“ငယ်ငယ်တုန်းက ခေါင်းလောင်းသံ အပိုင်းငါး”(ဟိုပြောင်း ဒီခုန်)
“ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းလေး”
(ဟိုပြောင်း ဒီခုန်)
အဲဒီနေ့က ကျနော်အဖွားတွေက အဖေနဲ့အမေကိုလာကွိုင်ကြတာပါ။
ဒီလောက်ငယ်ငယ်လေးကို မီးရထားစီးပြီးနေ့တိုင်းကျောင်းလာခိုင်းရသလားပေါ့။
တကောင်ကြွက်မှ မဟုတ်တာဘာညာသာရကာပေ့ါလေ။
အမေတို့ကလဲ အဘိုးတို့အိမ်မှာနေဘို့အဆင်ပြေမယ်ထင်လို့ ကလေးကိုကျောင်းပြောင်းလိုက်တာပါပေါ့။
လူကြီးတွေဘယ်လိုညှိနုိုင်းပြီး ဘယ်လိုဇာတ်သိမ်းတယ်တော့ကျနော်မသိပါဘူး။
နောက်နေ့မနက်မှာအမေ့ဘက်က အဖွားတို့နေတဲ့ တောင်ပုလင်းဝင်းကို
အထုပ်ဆွဲပြီးကျနော်လိုက်ခဲ့ရတာပါဘဲ။
ကျုံးထိပ်က အိမ်က ကျနော့်ကိုကျောင်းလိုက်ပို့ဘို့လူမရှိ။
အိမ်နဲ့ကျောင်းက အရှေ့ထိ်ပ်နဲ့အနောက်ထိပ်။
အဲတော့ အမေ့ဘက်ကအဖွားအိမ်မှာဘဲနေခိုင်းပါတယ်။
အဲဒီအိမ်က ကျောင်းနဲ့အိမ်နဲ့တော့နီးသွားပြန်ပါတယ်။
အိမ်နီးပေမယ့်လဲ ထမင်းချိုင့်ကတော့ မနက်သွားကတည်းကယူသွားရတာပါဘဲ။
အဖိုးနဲ့အဖွားက ဟိုတောင်ဘက်က ဘီလူးမညောင်ပင်ဈေး(အခုတော့ပြည်ကျော်ဈေး)
နားမှာဆိုင်သွားဖွင့်တော့ မနက်ဆို သူတို့လဲထမင်းထုပ်ကျနော်လည်းထမင်းထုပ်။
ညနေကျောင်းဆင်းပြန်လာရင်တော့ အိမ်နားက အမျုးိမကင်းတဲ့ မဝင်းတို့အိမ်ကနေ
အဖိုးအဖွားတို့ပြန်အလာကိုစောင့်ရပါတယ်။
နောက်မဝင်းတို့အိမ်ကစောင့်ရတာပျင်းတော့ အိမ်ကဘဲစောင့်ပါတော့တယ်။
အဖိုးနဲ့အဖွားကလဲအိမ်ငှားနေကြတာပါ။
အရင်က အမေတို့နေမယ်လို့စီစဉ်တဲ့အိမ်က အမေ့ အမေရဲ့အဖေ့အိမ်ပါ။
အဲဒီအိမ်မှာ အမေ့မောင်နေပါတယ်။
ဒါပေမယ့် သူက ကျနော်တို့ကိုပေးမနေလို့ မန်းလေးကိုပြောင်းလာလို့မရတာပါ။
ကျန်တာအားလုံးအဆင်ပြေပေမယ့် ညနေထမင်းစားနောက်ကျတော့ဗိုက်ဆာတာပါ။
အဖိုးတို့အဖွားတို့ အလုပ်သိမ်းတာ 6နာရီခွဲခုနှစ်ရီ သူတို့ပြန်လာမှမီးမွှေးထမင်းချက်
ဆိုတော့ ထမင်းစားချိန်နောက်ကျတော့တာပေါ့။
ဒီကိစ္စကိုပြေလည်အောင် ကူညီပေးတဲ့သူကတော့ ကျနော်တို့နဲ့တစ်ဝိုင်းတည်းနေတဲ့ ကိုသိန်းထွန်းပါဘဲ။သူက ကျနော်ကိုထမင်းချက်တာသင်ပေးပါတယ်။
မီးမွွှေး ဆန်ဆေး ထမင်းအိုးတည်ထား။
ဆူလာရင်ယောက်မနဲ့မွှေ ဆန်စေ့လေးတွေအိ မအိသူကကြည့်ပေး။
အနေတော်ရောက်ပြီဆိုရင် ထမင်းရည်ငှဲ့ပေးပါတယ်။
ပြီးရင်မီးအေးအေးနဲ့ထမင်းနှပ်ထား။
အဖွားတိုု့ပြန်လာရင် မီးမွှေးပြီးသားဆိုတော့ ဟင်းချက်တာခဏလေးဆိုတော့
ထမင်းစားရတာအရင်လိုနောက်မကျတော့ပါဘူး။
အစကတော့ အဖွားတို့က မီးရေးထင်းရေးအတွက်စိတ်ပူတာပေါ့။
ဒါပေမယ့် ကိုသိန်းလွင်က သူတာဝန်ယူပါတယ်လို့ပြောတော့ အေးဆေးပေါ့။
အဖွားက “ကိုပေါက်က လိမ္မာတယ် အိမ်အလုပ်တွေကူလုပ်ပေးထားတာ”
လို့များ ပြောရင် ကျနော်မှာပျော်လို်က်ရတာ။
တစ်ရက်မှာတော့ ကျနော်တို့ဘေးအိမ်က ချပါတီတွေလုပ်စားတာမြင်တော့
အရမ်းစားချင်ပါတယ်။
(အဖေ့ဘက်က အဖွားနဲ့နေတုန်းကဆိုရင်မနက်အဆာပြေစားဘို့
ချပါတီ ခဏခဏလုပ်စားတတ်ပါတယ်။
ဟိုကျနော်တို့ငယ်ငယ်က မိသားစုများတဲ့အိမ်တွေက မုန့်ကိုအပြင်ဆိုင်ကဝယ်မစားဘဲ
အိမ်မှာတင်လုပ်စားတတ်ကြပါတယ်။
အိမ်မှာလုပ်စားတာ ကရိကထများပေမယ့်ငွေအကုန်သက်သာပြီးဝဝလင်လင်စားရပါတယ်။
အခုခေတ်မှာတော့ အိမ်မှာတင်မုန့်လုပ်စားတယ်ဆိုတာမရှိတော့သလောက်။
လုပ်လဲ မလုပ်တတ်တာရယ် အချိန်မပေးနိုင်တာရယ်လို့ထင်ပါတယ်။)
အဲဒါနဲ့အဖွားကို ချပါတီစားချင်တယ်ပြောတော့ နောက်နေ့လုပ်ကြွေးပါတယ်။
နောက်မှသိရတာကတော့ အဲဒီအချိန်တုံးက မြန်မာပြည်စီးပွားရေးအကျပ်
အတည်းဖြစ်တော့ ဆန်ဈေးကြီးပြီး ဂျုံဈေးသက်သာတော့ ဝင်ငွေနည်းတဲ့
အိမ်တွေက ထမင်းမစားဘဲ ချာပါတီလုပ်စားရတယ်လို့သိရပါတယ်။
ဒီလိုနဲ့ဘဲကျောင်းတက်လိုက် ကျောင်းပိတ်ရက်မြစ်ငယ်ပြန်တဲ့အခါပြန်။
တစ်ခါတစ်လေ ကျုံးဘေးကအဖွားအိမ်မှာသွားနေတဲ့အခါနေနဲ့ဘဲ
သုံးတန်းအောင်လို့လေးတန်းကိုရောက်လာပြန်ပါတယ်။
ကျနော်တို့ကျောင်းသားဘဝတုန်းကတော့ သိပ်အပူအပင်မရှိနေခဲ့ရပါတယ်။
အစစအရာရာဈေးမကြီးတော့ အိမ်ကပေးတဲ့မုန့်ဘိုး ဆယ်ပြား ဆယ့်ငါးပြားက
ကလေးတစ်ယောက်အတွက်လုံလောက်ပါတယ်။
ကျောင်းတက်ရင်စာအံ ကျောင်းဆင်းရင်ဆော့ ပျော်စရာကောင်းခဲ့ပါတယ်။
အတန်းပိုင်ဆရာမကလဲ ဖိဖိစီးစီးသင်ပေးတော့ တစ်နေ့စာတစ်နေ့ပြီး
ကျုရှင်တက်ဘို့မလို အချိန်ပိုတက်ဘို့မလိုနဲ့ စိတ်သက်တောင့်သက်သာနဲ့
ဘဲတစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာခဲ့ပါတယ်။
ကျနော်လေးတန်းကျောင်းမဖွင့်ခင် အမေတို့က မန်းလေးပြန်ရောက်လာပါတယ်။
ကျနော်ချက်မြုတ်အရပ်ဖြစ်တဲ့ 16လမ်းအိမ်ကိုပါ။
တကယ်တန်းပြောရရင် ကျနော်က 25လမ်းက အဖေ့အဖွားဘက်ကအိမ်မှာပျော်တာပါ။
ကျနော်ကို ချစ်တဲ့အဖွားရှိတယ် ဂရုစိုက်တဲ့အဖေ့ညီမဝမ်းကွဲအပျိုကြီးတွေရှိတယ်။
ကျနော်ကိုသွားလေရာခေါ်တဲ့ ဦးလေးတွေရှိတယ်။
ဦးလေးတွေနဲ့ ညဆိုအငြိမ့် တို့ တီးဝိုင်းတို့သွားကြည့်ရ နားထောင်ရတယ်။
အဒေါ်တွေနဲ့ ရုပ်ရှင်လိုက်ရတယ်။
ဘကြီးရဲ့ ဓါတ်ပုံစတူဒီယိုလုပ်ထားတဲ့ ပန်းခြံထဲမှာသွားဆော့ရတယ်။
ဘကြီးမွေးထားတဲ့ အလှမွေးရွှေငါးတွေ့ကို သွားမော့လို့ရပါတယ်။
ဘကြီးရဲ့ ကင်မရာကြီး ကို အုပ်ထားတဲ့ အဝတ်မဲကြီးထဲဝင်ပြီး
ရိုက်မယ် ငြိမ်ငြိမ်နေပါလို့ အော်ပြီး ဓါတ်ပုံရိုက်တမ်းကစားလို့ရတယ်။
ရွယ်တူ ညီအကိုဝမ်းကွဲတွေရှိတယ်။
ဒါပေမယ့် အဖေက 16လမ်းအိမ်မှာဘဲအနေခိုင်းပါတယ်။
25လမ်းအိမ် ကိုကျောင်းပိတ်ရက် ဦးလေးလာခေါ်မှသွားရပါတယ်။
ကျနော်တို့နေတာက 16လမ်း လမ်း80။
အခုရွှေဘဲရဲ့ အနောက်ဘက်မှာပါ။
ကျနော်တို့အိမ်ရဲ့ နောက်ဘက်က တော့ “ထီးရိုးဝင်း”ပါ။
အိမ်ကနေကျောင်းသွားရင် အမှတ်တစ်ဆယ်လိုင်းကားကိုစီးသွားရပါတယ်။
အိမ်ကနေထွက်လိုင်းကားပေါ်တက်။
ကားက အရင်ကလူမူ့ဖူလုံရေးဆေးခန်းရှေ့(နောက်တော့ အနောက်မြောက်မြိုနယ်ကောင်စီရုံး)နဲ့
မေမန်းလက်ရည်ဆိုင်ဒေါင့်(အခုရိမ်းဘိုးလက်ဖက်ရည်ဆိုင်ရှေ့)မှာရပ်ပါတယ်။
အဲဒီမေမန်းလက်ဘက်ရည်ဆိုင်အောက်မှရေမြောင်းလေးရှိပါတယ်။
(အဲဒိမြောင်းထဲမှာဒေါင်းမြီးကွက်ငါးလေးတွေကူးနေတာမြင်ရင်
ကျောင်းသွားဖော်ခြင်း အထူးအဆန်းလုပ်ပြီးပြရတာအမောပါဘဲ)
ကျနော်တို့ ဘတ်စကားကဆင်း ရင်အနောက်ဘက်ကိုဆက်သွား
ရွှေတချောင်းမြောင်းကျော်ပြီးမြောက်ဘက်ကို ကွေ့လိုက်ရင် ကျနော်နေတဲ့ဒိုင်အိုကျောင်းကိုရောက်ပါတယ်။
ကျနော်တို့ကျောင်းက ဝင်ဝင်ခြင်း တောင်ဘက်ခြမ်းမှာ စတိတ်ခုံကြီးရှိတဲ့ ကပ်တဲကြီးရှိပါတယ်။
ပျော်ပွဲရွှင်ပွဲကျောင်းကပွဲဆုပေးပွဲတွေလုပ်တဲ့ခန်းမပေါ့။
အခုတော့ အုဌ်တို်က်ကြီးဖြစ်နေပါပြီ။
သူနဲ့မျက်နှာခြင်းဆိုင်မှာတော့ သုံးထပ်ဆောင်။
အဲဒီအဆောင်ကြီးမှာ ကျောင်းအုပ်ကြီးရုံးခန်းရှိပါတယ်။
ကလေးဘဝက အဲဒီအဆောင်ကြီးပေါ်မတက်ရဲပါဘူး။
သူရဲခြောက်တယ်ပြောကြလို့ပါ။
အပေါ်ထပ်ကပိတ်ထားပေမယ့်ခုံရွှေ့သံတွေကြားရတယ်ဆိုပြောကြပါတယ်။
ကလေးဆိုတော့လဲဟုတ်တာမဟုတ်တာ အပထား ကြောက်တာကတော့ကြောက်တာပါဘဲ။
အဲဒီအဆောင်ကြီးရဲ့ အရှေ့ဖက်ဒေါင့်မှာတော့ မျက်မှန်ကြီးတဝင်းဝင်းနဲ့အမြဲပြုံးနေတတ်တဲ့
ဆရာကြီးဦးခင်နီနေပါတယ်။
ကျနော်လေးတန်းရောက်တော့ ဆရာမကြီး ဒေါ်ခင်ထွေးလှအတန်းမှာပါ။
တီချာကြီးက အရပ်ပုပုဝဝ အမြဲတမ်းသေသပ်စွာ ဖီးလိမ်းပြီး ကျက်သရေရှိစွာနေတတ်ပါတယ်။
ထူးခြားတာကတော့ တီချာကြီးက စီးကရက်ကြိုက်တာပါဘဲ။
ကျနော်တို့ငယ်ငယ်က ရုပ်ရှင်မင်းသမီးကြီးတင်တင်မူ စီးကရက်သောက်တဲ့ပုံက လှတယ်လို့
နာမယ်ကြီးပါတယ်။
ကျနော့်ဆရာမကြီး စီးရက်သောက်ပုံကလဲ တင်တင်မူအတိုင်းလို့ ထင်မိပါရဲ့။
ကျနော်တို့လေးတန်းရောက်တော့ အစိုးရစစ်ပါ။
အဲတော့ ဆရာမကြီးက အတော်လေးကို ကြပ်ကြပ်မတ်မတ်သင်ပေးပါတယ်။
ကျနော်တို့လေးတန်းတုံးက တက်ရတဲ့စာသင်ခန်းကတော့ ပင်မဆောင်ကြီးရဲ့အောက်ထပ်
အနောက်ဘက်ဆုံးအခန်းမှာ စာသင်ရတာမှတ်မိပါတယ်။
နောက်တော့ သုံးတန်းတုံးက နေခဲ့ရတဲ့အဆောင်ရဲ့အစွန်ဆုံးအခန်းကိုပြန်ပြောင်းရတယ်လို့
ထင်ပါတယ်။
အသေအချာကြီးမမှတ်မိတာကလဲ အမှန်ဘဲလို့ ဝန်ခံရမှာပါ။
ကျနော်လေးတန်းတက်တဲ့နှစ်မှာ 16လမ်းအိမ်ကနေ တောင်ပုလင်းဝင်းအိမ်ကိုပြန်ပြောင်းပါတယ်။
16လမ်းအိမ် ကနေမပြောင်းခင်လေးမှာ အမှတ်စရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။
တစ်ရက်ဘတ်စကားစီးပြီးကျောင်းကအပြန်လမ်းမှာပါ။
ဘတ်စကားစီးနေရင်းက နေ ကျနော် ရှုးပေါက်ချင်လာတာပါ။
ဘယ်လိုမှ မအောင့်နိုင်တော့တာနဲ့စာတိုက်ကြီးနားရောက်တော့ ဆင်းလိုက်ပါတယ်။
အဲဒီနားကရေမြောင်းမှာရှူးဆင်းပေါက်ပါတယ်။
ဒါပေမယ့် ဘတ်စကားစီးစရာ ပိုက်ဆံကမကျန်တော့ပါဘူး။
အဲဒါနဲ့ ဘုရားနီဘုရားရဲ့ရှေ့ကလမ်းကနေ မြောက်ဘက်တည့်တည့်လျောက်လာပါတယ်။
17လမ်းအရောက်မှာ လမ်းမှားပြီး အပေါ်တည့်တည့် ကျုံးဘက်ကိုတက်လိုက်ပါတယ်။
ကျူံးထိပ်လဲရောက်ရော တွေ့နေကျ ကွမ်းယာဆိုင်လေးကို မတွေ့ဘဲ နွားခြံကြီးကိုတွေ့တော့မှလမ်းမှားလာတာကိုသိပါတယ်။
အဲဒါနဲ့ကျော်သွားပြီးထင်ပြီး တောင်ဘက်ကိုသွားလို့ တစ်ပြလဲဆုံးရောမှားမှန်းသိတော့ပြန်ကွေ့ပြီးလာပါတယ်။
စိတ်ထဲမှာလဲ အိမ်ပြန်မရောက်မှာကြောက်တော့ ချွေးတွေတောင်ပြန်လာပါတယ်။
အဲလိုကျနော်ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာကို မြင်တဲ့ နွားတွေမွေးတဲ့အိမ်က
ဦးလေးကြီးက ကျနော်ကိုအိမ်ရောက်အောင်လိုက်ပို့ပေးပါတယ်။
ကျနော်ကသာ မသိတာ သူက ကျနော်ကိုသိနေပါတယ်။
သူက ကျနော့်တို့ အဒေါ်တွေနဲ့ မိတ်ဆွေတွေဖြစ်နေလို့ပါဘဲ။
ကျနော်တို့တောင်ပုလင်းဝင်းမှာ အိမ်ငှားနေကြပါတယ်။
ဒေါ်အေးဂျမ်းဆိုတဲ့အမေကြီးက သူ့ခြံအကျယ်ကြီးထဲမှာ အခန်းလေးခန်းပါတဲ့
တဲတန်းလျားကြီးကိုဆောက်ထားပါတယ်။
ကျနော်တို့ကအလည်ခန်းမှာနေပါတယ်။
ကျနော်တို့ အခန်းကပ်ရက်မှာ သတင်းစာတွေဂျာနယ်တွေရောင်းတဲ့ ကိုဖုန်းကျော်ဆိုတဲ့
အကိုကြီးနေပါတယ်။
သူကနေ့သတင်းစာရောင်း ညနေကျရင် ရုပ်ရှင်ရုံနားမှာထိုင်ပြီးကာတွန်းစာအုပ်တွေငှားပါတယ်။
ရုပ်ရှင်ချိန်မတိုင်ခင်မှာရုပ်ရှင်ကြည့်ဘို့စောင့်နေသူတွေကိုငှားတာပါ။
အိမ်ပြန်ရောက်တဲ့အခါမှာ သူက သူစာစောင်တွေကို ကာတွန်းစာအုပ်တွေကို ပေးဖတ်ပါတယ်။
အဲဒီကတည်းက ကျနော်စာဖတ်တဲ့ပိုးဝင်သွားတယ်လို့ထင်မိပါတယ်။
ကျနော်က အမေတို့နဲ့ပုလင်းဝင်းမှာနေတဲ့အခါ ညနေကျောင်းဆင်းရင် ကျောင်းအနောက်ဘက်က
ဘောလုံးကွင်းထဲမှာသူငယ်ချင်းတွေနဲ့ဆော့ပြီး ဝမှ အိမ်ပြန်ပါတယ်။
တစ်ခါတစ်လေ အဲဒီကွင်းထဲမှာလူကြီးဘောလုံးကွင်းရှိနေတယ်ဆိုရင်တော့မကစားရပါဘူူး။
ကျနော်မှတ်မိနေတာကတော့ အဲဒီဘောလုံးကွင်းမြောက်ဘက်မှ သံတန်းကြီးတွေကာထားတာပါ။
ကျနော်ကတော့ အဲဒီသံတန်းအောက်က နေငုံ့ပြီးအဝင်အထွက်လုပ်ပါတယ်။
အခုတော့ အဲဒီနေရာက တိုက်ခန်းတွေနဲ့ပိတ်သွားပါပြီ။
ကျနော်တို့နေတဲ့ ပုလင်းဝင်က မိုးတွင်းဆိုရေတွေဝင်ပါတယ်။
လူကြီးတစ်ယောက်ရဲ့ဒူးဆစ်လောက်အထိရပ်ကွက်ထဲမှာရေပြင်ကြီးဖြစ်နေပါတယ်။
အဲဒီအခါမျိုးမှာ ကျနော် 25လမ်းအိမ်ကိုသွားနေရပါတယ်။
မနက်ကျောင်းသွားရင် 81လမ်းအတိုင်းမြောက်ဘက်လာ။
23လမ်းရောက်ရင် အနောက်ဘက်ဆင်း။
လမ်းအလည်ခေါင်လောက်မှာရှိတဲ့ ဆရာမကြီးအိမ်ကိုဝင် ခို်င်စိုးလှနဲ့အတူကျောင်းသွားကြပါတယ်။
ဒါပေမယ့်လည်း ရေကျသွားရင် ပုလင်းဝင်အိမ်မှာဘဲပြန်နေရပါတယ်။
ဒီလိုနဲ့ဘဲဟိုအိမ်နေလို်က်ဒီအိမ်နေလိုက်နဲ့ စာမေးပွဲကြီးနီးလာပြန်ပါတယ်။
မှတ်မှတ်ရရပြောရပြန်ရင် အဲဒီနှစ်မှာလဲ အိမ်တော်တော်များများ ချပါတီစားလုပ်စားကြရတာပါ။
အများစီးပွားရေးပျက်တော့ ကျနော်တို့လဲ တစ်ခါတစ်လေ ချပါတီစားခဲ့ရတာပါဘဲ။
နောင်ကြီးမှပြန်သိလာရတဲ့အချက်ကတော့ အဲဒီနှစ်မှာ မြန်မာပြည်မှာလူမျိုးရေးအထိကရုဏ်း
ဖြစ်တော့ တိုင်းပြည်စီးပွားရေးကျဆင်းကုန်တာပါဘဲ။
အဲတော့စီးပွားရှာရခက်ကုန်တဲ့အပြင်ရာသီဥတုမမှန်တော့သီးနှံပျက်။
အဲဒီအခါ ဆန်အကောင်းကို ပေးဘို့မလောက်တော့ ဆန်အကောင်းကို ဆန်ကွဲတစ်ဝက်ရောထားတဲ့ “ဆန်ပုလဲ”ဆိုတာကို သမဝါယမတွေက ထုတ်ပေးပါတယ်။
ဆန်ဈေးကြီးတဲ့အခါ ဈေးသက်သာတဲ့ဂျုံမူန့်နဲ့လုပ်ထားတဲ့ ချပါတီကို ကျနော်တို့မြန်မာပြည်သား
တွေစားခဲ့ရပါတယ်။
ဒါလေးကတော့ ရေးရေးလေးမှတ်မိနေသေးတဲ့ အကြောင်းတွေပါဘဲ။
ကျနော်တို့လေးတန်းစာမေးပွဲဖြေတော့ ညောင်ပင်ဈေးအရှေ့ဘက်က ပုလဲငွေရောင်ကျောင်းမှာ
ဖြေရပါတယ်။
လူကလက်တောက်လောက် အစိုးရစစ်စာမေးပွဲ တစ်ရက်နှစ်ဘာသာဖြေရတယ်ဆိုတော့
နည်းနည်းလေးတောင်ဘဝင်မြင့်ချင်သလိုလို။
အိမ်ကလဲစာမေးပွဲရက်မှာအတော်လေးကို အလိုလိုက်လို့ မုန့်ဘိုးတစ်ရက်ကို
ငါးမူးကြီးများတောင်ပေးပါတယ်။
အဲလိုနဲ့စာမေးပွဲကြီးလဲပြီးရောအိမ်အလုပ်တွေကူလုပ်လိုက် 25လမ်းအိမ်ကလာခေါ်ရင်လိုက်
သွားနဲ့ပျော်ပျော်ကြီးနေခဲ့ရပါတယ်။
စာမေးပွဲအောင်စာရင်းတွေထွက်တော့ အောင်ပါတယ်။
သိပ်မကြာခင်ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရတော့မယ်။
အလယ်တန်းကျောင်းသားကြီးဖြစ်တော့မယ်လို့အတွေးတွေနဲ့ပျော်နေဆဲ၊
မမျှော်လင့်သောအကြောင်းတရားတခုက ပေါ်ပေါက်လာပြန်ပါတယ်။
အဲတော့ကျနော်……………………………………………………………
(ဆက်လက်ဖော်ပြပါမည်။)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(17-12-2011)
9 comments
windtalker
December 17, 2011 at 1:52 pm
အဲဒါကတော့……
ကျနော် အိမ်တော်ရာ ဘုရားအရှေ ့ဘက်လမ်းတွင်
မကြာခဏ ဆိုသလို….
ဆိုသလို…….
ဟီး
ဘုရား ထဲ သွားဆော့တာပေါ့နော်
koyinmaung
December 17, 2011 at 5:06 pm
အားပေးနေပါတယ်ဆရာပေါက်ရေ……..
MaMa
December 17, 2011 at 5:30 pm
ကိုယ့်ကိုကိုယ် ကျောင်းပြောင်းတာ များလှပြီထင်နေတာ ကိုပေါက်ကိုတော့ မမှီသေးဘူး။ 😀
“ဘီလူးကြီး”ogre
December 17, 2011 at 7:27 pm
အကိုပေါက်
အနော်ပြောတဲ့အတိုင်းနော်
ဆြာမတွေအကြောင်းများများရေး….ဒါဗျဲ 🙂 🙂
naywoonni
December 17, 2011 at 8:32 pm
ကျွန်တော်တို့ဆီမှာ အဲဒိလို စာမသင်တော့တဲ့ ကျောင်းတွေ ဘယ်လောက်များနေပြီမသိ….။ ကျောင်းဆိုတာက စာသင်နေမှ …………. နော့
TTNU
December 17, 2011 at 9:47 pm
(အဲဒီအဆောင်ကြီးရဲ့ အရှေ့ဖက်ဒေါင့်မှာတော့
မျက်မှန်ကြီးတဝင်းဝင်းနဲ့အမြဲပြုံးနေတတ်တဲ့
ဆရာကြီးဦးခင်နီနေပါတယ်။)
ကိုပေါက်ရေ… ဆရာကြီးဦးခင်နီဆုံးတာ (၁) နှစ်ပြည့်တော့မယ်။
(ကျနော်လေးတန်းရောက်တော့ ဆရာမကြီး ဒေါ်ခင်ထွေးလှအတန်းမှာပါ။
တီချာကြီးက အရပ်ပုပုဝဝ အမြဲတမ်းသေသပ်စွာ ဖီးလိမ်းပြီး ကျက်သရေရှိစွာနေတတ်ပါတယ်။
ထူးခြားတာကတော့ တီချာကြီးက စီးကရက်ကြိုက်တာပါဘဲ။)
ကိုပေါက်ရေ… အန်တီထွေးကိုမြင်ယောင်မိတယ်။
unclegyi1974
December 17, 2011 at 11:16 pm
ကိုပေါက်၄တန်းတုန်းကနေခဲ့တဲ့ပုလင်းဝင်းမိုးဆိုရေတွေဝင်လို့
အခုဆိုနှစ်ပေါင်းမနည်းတော့ဖူးနော်
မိုးဆိုရေမဝင်တော့ဖူးနဲ့တူတယ်
aye.kk
December 18, 2011 at 6:45 am
ခင်သူရဲ ့အကြောင်း..
စိတ်ဝင်စားဘို ့အလွန်ကောင်း..
ကိုပေါက်ရေ..ဖတ်သွားပါတယ်..ဆက်မျှော်လျှက်ပါ..။
ကိုပေါက်(မန္တလေး)
December 18, 2011 at 9:47 pm
အန်ကယ်ဂျီးရေ
မန်းလေးမြို့ရဲ့ ရေစီးမြောင်းစနစ်ပုံစံအဟောင်းကနေပုံစံတွေပြောင်းလိုက်တာ
အခုဆို
အရင်ကထက်ပိုဆိုးသွားပါကြောင်း။
အရင်က ရေတိုးလာရင် ခဏနားတဲ့ အင်းတွေက
လူနေုအိမ်တွေဖြစ်ကုန်လို့ပါဘဲ။