှ ဒီဟာမှ ဆိုတာတွေက အမယ် ဂျေးတွေများနေလိုက် တာလေ။ ဒီတော့ မင်းတို့ သဘောပေါက်ထားရမှာက နာမ်တရားရဲ့ စေရာနောက်ကို ရုပ်တရားက တရွတ်ဆွဲပြီး လိုက်နေရတယ်ဆိုတာ မြင်ထားရမယ်။”
အော် ဆရာရှင်းပြမှပဲ ကိုယ့်ကိုယ်ကိုယ် သတိထား မိတော့ တယ်။ တစ်ခါမှ အဲလိုတွေ မတွေးမိပါဘူးနော်။
ဆရာက ဆက်ရှင်းပြသေးသည်။ “ခုဆို မင်းတို့တွေကို ကိုယ်ရံတော်တွေ ခန့်လိုက်တယ် ဆိုကတည်းက မင်းတို့မှာ ကောင်းတဲ့ အပေါင်းအသင်း တွေက ဘေးမှာ ရံထားပြီးဖြစ်နေပါတယ်။ ဒီတော့ မင်းတို့မှာ အမှန်ကို ခုလို တွေးတတ် မြင်တတ်လာဖို့ အခွင့်အရေးတွေ ရလာရတယ်နော်။ ဒါသည်ပင် ကိုယ့်ဘေးမှာ ရံနေတဲ့ စေတသိတ်ဟာ ဘယ်လောက်တောင် အရေးပါသလဲ ဆိုတာလေးကို သတိလေးနဲ့ မြင်ထားရမယ်။ ဒီအဆင့်ကို ရောက်ဖို့ ရဖို့ဆိုတာ ကလည်း သမာဓိ ဆိုတဲ့ အဖော်လေးမရှိရင် ဘယ်လောက်ပဲ ရှင်းပြ ပါစေ။ သိနိုင်မြင်နိုင်ဖို့ ခက်ခဲလိမ့်မယ်နော်။
ကဲ ဒီနေ့ ဆရာရှင်းပြတဲ့ အလုပ်စဉ်တွေကို အားလုံး နားလည် သဘောပေါက်ကြလိမ့်မယ်လို့တော့ ထင်တယ်လေ။ အကယ်လို့ တစ်စုံ တရာ မရှင်းတာရှိရင်လည်း မေးလို့ ရတယ်နော်။ ဒါဆို နက်ဖြန်က စလို့ မင်းတို့ရဲ့ ကိုယ်ရံတော်တွေဖြစ်တဲ့ သမာဓိမဂ္ဂင် သုံးပါး ခြံရံလို့ လုပ်ငန်း စဉ်တွေကို စနစ်တကျ သေသေချာချာ သင်ပြထားတဲ့အတိုင်း ကြိုးစား လုပ်ဆောင်နိုင်ကြပါပြီ။ ဒီအဆင့်မှာလည်း မင်းတို့ အလုပ်ကြိုးစားရင် ကြိုးစားသလို အကျိုးထူးတွေ ခံစားရမှာမို့ ကိုယ့်တာဝန်ကိုယ် ကျေ အောင် လုပ်ဆောင်ကြပါလို့ အထူးမှာကြားရင်းနဲ့ပဲ ဒီနေ့အလုပ်ပေးအပ် ပွဲလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါပြီ။ ”
ဆရာမှ စာတွေ့လက်တွေ့ ရှင်းပြပြီးသွားပါပြီ။ ပေးအပ်သော တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရမှာကတော့ ကျနော်တို့တာဝန်ပေပဲမို့ ရာထူးတိုးအလုပ်ပေးအပ်ပွဲမှ အပြန် ကျနော့စိတ်ကလေးရဲ့ သွက်လက်လှသော ခြေလှမ်းတို့က အားမာန်ပြည့်စွာဖြင့်…..

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”