အခုပဲ ဂဇက် အဖွဲ့ဝင် ရန်ကုန်သား ရန်ကုန်သူ တွေနဲ့ နိုင်ငံခြားနေ မြန်မာပြည်သား Foreign Resident တို့ ၏ တွေ့ဆုံ နေ့လယ်စာ စား ပွဲမှ ပြန်ရောက်ပါသည်။ ရွာသားတွေထဲကကိုဖက်တီး၊ နေးချား၊ အဘFR ၊ ကျွန်ုပ်ဘလက်၊ ကိုရင်နိုဇိုမိ၊ ကိုရင်စည်သူ၊ မှော်ဆရာ၊ အာဂ၊ ထက်ဝေး၊ ကမ်းကြီး တို့ ပွဲတက်ခဲ့ကြပြီး ရွာသူတွေထဲမှ မပဒုမ္မာ၊ မမ၊ မဝေေ၀၊ ဆူး၊ မနောဖြူလေး၊ ပန်ပန်၊ နွယ်ပင်၊ ရင်ငြိမ်းနွေး၊ ချာတူးလန် တို့ ပွဲတက်ခဲ့ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာ ပြောကြဆိုကြရယ်မောကြ သီချင်းတွေလည်း ဆိုဖြစ်ကြပါသည်။ ဒီအတွက် စကားအတင်းစပ်ကာ သူကြီးကို ကျေးဇူးတင်ကြောင်းလေး ပြောချင်မိပါသည်။ ကျေးဇူးပါ သူကြီးရေ။ ဖုန်းနံပတ်တွေ ဖလှယ်ကြ၊ ကိုရင်စည်သူ ရဲ့ လက္ခဏာကြည့်ကြ၊ သူ့ပို့စ် ကိုယ့်ပို့စ် အကြောင်းလေးတွေ ပြောကြနှင့် တကယ်ကို ပျော်ရွှင်ခဲ့ရတဲ့ ပွဲလေးဖြစ်ခဲ့ပါတယ်ဗျာ။ နေ့လယ်စာ ကျွေး ခဲ့သော အဘ FR ကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဗျာ။ ကျွန်ုပ်ဘလက် က ရာဇ၀င်များရဲ့ သတို့ သမီးကို ဆိုရင်း ပွဲကို အဆုံးသတ်ခဲ့ကြပါသည်။ ပွဲတက်လာကြသူ အားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဂဇက်တံခါးကို မည်သူမျှ တာဝန်မပေးပဲ ကိုယ့်အသိစိတ်ဖြင့် ကိုယ်တာဝန်ယူကာ တတ်နိုင်သလောက်ရေးနေခြင်းဖြစ်ပါသည်။
ဒီတစ်ခါ တံခါးစောင့် ပို့စ်က ကျွန်တော့် အတွက် အပင်ပန်းဆုံးဖြစ်ပါသည်။ ဖတ်ပြီး ရေးထားသမျှ ကို သိမ်းထားသော မန်မိုရီ စတစ်ကလေး
ပျောက်သွားသဖြင့် ပို့စ်တွေကို နှစ်ခါပြန်ဖတ်ရကာ နှစ်ခါပြန်ရေးရသောကြောင့်ဖြစ်ပါသည်။
တစ်ညလုံးနီးပါး ဂဇက်တံခါးကို စောင့်ခဲ့ရသော ဘလက် ရွာသူရွာသားတွေနဲ့ တွေ့တော့လည်း အမောပြေသွားခဲ့ပါတယ်ဗျာ။
ခုတလော ရွာကို ရန်စစော်ကားသော စာတွေ တက်လာတာ သတိထားမိပါတယ်။ သူကြီးကိုတောင် နာမည်ခေါ်ပြီး
စော်ကားမော်ကား လုပ်လာကြတာသိတ်တော့ မဟုတ်သေးပါ။ သူ့ မကျေနပ်ရင် သူပိုင်တဲ့ နေရာ မလာရုံပေါ့ဗျာ။
ကျွန်တော်ကိုယ်တိုင် ရေးသားခွင့်လေး တစ်ခုကို အလကားရခဲ့တာမဟုတ်ပါ။ နာမည် ပေးထားတာကိုကြည့်ပါ။ ဂဇက်တံခါးစောင့်ကြီးတဲ့။
တံခါးစောင့်ဆိုတာ ဒရ၀မ်ပေါ့ ခင်ဗျာ။ ကိုယ့်ကိုယ်ကို ဂဇက်တံခါးမှူးကြီး ဆိုပြီးတောင် မ၀ံ့ကြွားခဲ့ပါ။ ပြောခွင့်ဆိုခွင့်ရေးသားခွင့်ဆိုတာကို
ယုံကြည်မှုတစ်ခုရအောင် တည်ဆောက်ယူမှ ရတာမျိုးဖြစ်ပါသည်။ ငါရေးချင်တာ ရေးမယ်ကွာ ဘာဖြစ်လဲ ဆိုရင်တော့ ကိုယ်ပိုင်ဝက်ဘ်ဆိုက် သာ
ထောင်ပြီးရေးကြဖို့ တိုက်တွန်းပါသည်။
ကျွန်တော်ကိုယ်တိုင် အစွမ်းကုန် နှိမ့်ချပြီး ဒီရွာထဲကို ၀င်လာတာပါ။

ဒီတစ်ခါ အလှည့်ကျတဲ့ ပထမဆုံး ပို့စ်က ကိုသစ်မင်း ရေးတဲ့ ဤသုံးမျိုး ၁ ဖြစ်ပါတယ်။
ကိုသစ်မင်း ပေးချင်တာက ကျွန်တော် ပေါ့ပေါ့ ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလို့ ပြည့်စုံမယ့် ကိစ္စမျိုးမဟုတ်ပါဘူး။
အခုအချိန်ထိ ဤသုံးမျိုး ၂ နဲ့ ၃ ပါ ပို့စ်အဖြစ်တင်ထားပြီးပါပြီ။ လက်ရှိ ကိုသစ်မင်း က ဤ သုံးမျိုး ၁၊ ၂၊ ၃ နဲ့ ပတ်သက်ပြီး ဂဇက် ဆီမီနာ ပုံစံလေးနဲ့ အပြန်အလှန်ဆွေးနွေးကြတဲ့ ပုံစံလေး လုပ်နေဆဲ ဖြစ်ပါတယ်။
ရွာသူ ရွာသားတွေအနေနဲ့ ဤ သုံးမျိုး ၁၊ ၂၊ ၃ ကို နည်းနည်းလေး အချိန်ပေး အားထည့်ပြီး ဖတ်ကြည့်ကြပါလို့
အထူးတိုက်တွန်းလိုပါတယ်ခင်ဗျာ။ ဖတ်လို့ လွယ်ကူအောင်လည်း သူကြီးက လင့်လေးတွေ စုစည်းပေးထားပါတယ်ဗျာ။
ဖတ်ကြပြီး ကိုယ့်အယူအဆလေးတွေ၊ ကိုယ်နားမလည်တာလေးတွေကို မေးမြန်းဆွေးနွေးကြဘို့ လည်း တိုက်တွန်းချင်ပါတယ်ဗျာ။
ရွာသူရွာသား စီနီယာတွေရော လူသစ်တွေပါ ၀င်ရောက်ဆွေးနွေးနိုင်တဲ့ ရွာရဲ့ ပထမ အကြိမ် ဂဇက် ဆီမီနာကို
(ပထမဆုံး ဟုတ်ပါတယ်နော် သူကြီး) ကွန်းမန့်လေးများနဲ့ ၀င်ရောက်ပူးပေါင်းပါဝင်ကြဘို့ နှိုးဆော်ပါတယ်ဗျာ။ ဦးဆောင် ဆွေးနွေးဘို့ ကိုသစ်မင်း က အသင့်စောင့်နေပါတယ်ဗျာ။ အားလုံးပူးပေါင်းပါဝင်ဆွေးနွေးပေးကြပါလို့ ကျွန်တော် လေးလေးစားစား ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Weiwei ၏ Guilin ခရီးစဉ် (၃)၊ (၄) နဲ့ စလိုက်ရအောင်ပါ။ တရုတ်နိုင်ငံ သို့ တောလားထားတဲ့ ခရီးသွားဆောင်းပါးလေးရယ် ဓါတ်ပုံ လှလှဆန်းဆန်းလေးတွေ ရယ် ကို စိတ်ဝင်စားဖွယ် ဖြစ်အောင်တင်ပြထားတဲ့ ပို့စ်လေးပါ။ အပိုင်း ၁ နဲ့ ၂ ကို ဖတ်ခဲ့ ကြသူများ အတွက် အပိုင်း ၃ နဲ့ ၄ လာပါပြီပေါ့ဗျာ။ Guilin ခရီးစဉ်ကတော့ ဒီနေရာမှာပဲ ပြီးပြီလို့ စာရေးသူက ဆိုပါတယ်။ ပိုက်ဆံရှိရင် တောင် တကူးတကသွားဘို့ မလွယ်တဲ့ နေရာတွေကို ရောက်ခဲ့ပြီး ဓါတ်ပုံရိုက်ပေးခဲ့တာနဲ့ ပြန်ပြောပြပေးတာတွေ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ နောက်တစ်ခါ ခရီးတစ်ခုသွားဖြစ်ခဲ့ရင် ဒီထက်ပိုလှတဲ့ ဓါတ်ပုံတွေ၊ ဒီထက်ပိုပြည့်စုံတဲ့ ဒေသန္တာရ ဗဟုသုတတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းပေါ့ ခင်ဗျာ။ ခရီးသွားဝါသနာပါသူများ နဲ့ သင့်တော်ပါကြောင်း။

Naywoonni ရဲ့ သိုးယောင်ဆောင်တဲ့ တောင်ဆိတ်များအကြောင်း ကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ဒီကဗျာလေးကိုတော့ ကျွန်တော် ကောင်းကောင်းခံစားနိုင်ခဲ့ပါတယ်ဗျာ။ နမူနာလေးတစ်ပိုဒ်လောက် ပေးချင်ပါတယ်။
ပေါက်ကွဲလွင့်စင်လာတဲ့
အသံများဟာ
နံရံနဲ့ထိမှန်ပြီး
ပုံသဏ္ဍာန်မဲ့စွာ ပြိုကွဲ
ဖရိုဖရဲနဲ့
ကြမ်းပြင်ပေါ်ကိုစုပုံကျရောက်
သတ္တိရှိသူတွေ ကောက်ယူကြစတမ်း…။
ဘာလဲညာလဲ
မမေးရဲခဲ့…
အတွေးထဲမှာ လိမ်ရှုပ်
အို….ဒါငါ့မလုပ်မဟုတ်…..။
ပုံသေနည်းများအိပ်ငိုက်
ချွေးပြိုက်ပြိုက်ကျ
နှစ်ချိုက်မှုအိပ်မက်
ပီပြင်အောင်အရကျက်မှတ်နိုင်ပါ့မလား…..။
အရသာပျက်သွားတဲ့
နေ့ရက်များအတွက်
အသင်လွမ်းရခက်နေပါသလား?

ကိုနေ၀န်းနီ ကဗျာတွေထဲမှာ ဒီတစ်ပုဒ်ကိုတော့ ကျွန်တော်လည်း အကြိုက်တွေ့မိပါတယ်ခင်ဗျာ။ ပြုံးစရာကွန်းမန့်လေးများ ကိုတော့ မူရင်းပို့စ်မှာပဲ ဖတ်နိုင်ကြပါကြောင်း…။

Chatsu ရဲ့ ဒလိုင်းလားမား ရွှေတိဂုံကို ဖူးမျှော်ရန် ဆန္ဒရှိ ဆိုတာလေးကတော့ ဧရာဝတီ က သတင်းလေးကို ပြန်တင်ပေး ထားတာပါ။ တိဘက် ခေါင်းဆောင် ဘုန်းတော်ကြီးက ကျွန်တော်တို့ နိုင်ငံက ဘုရားကို ဖူးချင်တယ်ဆိုတာ သိရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အဆင်ပြေတဲ့ အချိန်ကတော့ ရောက်လာဦးမှာပါခင်ဗျာ။ မဖြစ်နိုင်တာတွေ ဖြစ်နေတာကိုက နိုင်ငံရေး ပဲ မဟုတ်ပါလားခင်ဗျာ။ ကိုယ်တိုင် ဖတ်ကြည့်ကြဘို့ပါ။

Naywoonni ရဲ့ နောက်ထပ်ကဗျာလေးတစ်ပုဒ်ကလည်း ဖတ်လို့ အဆင်ပြေပြန်ပါတယ်ခင်ဗျာ။ အသက်အရွယ်တွေ ဘယ်လောက်ကြီးပြီဆိုတာ ကဗျာခေါင်းစဉ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်ဗျာ။ ကော်နီ့ သီချင်းများနဲ့ လမ်းလျှောက်ထွက်ခြင်း တဲ့။ အယ်ဆိုင်းဇီ တို့ ရေဗက္ကာဝင်းတို့ သဇင်တို့ တောင် ဒိတ်အောက်သွားပြီဖြစ်တဲ့ ဒီခေတ်လူငယ်တွေကြားမှာ ဆရာနေကြီးက ကော်နီ နဲ့ လမ်းလျှောက်ထွက်ပါတယ်တဲ့။ ကိုရင်စည်သူ စတိုင်နဲ့ ဟောရရင် ဆရာနေကြီးက ငါးဆယ်အောက်ကို နည်းနည်း ပဲ လျော့မယ်ထင်တယ်ဗျို့။ ဟားဟား နောက်တာပါဗျာ။ ကျွန်တော်ကလည်း ကော်နီကြီးကို ကြိုက်ပါတယ်။ အကြိုက်ဆုံး သီချင်းကတော့ ဆုံးသွားရှာတဲ့ သူ့အစ်ကို တင်ကိုကို ရေးပြီး သူကိုယ်တိုင်ဆိုထားတဲ့ အလွမ်းများငြိမ်းစေသတည်း ဆိုတဲ့သီချင်းလေးပါဗျာ။ Live Show မှာ ချစ်စမ်းမောင် တစ်ကိုယ်တော်ဂစ်တာတီးပေးခဲ့တဲ့ သီချင်းလေးလေ။ ထားလိုက်ပါ၊ ကဗျာလေးတစ်ပိုင်းတစ်စကို ခံစားကြည့်ရအောင်ပါ။

စိတ်ညစ်တဲ့ အခါ
လ္ဘက်ရည်ဆိုင်မှာ
ကော်နီ့သီချင်း လေးတွေဟာ
စိတ်ကျဉ်းကျပ်မှုကိုပြေစေတယ်…။
စိတ်ညစ်တဲ့ အခါ
ကော်နီနဲ့လာတွေ့
နာရီတွေကို ရွှေ့ပစ်စေတယ်….။
စိတ်ညစ်တဲ့အခါ
ကွမ်းယာဟာဆေးဖြစ်
အရက်ဟာဝါးဖြစ်
အချစ်ဟာခါးသက်
(ကော်နီကျေနပ်ရင်)
အပြစ်တွေအားလုံးထားရစ်ခဲ့မယ်….။
ကြည့်စမ်း ကွမ်းယာဟာ ဆေးဖြစ်၊ အရက်ဟာ ၀ါးဖြစ် ဆိုပါလား။ ကော်နီကျေနပ်ရင်ပဲ အပြစ်တွေအားလုံးထားခဲ့ဦးမတဲ့။ ကိုနေရေ။ ဖတ်သူတွေနဲ့ မဝေးအောင်ရေးရင် ကဗျာဟာလည်း အမောပြေစေတဲ့ အအေးတစ်ခွက်ပါပဲ ဗျာ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါတော့ ဗျာ။

Bigbird ရဲ့ အက်တီကက် ဆိုတဲ့ပို့စ်လေးကတော့ ကြေးမုံသတင်းစာပါ ဆောင်းပါးလေးကို ဖေါ်ပြပြီး “ပြည်တွင်းသတင်းစာ အာဘော်များ အရေးအသား ပုံစံပြောင်းလာတာလေးကို အသိပေးထားတာလေးပါ။ ဟုတ်ပါတယ်။ အရင်က ၀ါဒဖြန့်ချဘို့ သက်သက်သာ ရေးခဲ့တာပါ။ အခုလို ပြောင်းလဲလာတာလေးကို ကိုငှက်ကြီးက သတိပြုမိတာလေးကို ပြန်ပြောပြတာ ကျေးဇူးပါဗျာ။ ကွန်းမန့်လေးတွေနဲ့ ဖတ်ကြည့်ကြဘို့ ပါ။

ဆရာတော် ဆန်နီနေမင်း ရဲ့ ကံသုံးပါးတွင် မနောကံဟာ ဘာကြောင့် အပြစ်ကြီးဆုံး ဖြစ်ရတာလဲ ဆိုတဲ့ ဘာသာရေးပို့စ်လေး အကြောင်း ပြောချင်ပါတယ်ဗျာ။ အမေးအဖြေ ပုံစံလေးနဲ့ ရေးထားတဲ့ ပို့စ်လေးပါ။ မေးတဲ့သူက ဆရာတော်ကို ဒီလိုလေး မေးထား ပါတယ်ဗျာ။
တပည့်တော်အနေဖြင့် ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။
အဲဒီအမေးကို ဆရာတော်က ပြန်ဖြေပါတယ်။ ဆရာတော့် အဖြေကိုတော့ တစ်ခုလုံး မဖေါ်ပြတော့ပဲ နိဂုံး ပိုင်းလေးကိုသာဖေါ်ပြခွင့်ပြုပါခင်ဗျာ။

မနောကံဟာ ၀ါရိတ္တ-သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။ စာရိတ္တ-ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့ သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် မနောကံဟာ စာရိတ္တသီလအတွက်တော့ အဓိကကျလို့ အပြစ်ကြီးဆုံးဖြစ်နေရတယ်ဆိုတာရယ်၊ စာရိတ္တသီလကျုးလွန်တဲ့အခါမှာလည်း မနောကံပါမှ အပြစ်ဖြစ်တယ်ဆိုတာတွေကို မှတ်ထားဖို့ပါပဲ။
ကွန်းမန့်လေးများထဲမှ တစ်ခုကို နမူနာ ဖေါ်ပြပေးချင်ပါတယ်ဗျာ။
True Answer says: သဂျီးမင်းနဲ့ တကွ…ပစ်စုပ်ပန်သမားတွေမဖြစ်မနေဖတ်ဖို့သင့်တဲ့ပို့စ်လေးပါ။ အကျိုးတရားကြီးကို အဟုတ်ထင်အဓိကထားပြီး သီလ ပုံစံတွေဖြည့်ခိုင်းနေတဲ့ ဆရာကြီးနဲ့….တောထဲမှာ တရားအားထုတ်တဲ့သူဟာ လူ့တာဝန်တွေ ပျက်ကွက်ပြီး သီလ တ၀က် ပျက်ယွင်းနေတယ်ဆိုတဲ့ ဆရာကြီးများ ဖတ်သင့်တဲ့ပို့စ်လေးပါ။

ဘာသာရေး စိတ်ဝင်စားသူများ ဖတ်ရမယ့် ပို့စ် ပါဗျာ။

ဆရာမကြီး TTNU ရဲ့ အတွေးတွေက ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်နေလိုက်တာ ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောပြချင်ပါတယ်ဗျာ။ နောက်ကျနေတဲ့ သတင်းစာပို့သူက ခြံထဲပစ်ထည့်လိုက်တာ ရေအိုင်အစပ်ကို သွားကြပါသတဲ့။ ဒါကိုတော့ ဆရာမကြီးက ခွင့်လွှတ်တွေး လေးတွေးပေးပါသတဲ့။ သတင်းစာဖတ်မလို့ လုပ်တော့ ဖုန်းမှားပြန်ပါတယ်တဲ့။ ဖုန်းပြန်ချပြီး သတင်းစာကို အကျင့်ပါနေတဲ့အတိုင်း နာရေးကြော်ငြာကစပြီး လှန်ပါ တယ်တဲ့။ ဆရာမကြီးရဲ့ အကျင့်တစ်ခုက နာရေးကြော်ငြာမှာ သိတဲ့လူပါလာရင် ညှပ်ယူသိမ်းဆည်းထား တဲ့ အကျင့်ရှိပါတယ်တဲ့။
အဲဒီလိုနဲ့ အတွေးတွေ ပျံ့လွင့်နေတာ ကိုရေးပြသွားတာ ကျွန်တော်တို့ ပါ ဆရာမကြီးရဲ့ အတွေးတွေထဲကို မျောပါစီးဝင်သွားရ လောက်အောင် ကို အရေးအသားက ကောင်းခဲ့ပါတယ်ဗျာ။ ဒီပို့စ်ကို ဖတ်ရတာ အားအရမ်းမစိုက်ရပါဘဲ အလွယ်တကူ ဆွဲခေါ်သွားတာကို အံ့သြဘို့ကောင်းလောက်အောင် တွေ့ရမှာပါ။ ကွန်းမန့်ပေါင်း ၁၇ ခုထဲက ကိုသစ်မင်းရဲ့ ကွန်းမန့်လေးကို အရင်ဖေါ်ပြပေးချင်ပါတယ်ဗျာ။

thit min says:
ဆရာမကြီးတီတီနုရေ
ကွန်ပလိန်းလေးတွေ လှပါတယ်။
အပေါ်က ၂ ပိုင်းရယ်။
အောက်က ၂ ပိုင်းရယ်ကို
ခွဲ ပြီး ၁ပုဒ်စီ ပို့စ်ရေးလိုက်ရင်ပိုပြီးတော်တော်လှသွားမဲ့စာလေးခင်ဗျ။
ဟဲ ဟဲ ……..အောက်က စာမျိုးက ရွာထဲမှာ သူကြီးက ရွာသူားတွေ ကို “ကလိ” နေကြစာမျိုးလေ။
ရွာသူားတွေ ကလဲ ကဲကဲဆတ်၊ ကျနော်တို့ သူကြီးကလဲ အနီတွေ၊နဘဲငဆတွေ ခံပြီးတော့ကို
ညင်းတာဗျ။
ဟဲ ဟဲ ကြည့်လို့တယ် ကောင်း။
ဘာဘဲ ဖြစ်ဖြစ် ကိုယ့်(Buddha)ဘာသာကိုခိုင်မာသထက်ခိုင်မာအောင်ညင်းကြပေါ့။
(တကယ်သူကြီးလိုချင်တာ အဲဒါလို့ထင်မိတယ်)
ကျနော် အဲဒီလိုစဉ်းစားမိတာပါဘဲ။
ခုလဲ ညင်းကြမှာပါ မပူပါနဲ့ဗျာ။
မန်းဒလေးကို လာမယ်။တီတီနုဆီ လာပြီးမှတခြားသွားမယ်။ အိုကေလားဗျ?
လေးစားစွာ
(^^)

ကိုဆန်နီရဲ့ ဆရာမကြီးကို ပေးထားတဲ့ကွန်းမန့်လေးကိုလည်း ကြည်နူးစရာ လေးမို့ ဖေါ်ပြပေးချင်ပါတယ်ခင်ဗျာ။

Sonny says:
TTNU ဆရာမကြီးခင်ဗျား
ကုသိုလ်လုပ်ရင်း အကုသိုလ်တွေဖြစ်တတ်ပါတယ်။
သီလရှင်လေးတွေကိုဆန်ဖြစ်ဖြစ်လောင်းတဲ့အခါ သူတို့ဘယ်လိုပြုမူပြုမူ ကိုယ်က သံဃာ အားလုံးအတွက် ရည်စူးပြီး လှူ ဒါန်း ရင် ကောင်းပါတယ်။ သူတို့ဆီက ဘာသံကြား ကြား ဘာပြုမူတာတွေ့တွေ့ စိတ်က မဝေဖန်လိုက်နဲ့ အကုသိုလ်ဖြစ်သွားတတ်ပါတယ် လို့ ထင်မိပါတယ်။ တစ်ခါ တလေ သီလရှင် လေးတွေက ကိုယီးယားကား အကြောင်းတောင် ပြောတာ သားဆန်လောင်းရင်းကြားဘူးပါတယ်။ ကို က လှူ ပြီး ပြတ်သွားပြီလေ။ သူတိုပြုတဲ့ အရာတွေ ကိုဘေးဖယ်မှစိတ်ထဲကထုတ်နိုင်မှ နိုမို့လို့ကတော့…
ချစ်ခြင်းအားဖြင့်.. ကိုဆန်နီ.

ဆရာမကြီး ရဲ့ အတွေးတွေကို လိုက်ပါစီးနင်း ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

Whowho ရဲ့ ရောဂါ ဆိုတဲ့ ပို့စ် လေးအကြောင်းပြောပြချင်ပါတယ်ဗျာ။ whowho က ဘယ်ဆရာဝန်မှ မကုနိုင်တဲ့ ရောဂါတွေအကြောင်းကို ခုလို ရှင်းပြပါတယ်။

ခုပြောမယ့်ရောဂါကတော့ ဘယ်ဆရာဝန်မှ မကုနိုင်တဲ့ရောဂါအကြောင်းလေးမို့ ပြန်ပြီးဖောက်သည်ချလိုက်ပါဦးမယ်။
သတ္တဝါတိုင်းနဲ့ ဆိုင်တဲ့ ရောဂါက လေးမျိုးတောင်ရှိပါတယ်တဲ့။
အဲဒါတွေကတော့
(၁) အမှန်တရားသစ္စာကို မသိခြင်းသည် သတ္တဝါတွေမှာ ဖြစ်နေတဲ့ ရောဂါ။
(၂) ကာယကံ၊ ဝစီကံ၊ မနောကံ၊ မယဉ်မကျေး၊ မငြိမ်မသက်၊ ကြမ်းကြမ်းတမ်းတမ်း၊ ဖြစ်နေတာသည်လည်း ရောဂါ တစ်မျိုးပါပဲတဲ့။ ဒီရောဂါ ကြောင့် မိမိရော၊ သူတစ်ပါးရော ဒုက္ခတွေ ရောက်နေကြရပါတယ်။
(၃) စိတ်ထဲမှာ ၁၅၀၀ဆိုတဲ့ ပူလောင်စေတဲ့ ကိလေသာတွေနဲ့ ပင်ပန်းနေတာ လည်း ရောဂါပါပဲ။
(၄) နောက် တစ်ခုက သံသရာမှာ ကျင်လည်နေကြရတော့ ကာမဂုဏ်တွေ မှာ နစ်မွန်းကြ၊ ဘဝမှာ နစ်မွန်းကြ၊ ကိုယ့်ကိုကိုယ် စွမ်းရည်ရှိတယ်။ အထင် မှာ နစ်နေကြ၊ အဟုတ်ထင်ခြင်းတွေမှာနစ်ချင်တိုင်းနစ်လို့ဒုက္ခမျိုးစုံတွေ ရောက် နေ ကြရတယ်။ ဒါတွေ အားလုံးဟာ ကိလေသာရောဂါတွေပဲ။

ဒီရောဂါဆိုးလေးမျိုးကိုတော့ဖြင့် ဆရာဝန်လည်း ကုနိုင်မှာမဟုတ်တာကြောင့် မဂ္ဂင်ဆေးကောင်းလေးကိုတော့ ကိုယ်တိုင်ပဲ ရှာဖွေလို့ မှီဝဲရပါတော့မယ်။
ဆေးသောက်နည်းကတော့-
(၁) ဘဝနဲ့ ပတ်သက်ပြီး နားလည်ရမှာတွေကို နားလည်အောင်လုပ်ပါ။
(၂) နားလည်ပြီးသားတွေကို သတိရ ရပေးပါ။(ပွားများပေးပါ)
(၃) သတိရပွားများပါများတော့ အသိအား ၊ ဉာဏ်အားတွေ ကောင်းကောင်းလာပြီး မမေ့မလျော့သော သတိလေးနဲ့ နေနိုင် လာမှ ဒီရောဂါဆိုးကြီးကနေ တဖြည်းဖြည်းသက်သာသွားပါလိမ့်မယ်တဲ့နော်။

ကိလေသာရောဂါတွေကို ရှင်းပြပေးပြီး ကုရမယ့် ဆေးကိုပါ ညွှန်ပြထားတဲ့ whowho ရဲ့ ရောဂါဆိုတဲ့ ပို့စ်လေးက ရွာသူရွာသားတွေ ဖတ်ထားကြရမယ့် ပို့စ်လေးပါဗျာ။ ဒါမှ ရောဂါသိပြီး ဆေးလည်း သိသွားမှာပါ။ ကျွန်တော်တို့ ရွာသူားတွေကလည်း ဒီလိုပို့စ်မျိုးဆို လက်ရှောင်ကြတယ်ထင်ပါရဲ့။ ကွန်းမန့်လေး တစ်ခုပဲ ရှားရှားပါးပါး တွေ့ရပါတယ်ဗျာ။ ကဲ ဖတ်ပြီးရင် ကွန်းမန့်လေးများ ချီးမြှင့်ခဲ့ကြဘို့ ကျွန်တော်က တိုက်တွန်းပါတယ်ဗျာ။

Kotun winlatt ရဲ့ မိတ်ဆက်ခြင်း ဆိုတဲ့ ပို့စ်လေးကတော့ သူ့ကိုယ်သူ ရွာသူားတွေနဲ့ မိတ်ဆက်ပေးထားတာပါ။ သူက မန္တလေး မြစ်ကြီးနား ရထားလမ်းပေါ်က မော်လူးဆိုတဲ့ ရွာလေးပါတဲ့ ။ ရွာသူားတွေကိုလည်း ဖိတ်ခေါ်ထား သေးပါတယ်ဗျာ။ သူ့ ဖိတ်ခေါ်ပုံကိုလည်း ကြည့်ပါဦးဗျာ။
မန်းလေးဂေဇက်က မင်ဘာများ လာလည်ချင်တယ်ဆိုရင်တော့ ကြိုပြောထားကြပေါ့လေ…ဟဲဟဲ…

ကဲ ဒီဆရာရဲ့ ဖိတ်ခေါ်ခြင်းကို လက်ခံပြီး သွားကြမယ့်သူများ သူ့စကားနောက်က ဟဲဟဲ ဆိုတာလေးကို သတိပြုကြပါလို့။
ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

TTNU says:
ကိုလောပန်ရေ… ရှင့်အရေးအသားကြည့်ရတာ ရှင်ပြောတာနဲ့ ဂွပ်ခနဲ မနေဘူး။ ( ရှာလော့ဟုမ်းလေသံ)
ရှင် ဇနပုဒ်သား မဖြစ်နှိုင်ဘူး။
(ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ……)
ရှင့် ပရိုဖိုင်စာသားအရ ရေးထားတာကို လော့ဂျစ်ချပြရရင်…
ကမ္ဘာကြီးကမပြားဘူး ၊ ထို့ကြောင့် ရှင် လည်း ရွာနဲ့ သိပ်မဝေးတဲ့ ဇနပုဒ်မဟုတ်တဲ့ (Suburb)က ဖြစ်ရမယ်။

ကဲ ရွာသူားတွေ kotun winlatt ရဲ့ မိတ်ဆက်ခြင်းအခမ်းအနားကို တက်ရောက်ကြပြီး ကြိုဆိုတဲ့ အကြောင်းလေး ပြန်ကြားပေးကြဘို့ပါခင်ဗျာ။

Fatty Cat ရဲ့ ကြောင်ဝတုတ် မစဉ်းမစား လမ်းသလားနေသည် (၂) နဲ့ (၃) ကတော့ မြောက်ဦးမြို့ကိုတောလားထားတဲ့ ခရီးသွား ဆောင်းပါးလေးနဲ့ ဓါတ်ပုံလေးများပဲဖြစ်ပါတယ်။ ဒုတိယ ပုဂံလို့ ပြောကြတဲ့ မြောက်ဦးမြို့က ဘုရားတွေကို ဓါတ်ပုံရိုက်တင်ပေးထားတာ ဖြစ်တဲ့အတွက် တန်ဘိုးရှိလှပါတယ်။ (၂) မှာ ပေးထားတဲ့ သူကြီးရဲ့ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးချင်ပါတယ်ဗျာ။

kai says:
ဖ၀ါးနဲ့နာပါနော..
ရခိုင်..ဘယ်နေရာလည်းတော့မသိ.. ရှေးဟောင်းဘုရားတဆူမှာ.. ယောက်ျားမိန်းမ.. လိင်ဆက်ဆံနေတဲ့ ပုံထုလုပ်ထားတဲ့.. ရုပ်ထုရှိတာ.. စာထဲဖတ်ဖူးတယ်..။
အဲဒါ.. မေးမြန်းစုံစမ်းကြည့်ပြီး.. ဓါတ်ပုံရိုက်ပေးပါလားဟင်…။

သြော် သူကြီး သူကြီး။ သူစိတ်ဝင်စားတာကလည်း အထူးအဆန်းပဲဗျို့။ မြောက်ဦးမြို့ကို စိတ်ဝင်စားသူများ အတွက် ဖတ်ကို ဖတ်ရမယ့် ပို့စ်ပါဗျာ။

Moe Z ရဲ့ စားကြဦးမလား ၂ ကို ဖတ်ဖြစ်ပါတယ်ဗျာ။ ကရင်ပြည်နယ်က တော်တော်ခေါင်တဲ့ ရွာလေးတစ်ရွာမှာ သူ့ရဲ့ အန်တီလေးနဲ့ ၄ လလောက်နေခဲ့တဲ့ အတွေ့အကြုံလေးပါ။ အစားအသောက်နဲ့ ပတ်သက်တာလေးတွေ ရေးပြထား တာပါ။ ကင်းခြေများကိုတောင် အဲဒီရွာက လူတွေက စားကြပါသတဲ့။ ငါးရှဥ့်တို့ ဖားတို့ ခရုတို့ ပဲရှိလို့ မျှစ်ပဲ စားခဲ့ရတဲ့ အကြောင်းလေးကို ဖတ်လို့ကောင်းအောင်ရေးထား နိုင်ခဲ့တဲ့ပို့စ်လေးပါဗျာ။ စားကြဦးမလား ၂ ကိုဖတ်ပြီး စိတ်ဝင်စားတာနဲ့ စားကြဦးမလား ၁ ကိုပြန်ဖတ်ဖြစ်ပါတယ်။ အဲဒီပို့စ်ကျမှ ပိုဆိုးပါတယ်ဗျာ။ ကြွက်ပေါက်စ အရှင်ကို ငါးပိရည်နဲ့ တို့ပြီး ပါးစပ်ထဲထည့်ပါသတဲ့။ အဲဒီလို အခြေအနေမျိုးဆိုရင်တော့ သက်သတ်လွတ်စားတာက အဆင်ပြေမယ်ထင်တယ်ဗျ နော။ အပိုင်း ၁ က ကွန်းမန့် ၂၈ ခု၊ အပိုင်း ၂ က ပျော်စရာကွန်းမန့် ၂၃ ခုနဲ့ ဖတ်လို့ကောင်းတဲ့ ပို့စ် လေးတစ်ခုလို့ ညွှန်းပါရစေခင်ဗျာ။ အသာလုပ်ပါ မိုးစက်ရေ။

နွယ်ပင် ရဲ့ မဟာဗန္ဓုလ တံတားပေါ်တွင် BM တစ်စီး တိမ်းမှောက် ဆိုတာလေးကတော့ သတင်းဦးလွန်းပါတယ် ခင်ဗျာ။ ဓါတ်ပုံလေးတွေနဲ့ ဖေါ်ပြပေးပါသော နွယ်ပင် ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ အသေအပျောက်သတင်းလေးပါ ထည့်နိုင်ရင် ပိုပြည့်စုံသွားမှာပါ ခင်ဗျာ။ သတင်း ဖြစ်တဲ့အတွက် အခုမှ ဖတ်ရင်တော့ မလတ်ဆတ်တော့ဘူးပေါ့ဗျာ။ ဒါပေမယ့် ဓါတ်ပုံလေးတွေကိုတော့ ကြည့်နိုင်ကြပါကြောင်း။

နေ၀န်းနီ ရဲ့ လူတစ်ချို့ ကဗျာလေး အကြောင်းပြောချင်ပါတယ်။ ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို အရင်ဖေါ်ပြပေး ပါရစေခင်ဗျာ။

TTNU says:
နားမလည်ဘူး။ နားလည်သလိုလိုရှိပြီး နောက်တစ်ခေါက်ထပ်ဖတ်တော့ မျက်စိလည်သွားပြီ၊
ဆရာနေ..ကျုပ်က ရှင့် ကဗျာတွေ ကြိုက်ပေမဲ့ မလိုက်နှိုင်တာခက်။
(မဲမဲ …မဲမဲ …နဲ့
နေကျဲကျဲအောက်
ပန်းကောက်သူများ
လွမ်းလောက်အောင်ချွေးသုတ်ပေးခဲ့ပါ…..။) ဒီနားအခက်ဆုံးပဲ။
ဘိုင်အိုဂျက်ဆစ်သောက်လိုက်ဦးမယ်။ ပြီးမှ ထပ်စဉ်းစားမယ်။ မနက်ဖြန်ရောက်လို့မှ
ကျမ မန်းဂဇက်ထဲရောက်မလာရင် နေကျဲကျဲထဲ ကဗျာအနက်ရှာနေတုန်းပဲသာမှတ်လိုက်တော့နော်။

အဲဒီကွန်းမန့်လေးကို ကိုနေ၀န်းနီ ပြန်ရှင်းထားတဲ့ ကွန်းမန့်လေး ကိုဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

naywoonni says:
(မဲမဲ …မဲမဲ …နဲ့
နေကျဲကျဲအောက်
ပန်းကောက်သူများ
လွမ်းလောက်အောင်ချွေးသုတ်ပေးခဲ့ပါ…..။) ဆိုတာက မဲမဲ ….မဲမဲ သာမြင်နေရသောအရာများ(ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဖြစ်ဖြစ် အစားထိုးကြည့်ယူလို့ရ )
နေကျဲကျဲအောက် မှာပန်းကောက်သူ ဆိုတော့ ပူလောင်နေတဲ့ အတွေး /အလုပ်လုပ်နေတဲ့သူတွေ အေးရိပ်ဆာရာ ရှာနေသူလို့တွေး …..။ချွေးသုတ်ပေးတယ်ဆိုတော့ အဲဒိပူလောင်တဲ့ အတွေးရှိသူတွေ ပင်ပင်ပန်းပန်လုပ်နေရတဲ့သူတွေကို အမောပြေစေ တယ်လို့ ယူ
ဘယ်အကြောင်းအရာ ဘယ်လူမှု စရိုက်နဲ့ဖြစ်ဖြစ် ယှဉ်ထိုးလို့ရအောင် နိမိတ်ပုံ ခပ်ဝါးဝါးသာ ယူထားခြင်ဖြစ်….။ အောင်မငီးးး ဆရာမောင်သာနိုးရေ…။ ကျွန်တော်လည်း ကျွန်တော့ မော်ဒန်ကဗျာလေးပြန်ရှင်းပြနေရပြီဗျ….။
အရင်က အယ်ဒီတာတွေ မကြိုက်လို့ မရွေးကြပေမဲ့ အနှစ်နှစ်ဆယ်လောက်ရှိမှ ပြန်ဖော်တော့ ဖတ်မဲ့သူတွေရှိသေးသားပဲ…။
အဲဒါကြောင့် အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောရုံမှတစ်ပါးးးး

ကိုနေ၀န်းနီရေ။ ကျွန်တော်ကလည်း ခင်ဗျားကဗျာလေးကို ပြန်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ကဗျာချစ်သူတွေ ဖတ်ကြည့်ကြဘို့ပါ။

Thu Ra Tha Wah ရဲ့ သူရသ၀ါနှင့် မီဒီယာလှိုင်းဆိုတဲ့ ပိုစ်လေးကတော့ Net Guide Journal, Volume 2, Issue 12 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး သော ဆောင်းပါးကို ပြန်တင်ထားခြင်းဖြစ်သည်ဟုဆိုပါ သည်။ ရေသန့်ဗူးတွင် စွယ်တော် တန်ခိုးပြသည် ဆိုသော သတင်းအပေါ် မီဒီယာသမားတစ်ဦးအနေဖြင့် ရေးထားသော ပို့စ်လေးဖြစ်ပါသည်။ ရေသန့်ဗူး သတင်းကို စိတ်ဝင်စားကြသူများ ဖတ်ကြည့်ကြဘို့ပါဗျာ။

လင်းဝေ ၏ မြန်မာ့မြန်မာ့ ရုပ်ရှင်ဆိုသည့် Sticky ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ခင်ဗျာ။ MRTV 4 ကလွှင့်တဲ့ ထွန်းအိန္ဒြာဗို သီချင်းတစ်ပုဒ်ကိုကြည့်မိရာကနေ တွေးမိတဲ့ အတွေးတွေကို ရေးထားတာပါ။ မြန်မာ့ရုပ်ရှင် ကို မကြည့်ဖြစ်တဲ့အကြောင်းရေးထားတာလေးကို မူရင်းအတိုင်း ဖေါ်ပြပေးချင်ပါတယ်။

အနုပညာဆိုတာ Creativity ဆိုတဲ့ ဖန်တီးနိုင်စွမ်းနဲ့ အဲဒီဖန်တီးနိုင်စွမ်းကို လက်တွေ့တင်ပြပေးနိုင်မယ့် အနုပညာဆိုင်ရာ အရည်အချင်း။ ပြောရရင်တော့ စိတ်ကူးထဲက အနုပညာကို ဖန်တီးပေးမယ့် အတတ်ပညာနဲ့ ပေါင်းမှသာ ခံစားတဲ့သူတွေမှာ အနုပညာရသ ကိုပေးနိုင်တာလေ။ ကူးချ ခိုးချ အပ်ကြောင်းထပ် ဘာလုပ်မှာလည်း။ အထူးသဖြင့် ရုပ်ရှင် အနုပညာလို ဖန်တီးမှု သိပ်မလိုပဲ theme ကိုသာ အဓိကထားတဲ့ အရာမှာ ဘာမှ အသစ်မပါတဲ့ theme တွေထိုင်ကြည့်ပြီး အဘိဇ္ဇာပွားမနေတော့ပဲ မျက်စိမှိတ်လို့သာ အိပ်ဖြစ်ပါတယ်။ အိပ်ရေးဝတယ်လေ။

ကိုးရီးယားကားတွေကိုလည်း သိတ်ကြည့်လို့မရတော့ ကြောင်းနဲ့ မြန်မာရုပ်ရှင်သမားတွေကိုလည်း ဘွားတော်ကြီးနားကပ်နေကြပြီဖြစ်လို့ မဝေဖန်ရဲပါကြောင်း ရေးထားတဲ့ ပို့စ်လေးပါဗျာ။ ကွန်းမန့် ၂၆ ခုနဲ့ ပျော်ပျော်ကြီး ဖတ်ကြရမယ့် ပို့စ်လေးဖြစ်ပါကြောင်း ညွှန်းချင်ပါတယ်ဗျာ။

မိုးပွင့်ဖြူ ရဲ့ မိသားစု ဆိုတဲ့ ပို့စ်လေး အကြောင်း ပြောချင်ပါတယ်ဗျာ။ ကျောင်းဆရာလေးတစ်ယောက်နဲ့ ကျောင်းဆရာမလေးတစ်ယောက်တို့ ရွာတစ်ရွာမှာ အလုပ်အတူလုပ်ကြရင်း ချစ်မိသွားကြပြီး လက်ထပ်လိုက်ရာကနေ မိသားစုလေးတစ်ခုဖြစ်လာတဲ့ အကြောင်းကိုရေးထားတာပါ။ လင်မယားနှစ်ယောက် ရုန်းကန်ပြီး အိမ်လေးတစ်လုံးကို ရှိတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်လိုက်ကြပါတယ်တဲ့။ စာရေးသူကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်လို့ ပြောတဲ့အတွက် သူတို့ မိသားစုလေး အကြောင်းရေးထားတာပါဗျာ။
ကျမအလှည်ကျရင်ဘယ်လိုအိမ်လေးတည်ဆောက်နိုင်မလဲဆိုတာ မှန်မျှော်ရင်းဖြင့်…………….
ဆိုတာလေးနဲ့ ပို့စ်ကို အဆုံးသတ်ထားပါတယ်ဗျာ။ ကွန်းမန့်လေးများနဲ့ ဖတ်ကြည့်သင့်ပါသော ပို့စ်တစ်ပုဒ်ပါခင်ဗျာ။

Htet way ရဲ့ မပြောဖြစ်သော နေ့ရက်များကတော့ ကဗျာလေးတစ်ပုဒ်ပါခင်ဗျာ။

ကိုဖက်တီး ရဲ့ ကျွန်တော် ပြည်သူ့ဝန်ထမ်းတဲ့ ပြည်သူ့ရဲပါ ဆိုတဲ့ပို့လေးကတော့ ရဲတစ်ယောက် ထမင်းဆိုင် မှာ ထမင်းစားနေပုံကို ရိုက်ထားတဲ့ ဓါတ်ပုံလေးတစ်ပုံပါဗျာ။ အဲဒီရဲရဲ့ အီကွစ်မန့် ထဲမှာ ဖီးကြမ်းငှက်ပျောသီးထည့်ထားတာလေးကို ရိုက်ပြထားတာပါ။ အောက်မှာ စာလေး တစ်ကြောင်းတော့ ပါပါတယ်။
အဲလိုပြည်သူ့ဝန်ထမ်းများကို ကျနော်ဖက်တီးမှ အလေးပြုပါသည်ခင်ဗျား။
လို့ သရော်ထားတာလေးပါဗျာ။ ကွန်းမန့်လေးများထဲမှ ကိုပါလေယာ ရဲ့ ကွန်းမန့်ရှည်ကြီးကို ဖေါ်ပြပေး ချင်ပါတယ်ဗျာ။ ဖတ်ကြည့်ကြပါ။

parlayar46 says:
ရဲ အကြောင်း အသိဆုံးဖြစ်မယ့် ကိုဖက်က ရေးမလားလို့စောင့်ပါတယ်။
ကိုဖက်မရေးလို့ ကျွန်တော်နဲနဲလောက် အစထောင်လိုက်ပါဦးမယ်။ ခွင့်လွှတ်ပါကိုဖက်ရေ။
တကယ်တော့ –
မုန်းစရာအလွန်ကောင်းပြီး သနားစရာလဲအလွန်ကောင်းတာ မြန်မာပြည် ရဲ ၀န်ထမ်းတွေပါ။
သူများတွေကိုကာကွယ်ပေးရပြီး သူတို့ကိုယ်တိုင်တော့ အကာအကွယ်မဲ့နေတာ မြန်မာပြည် ရဲ ၀န်ထမ်းတွေပါ။
လူဆိုးကလေးတွေကို ပေါင်း/မွေးရင်း လူဆိုးအလတ်တွေကို ဖမ်းဆီးအရေးယူရင်း
လူဆိုးအကြီးစားတွေကို ကြောက်နေရတာ မြန်မာပြည် ရဲ ၀န်ထမ်းတွေပါ။
အုပ်ချုပ်သူတွေ မဟုတ်တာလုပ်သမျှ ခေါင်းခံ နာမည်ပျက်ခံရပြီး အထက်ကကြပ် အောက်က ကလန့်တာ ခံနေရတာ မြန်မာပြည် ရဲ ၀န်ထမ်းတွေပါ။
ဘယ်သူမှ ရေတခွက်တောင် အလကားမတိုက်ချင်လောက်အောင် မေတ္တာပျက်ခံနေရရင်း-တချိန်ထဲမှာပဲ အခြားအာဏာပိုင်အဖွဲအစည်းတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျခံနေရတာလဲ မြန်မာပြည် ရဲ ၀န်ထမ်းတွေပါ။
သူတို့ထဲကအများစုက လာဘ်စားတယ်၊ ဂွင်ဆင်ပြီးငွေညှစ်တယ်၊ အဂတိလိုက်စားတယ် ဆိုပါတော့-
မှန်ပါတယ်။ ဒါပေမယ့် အဲသလိုလုပ်ဖြစ်အောင် စံနစ်ကြီးက တွန်းပို့ ပုံလောင်းလိုက်တာပါ။
ရဲတွေရဲ့အလုပ်ချိန်ဟာ သတ်သတ်မှတ်မှတ်မရှိဘူး။ လုပ်စရာရှိရင်ရှိသလို ၂၄ နာရီပဲ။
ရဲတွေရဲ့ အလုပ်နေရာဟာလဲ သတ်သတ်မှတ်မှတ်မရှိဘူး။ အများစုက လမ်းပေါ်မှာ။
ရဲတွေရဲ့ ခံစားခွင့်ကလဲ သတ်သတ်မှတ်မှတ်မရှိဘူး။ အသုံးစားရိတ်အများစုကို ကိုယ့်ဟာကိုယ်ရှာစား ဆိုတဲ့ပုံစံမျိုးနဲ့ ပစ်ထားတာ။
ရဲစခန်းရဲ့စားရိတ်၊ မီးပြင်တာ ဆေးသုတ်တာ အချုပ်ခန်းပြင်တာ ရဲကားပြင်တာ ဆီထည့်တာ တွေကစလို့ မြို့နယ်မှုးနဲ့စခန်းမှုးရဲ့ စားရိတ်အကုန်လုံးအထိ၊
ရဲစခန်းမှာ ဖုံးတပ်၊ စကားပြောစက်တပ်၊ ကွန်ပျူတာတပ်၊ စီစီတီဗွီတပ်ဘို့အထိ
အဲဒါအားလုံးရဲဝန်ထမ်းတွေက ရှာပေးရတာ။
သူတို့ယူနီဖေါင်းနဲ့ equipment တွေ အကုန်နီးပါးအထိ သူတို့ဘာသာဝယ်ရတာ။
သူတို့မ၀ယ်ရတာ သေနတ်နဲ့ ကျည်ဆံပဲရှိတယ်။ အဲဒါကို မ၀ယ်ရတာလဲ သူတို့မှကိုင်ခွင့် အသုံးပြုခွင့်မရှိပဲ။
သူတို့သုံးရတဲ့ လေးခွတွေ၊ ဒုတ်တွေ၊ လက်ထိပ်တွေ၊ ဒိုင်းတွေ၊ ဆက်သွယ်ရေးစက်တွေ – အဲဒါတွေအားလုံး သူတို့ပိုက်ဆံရှာပြီးဝယ်ရတာ။
ဒီလို လုပ်ငန်းလိုအပ်ချက်တွေများလွန်း ဖိစီးလွန်းတဲ့အခါ ရှိသမျှအခွင့်အရေးတွေ မှားမှားယွင်းယွင်းအသုံးချရင်း ကိုယ်တိုင်ပါသာယာလာပြီး ပျက်စီးတော့တာပါ။
မပျက်စီးတဲ့ရဲတွေလဲ အများကြီးပါ။ ကိုယ့်ထက် ခံနိုင်ရည်သာလွန်တဲ့ အဲဒီရဲဝန်ထမ်းကောင်းတွေကို ကျုပ် လေးစားမိပါတယ်။
အခုပြောမိသမျှကတော့ တို့ရုံထိရုံပါပဲ။ ခေါင်းစဉ်လောက်ပဲရှိသေးတာပါ။
ဖတ်မိသူများ ကျုပ်ကို အနီကဒ်ပေးနိုင်ကြပါပြီ။
သူတို့ဘ၀သူတို့အကြောင်း ကျုပ်လိုသိလာတဲ့တနေ့ ကျုပ်ပြောမိတာတွေကို ကျေနပ်သွားမှာပါ။

ကွန်းမန့်လေးများကိုဖတ်ပြီး ဓါတ်ပုံကိုကြည့်ကြပါလို့ ညွှန်းပါရစေခင်ဗျာ။

ကိုနေ၀န်းနီ ရဲ့ စိတ်ကူးယဉ်မနေနဲ့ နွေရာသီရောက်လာတော့မယ် ဆိုတာကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ဒီတစ်ခါတော့ ကဗျာထက် ကဗျာရေးသူရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးပါရစေ။

naywoonni says:
Yes! မောင်ပေ …။ မောင်မင်းဒုန်းမဝေးဘူးပဲ…။ လက်တွေ့ဘ၀ကိုရောက်မယ်ဆိုတာထက် တစ်ဆင့်မြှင့်ပြီးတွေးကြည့်ပါလား ….။ နွေဆိုတာက ပူလောင်တယ်လေ…။ ပူလောင်မှုတွေ (ဒုက္ခ/လောကဓံတွေ)ရောက်လာတော့မယ်…။ စိတ်ကူးယဉ်မနေနဲ့ပေါ့…။

စိတ်ကူးယဉ်တတ်ကြသူများ ကိုနေ၀န်းနီက ကဗျာရေးပြီး သတိပေးနေပါပြီခင်ဗျာ။ နွေရောက်ပါတော့မယ်တဲ့။ ဖတ်ကြည့်ကြပါဗျာ။

Mg wine ရဲ့ အရိုးကျည်းပေါင်း ရောဂါလက္ခဏာများကတော့ ပို့စ်ခေါင်းစဉ်အတိုင်း အရိုးကျည်းပေါင်း ရောဂါလက္ခဏာတွေကို ဖေါ်ပြပေးထားတာပါ။ ဆေးပညာ ဗဟုသုတ အနေနဲ့ ဖတ်ထားသင့်ကြပါကြောင်း။

Aye.kk ရဲ့ ရှိစေရန် ဆိုတာလေးက ကဗျာလေးတစ်ပုဒ်ပါ။ လူပီသအောင် ကျင့်ကြံနေထိုင်ဘို့ ပြောထားတဲ့ ကဗျာ အဆုံးသတ်ပိုဒ်လေး ဖေါ်ပြပေးပါရစေ။

လူ့ နှလုံးသား
စိတ်ထားဖြောင့်စင်း
လူချင်းချင်းလျှင်
မေတ္တာယှဉ်၍
ကြင်နာတရား
ဂရုဏာထားရှိ
ပွားမုဒိလျှင်ရှိစေရန်
လူမည်ပါမူ
လူလိုလူကို
လူလိုသိဘွယ်
လွယ်နှင့်မထင်
ကြိုးမြင်အားထုတ်
လူလုပ်လျှင်ကား
ပွားမှုဘာဝနာရှိစေရန်..။
ကဗျာ ချစ်သူများ၊ အထူးသဖြင့် ကာရန် ကဗျာ ကြိုက်နှစ်သက်သူများနဲ့ သင့်တော်မယ့် ကဗျာတစ်ပုဒ်ပါဗျာ။
ကိုလောရန်း ရဲ့ ကွန်းမန့်လေးကလည်း ဖတ်ဘို့သင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

kolawyan says:
ဆရာဇော်ဂျီ စာကြည့်တိုက်မှူးလုပ်တုန်းက အကောင်ကြီးကြီး
အမြီးရှညှ်ရှည်တစ်ကောင်ကို ပြောလိုက်တဲ့စကားလေးကို
သတိရသွားတယ်ဗျာ…ကဗျာလေးဖတ်ပြီးတော့လေ…
မောင်ရင် … မောင်ရင်လည်းလူ ကိုယ်လည်းလူနော်
ဒါကြောင့် လူစိတ်လေးတော့ထားပါတဲ့ဗျ…
ကျနော်တို့ လူပီသအောင်ကျင့်ကြံနေထိုင်ကြရမယ်ဗျ…။
ကျွန်တော်က ကွန်းမန့်ထဲက ဆရာဇော်ဂျီပြောတဲ့ မောင်ရင်လည်းလူ၊ ကိုယ်လည်းလူနော် ဆိုတာလေး ခိုက်နေမိတယ်ဗျာ။ ဖတ်ကြည့်ကြပါ။

Amatmin ရဲ့ မငိုပါနဲ့ အမေရယ် နောင်ဆိုဆင်ခြင်မယ် ဆိုတဲ့ ပို့စ် ကောင်းကောင်းလေးတစ်ခု အကြောင်းပြောချင်ပါတယ် ဗျာ။ ဒီပို့စ်မှာ ပါတဲ့ အတိုင်း ကျွန်တော်လည်း ကျွန်တော့်အမေနဲ့ ဖြစ်နေကြမို့ ကိုယ်ချင်းစာမိပါတယ်။ ကိစ္စလေးတစ်ခုအတွက် အမေမျက်ရည်ကျအောင် လုပ်မိတဲ့ ကိုအမတ်မင်း ရဲ့ ဖီလင်လေးကို ဖတ်ကြည့်ကြပါ။

အခုအမေ မျက်ရည်ထွက်နေတာမြင်ရတော့
စိတ်ထဲအတော်လေးမှားမှန်းခံစားလိုက်ရပြီးအသာလေးငြိမ်နေလိုက်ရတော့သည်..အမေကတော့
မျက်ရည်များနဲ့ ဆက်ပြောနေတုန်း…
လူကပါးစပ်ကသာ ငြိမ်နေသော်လည်း စိတ်ထဲက တော့ အမေ့ကိုမှားမှန်းဖွင့်ဝန်ခံချင်သည်. ဒါပေမဲ့
ဝန်ခံဖို့လည်းစိတ်မရဲ .စာတွေဖတ်မှတ်ပြီး အသိဥာဏ်တွေ စုဆောင်းနေပေမဲ့ အမေ့ကိုမျက်ရည်ကျအောင်ထိ
ပြန်ပြောနေမိခဲ့သော ကိုယ့် ကို ကိုယ်လည်း စိတ်ပျက်မိ..ညီမတွေကလည်းစကားမပြောကြတဲ့အပြင်
ကိုယ်ဝယ်လာတဲ့မုန့်လည်း ကိုင်တောင်မကြည့်ကြ ဒါနဲ့တယောက်တည်း
ကွန်ပျူတာရှေ့ထိုင်ပြီးဘာလုပ်ရင်ကောင်းမလဲတွေးရင်း အမေ့ကို တောင်းပန်ဖို့အတွက်
ဒီဝန်ခံစာလေးရေးဖြစ်သွားပါသည်ဗျား…

ပို့စ်လေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ကိုအမတ်မင်းရေ။ ကွန်းမန့်လေးများထဲမှ ထူးထူးခြားခြား အတည်ပေါက် ကွန်းမန့်တစ်ခုကို တည်တည်ငြိမ်ငြိမ်လေး ပေးသွားတဲ့ ဦးဘဇင်း(နာမည်ပြောင်း) ရဲ့ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

ဦးဘဇင်း says:
မိမိဖက်မှ ကြမ်းတမ်းစွာ ပြောဆိုမှု့ကို အခြေခံ၍
အမေက ပြန်ငေါက်တယ်
အမေပြန်ငေါက်တာကို
ကိုယ်က ပြန်ဟောက်တယ်
၁။ အမေ ငိုလောက်အောင် ကိုယ်က ဘာတွေ ပြောတယ်
၂။ အမေ ငိုလောက်အောင် ကိုယ်က ဘယ်လောက်တောင် ကြမ်းတမ်းပြစ်လိုက်တယ် ( )
ဆိုတော့ကာ
အမေ့ကို မျက်နှာမလွှဲလိုက်ပါနဲ့
အမေ့ကို မျက်နှာခြင်းဆိုင်ပြီး သိုင်းဖက်လိုက်ပါ
အမေ့ကိုပြုံးချိုသော မျက်နှာဖြင့် တင်းတင်းဖက်၍ အမေ့ပါးပြင်တို့ကို နမ်းပါ
အမေ့ကို ဖက်လျှက်ဖြင့်
ဘာဖြစ်လို့ငိုတာလဲအမေရဲ့ဟုမေးပါ
အမေ့၏ မပီပြင်သော စကားတို့နှင့်အတူ အမေ့ကို တင်းကျပ်စွာ ဖက်ထားလိုက်ပါ
ထို့နောက် အမေ့ကို အတတ်နိုင်ဆုံး ရယ်မောပြပါ
( ရံခါ အမေတို့သည် အခြေနေတစ်ခုပေါ်တွင် တိမ်းစောင်းတတ်ပါသည် )
ဦးဘဇင်း

သူကြီး နဲ့ ရွာသူရွာသား တွေက ၀ိုင်းပြီး နှစ်သိမ့်ပေးကြတဲ့ကွန်းမန့်လေးတွေနဲ့ အမတ်မင်းရဲ့ ပို့စ်လေးက အလွန်လှပ ခဲ့ပါကြောင်း ဖတ်ကြည့်ကြဘို့ပါခင်ဗျာ။

Windtalker ရဲ့ မောင်ပေရိုက်ခဲ့ပြန်ပြီ ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောရအောင်ပါ။ မောင်ပေရိုက်ခဲ့ပြန်ပြီဆိုလို့ ဘယ်ရန်ပွဲမှာ ဘယ်သူ့ကို ရိုက်ခဲ့တာလဲ လို့တော့ မတွေးလိုက်ပါနဲ့ ဗျို့။ ဓါတ်ပုံရိုက်ခဲ့တာကို ပြောတာပါ။ မရည်ရွယ်ပဲ သွားဖြစ်ပါတဲ့ မန္တလေးတောင်ပေါ်နဲ့ မြောက်ပြင်ဘက် အရိပ်မထွက်ဘုရားတို့ကို ရောက်တုန်း ကင်မရာ ဓါတ်ခဲကုန်တဲ့ အထိ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးများပါ ခင်ဗျာ။ ပုံလေးတွေက နည်းနည်း သေးနေပါတယ် ကိုပေရယ်။ နောက်တစ်ခါတင်ရင် ကြီးကြီးတင်ပါဗျာ။ ကော်နက်ရှင်ကလည်း မဂွဒ်တော့ တောင်းဆိုရတာ အားနာ ပါတယ်။ လူချစ်လူခင် ပေါများလှပါသော ကိုပေ့ ကို ကွန်းမန့် ၂၅ ခုနဲ့ ခန့်ခန့်ကြီးတွေ့ရမယ့် ပို့စ်ပါဗျာ။ ဖတ်ကြည့်ကြပါ။

ကိုရင်စည်သူ ရဲ့ ပရုတ်ဆီနဲ့ တူသောမိန်းမ ဆိုတဲ့ ပို့စ်ကတော့ ကွယ်လွန်သူ အဘဆရာ မင်းသိင်္ခ၏ စာပေလက်ရာ တစ်ခုပါဗျာ။ ရထားနဲ့ ခရီးသွားရင်း ကြုံရတဲ့ မုတ်ဆိတ်ဖြူကြီး တစ်ယောက်ရဲ့ ပရုတ်ဆီ ဒသန လေးတွေက ဖတ်လို့ကောင်းလှပါတယ်ဗျာ။ မုတ်ဆိတ်ဖြူကြီးရဲ့ ဒသန ဆိုပေမယ့် ဆရာကြီးမင်းသိင်္ခရဲ့ ဒသနတွေ ပဲဖြစ်ပါတယ်။ ဖတ်ရင်း မှတ်မှတ်သားသား ရှိတဲ့ ဒသနလေးတွေကို စုစည်းပေးလိုက်ပါတယ်။

“ဘယ်လောက်ပဲ ကောင်းကောင်း ရောဂါပျောက်တဲ့ ပရုပ်ဆီဆိုတာ ဒီကမ္ဘာမှာ မပေါ်သေးဘူးကွ၊ ပရုပ်ဆီဆိုတာ နည်းနည်းပါးပါး ထိမိခိုက်မိရင်ပွတ်လိုက်၊ လိမ်းလိုက်တာနဲ့ ပူခနဲနွေးခနဲ့ဖြစ်ပြီး သက်သာသလိုရှိပေမယ့် ဘယ်ရောဂါကိုမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူး၊ ရောဂါလဲမပျောက်ဘူး၊ လူတွေလဲသုံးနေတဲ့ ဆေးတစ်မျိုးကို ပြောပါဆို၍ ပရုပ်ဆီကိုပဲပြောရမယ်။ ဒါကြောင့် ငါတို့ ရှေးဟောင်း အဘိုး အဘွား တရုတ်လူမျိုးတွေက ခဏပဲ ကောင်းပြီး ရေရှည်မကောင်းတဲ့လူကို စိတ်ဆိုးလို့ဆဲရင် “ပရုပ်ဆီ” လို့ဆဲလေ့ရှိတယ်၊ အဆဲခံရတဲ့လူက သိပ်ပြီးနာတယ်။”
“ကျုပ်တို့ အဘိုးအဘွားတွေက ခုတစ်မျိုး၊ တော်တော်ကြာတစ်မျိုး လုပ်တတ်သူတွေကို “ပရုပ်ဆီ” လို့ ဆဲလေ့ရှိတယ်၊ အဆဲခံရတဲ့လူက သိပ်ပြီး နာတာကွ၊”

“တကယ်လို့ ကိုယ့်လူဟာ ဒီအရွယ်ထိအောင် အမြီးမပေါက်သေးဘူးဆိုရင်တော့ ပရုပ်ဆီကောင်းကောင်း တစ်ပုလင်းလောက် ဝယ်ပြီးဆောင်ထားသင့်တယ်” ဟု ပြောလိုက်လေ၏။”

“အစွဲအလမ်းတစ်ခု ရှိပြီဆိုလျှင် စွန့်လွှတ်ရန်အတွက် ပတ်ဝန်းကျင်လို၏။ သတ္တိလို၏။ အရည်အချင်းများစွာလို၏။”

“မိန်းမတွေဆိုတာ သူတို့ပြောတာနဲ့ သူတို့ဖြစ်တာ တခြားစီ ဖြစ်နေတတ်တယ်၊ အဲဒါကြောင့် သူတို့ စကားကို မယုံရင် အကောင်းဆုံးပဲ ကိုယ့်လူ၊ ဘာပဲဖြစ်ဖြစ်လေ ကျုပ်ရဲ့ပရုပ်ဆီဘူးလေး မဆုံးရင် တော်ပါပြီ”

ကွန်းမန့်ပေးထားတာလေးတွေ ဖတ်ကြည့်တော့ ကျွန်တော့် ကွန်းမန့် မပါဘူး ကိုရင်ရေ။ လူမှုရေးတွေပျက်ကွက် တာ ဘယ်လောက်တောင် များနေပြီလဲ မသိပါဘူးဗျာ။ အခုမှ တစ်ခါတည်းဖတ်ပြီး တစ်ထိုင်တည်း ကွန်းမန့်ပေး တယ်လို့သာ သဘောထားပေးပါ။ အေးအေးဆေးဆေး ဖတ်ကြည့်မှ အဆင်ပြေမယ့် ပို့စ်မျိုးပါ။ ဖတ်လို့လည်း တော်တော် ကောင်းပါတယ်။ ဖတ်ကြည့်ကြပါဗျာ။

အင်ဇာဂီ ရဲ့ မြန်မာ့ရိုးရာ စားစရာ ဆိုတဲ့ ပို့စ်လေးကတော့ မြန်မာ့ရိုးရာ မားကက်တင်း ပညာလေးတွေအကြောင်း ဖြစ်ပါတယ်။ မုန့်ဟင်းခါး နဲ့ ထိုးမုန့် ကို ဥပမာပေးပြီး မြန်မာ့ရိုးရာ မားကက်တင်း အကြောင်းကို ပေါ့ပေါ့ပါးပါး ပြောပြထားတာပါ။ မုန့်ဟင်းခါးဆိုင်မှာ ဟင်းရည်တောင်းသောက်လို့ ဆိုင်ရှင်က ဟင်းရည်လေးအပိုထည့်ပေးတာ ကို မားကက်တင်းအရ value-added လုပ်တာပါတဲ့။
Branding နဲ့ ပတ်သက်လို့ လည်း ဒီလိုလေး ရှင်းပြပြန်ပါတယ်။
ဆိုင်းဘုတ်လေး မော့ ကြည့်တယ် (မြောင်းမြ)ဒေါ်ဝေေ၀ တဲ့ …
အင်းလေ နောက် ကြုံရင် လာစားဦးမှပေါ့။ မှတ်ထားလိုက်တယ်.. သည်လို နဲ့ ကိုယ်အရင် စားဖူးတဲ့ ဆိုင်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ပေါ့
နာမည်လေးတွေ အစီအရီ ထွက်ကျလာပါတယ်
• (ညောင်တုံး) ဦးနက်ချော
• (ဟင်္သာတ) အန်တီမ
• ကိုကိုစီ (ရန်ကုန်)
• (ညောင်လေးပင်)မမမှီ
• (ဓနုဖြူ)အန်တီမ
• (ပြွန်တံဆာ)အီးတီ
• (အိမ်မဲ)ပေါက်ဖော်
အံမယ် အတော်များများက မြို့နာမည်လေးတွေနဲ့ပါတွဲပြီး သူတို့နာမည်ကို မှတ်မိအောင် လုပ်ထားကြတယ်။
ဒါကို မားကတ်တင်းအရ Branding လို့ သတ်မှတ်လို့ရတယ် ..အတိအကျပြောရရင် Geographical နည်းနဲ့ပါ recall လုပ်ထားတာ
..ဘယ်မြို့က ငါးပေါတယ် ဘယ်မြို့က ဆန်မှုန့်ကောင်းတယ် ..ဘယ်မြို့ရဲ့ မုန့်ဟင်းခါးချက်နည်းကတော့ အရည်ကျဲလေး ..
ဘယ်မြို့ရဲ့ နည်းကတော့ ငရုပ်ကောင်းကဲတယ် …. ဒါမျိုးတွေကို Brand elements အနေနဲ့ communicate လုပ်ထားတာ

မုန့်ဟင်းခါးပြီးတော့ ထိုးမုန့် ဘက်လှည့်ပြန်ပါတယ်။

ဆိုင်ထဲရောက်တော့ “သုံးဆောင်ပါအစ်ကို မြည်းကြည့်ပါ အစ်ကို
ကြိုက်မှ ၀ယ်ပါ မကြိုက်လည်း သုံးဆောင်သွားပါ ” နဲ့ ကောင်မလေးတွေ ပျူငှာထှာ ယဉ်ကျေးထှာ ….. စင်ပေါ်ကို ကြည့်လိုက်တော့
ယွန်းဗန်းလေးထဲ အကန့်လေးတွေ နဲ့ အရောင်စုံ ပုံစံစုံ မုန့်ကလေးတွေ ..ဟိုဟာလေး မြည်း သည်ဟာလေး ကောက်ဝါးနဲ့ …….
ဟိုဟာလေး နည်းနည်း သည်ဟာလေးနည်းနည်း…. ဒါ မားကတ်တင်း အမြင်နဲ့ ပြောရရင် sampling ပေးတဲ့သဘော trial
ပေးတဲ့သဘော …ကျယ်ပြန်စွာတွေးပြီး စာလုံးကြီးကြီး ရေးရရင် CSR လို့ကို ဆိုနိုင်သေးသဗျ….
ဂလိုနဲ့ ကျနော်လည်း … ဟိုဟာလေးထည့် သည်ဟာလေး နည်းနည်းယူ …၀ယ်တာပေါ့ဗျာ..(Customization) …
ဟိုဘက် စင်လေးတွေဘက်ကြည့်လိုက်တော့ ..လားလား … လမုန့်တွေပါလား ဟရို့ …အမေက လမုန့် သိပ်ကြိုက်တာ..
ဝယ်ဦးမှ …. လမုန့် ၂ဗူးပေးပါကွယ် ….(၁ဗူးက တရုတ်သွေးပါတဲ့ တယောက်သော သူကလေးအတွက် ။ ဤကား စကားချပ်)
မားကတ်တင်းအရ ဆက်ပြောမယ်ဆိုရင် ဒါ Cross-selling လုပ်တာဗျ..main item တင်ထားပြီး sidekick ကို ပါ အစွံထုတ်တာ
နိုင်ငံခြားက ဖိနပ် ရောင်းတဲ့ ကန်ပနေတွေ သားရေကို နိုင်နင်းလေတော့ ခါးပတ်ပါ ထုတ်ပြီး တွဲရောင်းကြတာကိုး …
( ခေါင်းထဲ ပေါ်လာတဲ့ အတိုက်ဆိုင်ဆုံး ဥပမာမို့ပါ အစားအသောက်ကို ဖိနပ်နဲ့ ခိုင်းနှိုင်းပြောတာမဟုတ်ရပါဘူး ..)
ဂလိုနဲ့ ငွေရှင်းမယ်ပေါ့ …ပိုက်ဆံတွက်တော့ အစ်ကိုက ၂မျိုးယူတော့ စုစုပေါင်းမှာ ၅၀၀ လျော့ပေးပါတယ်တဲ့ …
အားပါးပါး ….ဒါ Customer Relationship နဲ့ Customer Loyalty တည်ဆောက်နေတာနော …
အဲ့ဒါကြောင့် ကျနော်ပြောဖူးပါတယ် …မြန်မာတွေ ရှေးမဆွ ကတည်းက မားကတ်တင်း တတ်ကြပါတယ်လို့ ….
(အခြားအခြားသော စီးပွားနယ်ပယ်တွေမှာလည်း မြန်မာ့ရိုးရာ မားကတ်တင်းပညာများ အသုံးချနိုင်ကြပါစေလို့ …ဆန္ဒပြုရင်း ……)

မြန်မာ့ရိုးရာ မုန့်ဟင်းခါးဆိုင်တွေနဲ့ ထိုးမုန့်ဆိုင်လေးတွေကို ဥပမာပေးပြီး ပေါ့ပေါ့ပါးပါး ရှင်းပြထားတဲ့ အင်ဇာဂီရဲ့ မြန်မာ့ရိုးရာ မားကက်တင်းကို ဖေါ်ထုတ်ထားတဲ့ ပို့စ်လေး ဖြစ်တဲ့အတွက် မားကက်တင်းလေ့လာနေကြသူတွေရော၊ အလွတ်သဘော ဖတ်ကြသူတွေရော ဖတ်မှတ်ထားရမယ့် ပို့စ်လေးပါဗျို့။ ကွန်းမန့်ပေါင်း ၃၀ ထဲက ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

TTNU says:
တကယ်မြန်မာအစားအစာတွေအကြောင်းရေးမယ်မှတ်နေတာ။
ဖတ်ရင်းနဲ့ ဆွဲခေါ်သွားလိုက်တာ။ ( ရုန်းလို့တောင် မရ ဘူး)
တို့မန္တလေး မြို့ကြီးရဲ့  ထိုးမုန့် လမုန့်တွေ Sampling စားရပုံရေးထားတော့
ကောင်းလေစွ ကောင်းလေစွ လို့ အတွေးစလေး တစ်စ ထွက်အကျ။
မောင်ဂီ တော်ချက်ကတော့ မကျန်ဘူးဟေ့လို့ မှတ်ချက်ကလေးလည်းချ လိုက်ချင်ပါ့။

ဖတ်ကြည့်ကြပါဗျာ။

အင်ဇာဂီ ရဲ့ ပို့စ် နောက်တစ်ခုကတော့ Autumn in My Heart II ကတော့ ဓါတ်ပုံလှလှလေးတွေပါ။ တကယ်ကို ထူးထူးခြားခြား ဆန်းပြားလှပသော ဓါတ်ပုံလေးများပါခင်ဗျာ။ ရွက်ကြွေတော တစ်ခုက ပိုးစားသစ်ရွက်ကြွေလေးကိုတောင် အလှတစ်ခုဖြစ်အောင် ရိုက်ပြထားတဲ့ ပရို ရိုက်ချက်လေးများဖြစ်ပါတယ်။ ဒေါင်းလုဒ်ဆွဲပြီး ကွန်ပျူတာဒက်စတော့မှာ ဘက်ဂရောင်းလုပ်ရမယ့် ဓါတ်ပုံလေးတွေပါလို့ ညွှန်းပါရစေခင်ဗျာ။

ကိုပေါက် (မန္တလေး) ရဲ့ မန္တလေးတောင် အဝေးက မြင်ကွင်းလေး ဆိုတဲ့ ဓါတ်ပုံပို့စ်လေးအကြောင်းပြောချင်ပါ တယ်ဗျာ။ ကိုပေါက်က ဓါတ်ပုံလေးများအကြောင်းကို ဒီလိုရှင်းပြပါတယ်။

“မန်းလေးတောင်ကို အဝေးကလှမ်းမြင်ရတိုင်းလက်ဆော့မိပါတယ်။ အခုတင်ပေးတဲ့ပုံတွေက မန်းလေးတောင်ရဲ့ အရှေ့တည့်တည့်ကမြင်ရတဲ့ပုံတွေရယ် တောင်ရဲ့ အရှေ့ဘက်ကနေမြင်ရတဲ့ပုံတွေဘဲဖြစ်ပါတယ်။”
အဝေးကမြင်ရတဲ့ မန္တလေးတောင် ရှုခင်းလှလှလေးတွေကို မန္တလေး ချစ်သူများ ကြည့်ကြဘို့ပါခင်ဗျာ။

Diamond Key ခေါ် ကိုစိန်သော့ ရဲ့ ဓါတ်ပုံပညာ မှတ်စုများ ကတော့ အမှတ် ၆ ကိုရောက်လာပါပြီဗျာ။ ဒီပို့စ်မှာ ရှင်းပြထား တာက ဒီအကြောင်းလေးပါတဲ့။

ဒီနေ့ ဆက်မှာလေးက ဓါတ်ပုံမှာ ပုံကောင်းလေးတစ်ပုံ ရဖို့အတွက် အရေးကြီးတဲ့ Exposure အကြောင်း၊ ရှေ့မှာ ပြောခဲ့တဲ့ Aperture (အလင်းဝင်ပေါက်)ရယ်၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) ရယ်နဲ့ ISO တွေရဲ့ ဆက်သွယ်ချက် (အတွဲလေးတွေ) ပါ။
နမူနာ ဓါတ်ပုံလေးများနဲ့ သေသေချာချာ ရှင်းပြပေးထားတဲ့ ကိုစိန်သော့ရဲ့ ပို့စ်လေးက ဓါတ်ပုံပညာလိုက်စားနေကြသူတွေ အတွက် ကိုးကားစရာ ပညာရပ်တွေဖြစ်ပါကြောင်း ဖတ်ကြည့်ကြပါခင်ဗျာ။ ကျေးဇူးပါ ကိုစိန်သော့ရေ။

Shwe Tike Soe ရဲ့ ရွာသူား ကင်မရာမန်းများ စိတ်မညစ်ရအောင် ဆိုတဲ့ ပို့စ်လေးကတော့ software လေးတစ်ခုကို ဝေမျှပေးထားတဲ့ ကွန်ပျူတာ နဲ့ ဆိုင်တဲ့ ပို့စ်လေးပါဗျာ။ ဓါတ်ပုံဆရာတွေ မန်မိုရီကဒ် သုံးတဲ့လူတွေ အတွက် သင့်လျော် မယ့် ပို့စ်လေးပါ။ ဖတ်ကြည့်ကြပါ။

NK ရဲ့ ရှုကြည့် ဆိုတဲ့ ပို့စ်ခေါင်းစဉ် မြင်တော့ ဆရာကျော်စောမင်းရဲ့ ဖတ်ကြည့် ဆိုတာကိုတောင် သတိရမိပါသေးတယ်။ တော်တော်လေး ရယ်ရတဲ့ ဟာသလေးတွေပါ။ စိတ်လက်ပေါ့ပါးသွားအောင် ဖတ်ကြည့်ကြပါဗျာ။

Nikita ရဲ့ အမျိုးသား ကျန်းမာရေးဆိုင်ရာ အယူအဆအလွဲ ၁၂ ချက် ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်။ nikita က သူ့ ပို့စ်လေးအကြောင်းကို ဒီလို မိတ်ဆက်ပေးထားပါတယ်။

အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမျိုးသားတွေ ကိုယ်တိုင် လွဲမှားလက်ခံထားတဲ့ အယူအဆအလွဲတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ အမျိုးသားတိုင်း အမှတ်အမှားဆုံး အယူအဆ (၁၂) ချက်ကို ဆေးသိပ္ပံပညာရှင်များက စစ်တမ်းများစွာ ပြုလုပ်ပြီး တွေ့ရှိထားပါတယ်။ ဒီအယူအဆ အလွဲတွေရဲ့ လောင်းရိပ်ကနေ သင်ကော လွတ်ကင်းရဲ့လား ဆိုတာ အောက်ပါ မေးခွန်း (၁၂) ခုကို မှား/မှန် ဖြေကြည့်ရင်း ဆန်းစစ်ကြည့်နိုင်ပါတယ်။

မေးခွန်းလေးတစ်ခုလောက် နမူနာဖေါ်ပြပေးချင်ပါတယ်။

(၄) ဖိနပ်ဆိုက် ကြီးလေလေ (ခြေထောက် အရွယ်အစား ကြီးလေလေ) အမျိုးသားအင်္ဂါ ကြီးလေလေ ဖြစ်သည်။
မှား ( ) မှန် ( )

အမျိုးသားတွေ ဖတ်ပြီး မှား/မှန် ဖြေဆိုဘို့ မေးခွန်း ၁၂ ခုပေးထားပါတယ်။ ရွာသား တွေ ဖတ်ပြီး ဖြေကြည့်ကြဘို့ပါ။ ပြီးတော့ ရွာသူတွေလည်း ဖတ်ထားသင့်တယ်ဆိုတာကို ဒီလို ပြောထားပါတယ်။

အင်တာနက်မှာ ဖတ်ရတဲ့ သတင်းလေး တစ်ပုဒ်ပါ
ရွာသားတွေလဲ ဖတ်လို့ရအောင် share ပေးလိုက်ပါတယ်……….
ရွာသူတွေလဲ ကိုယ့်အမျိုးသားတွေကို ပြန်ဗဟုသုတပေးလို့ရတာပေါ့ နော်..

ကဲ ရွာသားတွေက ကိုယ်တိုင်သိထားဘို့၊ ရွာသူတွေက ကိုယ့်အမျိုးသားကို ပြန်ဗဟုသုတ ပေးဘို့ ဒီပို့စ်ကို ဖတ်ထားသင့်ပါကြောင်း။ ကိုလင်းဝေကျော် ရဲ့ ထောင့်ကန်ဘောကွန်းမန့်၊ ကိုသစ်မင်းရဲ့ ခေါင်းတိုက်ချက်ကွန်းမန့် နဲ့ ကိုရည်စည်သူရဲ့ ဂိုးသမားကွန်းမန့် လေးများက စာဖတ်သူတွေကို ပြုံးစေပျော်စေနိုင်ခဲ့ပါတယ်ခင်ဗျာ။

Alinsett ရဲ့ ထူးဆန်းသော စာအုပ်သစ်တစ်အုပ် နှင့် မိတ်ဆက်ပေးခြင်းက စာအုပ်အညွှန်းလေးတစ်ခုပါဗျာ။ ၀င့်ပြုံးမြင့် ဘာသာပြန်သော ဆောင်းညရှိုက်သံ စာအုပ်လေးဖြစ်ပါသည်။ အလင်းဆက်က စာအုပ်မျက်နှာဖုံးပုံလေးပါ ဖေါ်ပြထားပြီး မျက်နှာဖုံးပုံကို အသေးစိတ် ခံစားရေးဖွဲ့ပေးထားပါသည်။ ကွန်းမန့်လေးတွေနဲ့ အလင်းဆက် ရဲ့ စာအုပ်အညွှန်းကို ဖတ်ကြည့်ကြဘို့ပါ။

Weiwei ရဲ့ ငါရူးတော့မယ် သူငယ်ချင်း ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်။ မဝေေ၀ က လုပ်ငန်းခွင် မှာ ကြုံရတဲ့အခက်အခဲတွေကို သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်သလို ပုံစံမျိုးနဲ့ ရေးပြထားတာပါ။ ရွာသူားတွေက မဝေေ၀ရဲ့ သူငယ်ချင်း နေရာက ဖတ်ရမယ့် ပို့စ်ပါ။ မဝေေ၀ ကြုံရတဲ့ အခက်အခဲတစ်ခုကို နမူနာလေးရေးပြပါရစေ။

ငါပညာကုန်သုံးပြီး ဒီဇိုင်းလုပ်ထားတာတစ်ခုရှိတယ်။ customer က အပ်ထားလို့ လုပ်ထားတဲ့အလုပ်ပေါ့။ ငါ့ဌာနမှူးက ငါ့ကိုလုပ်လိုက်လို့ တာဝန်ပေးလို့ ငါကလုပ်ထားတာ။ အချိန်ကုန်ခံ ခေါင်းစားခံပြီးလုပ်ထားတာကို တစ်ပတ်ကို တစ်ခါလောက် data လာပြောင်းနေတာနဲ့ ၃ ကြိမ်လောက်လဲ ပြင်ပြီး လက်စသတ်လို့လဲပြီးနေပြီ။ အဲဒီအခြေအနေမှာမှ customer က ဘာစိတ်ကူးနဲ့လဲမသိဘူး။ တခြားအင်ဂျင်နီယာအငယ်တစ်ယောက်ကိုအပ်လိုက်ပြီး အဲဒီဒီဇိုင်းကိုပဲ လုပ်တော့မယ်ဆိုပြီး လာပြောတယ်။ သူတို့ဒီဇိုင်းကိုလဲ ယူလာတယ်။ လိုအပ်တာဆက်ပြင်ပေးပြီး ဒီအတိုင်းပဲ လုပ်လိုက်တော့လို့ပြောတဲ့အချိန်မှာ ငါအရမ်းဒေါသထွက်သွားတယ်။ ငါ့မာနနဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားတာပေါ့။ငါ့ပညာအရည်အချင်းနဲ့ ငါ့အတွေ့အကြုံက အဲဒီအင်ဂျင်နီယာထက် အများကြီး များတယ်လေ။ နောက်ပြီး အဲဒါ ငါလုပ်နေကျ ငါ့အလုပ်လေ။ သူတို့ဒီဇိုင်းမှာ အားနည်းချက်တွေအများကြီးတွေ့လို့ ငါကထောက်ပြပေမယ့် ကိစ္စမရှိဘူးဆိုတဲ့သဘောမျိုး လူကြီးတွေကပြောကြတယ်။ customer is always right ဆိုတဲ့အတိုင်း သူတို့စိတ်တိုင်းကျကိုမှ ကိုယ့်စိတ်ကူးနဲနဲထည့်ပြီး ပြန်လုပ်ပေးလိုက်ပါလို့ ပြောတယ်ဟာ။ ငါလဲ လူကြီးတွေရှေ့မှာ ဟုတ်ကဲ့လို့ ပြောခဲ့လိုက်ရတယ် (မတတ်နိုင်ဘူးလေ)။ ငါ့အခန်းထဲရောက်တော့မှ ငါ့တပည့်တွေပဲရှိတဲ့အချိန်မှာ ပေါက်ကွဲတာ။ သူတို့လဲ စိတ်ဆိုးကြတာပေါ့။

အဲဒီလို အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ စာရေးသူက စိတ်ပေါက်ပေါက်နဲ့ ညည်းတွားရင်း ဒီလို ကြုံးဝါးပါတယ်။

ငါကတော့ အသဲယားတဲ့ရောဂါနဲ့ စိတ်ကစဥ့်ကလျားဖြစ်ပြီး ရူးမှာ။ ငါ့မိသားစုတွေကို ပြောပြတော့ သူတို့က နားမလည်ကြဘူး။ မလုပ်ရလဲ ဘာဖြစ်လဲတဲ့။ သက်သာတာပေါ့တဲ့။ ငါ့ခံစားချက်ကို မသိကြဘူးဟ။ တခြားသူငယ်ချင်းတွေကလဲ ငါဒေါသဖြစ်လေ ရီကြလေဖြစ်နေတယ်။ စိတ်လျော့ စိတ်လျော့နဲ့ ပြောကြလွန်းလို့ လျော့ထားလိုက်တာ ကုန်းကောက်စရာတောင်မရှိတော့ဘူး။ နောက်တစ်ခါထပ်ဖြစ်ရင် သီးမခံတော့ဘူး … ရွာပြန်ပြီးပဲ ကောက်စိုက်တော့မယ် …
ကဲ .. ဒီလိုပုံစံနဲ့ ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်ကြီး ဘယ်လိုတည်ဆောက်မလဲ?

ရွာထဲက ရွာသူတစ်ယောက် အလုပ်ထဲက အခက်အခဲတွေ ရင်ဖွင့်လာတော့ ရွာသူရွာသားတွေကလည်း ကွန်းမန့်ပေါင်း ၂၄ ခုနဲ့ ၀ိုင်းပြီး ဖြေသိမ့် အားပေးကြပါတယ်ဗျာ။ လေးလေးစားစား ဆွေးနွေးပေးကြတဲ့ ကွန်းမန့်လေးတွေနဲ့ မိသားစု ဆွေးနွေးပွဲ လေးတစ်ခုလို ဖတ်ရမယ့် ပို့စ်လေးကို ဖတ်ကြည့်ကြပါခင်ဗျာ။

Kotun winlett ရဲ့ သက်မဲ့ဝေဒနာ ဆိုတာကတော့ ကဗျာဆန်ဆန် ရေးဖွဲ့ထားတဲ့ ချောင်းကလေးတစ်ခု ရဲ့ ခံစားချက်လေးပါ။ ဖတ်လို့ ကောင်းတဲ့ စာတစ်ပုဒ်ပါဗျာ။ ကဗျာချစ်သူများအတွက်ရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားသူတွေအတွက်ရော သင့်တော်တဲ့ စာတစ်ပုဒ်လို့ ညွှန်းဆို ပါရစေခင်ဗျာ။

Fatty Cat ရဲ့ Sky Line နဲ့ ကြောင်ဝတုတ် ဆိုတဲ့ ပို့စ်လေး အကြောင်း ပြောချင်ပါတယ်။ စာရေးသူက Sexy ကျကျကောင်မလေးတစ်ယောက်နဲ့ Skyline တစ်စီးကိုတွေ့ လိုက်ရတော့ အတွေးတွေ အတိတ်ကို ပြန်ရောက်သွားပြီး မြန်မာရုပ်ရှင်လိုပဲ နောက်ကြောင်းပြန်ပြထားတာပါ။ တကယ့် အဖြစ်အပျက်မှတ်လို့ ဖတ်လာရာကနေ အဆုံးသတ်ခါနီးမှ ဘယ်လိုနားလည်ရမလဲ မသိနိုင်အောင် ဒီလိုလေးရေးထားပါတယ်။
ဟိုတစ်နေ့ကမှ မနေနိုင်လို့ Mini Copper လေးတစ်စီး ၀ယ်လိုက်မိသေးတယ်…အခုတော့လဲ ဓာတ်ခဲဖိုးမတတ်နိုင်လို့ ဘီဒိုထဲမှာပဲ ထည့်သိမ်းထားလိုက်တယ်..

မည်သို့ ပင်ဆိုစေကာမူ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးပါဗျာ။ သူကြီးဦးဆောင်တဲ့ ကွန်းမန့် ၁၇ ခုကလည်း ပို့စ်ကို အားဖြည့်ပေးထားလို့ ဖတ်ကြည့်သင့်တဲ့ပို့စ်လေးပါဗျာ။

ကိုပေါက် (မန္တလေး) ရဲ့ ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါတယ်ဗျာ။ အသွားအလာခက်လို့ ကြားဘူးသူများပြီး ရောက်ဘူးသူနည်းတဲ့ တက်သိမ်းအင်း(အများအခေါ်တက်သေးအင်း) ရဲ့ ဓါတ်ပုံလေးတွေပါဗျာ။ အင်းရေပြင်ကျယ်ကျယ်ကို တိမ်ပန်းချီတွေနောက်ခံထားပြီး ရိုက်ထားတဲ့ ကိုပေါက်လက်ရာလေး တွေက စိတ်ကြည်နူးလန်းဆန်းစေပါတယ်ဗျာ။ သိတ်မဝေးသေးတဲ့ သမိုင်းတစ်စွန်းတစ်စကိုလည်း တို့ထိထားသေးပါတယ်ဗျာ။

1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို ကန်တော်ကြီးလို့နာမယ်ပြောင်း။ လမ်းတွေကောင်းအောင်လုပ်။ မလွတ်တဲ့အိမ်တွေဖယ်။ အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရ၀ိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။ စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။ အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။

ကိုပေါက်လက်ရာ ဓါတ်ပုံလေးတွေနဲ့ တက်သေးအင်း အလှကို ခံစားကြည့်ကြပါခင်ဗျာ။

MaMa ရဲ့ Sweet December ဆိုတဲ့ ပို့စ်လေးကတော့ ကွန်းမန့်ပေါင်း ၄၀ ကျော်နဲ့ ဒီဇင်ဘာမှာ ဟော့ဖြစ်တဲ့ ပို့စ်လေးပါဗျာ။ ဒီဇင်ဘာအကြောင်းရေးဖွဲ့ထားတဲ့ ပို့စ်လေးပါ။ MaMa က ဥတုသုံးမျိုးမှာ ဆောင်းရာသီကို အနှစ်သက်ဆုံး ဖြစ်ကြောင်း နဲ့ ဒီဇင်ဘာလ အကြောင်းကို ဒီလိုရေးဖွဲ့ထားပါတယ်။
ဒီဇင်ဘာလဟာလည်း တကမ္ဘာလုံးကို ခရစ်စမတ်တွေ၊ နယူးရီးယား အကြိုတွေနဲ့ အမှတ်တရတွေ အများကြီး ပေးတတ်ပါတယ်။
ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်တွေ ဝေတဲ့ ရာသီမို့ လောကကြီးကိုလည်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပန်းချီချယ်ထားသလို လှပစေတာကလည်း ဆောင်းရာသီကို နှစ်သက်စေမိတဲ့ အကြောင်းတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်။
အနှစ်သက်ဆုံးဖြစ်စေတာကတော့ ကိုယ့်မွေးလမို့ဖြစ်မယ်။
ပြီးတော့မှ နိုဝင်ဘာ ၂၂ ကနေ ဒီဇင်ဘာ ၂၁ ရက်ကြားမွေးဖွားတဲ့ ဓနုရာသီဖွား တွေရဲ့ အကြောင်း ကို ဆရာစံတင်အောင် စာအုပ်ထဲက အဟောတွေလို ရေးပြထားပါတယ်ဗျာ။ ဒီဇင်ဘာဖွား ဓနုရာသီဖွားတွေ အတွက် တော့ အဆင်ပြေမယ့် ပို့စ်လေးပါ။ သို့သော် ကျန်တဲ့ ရာသီဖွားတွေအတွက်လည်း ဖေါ်ပြပေးနိုင်ရင်ဖေါ်ပြပေးဘို့ အားလုံးက ၀ိုင်းတောင်းဆိုထား ကြပါတယ်ဗျာ။ ကွန်းမန့်တွေ အများကြီးထဲက သူကြီးရဲ့ ကွန်းမန့်လေးကို အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။ အခုမှ MaMa ရဲ့ ကွန်းမန့်ထဲမှာ ကျွန်တော်တို့ တူရာသီဖွားတွေအတွက် အဟောလေး ရေးပေးထားတာ ဖတ်ရပါတယ်ဗျာ။ အဲဒီအတွက် ကျေးဇူးပါဗျို့။ ဒီဇင်ဘာမှာ ပျော်စရာပို့စ်လေးတစ်ခု တင်ပေးခဲ့တဲ့ MaMa လည်း စိတ်ကြည်နူးချမ်းမြေ့နိုင်ပါစေပေါ့ခင်ဗျာ။ စကားအတင်းကြီးကိုစပ် – ဒါနဲ့ MaMa မွေးနေ့က ဒီဇင်ဘာ ဘယ်နှစ်ရက်လဲဗျ?

kai says:
ဆောင်းရဲ့ရင်သွေး.. ဒီဇင်ဘာဖွားတွေ… စာလုံးအသစ်တွေ တီထွင်ဖို့တောင်းဆိုချင်တယ်..။
မြန်မာစာလုံးအသစ်ထွင်တာ.. ပရီနဲ့ပိုစ်ဝါး ကာလမှာပဲများပြီး နောက်ပိုင်း တော်တော်နည်းနေတာ သတိထားမိလို့ပါ..။
ဆိုတော့..
နှင်း…
snow ကို.. နှင်းလို့လည်းမခေါ်…နှင်းခဲလို့လဲ မခေါ်ပဲ.. ပိုလှပြီး အနုပညာဆန်တဲ့.. မြန်မာစာလုံးအသစ်လေး ထွင်ရေးပေးကြပါလား…။
တတ်နိုင်ရင် ..တလုံးထဲနဲ့ သိသာစေတာ ဖြစ်စေချင်ပါတယ်..။
မြန်မာစကား..” နှင်းတွေကျနေတယ်”ဆိုတာ.. မြူနှင်းတွေကျနေတာဖြစ်ပြီး.. နယူးယောက်ကလိုSnow တွေ ဘုတ်ဘုတ်နဲ့..ကျနေတာကို ခေါ်တာမဟုတ်တာတော့ သိကြမှာပါနော..။
မြန်မာပြည်က..(မြောက်စွန်းဖျားကလွဲလို့)Snowမကျတော့.. အဲဒီစကားလုံး မတီထွင်တာထင်တယ်..။
တကယ်တော့… ရေခဲခြစ်..ရေခဲသုတ်ထဲက.. ရေခဲတုံးကို.. ခြစ်လိုက်ရင်.. ထွက်လာတဲ့ရေခဲခြစ်မှုန်ဟာ..Snow နဲ့တော်တော်တူပါတယ်..။
အောက်မှာ.. အင်္ဂလိပ်လို.. စာလုံးတွေရေးပေးထားတယ်..။
တလက်စထဲ..ဘာသာပြန်ပြီး မြန်မာစာလုံးလှလှလေး(တိုတိုလေး)တွေ..ထွင် ရေးကြည့်ပါလား…။
ကိုပေါက်လို.. သီချင်းစာသားတွေမှတ်မိသူတွေ…. ရှေးကဗျာ အဖတ်များသူတွေ.. သက္ကဋ၊ ပါဠိ၊ ကျွမ်းသူတွေလည်း ကူပေးစေချင်ပါတယ်နော..။
မြန်မာစကားမှာ..
“တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ ”
ဆိုတာမျိုးရှိတယ်..။
“စိန္ဒိမာ = ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးကင်းမဲ့ စိမ်းလဲ့လျှံခြယ် ရောင်ခြည်ကယ်၍ ရှုဖွယ်မခန်း သော်တာစန်းသည်။” ဆိုတာမျိုးရှိတယ်..။
ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး ကို.. အကားအဆီးဖြစ်စေတဲ့..ညစ်မျိုးတွေလို့ သတ်မှတ်ပုံရပါတယ်..။
=
snow: နှင်း a precipitation in the form of ice crystals, mainly of intricately branched, hexagonal form and often agglomerated into snowflakes, formed directly from the freezing of the water vapor in the air.
rain: မိုး water that is condensed from the aqueous vapor in the atmosphere and falls to earth in drops more than 1/50 in. (0.5 mm) in diameter.
fog: မြူ a cloud-like mass or layer of minute water droplets or ice crystals near the surface of the earth, appreciably reducing visibility.
mist: မြူတိမ်? a cloud-like aggregation of minute globules of water suspended in the atmosphere at or near the earth’s surface, reducing visibility to a lesser degree than fog.
smog: မြူခိုး? smoke or other atmospheric pollutants combined with fog in an unhealthy or irritating mixture.
hail: မိုးသီး showery precipitation in the form of irregular pellets or balls of ice more than 1/5 in. (5 mm) in diameter, falling from a cumulonimbus cloud.
sleet: နှင်းခါးမိုး? precipitation in the form of ice pellets created by the freezing of rain as it falls.
Source(s):
dictionary.com
Drizzle (also called mizzle) မိုးငွေ့ : is light precipitation consisting of liquid water drops smaller than those of rain, and generally smaller than 0.5 mm (0.02 in.) in diameter. Drizzle is normally produced by low stratiform clouds and stratocumulus clouds. Precipitation rates due to drizzle are on the order of a millimeter per day or less at the ground. Owing to the small size of drizzle drops, under many circumstances drizzle largely evaporates before reaching the surface, and so may be undetected by observers on the ground. The METAR code for drizzle is DZ.

သူကြီးရဲ့ ကွန်းမန့်ကြောင့် ကိုပေါက်ကလည်း ပို့စ်တစ်ခုတင်ဖြစ်သွားပါတယ်ဗျာ။

Etone ရဲ့ တိုက်ပြန်ပြီ သေပြန်ပြီ ဆိုတာလေးကတော့ ကားတိုက်မှု သတင်းလေးတစ်ခုပါဗျာ။ သတင်းထဲမှာ စာရေးသူ ရဲ့ ကရုဏာဒေါသော တောင်းဆိုတာလေးကို ရေးပြပါရစေဗျာ။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး အနေနဲ့လည်း စည်းကမ်းမဲ့ မောင်းနှင် ၊ ဖြတ်ကူး သူတွေကို တွေ့တဲ့ အခါ တိတိကျကျ အပြစ်ပေး ၊ ပညာပေးတွေ လုပ်သင့်ပါတယ် ။ ဒါမှလည်း မော်တော်ယဉ် မတော်တဆ ထိခိုက်မှုနှုန်းကျဆင်းပြီး အလဟသ အသက်စတေး ၊ ဒုက္ခိတဖြစ်ခံရတဲ့ အဖြစ်ပျက်တွေ လျော့နည်းသွားမှာပါ ။ မောင်းချင်သလို မောင်းနေတဲ့ လိုင်းကားတွေပေါ်က ပစ်ချပေးတဲ့ အကြွေလိုက်ကောက်နေတာမြင်မိတဲ့အခါမျိုးမှာ ….. စိတ်မကောင်းတောင်ဖြစ်မိပါသေးတယ် … ။ ဒီလိုပုံနဲ့ နောင်ဘယ်နှစ်နှစ် ၊ …. ဘယ်တော့များမှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းတွေ လိုက်နာ တိုးတက်တဲ့ နိုင်ငံဖြစ်လာမှာလဲ … ။
ကဲ ကိုယ့်ဆရာတို့ကလည်း ယူတာလည်းယူပေါ့၊ လိုင်းကားတွေပေါ်က ပစ်ချပေးတဲ့ အကြွေတွေကို လိုက်ကောက်တာမျိုးတော့ လုပ်ကြနဲ့ ပေါ့ဗျာ။
စာရေးသူက ထပ် တောင်းဆိုပြန်ပါတယ်ခင်ဗျာ။

ယဉ်စည်းကမ်းထိန်းသိမ်းရေး ဆရာတို့ရေ … ကိုယ်ချင်းစာစိတ်လေးနဲ့ … တင်းတင်းကြပ်ကြပ်စီစစ် ဆောင်ရွက်သင့်ပါပြီ … ။ တကယ်စိတ်ရင်းမှန်နဲ့ တောင်းဆိုပါတယ် … ကိုယ်တိုင် အရပ်ဝတ်နဲ့ ရှောင်တခင်လိုင်းကားတိုးစီးကြည့်ကြပါဦး ၊ လမ်းမထွက် လမ်းလျှောက်ကြည့်ကြပါဦးလို့ ….. ။ သေသေချာချာ စည်းမျဉ်းတွေထုတ်ပြီး ရမ်းကားစွာ မောင်းနှင်သူတွေကို အရေးယူသင့်ပါပြီ …. ဒါမှလည်း အလကားသက်သက် လမ်းမပေါ်မှာ အသက်ထွက်ရတဲ့ ကိစ္စတွေ လျှော့နည်းသွားမှာပါ ။
ဟုတ်ပါတယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုကိစ္စမျိုးတွေကို မီးမောင်းထိုးပြရမယ့် အချိန်မျိုးပါ။ လမ်းပေါ်က မတော်တဆ မှုတွေအတွက် ၀ိုင်းအော်ကြရမယ့် အချိန်မျိုးပါ။ ဖတ်ကြည့်ကြပါဗျာ။

နေ၀န်းနီရဲ့ တံခါးခေါက်သံဆိုတဲ့ ကဗျာလေးနဲ့ ကဗျာများနဲ့ စကားစမြီ ဆိုတဲ့ကဗျာလေးတွေကိုတော့ ကိုယ်တိုင်ဖတ်ကြည့်ကြပြီး ကိုယ်တိုင်ခံစားကြပါလို့ ကဗျာချစ်သူများကို လက်တို့ပါရစေခင်ဗျာ။ စိတ်ကူးယဉ်မနေနဲ့ နွေရာသီကိုရောက်တော့မယ် ဆိုတဲ့ကဗျာလေးကလည်း ဖတ်လို့အဆင်ပြေမယ့် ကဗျာလေးဖြစ်တဲ့အကြောင်း လက်တို့လိုက် ပါရစေဗျာ။

ကိုရင်စည်သူ ရဲ့ မျောက်နှင့်တူသော သူငယ်ချင်း (ဇာတ်သိမ်း) ဆိုသည့် ပို့စ်လေးကတော့ အဘမင်းသိင်္ခ၏ စာမူတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာကြီး၏ ဒသန အတွေးအရေးကို ကြိုက်နှစ်သက်ကြသူများ အလွမ်းပြေဖတ်ကြရမှာပါ။ ဆရာကြီးစာတွေ အပင်ပန်းခံ တင်ပေးနေသော ကိုရင်စည်သူကို ကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျာ။

Aye.kk ရဲ့ လိုအပ်သည် ဆိုတာကတော့ လူငယ်လူရွယ်တွေကို ဆုံးမထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ကဗျာကြိုက်သူများ ဖတ်ကြဘို့ပါခင်ဗျာ။

ကျွန်တော်တို့ သူကြီး kai က သူ့စည်းကိုယ့်စည်း – ခင်မမမျိုး ဆိုတဲ့ ပို့စ်လေး တင်ပေးထားပါတယ်ခင်ဗျာ။ အခုအချိန်မှာ campaign တစ်ခု အသွင်နဲ့ကို ဆင်နွှဲသင့်နေတဲ့ ယဉ်တိုက်မှုလျော့ကျရေး အပေါ် ခင်မမမျိုးက သူ့အမြင်လေးကို ရေးထားတာ တော်တော် လေး ကောင်းပါတယ်ဗျာ။
မြန်မာနိုင်ငံမှာနေတုန်းက နယ်မြို့လေးမှာ နေခဲ့တဲ့ စာရေးသူဟာ ကားမောင်းကြမ်းခဲ့ပါတယ်တဲ့။

တခုခုဖြစ်ရင်လဲ မေမေ့မိတ်ဆွေ ဆရာဝန်တွေဆီ အလွယ်တကူ ခေါ်သွားလို့ ရတာက တကြောင်း၊ ကားဝပ်ရှော့တွေဆီ အချိန်မရွေး ကားသွားထိုးလိုက်လို့ ရတာက တကြောင်း၊ ပြန်ပြင်လိုက်တို့လိုက် လုပ်ပြီးရင် အမြန်ရောင်းထွက်အောင် လုပ်ပေးနိုင်မယ့် ကားပွဲစားတွေကလဲ များတာကတကြောင်း၊ ဖွားဖွားနဲ့ မေမေတို့က နာရီမဆိုင်းပဲ အလျော်အစား လိုက်လုပ်ပေးတာက တကြောင်းကြောင့် ကျွန်မမှာလဲ လူငယ်စိတ်နဲ့ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မှ လှည့်မကြည့်ပဲ ရမ်းနေတော့တာပါပဲ။

နိုင်ငံခြားရောက်တော့ အဘွားလုပ်တဲ့လူက ကတိတောင်းတဲ့အတွက် ကားလုံးဝမမောင်းဖြစ်တော့ပါဘူးတဲ့။ (နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ပါဘူး ဆိုတဲ့ ကတိကိုတော့ ထည့်ရေးတော့ဘူး သူကြီးရေ)
ဒါပေမယ့် မိတ်ဆွေတွေနဲ့ ခရီးရှည်ကြီးတွေ ထွက်ခဲ့ဘူးပါတယ်တဲ့။ အဲဒီမှာ ကြုံရတာလေးက ဒီလိုပါတဲ့။

တခုသတိထားမိသွားတာက မော်တော်ဝေး (Motorway) ပေါ်မှာ ကားတွေဟာ အမြန်နှုန်းနဲ့ မောင်းတဲ့ကားတွေကလဲ သူ့လမ်းနဲ့သူ၊ သာမန်နှုန်းနဲ့ မောင်းတဲ့ကားတွေကလဲ သူ့လမ်းနဲ့သူ၊ အမြန်နှုန်းကနေ သာမန်နှုန်းပေါ် ပြောင်းတဲ့ ကားတွေကလဲ သူ့စည်းကမ်းနဲ့သူ၊ သာမန်နှုန်းကနေ အမြန်နှုန်းကို ပြောင်းတဲ့ကားတွေကလဲ သူ့စည်းနဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ။ အရှိန်မြန်ချင်တဲ့ကားက အရှိန်နှေးတဲ့ကားကို နှေးရပါမလားလို့ ဟွန်းတီးပြီး အတင်းကျော်တက်နေစရာလဲမလို၊ အရှိန်နှေးတဲ့ ကားကလဲ နောက်ကနေ ဟွန်းတီးနေလိုက်ကြတာ၊ ဘာလို့များ ဒီလောက်မြန်ချင် နေကြပါလိမ့်လို့ စိတ်အနှောင့်အယှက်ဖြစ်စရာလဲ မလိုပဲ သူ့စည်းကမ်းနဲ့သူ လမ်းအပြောင်းအရွှေ့လေးတွေ လုပ်သွားကြရုံပါပဲ။

မြို့တွင်းမှာလည်း ကားပေါ်ကလူတွေနဲ့ လမ်းလျှောက်ကြတဲ့လူတွေဟာ အပြန်အလှန်လေးစားမှု ရှိကြတာကို တွေ့ရပါတယ်တဲ့။ ယဉ်တိုက်မှုဖြစ်တဲ့အခါ လျော်ကြေးကိစ္စ ညှိကြတာလေးကိုလည်း ထည့်ရေးထားပါသေးတယ်ဗျာ။

နောက်တခုက လျော်ကြေးကိစ္စတွေ၊ ညှိယူတာတွေကလဲ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။ ဥပဒေနဲ့အညီ ညှိနှိုင်းတာတွေကိုပဲ လုပ်လို့ရတာကြောင့် လျော်ကြေးလိုချင်လို့ ကားတိုက်ခံ ဂွင်ရိုက်တယ်ဆိုတာတွေ၊ ကားတိုက်ပြီးရင်လဲ လျော်ကြေးပေးလိုက်လို့ ရတာပဲ ဆိုတာတွေ မရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးမှုရဲ့ အောက်မှာ အတွေးအခေါ်ဆိုးတွေ၊ စိတ်ရိုင်းတွေ ပျောက်ကွယ်သွားပါတယ်။

တရားဥပဒေစိုးမိုးမှု ရဲ့ အောက်မှာ အတွေးအခေါ်ဆိုးတွေ၊ စိတ်ရိုင်းတွေ ပျောက်ကွယ်သွားပါတယ်တဲ့။ ကောင်းလိုက်တာဗျာ။ ကျွန်တော်တို့ နိုင်ငံမှာကော တရားဥပဒေစိုးမိုးမှု ရှိပါရဲ့လား။ သေချာ ပြန်သုံးသပ်သင့် ပါတယ်။ ယဉ်တိုက်မှု တစ်ခုဖြစ်ပြီဆိုတာနဲ့ ပိုင်ရာဆိုင်ရာ ရှိတယ် မရှိဘူးဆိုတာတွေက စကားပြောတော့တာပါပဲ။ မှတ်ချက်ပေးရရင် တော့ ဥပဒေ ရှိပါတယ်။ စိုးမိုးတန်သလောက် မစိုးမိုးပါဘူး။ ပိုက်ဆံက စကားတော်တော်ပြောနေသေးတဲ့ အနေအထားမျိုး လို့ပဲ ဆိုချင်ပါတယ်။
စာရေးသူရဲ့ နောက်ဆုံးပိတ် အမြင်လေးကလည်း တန်ဘိုးရှိတာကြောင့် တစ်ခါတည်းထည့်ပေးလိုက်ချင်ပါတယ်ဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် မီးပွိုင့်မှာမီးနီတဲ့အခါ ယာဉ်ရပ်နားရမယ်ဆိုတဲ့အသိ၊ လမ်းဖြတ်ကူးတဲ့အခါ ဘယ်ညာကြည့်ရမယ်ဆိုတဲ့အသိ၊ အမြန်နှုန်းနဲ့ ကိုယ်က မောင်းချင်ရင် အမြန်လမ်းကြောင်းပေါ်ကို ရှေ့က အနှေးနှုန်းတဲ့ မောင်းနေတဲ့ကားကို အနှောင့်အယှက်မဖြစ်စေပဲ အသာတကြည် ကူးပြောင်းသွားရမယ်ဆိုတဲ့အသိ၊ အနှေးနှုန်းနဲ့ မောင်းနေတဲ့ကားကလဲ အမြန်နှုန်းနဲ့လမ်းပေါ်က ပိတ်ပြီး မမောင်းရဘူးဆိုတဲ့အသိ၊ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရပဲ ဥပဒေကို လိုက်နာရမယ် ဆိုတဲ့အသိ၊ ကားမောင်းသူတွေ၊ အနှေးယာဉ်မောင်းသူတွေ၊ လမ်းလျှောက်သူတွေကလဲ သူ့စည်းကိုယ့်စည်းထားပြီး အပြန်အလှန်လေးစားရမယ် ဆိုတဲ့ အသိတွေ ကျယ်ပြန့်လာဖို့ လိုအပ်တယ်လို့တော့ ယူဆမိပါတယ်။ သူ့စည်း၊ ကိုယ့်စည်းရှိပြီး၊ သူ့တာကိုယ်တာ လုံကြတဲ့အခါ မဖြစ်သင့်ပဲဖြစ်ရတဲ့ အသက်ဆုံးရှုံးမှုတွေ၊ ဘ၀ဆုံးရှုံးမှုတွေတော့ လျော့နည်းလာတန်ကောင်းပါရဲ့။

အခုအချိန်မှာ တကယ်လိုအပ်နေသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းရေးသားပေးပါသော ဆရာမ ခင်မမမျိုး ကို ရော ပို့စ်တင်ပေးသူ ကျွန်တော်တို့ သူကြီး kai ကိုပါ ကျေးဇူးတင်ပါတယ်ဗျာ။ ကွန်းမန့် က ၁၁ ခုထဲပါ။ ဒါပေမယ့် ဖတ်ကြည့်ကြ ဘို့ အထူးတိုက်တွန်းလိုပါတယ်။ ဒီလို ဆောင်းပါးမျိုးတွေကို ဒီက သတင်းစာတွေမှာလည်း ထည့်ပြီး ပြည်သူလူထုကို လက်တွဲ ခေါ်ယူ သင်ကြားပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။ Gipsy ရဲ့ ညည်းချင်း အဲလေ ကွန်းမန့်လေးနဲ့ အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။

Gipsy says:
တရားဥပဒေရဲ့စိုးမိုးမှုအောက်မှာ ဆိုတဲ့ စကားလေးက အရမ်းအားမာန်ပါ လိုက်တာ…၊
လက်ရှိ ကျွန်တော်တို့ ကြုံတွေ့ရင်ဆိုင်နေရတာကတော့ တခြားစီ…၊
ငွေများတရားနိုင်ခေတ်က ရှိမြဲရှိနေဆဲ၊ ဘယ်တော့များမှ တရားဥပဒေရဲ့စိုးမိုးမှုအောက်
ဆိုတာကြီး မြင်တွေ့ရပါမလဲ နော်….။

Whowho ရဲ့ ကြာပန်းလေးများခေါ်ရာနောက်သို့ ကတော့ ကြာပန်းလေးတွေကို ဥပမာပေးပြီး ရေးထားတဲ့ တရားဆောင်းပါးလေးတစ်ပုဒ်ပါဗျာ။ ပို့စ်ထဲမှာ ပါတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ ကဗျာလေးကို ဖေါ်ပြပေး ချင်ပါတယ်။
အထွတ်အမြတ်ကြာ
“ ရွှံ့မှာပေါက်ဖွား
ရွှံ့၌ထားလည်း
ရွှံ့အားမခင်
ရွှံ့သန့်စင်သည်
ကြာလျှင်မြတ်လှ ပန်းစံပြ။
ကာမဂုဏ်ကြား
ကိလေကြား၌
ပေါက်ဖွားပါလျက်
မငြိယှက်ဘဲ
လွတ်ထွက်သန့်စင်
အေးကြည်လင်သည်
လန်းရွှင်မြတ်လှ လူ့စံပြ။”
ကျွန်တော်တို့ ရွာသူားတွေကို တရားလမ်းပြလက်တွဲခေါ်ယူ ပေးနေပါသော whowho ကို ကျေးဇူးတင်ကြောင်းပြောချင်ပါ တယ်ဗျာ။ ရွာသူားတွေ ကလည်း ဖတ်ပြီး ကွန်းမန့်လေးများ ချီးမြှုင့်ပေးကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

အင်ဇာဂီ ရဲ့ ကျမဘ၀ ကျမဇာတ်ကြောင်း ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ဗျာ။ ဘာသာပြန် ပို့စ်လေးတစ်ခုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အကြောင်းရေးထားတာပါ။ အင်ဇာဂီ အဆိုအရ နောက်ပိုင်း နည်းပညာ ဘက်ကို ရောက်လာမယ့် ပို့စ်လို့ ဆိုပါတယ်။ ပို့စ် ကတော့ အင်ဇာဂီ ပရိသတ်များ ကိုယ်တိုင် ဖတ်ကြည့်ကြမှာ သေချာတဲ့အတွက်ရယ် အခန်းဆက်လည်းဖြစ်တာကြောင့် အသေးမစိတ်တော့ပါ။ ကွန်းမန့်များအကြောင်း နည်းနည်းပြောချင်ပါတယ်ဗျာ။ ခွင့်လွှတ်ကြပါဗျာ။ ကွန်းမန့် ၃ ခုကို ဖေါ်ပြခွင့်ပြုပါ။

inz@ghi says:
အမျိုးသမီးတယောက်ရဲ့ ဘ၀ဇာတ်ကြောင်း ကို ရေးမှာဖြစ်လို့
အမျိုးသမီးတယောက် ရဲ့ စကားပြေ အနေနဲ့ ရေးထားတယ်ဗျို့
ကအင်ဂျီးတယောက် မစွံတာနဲ့ ပဲ ခြောက်သွားပြီလား လို့ ထင်တော်
မမူလိုက် ကြပါနှင့် …..
နာမည်နှင့် အဗေတာ မ change ရလို့ ခုနောက်ပိုင်း စာရေးဟန်တွေ ပဲ
Change ပီးရေးနေသလား လို့လည်း အပြစ်မတင်ကြပါနှင့်ဦး ….
အဆိုတော်ဖြစ်ဖို့ အသံစစ်နေတဲ့ချာတိတ်တယောက်
ကိုလေး သီချင်းဆိုကြည့် ကိုငှက်သီချင်းဆိုကြည့် ကိုညီထွဋ်သီချင်းဆိုကြည့်
ဆိုသလိုမျိုး ကိုယ်နဲ့ အကိုက်ဆုံး စာရေးဟန်ကို ရေးရင်း စမ်းရင်း ဖန်တီးကြည့်
နေတယ်လို့ပဲ ခံစားပေးကြဖို့ ပန်ကြားလိုက်ရပါတယ်ခင်ဗျား ..

အင်ဇာဂီက ရေးဟန်တစ်ခုကို နာမည်တစ်မျိုးနဲ့ မရေးလို့ အပြစ်မတင်ကြပါနဲ့ လို့ ပြောထားတာပါ။ ကျွန်တော့် ရဲ့ ကွန်းမန့်လေးကိုလည်း ဖေါ်ပြချင်ပါတယ်။ သည်းခံဖတ်ပေးကြပါဗျာ။

blackchaw says:
ဆေးစက်ကျရာ အရုပ်ထင်နေပါသော ကိုအင်ဇာဂီ လေးပါခင်ဗျာ။
ဘယ်အသံနဲ့ ဆိုဆို ချိုနေသော အသံပိုင်ရှင်လေးပါ။
စိတ်ထဲမှာ ဖီးလ် လာသလိုရေးဗျာ။
ကျုပ်တို့ ရွာသူားတွေအားလုံးနီးပါးက ခင်ဗျားလေ ခင်ဗျားဟန်နဲ့ အသားကျနေပါပြီ။
ကိုညီထွဋ် ပြောသလိုပေါ့ဗျာ။
တိုက်ပုံ ၀တ်မှ မျိုးချစ်စိတ်ရှိတာမဟုတ်ပါဘူး။
တီရှပ်နဲ့ ဘီလူးဂျင်း ၀တ်ထားသူမှာလည်း မျိုးချစ်စိတ်ရှိတာပါပဲ။
(သတ်ပုံကိစ္စကို ပြောချင်တာပါ
ဆိုင်လား မဆိုင်လား မသိပေမယ့် သူကြီးလိုပဲ စကားအတင်းစပ်)
အခန်းဆက်လာမယ့် ပို့စ်လို့ ထင်ပါတယ်။
အေးအေးဆေးဆေး သာရေးပါ။ စောင့်ဖတ်ပါမယ်နော။

ကျွန်တော်တို့ ရွာသူရွာသားတွေအနေနဲ့ သူ့ရေးဟန်တွေနဲ့ အသားကျနေပြီ ဖြစ်ကြောင်း အားပေးထားတာပါ။ ကိုလင်းဝေ ရဲ့ ကွန်းမန့်လေးကလည်း ကျွန်တော့် ကွန်းမန့်ကို ထောက်ခံပြောဆိုထားတယ် ထင်တဲ့အတွက် ဖေါ်ပြခွင့်ပြုပါဗျာ။

လင်းဝေ says:
ကျနော်က အမှန်အတိုင်းဆိုရင် အလုပ်ကိစ္စနဲ့ ပတ်သက်လို့ စာလုံးပေါင်းသတ်ပုံကိစ္စမှာ ကွန်ဆာဗေးတစ်နည်းနည်းဆန်တယ်။
ဒါပေမယ့် ဒီမှာ ကိုအင်ဇာဂီ ရေးတာကိုတော့ ခိုက်တယ်ဗျာ။ သူ့ရေးဟန်နဲ့စာလုံးပေါင်းလေးတွေ က သူ့ပုံစံနဲ့သူပါပဲ။ သူ့နေရာနဲ့သူ မိုက်နေတာပဲလေ။ ဒါထက် ၉လောက်ရှိတယ် ဆိုတာကို နားလည်သလိုလို နားမလည်သလိုလို မို့ နည်းနည်း ရှင်းပြပါလား ကိုအင်ဇာဂီရေ။

ကဲ နာမည် နဲ့ အဗေတာ ကိစ္စ၊ သတ်ပုံကိစ္စ တွေနဲ့ ပတ်သက်ပြီး မခံစားဘို့ အကြောင်း ကျွန်တော်တို့က ပြောလိုပါ တယ်ဗျာ။ လွတ်လွတ်လပ်လပ်ရေးနိုင်ပါကြောင်း။ အင်ဇာဂီ ပရိသတ်တွေ ဖတ်ကြဘို့ ပါ ခင်ဗျာ။ စကားမစပ် ထပ်ခွင့်လွှတ်ကြပါဦးခင်ဗျာ။ ကိုပေါက်ရဲ့ ကဗျာကွန်းမန့်လေးကိုလည်း ဖေါ်ပြခွင့်ပြုကြပါလို့ တောင်းပန်ပါတယ်။

ကိုပေါက်(မန္တလေး) says:
ကိုအင်
အပိုတွေမထွင်စမ်းပါနဲ့။
ရွာထဲမှာ
နာမယ်မွှေးပါတဲ့ ကိုဘယ်ကျော်။
ညာလက်ရုံး ဘုန်းကြောင့်အုံးဘို့မလွယ်။
ဘယ်လက်ရုံးခေါင်းအုံးလို့အိပ်ချင်ရှာသတဲ့။
ပူဆာသူ သခင်မကို
ကိုအင်ရေ မင်းပြေးတွေ့အုံး။

ဘီလူးကြီး ရဲ့ အမဲတွေ့တုန်း ဓါးမတုန်းစေနဲ့ ဆိုတဲ့ ပို့စ်လေးကို ဆက်ရအောင်ဗျာ။ မြန်မာပြည်သူတွေ စည်းနဲ့ ကမ်းနဲ့ ဖြစ်လာဘို့ သူများကိုလက်ညှိုးထိုးနေကြမယ့် အစား ကိုယ်ကိုယ်တိုင်က ရှေ့ကလုပ်ပြသင့်ပြီဆိုတာလေး ကို ပြောချင်တဲ့ စေတနာပို့စ်လေးတစ်ခုပါ။
ဘီလူးကြီးက မြန်မာလူမျိုးတွေရဲ့ အကျင့်ဆိုးတစ်ချို့ကိုလည်း ရေးပြန်ပါတယ်ခင်ဗျာ။

အကျင့်တန်တဲ့ စိတ်ဓါတ်အချို့ကိုပြောချင်သေးတယ် အလှူကြီးအတန်းကြီးပေးတဲ့ သဒ္ဒါတရားရှိကြသူတွေရှိသလို
အဲဒီသဒ္ဒါကို ပျက်အောင်ဖျက်ကြတဲ့လူတွေလဲရှိပြန်တာပဲ ရပ်ကွက်ထဲကြည့်မိရင်ပဲသိသာလှတယ်ပါတယ်
အလှူအိမ်သွားလို့ ဖိနပ်အသစ်ထုတ်မစီးရဲတဲ့ အဖြစ် စီးသွားမိရင်တောင် ဟိုနေရာတစ်ဖက်ဒီနေရာတစ်ဖက်
ချွတ်ထားလိုချွတ်ထားရ အဲလိုချွတ်ထားတာတောင် စိတ်မချနိုင်ဘူးလေ ဒီကြားထဲ အလှူအိမ်ကကြွေးတဲ့ ၀က်သားကိုစားပွဲအောက်မှာ လူမသိအောင် ကျွတ်ကျွတ်အိပ်နဲ့ထည့်သွားတဲ့လူက ရှိသေး အလှူအိမ်မှာလဲ ထမင်းနည်းနည်းကိုဟင်းများများထည့်ပြီးအ၀လဲ ကြိတ်သွားသေးတယ် ခါးပုံစထဲမှာလဲ အလှူဟင်းကိုခိုးထည့်သွားသေးတယ်။

အလှူမှာ ဖိနပ်ခိုးတဲ့လူတဲ့။ အလှူကကျွေးတဲ့ ၀က်သားကို ကျွတ်ကျွတ်အိတ်နဲ့ သယ်တဲ့လူတဲ့။ ဟေးဟေး။ မြန်မာ တွေ စီးပွားရေးအမြင်ရှိပုံလေးတွေ။ အလှူမှာ တိုက်ပုံအင်္ကျီ ၀တ်ထားတဲ့လူက ၀က်သားတစ်ပန်းကန်လုံး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ယူသွားတာလည်းပါသေးတယ်ဗျာ။ စိတ်ညစ်စရာကြီး ဘီလူးကြီးရေ။ ဟဲဟဲ ဘာတဲ့။ ““ခဏလေးပါဗျာ ..ထပ်မှာပေးပါ့မယ်..ဟဲဟဲ””
လုပ်ကွက်လေးတွေက မိုက်တယ်ဗျာ။ ဒါနဲ့ အဲဒီလူက မြန်မာလူမျိုးရော စစ်ပုံရရဲ့လား ဘီလူးကြီးရ။
ကျန်သေးတယ်ဗျာ။ ထမင်းဆိုင်မှာ အလကားလိုက်ကျွေးတဲ့ လူကို အားမနာပဲ လူနှစ်ယောက်စားဘို့ ပုဇွန်ထုတ်၊ အမဲနှပ်၊ ငါးရဲ့အူ နဲ့ ကြက်ဘူးသီး ဟင်းလေးပွဲ မှာစားတဲ့ အစိုးရရုံးက အရာရှိပေါက်စတွေ အကြောင်းလည်း ပါသေးတယ်ဗျာ။ အပြန်မှာ စီးကရက်တစ်ဗူးကိုပါ အိတ်ထဲ ကောက်ထည့်သွားသေးသတဲ့ဗျာ။အဲဒီလူတွေကရော မြန်မာလူမျိုး စစ်ပုံရရဲ့လားဗျာ။
နောက်ဆုံးတော့ ကြိတ်မနိုင်ခဲမရနဲ့ ဘီလူးကြီးရဲ့ ကရုဏာဒေါသောကြုံးဝါးသံကြီးနဲ့ ပို့စ် ကို အဆုံးသတ်ထားပါတယ်ဗျာ။
အင်း……ဒီလောက်မြောင်းထဲက မတက်တဲ့စိတ်ဓါတ် နဲ့ အောက်တန်းကျနေခဲ့ကြ မယ်ဆိုရင်ဖြင့် …။။။
ဟိုးကျုပ်တို့နိုင်ငံနဲ့အဝေးကြီးက မြန်မာတွေပြောပြောနေတဲ့ မိစ္တာ ဒိဌိ အယူဝါဒတွေကိုးကွယ်ကြတဲ့ အနောက်နိုင်ငံများက
ဘာသာရေးလူမိုက်များ၏ စိတ်ဓါတ်ကို ကျုပ်တို့တစ်တွေ အဲဒိဌိတွေတီထွင်ထားတဲ့ အသံထက်မြန်တဲ့လေယာဉ်ပျံများစီးကာ လိုက်မယ်ဆိုရင်တောင်
မှီနိုင်မယ် မထင်တော့ပါကြောင်း..။။။
မိုက်တယ်ဗျာ။ ဘီလူးကြီးကတော့ ဒဲ့ပဲ။
သူကြီး၊ အင်ဇာဂီ၊ ကိုလင်းဝေ၊ MaMa ၊ ကြောင်ကြီးတို့ ရဲ့ ကွန်းမန့်လေးတွေက အကျိုးပြုပို့စ်တစ်ခု ဖြစ်စေခဲ့တယ်လို့ ထင်မိကြောင်းပါခင်ဗျာ။
ကဲ ဘီလူးကြီးရဲ့ ပြုပြင်စေချင်တဲ့ စေတနာလေးနဲ့ ရေးထားတဲ့ ပို့စ်လေးကို ဖတ်ထားကြဘို့ ပါခင်ဗျာ။

ကိုပေါက် (မန္တလေး) ရဲ့ စာပေလက်ရာကောင်းလေးတစ်ခုဖြစ်တဲ့ မျှော်လင့်ထား၏ မထား၏၊ အသင့်ဖြစ်၏ မဖြစ်၏ ဆိုတဲ့ ပို့စ်လေးအကြောင်း ဆက်ကြမယ်ဗျာ။
ကိုပေါက်က သူ့ ပတ်ဝန်းကျင် က ဆုံးသွားတဲ့ လူတွေရဲ့ သေခြင်းတရား အကြောင်း အရင်ရှင်းပြပါတယ်။ ပြီးတော့ သူကိုယ်တိုင် သေမင်းရဲ့ အချက်ပေးသံကို လေးကြိမ်တိတိ ခံခဲ့ရဘူးပါတယ်တဲ့။
အဲဒီအခါ တွေးမိတာက သေဘို့ အသင့် ဖြစ်ပြီလား ဆိုတဲ့ မေးခွန်းလေးပါတဲ့။ ကိုပေါက်က သူ့ကိုယ်သူ ပြန်သုံးသပ်ပြပါ တယ်ဗျာ။
(1)နေ့စဉ် မနက်ည ဘုရား မရှစ်ခိုးသော (2) ဂုဏ်တော်များ မေတ္တာပို့များ ဂါထာများကို အာဂုံဆောင်၍ရွတ်ဖတ်ခြင်းမရှိသော၊ (3) ဘုရားကျောင်းကန်သွားသော်လည်း တစ်ခါတရံစိတ်ကူးပေါက်ချိန်မှလွဲ၍ အမြဲဦးချ ၀တ်ပြုလေ့မရှိသော၊ (4) ဥပုဒ်ဇရပ်သို့သွား၍ ဥပုဒ်သီတင်းဆောက်တည်ခြင်းမရှိသော၊ (5) အိမ်တွင်ဖြစ်စေ အခြားနေရာတွင်ဖြစ်စေ ဆွမ်းကျွေးခြင်းအမူ့ကိုမပြုဘူးသော၊ မိတ်ဆွေအပေါင်းအသင်းများကိုလဲ အိမ်တွင်သီးသန့်ဖိတ်ကြား၍ကြွေးမွေးခြင်းကို မပြုဘူးသော၊ လာရောက်တောင်းရမ်းသော သူများကို မည့်သည်အခါမှ အလှူငွေထည့်လေ့မရှိသော၊ (6) အများသူငါကဲ့သို့ ဒုလ္လဘရဟန်းခံခြင်း၊တရားစခန်းသို့ဝင်ရောက်၍တရားထိုင်ခြင်းမပြုဘူးသော (7) အများနှင့်ရောနှောလှူဒါန်းဘူးသည်မှအပ ဘုရားတည်ကျောင်းဆောက် သည်ကိစ္စများကို မလုပ်ဘူးသော (8) သတ်သတ်လွတ်စားရန် ကြိုးပမ်းမကြည့်ဘူးသော စတဲ့ ဂုဏ်ပုဒ်များနဲ့ပြည့်စုံနေတဲ့ ကျနော်ဖြစ်နေတယ်ဆိုတာသိရပါတယ်။ ကျနော့်လိုလူမျိုးကိုအများသတ်မှတ်ချက်စံနှုန်းများနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့သေဘို့အဆင်သင့်မဖြစ်သေးသူလို့ဆိုနိုင်မယ်ထင်ပါတယ်။

ကိုပေါက် က သူ့ကိုယ်သူတော့ သေဘို့ အဆင်သင့် မဖြစ်သေးသူ လို့ သတ်မှတ် ပါတယ်တဲ့။ ပတ်ဝန်းကျင်က အမြီးအမောက်မတည့်တဲ့ လူတွေအကြောင်းကိုလည်း ရေးပြထားပါသေးတယ်ဗျာ။

အများအမြင်မှာ တရားရှင်လိုနေပေမယ့် သူအိမ်မှာလာရောက်အလုပ်လုပ်နေတဲ့ ကလေးမလေးများကို မီးဖွားစရိတ်ပေးပြီ မကြာခဏပြန်လွှတ်နေရသူ၊အလှူရေစက်လက်နဲ့မကွာ အိမ်နံရံအပြည့် လက်မှတ်တွေချိတ်ဆွဲထား ပေမယ့်ကိုယ့်ဝန်ထမ်းကိုတော့ ပေးသင့်သောအခကြေးငွေကို မပေးချင်သူ။ မနက်မိုးလင်း တာနဲ့ဘုရားရှိခိုးသံကြေးစည်သံဝေစည်နေပေမယ့် ကိုယ့်အိမ်နီးနားခြင်းများအပေါ်မှာ စိတ်ကောင်းမထားနိုင်သူလူစည်စည်တရားစကားပြောပေမယ့် တစ်နှစ်သုံး တစ်လုံးမှမလွတ်အောင်လိုက်စားသူ တွေကို နေရာအတော်များများမှာ လူပေါင်းစုံစိတ်ပေါင်းစုံ တွေ့နေရတတ်ပါတယ်။

အချိန်မရွေးရောက်လာနိုင်တဲ့ သေခြင်းတရားအတွက် ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အကြောင်းလေးကို သတိလေး ပေးသွားတဲ့ ကိုပေါက်ကို ကျေးဇူးတင်ရပါတယ်။ ကွန်းမန့်လေးတွေနဲ့ ၀ိုင်းအားဖြည့်ထားတော့ ပို့စ်က ပိုအသက်ဝင်သွား ပါတယ်ခင်ဗျာ။ ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးက စိတ်ဝင်စားစရာကောင်းလို့ ဖေါ်ပြပေးလိုက်ပါတယ်။

TTNU says:
သေမှာငါမကြောက်
နာတာရှည်မှာသာ ကြောက်
ရှင်သေမင်းရောက်လာရင်လည်း
တသွင်သွင်ငါ မငြင်းဆို။
ငါကြောက်တာ တစ်ခုတည်းကိုသာပြောတတ်
စိတ်မှာ အတောမသတ်
အိပ်ရာကျောကပ်မှိုင်နေရ
ကိုယ့်သဘောနဲ့ ကိုယ်ဘာမှ မလုပ်နှိုင်တဲ့ဘဝ။

ကိုကြောင်ကြီးရဲ့ ကြိုးစားလိုက်အုန်း နှစ်ပေါင်း?? သို့မဟုတ် ဘယ်သောအခါ ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ဗျာ။ ဆေးဝါးကဏ္ဍ နဲ့ ပတ်သက်လို့ တရုတ်ကြီးကို ဥပမာပေး ရေးထားတဲ့ ကိုကြောင်ကြီး ရဲ့ အမြင်တစ်ခုပါ။
ကိုကြောင်ကြီးက ရာဟူးက သတင်းလေးတစ်ခုကို ပြန်ရေးပြပါတယ်။ ကိုသစ်မင်းရေးတဲ့ တိုင်းပြည်တည်ဆောက်ရေး အခြေခံအချက်များ ဆောင်းပါးကြောင့် နောက်ကျပေမဲ့လည်း ဆက်စပ်နေလို့ တင်လိုက်ခြင်းဖြစ်ပါတယ် တဲ့။ သတင်းအတိုချုပ်က ဒီလိုပါ။
တရုတ်နိုင်ငံသည် Vaccine ကာကွယ်ဆေး ဈေးကွက်ကို နှစ်အနည်းငယ်အတွင်း ဝင်လာတော့မယ်။ အဲဒီအခါ ရောဂါကာကွယ်ထိုးဆေး ဈေးနှုန်းများ ကျဆင်းသွားမှာမို့ ဆင်းရဲတဲ့ ကမ္ဘာ့နိုင်ငံများအတွက် သတင်းကောင်း ဖြစ်ပါတယ်။
အဲဒီသတင်း အပေါ်မှာ ကိုကြောင်ကြီးရဲ့ အမြင်လေးတွေ ကိုရေးထားတာပါ။ ပြီးတော့ ကိုကြောင်ကြီးက မြန်မာနိုင်ငံ အတွက်လည်း ဒီလိုပူပန်ပေးပြန်ပါတယ်ဗျာ။
ပြောချင်တာ တနေ့တခြား ချမ်းသာလာနေတဲ့ တရုတ်ကြီး အမြင့်ရောက်လေ အခက်အခဲ အသစ်များနဲ့ ရင်ဆိုင်ရလေ ဆိုတာပါ။ မအောင်မြင်ခင်နဲ့ အောင်မြင်လာချိန်၊ လူတောမတိုးခင်နဲ့ လူဝင်ဆံ့ချိန် ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အတားအဆီးများ မတူပါဘူး။ ဥပမာ ပေးရရင် ဆင်းရဲချိန် ကျော်ဖြတ်ရတဲ့ လောကဓံနဲ့ ချမ်းသာချိန် ကြုံတွေ့ရတဲ့ လောကဓံ နှစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း မျက်စိနားပိတ်ထားခဲ့ပြီး ယနေ့လို အခွင့်အလမ်းများ ပြန်လည်ပွင့်လင်းလာချိန်မှာ (ထင်ရတာပဲ) သတိပြုစရာများကို အလေးပေး ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
တရုတ်ရဲ့ အစားအစာနဲ့ ဆေးဝါး လုံခြုံစိတ်ချရမှု အကြောင်းကိုလည်း ရေးပြထားပါသေးတယ်။ ကြောက်စရာကြီး ပါလား ကိုကြောင်ကြီးရေ။

တရုတ်နိုင်ငံ အစားအစာနဲ့ဆေးဝါး လုံခြုံစိတ်ချရမှု မှတ်တမ်းများကတော့ အခြေအနေ မကောင်းပါဘူး။ ၂၀၀၇ခုနှစ်မှာ တရုတ်ချောင်းဆိုးပျောက် ဆေးရည်ကြောင့် အလယ်ပိုင်းအမေရိကတိုက်မှာ လူ၉၃ရောက် အသက်ဆုံးပါးခဲ့တယ်။ နောင်တနှစ်ကြတော့ မသန့်စင်တဲ့ blood thinner ဆေးရည်များကြောင့် အမေရိကန်နိုင်ငံမှာ လူပေါင်းဒါဇင်နဲ့ချီပြီး သေဆုံးရပြီး တရုတ်နိုင်ငံကိုယ်၌ အဆိပ်သင့် နို့မှုန့်များကြောင့် ခလေးခြောက်ဦးသေဆုံးကာ သိန်းပေါင်းများစွာ နာမကျန်း ဖြစ်ခဲ့ရတယ်။ တရုတ်အစိုးရလည်း တတ်နိုင် သလောက်တော့ အရေးယူပေမဲ့ နိုင်ငံတကာအဆင့်နဲ့ညီအောင် မထိန်းချုပ်နိုင်သေးဘူး။

ကိုကြောင်ကြီးက ဒီပို့စ်မှာ သူ့ရဲ့ အဓိက ဆိုလိုရင်းကို အခုလိုပဲ ပြောပြပါတယ်ဗျာ။
ကျနော် အဓိက မီးမောင်းထိုးပြချင်တာ တိုင်းပြည်တိုးတက်ဖို့ ဘယ်အရာ အခြေခံအဆောက်အအုံက အရေးကြီးလည်းဆိုတာ တရုတ်နိုင်ငံ ဆေးဝါးကဏ္ဍ ယနေ့ကြုံတွေ့နေရတဲ့ အနေအထားကို သင်ခန်းစာယူ လေ့လာနိုင်ဖို့ပါ။ တရုတ်ဆေးဝါးကဏ္ဍလို မြန်မာနိုင်ငံ တိုးတက်ရန် လမ်းစရှိနေပြီဆိုရင် ဘယ်လို ပြင်ဆင်မလဲ၊ ဘာတွေကို သတိပြုရမှာလဲ။ အမေရိကန် နိုင်ငံခြားဆက်ဆံရေးကောင်စီမှ တရုတ်ပြည်ဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူ Yanzhong Huang အပြောကို နားထောင်ကြည့် စေလိုပါတယ်။ သူက “ အမေရိကန်နိုင်ငံမှာ အောင်မြင်ဖို့ ပင့်ထောက်ကူညီပေးတဲ့ အခြေခံအဆာက်အအုံများ – ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီ၊ သတင်း မီဒီယာ စောင့်ကြည့်မှုနဲ့ ရင့်ကျက်နေတဲ့ စီးပွားရေးကျင့်ဝတ်များ ရှိထားတယ်။ တရုတ်ပြည်မှာ ဒါတွေ အတော် လိုနေသေးတယ်။ တရုတ်ပြည်အတွက် တကယ့်စိန်ခေါ်မှုဟာ (အခွင့်အလမ်းများ ရှိမရှိဆိုခြင်းထက် သူတို့အား ဖမ်းဆုပ်နိုင်ဖို့ လိုအပ်တဲ့) ကျန်းမာသန်စွမ်းသော တရားဥပဒေစိုးမိုးရေး စွမ်းပကား ဖြစ်ပါတယ်။”

ကိုကြောင်ကြီးပြောချင်တာ လေးကို ရွာသူားတွေ ကိုယ်တိုင် ဖတ်ကြည့်သင့်ပါကြောင်း တိုက်တွန်းချင်ပါတယ်ဗျာ။ ထုံးစံအတိုင်း ကိုကြောင်ကြီးရဲ့ သူ့ ပို့စ်ကို ဖတ်သူများ အပျင်းပြေအောင် ပုံလေးတစ်ပုံ လည်းထည့်ပေးထားတာလေး သတင်းပေးချင်ပါတယ်။ မန်းဂဇက် မှာ ဒီလိုအရာတွေ သင်ယူလို့ ရတယ် လို့ ဆိုရလောက်တဲ့ သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။
kai says:
တရုတ်ကြီးတိုင်းရင်းဆေးပညာက.. အနောက်နိုင်ငံတွေထက်..အများကြီးစောပြီး.. သာတာတွေလည်းအများကြိးပါ..။
ဆိုတော့..
အခုက.. အနောက်နိုင်ငံဆေးပညာလောကထဲ.. ၀င်လာတယ်ပေါ့..။
ပြောရရင်…
ကမ္ဘာ့အဆင့် သတိထားရတဲ့..ကြက်ငှက်ဝက် ရောဂါဆန်းတွေက.. သူ့အလိုလိုဖြစ်လာတယ်ထင်နေသလားလို့ပါ…။
တကယ်ကြီးကို.. သဘာဝအတိုင်း ပျံ့ ကုန်တယ်လို့.. ယုံနေကြတာလားဟင်င်င်င်..။
မားကက်တင်န်း….မားကက်တင်န်း… ..ဘီလီယံဘစ်ဇနက်..မီလီယံလူသားများ…..အာဟိ…။

အင်း သူကြီးရေ။ မားကက်တင်းန်း ဆိုတာလေးကို အခုမှ တွေးမိတယ်ဗျာ။ တွေးစရာလေးပေးသော သူကြီးကို ကျေးဇူးဗျို့။ ကွန်းမန့်လေးများနဲ့ ဖတ်ကြရမယ့် ပို့စ်ပါဗျာ။

Moe Z ရဲ့ အဲဒါကျနော့် မိန်းမ ဆိုတဲ့ ပို့စ် ကတော့ ဒီလိုဝန်ခံချက်ပေးပြီး ရေးထားတဲ့ ပို့စ်လေးပါဗျာ။
(ညကအကိုရဲ့ သူငယ်ချင်းတစ်ယောက် အိမ်လာပြီးရင်ဖွင့်သွားတာကို စာဖတ်ချင်ယောင်ဆောင်ပြီး စပ်စုရင်းကြားရသမျှ ဖောက်သည်ချလိုက်ပါသည်။)
အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်ရဲ့ သူ့မိန်းမအကြောင်းညည်းချင်းတစ်ပုဒ်လို့ ခေါင်းစဉ်တတ်ရမည် ထင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတော့ ချစ်ရင် ခွင့်လွှတ်တတ်ကြတာကို တွေ့ကြရမှာပါခင်ဗျာ။
တကယ်တော့ သူ့မိန်းမကို သူအရမ်းချစ်ပါသည်။ အိမ်မှုကိစ္စမနိုင်တာ၊ အအိပ်မက်တာ၊ လူကြားထဲ မထင်လျှင်မထင်သလိုထအော်တတ်တာကလွဲရင် မိန်းမကလည်း သူ့ကိုချစ်တာသိပါသည်။ ပတ်ဝန်းကျင်ကမှတ်ချက်ပေးကြတာကတော့ နတ်ဖက်သောစုံတွဲပါတဲ့။

အစ်ကိုရဲ့ သူငယ်ချင်းတစ်ယောက် အိမ်လာရင်ဖွင့်တာကို ၀င်ခံစားပြီး ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးနိုင်သော မိုးစက် အား ချီးကျူးရမည်ဖြစ်ပါသည်။ ပျော်စရာ ကွန်းမန့်လေးများဖြင့် ပျော်စရာကောင်းသော ပို့စ်လေးတစ်ပုဒ်ဖြစ်ပါကြောင်း ရွာသူားတို့ရေ။

ကိုလင်းဝေ ရဲ့ နိုင်ငံရေးဆိုတာ ဒီလိုလားရဲ့ အဆက်ပါ ဆိုတာကတော့ ဖေါ်ပြပါအကြောင်းလေးကို ရေးထားတာ ပါ။
တစ်ယောက်က တင်လာတဲ့ အကြောင်းလေးပါ။ ဖြိုးမင်းသိန်းနဲ့ ကိုသိန်းတင်အောင်ကို တွယ်ထားတဲ့စာပါ။ အဲဒီစာကို သားဆွေ ဆိုတဲ့ သူရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။
အဲဒီ ဖေ့စ်ဘွတ်မှာပဲ ဗိုလ်မှုးစိုင်းသိန်းဝင်း က ဝင်ပြီး ကွန်မန့်ပေးထားတာကို တင်သူ သားဆွေ နဲ့ စိုင်းသိန်းဝင်း တို့ အပြန်အလှန် မေးဖြေ နေကြတာကို ဖတ်ကြည့်ရင် ပိုပြည့်စုံလို့ အတင်းအဖျင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖတ်ကြရအောင်ပါ။
ပို့စ်ထဲက အပြန်အလှန် အမေးအဖြေတွေကို ရေးပြမနေတော့ပါဘူးဗျာ။ ၂ ခုထဲသော ကွန်းမန့်လေးတွေကို ပဲ ဖေါ်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ရင် ဘာဆိုတာ သိသွားပါလိမ့်မယ်။

thit min says:
ပေါ် တင်ဘဲ ပြောလိုက်တော့မယ် မိတ်ဆွေကြီး ကိုလင်းဝေကျော် ရေ ။
အဲဒီ “ဒါလားဟဲ့ နိုင်ငံရေး ဆိုတာ ဟင်” ဆိုတာကိုတင်လာသူ ဆရာ က အဲဒီလို အလား တူ”ဖွ”ပို့စ်
တွေ ကို “””””ကိုယ်တိုင်ရေး””””” မဟုတ်၊ “””ကိုယ့် အာဘော် လဲ မပါ “”
“” မူရင်းသမားကိုလည်း “””ခရက်ဒစ်မပေးဘဲ”””” လာတင်နေတာ ကြာပြီဗျ။
သူ “အစ” လာဆွဲထုတ်နေတာလို့ ကျနော် မြင်တယ်။
စိတ်ထဲ မသိုးမသန့် ကြီး မို့ ဖတ်ကိုမဖတ် ဘူး ဗျာ။ရှင်းရဲ့လား။
အွန်လိုင်းပေါ်မှာ ကိုယ်ထင်ရာ ကိုယ်ရေးထားတဲ့ နေရာကဟာတွေ ကို ခင်ဗျား လိုက်ရှင်းနေရင်
စိတ်နဲ့ပင် ပန်း မှာ စိုးလို့ လေးစားစွာ ပြောပြတာပါ။

ဒါက ကိုသစ်မင်းရဲ့ ကွန်းမန့်ပါ။ ကိုလင်းဝေ ရဲ့ ကွန်းမန့် လေးပါ ဖတ်ကြည့်ပါဗျာ။
လင်းဝေ says:
သိပါပြီ ကိုသစ်ရေ။ ကျေးဇူး။
တကယ်တမ်းတော့ ဂေဇက်ကုန်းရွာထဲမယ် ကျနော်တစ်ယောက်ကတော့ ဘယ်သူဘာမှန်းလဲမသိပါဘူးဗျာ။
ကိုယ်က အလုပ်ထဲမှာ ဆိုတော့ အားလုံးလည်း မဖတ်ဖြစ်တော့ မသိဘူးဖြစ်နေတာပေါ့။
အင်းး… ရှင်းမိတာတော့ မဟုတ်ပါဘူး… ကိုယ်သိသလောက်လေး ပြန်တင်ပေးတာပါပဲ။ ကိုယ်လဲ ဘာကောင်မှတော့ မဟုတ်ပါဘူးလေ။

အဲဒါပါဗျာ။ ဒီလောက်ဆို သဘောပေါက်လောက်ပြီမို့ ဆက်ပြောတော့ပါဘူးဗျို့။

နောက်ဆုံးပိတ် အိတ်နဲ့လွယ် ပို့စ်တင်ကာနီးမှ သူကြီးရဲ့ နည်းနည်း လျှော့ကြပါ ဆိုတဲ့ ပို့စ်လေးအကြောင်းပြောခဲ့ပါတယ်ဗျာ။
သူကြီးပြောချင်တာလေးကို ဖတ်ကြည့်ကြပါခင်ဗျာ။

ဟုတ်ပါပြီ.. ဆဲတော့ဘာဖြစ်သလည်း..။
တယောက်စပြီးဆဲတော့.. ၂ယောက်၃ယောက် စသဖြင့်ဗိုင်းရပ်စ်လို… ကူးစက်သွားတဲ့သဘောရှိပါတယ်..။
အဲဒီလိုနဲ့.. မန္တလေးဂေဇက်က… ဒီရွာက.. ဆဲတာပါတဲ့..ဆဲတတ်တဲ့ဒီယာတခုဖြစ်သွားမှာစိုးပါတယ်..။
စာတွေဖတ်နေသူတွေထဲ .. ရဟန်းတွေ၊သက်ကြီးသူတွေ ငယ်ရွယ်သူတွေ ပါတယ်ဆိုတာ သတိထားစေချင်တာပါပဲ.။ ထိုက်သင့်တဲ့ ရိုသေလေးစားမှု ပေးစေ/ရှိစေချင်ပါတယ်..။
အရေးအကြီးဆုံးဖြစ်တဲ့.. ငယ်ရွယ်သူတွေ..
သူတို့ဆီကူးစက်သွားတာမျိုးမဖြစ်စေလိုပါဘူး..။
မျိုးဆက်လက်ဆင့်ကမ်းရာမှာ.. မျိုးဆက်ဟောင်းတွေက.. တာဝန်ရှိပါတယ်.။ တာဝန်ယူရပါမယ်….။

ဆိုတော့..
လိုရင်းက..
ရေးစာ..ဆွေးနွေးကြတာမှာ.. စာအရေးအသား.. ဆဲတာ၊၊စာလုံးအသုံးရိုင်းတာ၊ စကားအသုံး ရင့်သီးတာတွေ နည်းနည်းလျှော့ကြပါလို့..။
ဘယ်အထိလျှော့ရမလည်း…. ဆိုတော့..
ကိုယ်တိုင်က.. ဒီလောက်ဆိုမဆိုးပါဘူးလို့ သိနေတဲ့အထိပါပဲ..။
သေသေချာချာ သိတယ်..။ တာဝန်ယူတယ်ဆိုရင် လုပ်ပါ၊
ကိုယ့်ကိုယ်တိုင်က.. ကိုယ်တင်တဲ့စာကို.. စိစစ်ကြပ်မတ်ပေးကြပါလို့…
စာရေးခြင်းက..အနုပညာပါ၊
စာရေးသူဆိုတာ အနုပညာရှင်ပါပဲ..။ စကားလုံးအသုံးလှလှလေးတွေနဲ့ ကိုယ်လိုချင်တာကို.. ကိုယ်သိစေချင်တာကို.. ပေးသွား.. လက်ဆင့်ကမ်းသွားလို့ရပါတယ်..။
အနုပညာရှင်ဖြစ်ပါစေ..။

ကဲ သူကြီးပြောတာလေးတွေ ဖတ်ကြပါလို့ပြောရင်း ကျွန်ုပ်ဘလက်ကို နှုတ်ဆက်ခွင့်ပြုပါခင်ဗျာ။

black chaw

About black chaw

black chaw has written 332 post in this Website..