Dhamma Rakhita အကောင့်ပိုင်ရှင်က facebook မှာ မထားထားမိုး Status တွင် ရေးထားသောအကြောင်းမှာ ရဟန်းသံဃာများကို ပိုက်ဆံလှူတဲ့အခါ တိုက်ရိုက်လှူဒါန်းရင် ရဟန်းသံဃာများမှာရော၊ လှူဒါန်းသူများမှာပါ အကျိုးရသင့်သလောက် မရဘူးဆိုပြီး Comment ပေးထားတာကို လူတွေအနေနဲ့ ဝိနည်းအကြောင်းနားမလည်လို့ ယောင်ဝါးဝါးဖြစ်ပြီး ပိုက်ဆံလှူခြင်းများအတွက် သံယယတွေဖြစ်နေကြတယ်။ အဲဒါ ဖြေရှင်းပေးပါဦးလို့ တောင်းဆိုတာနဲ့ ယခုလို ဖြေရှင်းရေးသားပေးလိုက်ခြင်းပါ။ တကယ်တော့ Dhamma Rakhita ဆိုတာ ရဟန်းလား၊ လူလား၊ ဘာသာခြားလားစတာတွေကို ဦးဇင်းလည်း သူ့ Profile ဖွင့်ကြည့်တဲ့အခါ ဘာမှရေးမထားတာမို့ မသိရပေ။

သူများအကြောင်း၊ ကိုယ့်အကြောင်းကို အမှန်တကယ် ကောင်းမွန်စွာ ဖော်ထုတ်ရေးသား၊ အကြံပြုပေးချင်တဲ့လူဆိုရင် ဘယ်သူမဆို ကိုယ့်အကြောင်းလိပ်စာ၊ နေရပ်၊ မေးလ်လိပ်စာ၊ ဓာတ်ပုံစတဲ့ အချက်အလက်များကို ရဲဝင့်စွာ တင်ပြပေးထားရမှာပါ။ ဒါမှလည်း တကယ့်ကို မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း၊ လူကျင့်ဝတ်နဲ့ညီတဲ့လူသာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်အကြောင်းကို တစ်ခုမှ ဖော်ပြထားခြင်းမရှိတဲ့လူတစ်ယောက်ရဲ့ မေးခွန်းများ၊ ဝေဖန်မှုများ၊ ကဲ့ရဲ့မှုများဟာ တကယ်တော့ ပြန်ပြောစရာ၊ အဖတ်လုပ်စရာ၊ ဖြေရှင်းစရာ၊ စိတ်ထဲထားစရာ မလိုတဲ့အရာပါ။ သို့သော်လည်း ဦးဇင်းစာဖတ်ပရိတ်သတ်များ ရွေငွေနဲ့သာသနာ အပ်စပ်မှုရှိမရှိ၊ ဘယ်လိုလုပ်ရင် အပ်စပ်တယ်ဆိုတာကို သိစေချင်လို့ အခုလို ရေးသားပေးလိုက်ခြင်း ဖြစ်ပါတယ်။

ရွှေငွေဟာ နိဗ္ဗာန်ရောက်အောင်အားထုတ်နေတဲ့ ရဟန်းတော်များအတွက် မအပ်ဘူးဆိုတာ နိဗ္ဗာန်ရောက်အောင် လက်တွေ့အားထုတ်နေတဲ့သံဃာမှာ ကိလေသာများ မဖြစ်အောင် မကိုင်ဆောင်ရဆိုပြီး မြတ်စွာဘုရားရှင်က မိန့်တော်မူခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကမ္မဋ္ဌာန်းအားထုတ်နေတဲ့သံဃာဆို ရွှေငွေတွေပေါ် တက်မက်မှုဖြစ်ခြင်း ကိလေသာ၊ ရွှေငွေရှိခြင်းကြောင့် သူခိုးဓါးမြအန္တရာယ်တို့မှ ကင်းဝေးအောင် မကိုင်ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။
တကယ်လို့သာ ရွှေငွေများကို သာသနာမှာ မလှူဒါန်းသင့်ဘူးဆိုရင် ဘယ်ရဟန်းသံဃာ၊ လူတွေကမှ ဘုရားရွှေချခြင်း၊ ရွှေသင်္ကန်းကပ်ခြင်းများ ပြုလုပ်ခိုင်းမည် မဟုတ်ပါပေ။ တကယ်လို့သာ ရွှေငွေလှူဒါန်းသူများမှာ အပြစ်ဖြစ်တယ်ဆိုရင် ဘုရားမှာရော ဘာဖြစ်လို့ ရွှေတွေ လှူကြတာလဲ။ ဒီလို ဘုရားရှင်ကလက်မခံတာကို လှူကြတာဟာ အပြစ်မဖြစ်ဘူးလား။ ဒါဆို ဘုရားမှာရွှေချခဲ့တဲ့ ရဟန်းရှင်လူမှန်သမျှ ကုသိုလ်မရဘဲ အကုသိုလ်ပဲ ရနေမှာလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် သာသနာနဲ့ရွှေငွေ အပ်စပ်မှုရှိမရှိကို ကျမ်းဂန်းများတွင် ဘယ်လိုဖော်ပြထားခဲ့သလဲ၊ မြတ်ဗုဒ္ဓကရော ဘယ်လိုတွေ မိန့်ကြားခဲ့သလဲဆိုတာ လေ့လာစမ်းစစ်ကြည့်တဲ့အခါ မိလိန္ဒပဉှာ၊ ဝေဿန္တရာဒါနခန်းတွင် မလှူသင့်တဲ့ အဒါနဝတ္ထု(၁၀)ပါးထဲမှာ ရွှေငွေမပါတာကို တွေ့ရပါတယ်။ ရွှေငွေကို အသုံးအဆောင်အတွက်၊ ကျောင်းအတွက်စတဲ့ အကျဉ်းချုပ်နဲ့ပြောရမယ်ဆိုရင် ပစ္စည်လေးပါး၊ အကျယ်ချဲ့မယ်ဆိုရင်တော့ ရဟန်းသံဃာများဆိုင်ရာ လိုအပ်ချက်များသုံးဆောင်ရန်အတွက် ရွှေငွေများကို လှူဒါန်းလို့ရပါတယ်။ လှူဒါန်းသူမှာလည်း အပြစ်မရှိပါဘူး။

အဒါနဝတ္ထုဖြစ်တဲ့ ဒီ(၁၀)မျိုးကိုတော့ ရဟန်းသံဃာများအား မလှူကောင်းပါ။ လှူဒါန်းရင်လည်း လှူသူမှာ အပြစ်ရှိတယ်လို့ မိလိန္ဒပဉှာမှာ ဟောထားတာ တွေ့ရပါတယ်။ မလှူအပ်တဲ့ အဒါနဝတ္ထု(၁၀)မျိုးကို စာဖတ်သူများသိရှိထားအောင် အကျဉ်းချုပ်ရေးသားပေးရမယ်ဆိုရင်
၁။ ဘိန်းအရက်စတဲ့ မူးယစ်ဆေးပါးအလှူ။
၂။ မိန်းမအလှူ။
၃။ နွားမကို မိတ်လိုက်ဖို့ နွားထီးလွတ်ပေးတဲ့အလှူ။
၄။ ကိလေသာကို ဆွဲဆောင်နိုင်တဲ့ ပန်းချီဆေးရုပ်အလှူ။
၅။ လက်နက်အလှူ။
၆။ အဆိပ်အလှူ။
၇။ သတ္တဝါတွေကို ဖွဲ့နှောင်းဖို့အတွက် ခြေကျင်း၊ ကြိုး၊ ထိပ်တုန်း၊ လက်ထိပ်စတဲ့ အလှူ။
၈။ သတ်စားဖို့အတွက် သားငါးအလှူ။
၉။ အလေးတင်းတောင်း ဂဏန်းပေါင်းစက်စသည်များဖြင့် ရဟန်သံဃာအတွက် ငွေစတဲ့အရာဝတ္ထုများ ပိုမိုရရှိအောင် လိမ်လည်ပေးပြီး လှူသောအလှူ။ (ဥပမာ-ကျောင်းအတွက် လှူထားတဲ့ငွေများကို အဖွဲ့အစည်းကဖြစ်စေ၊ တစ်ယောက်ယောက်ဖြစ်စေ သိမ်းထားတာကို ကျောင်းငွေပိုရအောင်ဆိုပြီး ဂဏန်းပေါင်းစက်ဖြင့် ပေါင်းတဲ့အခါ ရှိရင်းထက် ပိုမိုတိုးပြီး လိမ်လည်ပေးတဲ့အလှူ၊ အဒိန္နာဒါန အလှူမျိုးပါ)
၁၀။ ကချေသည်လို့ခေါ်တဲ့ ဇာတ်သဘင်ပွဲလမ်းသဘင်အလှူ။
ဒီနေရာမှာလည်း ဘုရား၊ ရဟန်းသံဃာများအတွက်ဆိုပြီး ပွဲလမ်းသဘင်များ မလှူကောင်းဘူးဆိုပြီး ပါနေပါတယ်။ ခုပြောခဲ့တဲ့ အလှူတွေဟာ မလှူအပ်တဲ့အလှူတွေဖြစ်ပြီး လှူဒါန်းရင် အကျိုးမရတဲ့အပြင် အကုသိုလ်ပါရပါသတဲ့။ ဒါကြောင့် မိမိတို့က အလှူအတန်းအကြီးကြီးလုပ်တဲ့ပွဲတွေမှာ၊ ဘုရားပွဲတွေမှာ ဇာတ်သဘင်များ ဝါသနာပါလို့ဖြစ်စေ၊ သူများတကာလည်း ကြည့်ရအောင်ဆိုတဲ့စေတနာနဲ့ဖြစ်စေ ပွဲလမ်းသဘင်များလုပ်တဲ့အခါမှာ ဘုရား၊ ရဟန်းသံဃာများကိုလှူတယ်ဆိုတဲ့ စကားနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ မသုံးမိအောင် သတိထားဆင်ခြင်ပြီး မိမိတို့အလှူအောင်ပွဲအနေနဲ့ ပျော်ပွဲရွှင်ပွဲဆိုတာမျိုးသာ သုံးနှုန်းကျင့်ပပြုလုပ်ကြပါလေ။ တကယ်လို့ မိမိတို့က မသိနားမလည်ပြီး ဘုရား၊ ရဟန်းသံဃာကျောင်းအတွက် ပွဲလမ်းသဘင်လှူဒါန်းတာလို့ သုံးမိမယ်ဆိုရင် မိမိတို့မှာ ကုသိုလ်မရဘဲ အကုသိုလ်သာ ရရှိမှာမို့ပါ။
အဲဒီတော့ ပြောရင်းပြောရင်းနဲ့ လိုရင်းကိုမရောက်ဘဲ စာဖတ်သူများသိစေချင်တာတွေလွန်းကဲပြီး ရေးတာများသွားနေသဖြင့် လိုရင်းကို ပြန်ပြောပါမယ်။

ရွှေငွေများဟာ နိဗ္ဗာန်ရောက်အောင် တရားလက်တွေ့အားထုတ်နေတဲ့ ရဟန်းသံဃာအနေနဲ့ မသုံးဆောင်ကောင်း၊ အလှူမခံကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ အထက်ကပြောခဲ့သလို ရွှေငွေများဟာ မလှူဒါန်းသင့်တဲ့ အရာဝတ္ထုများတွင် မပါဘဲ လှူဒါန်းရင်လည်း လှူဒါန်းသူမှာ အပြစ်မရှိတာကြောင့် လှူဒါန်းတဲ့လူကလည်း လွတ်လပ်စွာလှူဒါန်းနိုင်သလို ပစ္စည်းလေးပါးအတွက်၊ အသုံးအဆောင်လိုအပ်တာများအတွက် အသုံးချရန် လိုအပ်လာရင် ရဟန်းသံဃာများအနေနဲ့လည်း အလှူခံပြီး ကိုင်ဆောင်ထားနိုင်ပါတယ်။

အဲဒီလိုကိုင်ဆောင်လို့ ရဟန်းသံဃာမှာ အပြစ်ကလည်း ပြောသလောက် အပြစ်ကြီးသွားတာ မဟုတ်ပါဘူး။ ရဟန်းသံဃာများအတွက် အာပတ်(၇)မျိုးရှိရာမှာ အသေးစားဖြစ်တဲ့ နိဿဂ္ဂိပါစိတ်သာ သင့်တာမို့ ဒါဟာလည်း ရွှေငွေကိုင်ပြီး ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင် ပြန်လည်ချေပလို့ရနိုင်တာမို့ ဘယ်ဟာက ပိုအကျိုးများမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ-ရွှေငွေကိုင်ရင် အာပတ်သင့်လို့အပြစ်အသေးစား ရရှိသွားတယ်။ ဒါပေမဲ့ ရွှေငွေကိုင်ပြီးတော့ အဲဒီအပြစ်သေးစားလေးကို ချေပနိုင်တဲ့ ကုသိုလ်မျိုးကို ပြုလုပ်မယ်ဆိုရင် ဆုံးရှုံးတာနဲ့ ပြန်လည်ရယူတာတွင် ပြန်လည်ရယူခြင်းက ပိုမိုသာလွန်ပါက အမြတ်ထွက်တာကြောင့် အမြတ်ထွက်မဲ့ ကောင်းမှုမျိုးရရှိမယ်ဆို ပြုလုပ်သင့်ပါတယ်။

ရဟန်းသံဃာများဟာ ရွှေငွေကိုင်ရတာသည် အလွန်ကြမ်းကြုတ်တဲ့ ဆင်ပြောင်ကြီးကို ကိုင်ရသလို အန္တရာယ်ရှိမှန်းတော့ သိကြပါတယ်။ ဒါပေမဲ့ အဲဒီလို ခွန်အားကြီးတဲ့ ဆင်ပြောင်ကြီးကို အသုံးချပြီး ကောင်းမှုကုသိုလ်နဲ့ပတ်သတ်တာများ ပြုလုပ်ရမှာဖြစ်တဲ့အတွက် ဆင်ပြောင်းကြီးကို လက်မလွတ်နိုင်သလို ရွှေငွေကိုလည်း ကိုင်ဆောင်နေရခြင်း ဖြစ်ပါတယ်။
အဲဒီလိုပါပဲ ရွှေငွေကိုလှူဒါန်းတဲ့ ဒကာ၊ ဒကာမများမှာလည်း ယောနိသောမနသိကာရ ကုသိုလ်စိတ်ရှေ့သွားရှိပြီး ငါတို့လှူတဲ့ ရွှေငွေဟာ သာသနာအတွက် အကျိုးပြုမှာပဲဆိုတဲ့စိတ်ဓာတ်နဲ့ လှူဒါန်းရင် အကျိုးပေးသာရရှိပြီး မကောင်းကျိုးမရရှိတာ သေချာပါတယ်။ ဒါကြောင့် ယခုခေတ် ရွှေငွေကိုင်နေရတဲ့ ရဟန်းသံဃာများဟာလည်း မလွဲသာလို့သာ ကိုင်နေရခြင်းဖြစ်ပြီး လှူဒါန်းသူများကလည်း သာသနာအတွက်အကျိုးပေးများအောင် လှူဒါန်းကြခြင်းဖြစ်လို့ အကျိုးဆုတ်ယုတ်မှုများမရှိဘဲ သင့်လျော်လျောက်ပတ်မှု ရှိတယ်ဆိုတာ ထင်ရှားလှပါတယ်။

ဦးဇင်းကိုလည်း ဒကာတစ်ယောက်ကသာ ဦးဇင်းလိုအပ်တာကို နောက်ကနေ အမြဲတစေလိုက်ပြီး ပိုက်ဆံရှင်းပေးနေမယ်ဆို ဘယ်ငွေကိုင်နေမလဲနော်။ ငွေကိုင်ရတာ ပျောက်ရမှာကြောက်ရ၊ သိမ်းထားရ၊ ကိုင်သွားရနဲ့ အလုပ်အလွန်ရှုပ်ပါတယ်။ အဲဒီလို နောက်ကနေ လိုက်ရှင်းပေးမဲ့လူ မရှိလို့သာ ခုလို ကိုင်ဆောင်နေရတာပါ။ ဦးဇင်းလိုပါပဲ ငွေကိုင်နေရတဲ့ ရဟန်းသံဃာအားလုံးဟာ ကပ္ပိယမရှိလို့သာ ငွေကိုင်နေရတာပါ။ ကိုင်ချင်လို့ကိုင်နေရခြင်း မဟုတ်ဘူးဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ ဒါပြင် ယခုခေတ်မှာ နောက်ကနေ တကောက်ကောက်လိုက်ပြီး ကူညီပေးမဲ့ ဒကာမရှိတဲ့ ရဟန်းသံဃာဆို ပိုက်ဆံမပါဘဲနဲ့ ဘယ်လိုလုပ်များ ခရီးသွားခြင်း၊ အသုံးအဆောင်ဝယ်ခြင်းများ ပြုလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။

မီးဟာ လိမ်မာပါးနပ်စွာ အသုံးချတတ်ရင် အကျိုးများသလို ရွှေငွေဟာလည်း သာသနာအတွက်အကျိုးရှိအောင် အသုံးချတတ်ရင် အလွန်အကျိုးများတယ်ဆိုတာ လူတိုင်းသိပါလိမ့်မယ်။ မထားထားမိုးရေးသားချက်အကြောင်းအရာနဲ့ Dhamma Rakhita ရဲ့ Comment များကို ဦးဇင်းစာမျက်နှာတွင် ယပ်တောင်ကိုင်နေသောပုံအောက်မှာ ဝင်ဖတ်ကြည့်လို့ ရပါတယ်။ မထားထားမိုး စာမျက်နှာတွင်တော့ ဖျက်ထားလိုက်ပြီမို့ တွေ့ရတော့မည် မဟုတ်ပေ။

ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတဲ့အချိန်မို့ မပြောချင်လို့ အသာကြည့်နေတာတွေများနေပေမဲ့ ဒီတစ်ခုတော့ မပြောလို့မဖြစ်လို့ အိပ်ရေးပျက်ခံပြီး ယခုလို ဖြေရှင်းပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ဦးဇင်းရဲ့ စာဖတ်ပရိသတ်များကို ဗဟုသုတအသိဉာဏ်များ တိုးပွားစေချင်တဲ့ စေတနာ၊ မှားမှန်နဲ့အကျိုးပေး နည်းများကို ခွဲခြားသိစေချင်တဲ့ စေတနာ၊ လွဲမှားမှုများမဖြစ်စေချင်တဲ့ စေတနာတွေကြောင့် ယနေ့ (17.12.2011) မှာတော့ ည (03.00 AM ) မှ အိပ်ရပါတော့တယ်။ ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်များအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်……။

အရှင်ကောမလ(ခ) ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

About ဆန်နီနေမင်း

has written 64 post in this Website..
