“ကျွန်တော်နဲ့ ဒါနပါရမီ”

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ပါရမီသုံးတန်ကို ရရင်ရသလိုဖြည့်ကျင့်သွားရမယ်ဆိုတာ တရားတော်တွေထဲမှာ နာဖူးသလို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ကျွန်တော်လဲ ကြိုးစားဖြည့်တင်းနေပါတယ်။ တစ်ခါတစ်လေမှာလဲ ပါတ်ဝန်းကျင်ကြောင့်ရော ကိုယ့်ရဲ့ ပျင်းတဲ့ စိတ်ကြောင့်ပါ မလုပ်တော့ပဲရပ်လိုက်မိတာတွေရှိတယ်။ အကြောင်းတိုက်ဆိုင်လို့ အဆင်ပြေရင်တော့ လှူလိုက် ဥပုတ်စောင့်လိုက် တရားထိုင်လိုက် လုပ်ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော် သိပ်မလုပ်ဖြစ်တဲ့ မဖြည့်တင်းဖြစ်တဲ့ပါရမီကတော့ ဒါနပါရမီပဲဗျ။ ကပ်စေးနဲလို့တော့မဟုတ်ဖူး…. အရမ်းတွေးလွန်းလို့..

ဥပမာ လမ်းဘေးမှာ ပိုက်ဆံတောင်းနေတဲ့သူတွေ့တယ်… အကောင်းကြီး လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင် ကျွန်တော် မပေးဘူး…. ရေသာခိုတဲ့သူတွေမို့လို့
အရက်မူးမူးနဲ့တောင်းနေတဲ့သူတွေကိုလည်း မပေးဘူး.. အဆိပ်ပင်ရေလောင်းသလိုဖြစ်မှာစိုးလို့
ကလေးတွေကိုလဲမပေးဘူး.. ပိုက်ဆံဆိုတာ အလွယ်ရတယ် ထင်သွားမှာစိုးလို့
ဂျိုင်းထောက် တစ်ဖက်နဲ့ ကျန်တာတွေက အကုန်ကောင်းနေရင်လဲ မပေးဘူး… ခြေထောက် နှစ်ဖက်လုံးမရှိပဲနဲ့ ထီရောင်းနေတဲ့သူတွေ ရေခဲချောင်းရောင်းနေတဲ့သူတွေ အများကြီး….
ပြန်စရာ ကားခမရှိတော့လို့ပါဆိုရင်လဲ မပေးဘူး… စပါယ်ယာကို ပြောစီးပေါ့… အလကားပိုက်ဆံလိုချင်နေကြတာ စပါယ်ယာကို ပြောစီးရမှာကျရှက်ပြီး လမ်းဘေး ပိုက်ဆံလိုက်တောင်းတာ ကျမရှက်ဘူး

အဲ့ဂလို…. အဲ့ဂလိုတွေတွေးပြီးသကာလ ကျွန်တော်မျိုးမှာ သွားရင်း လာရင်း လှူစာရာ လူမရှိတော့ပါ… သည်လိုနဲ့ပဲ ဒါနပါရမီနည်းပါးလို့ပဲလားတော့မသိဘူး… ဝင်သမျှငွေ အကုန်ထွက်.. ချူးပြားတစ်ချက်တောင် မစုမိတော့ မူးရင်ရှုစရာဆိုလို့ ဗေဒင်ဆရာ အဆောင်အဖြစ်လုပ်ပေးထားတဲ့ ပလတ်စတစ်လောင်းထားတဲ့ တစ်ထောာင်တန်လေးကိုပဲ ငေးကြည့်ရင်းနဲ့ပဲ လကုန်ရက်ကို ဖြတ်သန်းဖူးပါရဲ့….

သြော်.. ကုသိုလ်အလုပ်ဆိုတာ လုပ်ဖို့ရာ အကြောင်းပါဦးမှ၊ အကြောင်းပါရင်တောင် လုပ်ဖြစ်ဦးမှ၊ လုပ်ဖြစ်ရင်တောင် စိတ်ကလေးက ထားတက်ဦးမှ ကုသိုလ်ဆိုတာရတာ လွယ်လွယ်မရဘူး.. ဆိုတာ မှန်လိုက်တာ…

မောင်ဒဲ့..

 

About Minn Zin

Minn Zin has written 8 post in this Website..

မအားလပ်တဲ့ကြားကနေ စာရေးဖို့ကြိုးစားနေတဲ့ သာမန်လူတစ်ယောက်ပါ။