သူငယ်ချင်း…….

မင်းဒီစာကို ဖတ်နေရတဲ့အချိန်မှာ.. မင်းက စင်ကာပူနိုင်ငံမှာ နိုင်ငံသား အဖြစ်ခံယူလိုက်ပြီလို့ ထင်ပါတယ်… ငါဝမ်းသာပါတယ်သူငယ်ချင်း။ မင်းရဲ့ လုံ့လ ၀ိရိယ ကြိုးစားအားထုတ်မှု အတတ်ပညာတွေနဲ့ အခုဆိုရင် မင်းမျှော်လင့်ခဲ့တဲ့ အတိုင်း အောင်မြင်သွားပြီလို့ ငါထင်ပါတယ်..

ဂုဏ်ယူပါတယ် သူငယ်ချင်း… အခုဆိုရင် မင်းက

မြန်မာနိုင်ငံမှာမွေးတဲ့ စင်ကာပူနိုင်ငံသားကြီးပေါ့….။

သူငယ်ချင်း…

အခုလို မိုးဦးကျရာသီဆိုရင် ငါတို့အိမ်ရဲ့ပတ်ဝန်းကျင်လေးက အရမ်းလှတယ်…..

ကောက်ပင်သေးသေးလေးတေ၊ွ ယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင် တေ၊ွ နောက်ဘက်က မားမားမတ်မတ်ရှိနေတဲ့ တောင်တန်းကြီးတွေ၊ အစာရှာထွက်လာတဲ့ ငှက်ကလေးတွေ ရဲ့နောက်ခံ ကောင်းကင်ကြီးကတော့ အခုလို မိုးရာသီ အစမှာ ဟိုတစ ဒီတစ တိမ်ဖြူလေးတွေကလွဲရင် ခဲရောင်မှိုင်းမှိုင်း ဖြစ်နေတယ်.. ငါတို့ အိမ်ရဲ့ဘေးက ချောင်းလေးကတော့ အရင်အတိုင်းဘဲ စီးဆင်းလျက်… ဈေးရောင်းထွက်တဲ့သူနဲ့ ဈေးဝယ်ထွက်တဲ့လှေလေးတွေ အစီအရီပေါ့ သူငယ်ချင်းရယ်…

အိမ်ရဲ့ အနောက်ဘက်မှာတော့ အလေ့ကျပေါက်တဲ့ ဓနိတောလေးရှိသေးတယ်။ အဲဒိပတ်ဝန်းကျင်ရဲ့ အလယ်တည့်တည့် ငါတို့ အိမ် ….

မိုးရွာရင် မိုးမလုံလို့ ရှိသမျှခွက်တွေ လိုက်ခံရတယ်..။ ဟိုတပေါက် ဒီတပေါက်နဲ့ ကျလာတဲ့ မိုးစက်လေးတွေကို သံစဉ်လေးတခုလို နားထောင်ပြီး ကျောတနေရာစာခင်းပြီး ငါတို့ မိသားစုအိပ်ရတယ်… အဘနဲ့ အမေကတော့ ဘုရားခန်းတည့်တည့်မှာ အိပ်ကြတယ်။ ငါတို့ ညီအကို နှစ်ယောက်ကတော့ ခြေရင်းက… ညီမလေးကတော့ အိမ်ခန်းထဲမှာ အိပ်တယ်… ဒါပေမယ့် သူငယ်ချင်း….. အမေ စပ်ချုပ်ပေးထားတဲ့ စောင်အစုတ်တထည်ကို ခြုံလိုက်ရင် ငါတို့ဘ၀တွေဟာ နွေးထွေးခဲ့တယ်… သိကြားမင်း ဗိမ္မာန်အလားပေါ့……

မနက်မိုးလင်းလို့ မောင်းသံကြားရပြီဆို ငါတို့ကို ညီမလေးက လာနှိုးနေကြ… မကြာခင်မှာ အမေကိုယ်တိုင် ကောက်ညှင်းဆန်ကို မောင်းနဲ့ ထောင်းပြီး ဆီထမင်း ထိုးတော့မယ်လေ… အမေ့ရဲ့ ဆီထမင်းဟာ ငါတို့ မိသားစုအတွက် နတ်သြဇာ အလား မရိုးတမ်း တို့မိသားစု စားခဲ့ကြတာက ဒီနေ့ အထိပါပဲ….

သူငယ်ချင်း ငါတို့ ညီအကိုနှစ်ယောက်က ပညာကို ကောင်းကောင်းမသင်ခဲ့ရဘူး…. ဒီတော့ ပတ်ဝန်းကျင်က ပညာမတတ် ဥာဏ်နဲ့တဲ့ ဆင်းရဲသားဆိုပြီး ဘယ်လောက်ပဲ နှာခေါင်းရှုံ့ ကဲ့ရဲ့ကြပါစေ အမေက ပြောတယ်….

ငါ့သားနှစ်ယောက်ဟာ ပညာမတတ်ပေမဲ့ အမေ့တသက်လုံး အားကိုးရမဲ့ သားနှစ်ယောက်…….. ငါ့သားတွေဟာ အမေ့ရဲ့ အားတွေပ ’’ တဲ့…

အမေ့ရဲ့ယုံကြည်မှုတွေကို ငါတို့ညီအကိုနှစ်ယောက် အသက်ရှင်နေသ၍ ဖြည့်ဆည်းစောင့်ရှောက် ပေးနေဦးမှာပါ သူငယ်ချင်း…..

နောက်ပြီး ဆန်နီ၊ ဆန်ကြမ်းတွေကို အမြဲတမ်း ချက်နေရတဲ့ မြေအိုးမဲမဲလေးဟာလည်း… အခုဆို နှုတ်ခမ်းတွေပဲ့နေပြီ.. ဒါပေမယ့် ငါတို့မိသားစုအတွက် ၀မ်းစိုအောင် သူကလည်း နေ့တိုင်း ဖြည့်ဆည်းပေးနေလေရဲ့…

အခု ငါတို့ရထားတဲ့ လောကစည်းစိမ်တွေကို နတ်ပြည်နဲ့တောင် မလဲနိုင်ဘူး…

သြော် နောက်ပြီး.. တစ်ကျင်းတည်းစားပြီး တို့မိသားစုနဲ့ အတူတူ ရုန်းကန်ပေးနေတဲ့ ဂျိုထောင်နဲ့ ဂျိုပြောင် ဆိုတဲ့ နွားနှစ်ကောင်လည်း ရှိသေးရဲ့… အမေ့ရဲ့ မွေးစားသား နွားနှစ်ကောင်လေ.. သူတို့တွေဟာလည်း တို့ရဲ့မိသားစုဝင်တွေပေါ့။

နေ၀င်သွားလို့ မှောင်ရီပျိုးပြီဆိုတာနဲ့ လရောင်သာတဲ့ အခုလို လပြည့်ညမျိုးဆိုရင် ငါတို့အိမ်ရှေ့က ကွပ်ပျစ်မှာ လှဲပြီး ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း… ညီမလေးက နှီးဖြာရင်း… အဘကတော့ ကိုယ်တိုင် သနပ်ဖက်နဲ့ လိပ်ပြီး သောက်တဲ့ ဆေးလိပ်ကို ဖွာရင်း… အိမ်ထဲက ဘုရားရှစ်ခိုးနေတဲ့ အမေ့ရဲ့ တရားသံတွေကို ကြားနာခဲ့ရသေးတယ် သူငယ်ချင်း….

တခါတလေ စကားအလွန်နည်းတဲ့ အဘ(အဖေ) က တို့ ညီအကို နှစ်ယောက်ကို ဆုံးမတတ်သေးတယ်…

ဒီမယ် ငါ့သား.. လူဆိုတာ ဘယ်လောက်အထိ အသက်ရှင်နိုင်မလဲ ဘယ်လောက်များများ လောကကြီး ဆီကရမလဲ… မင်းတို့ အခုရထားတဲ့ စည်းစိမ်ဥစ္စာ ဆိုတာရော ဘယ်လောက်ကြာကြာ မြဲနိုင်မှာလဲ… လူဆိုတာ လောကတရားနဲ့ ငရဲလမ်းသွားတဲ့ ဒုက္ခရဲ့ သားကောင်တွေပါသား…. အတိတ်၊ အနာဂါတ်နဲ့ ပစ္စုပ္ပန်မှာ မတင်းတိမ်ကြဘူး မရောင့်ရဲကြဘူး… ဒီလို မမြဲတဲ့ အရာတွေနောက်ကို လိုက်မလား… အခုလိုမြဲတဲ့ မိသားစုဘ၀လေးကို လူ့ဘ၀ရတုန်း မရှိအတူ ရှိအတူ နေထိုင်တာဟာ… နှလုံးသားနဲ့တည်ဆောက်တဲ့ မိသားစု တနည်းအားဖြင့် နှလုံးသားနဲ့တည်ဆောက်တဲ့ ‘ အိမ် ’  ဖြစ်တယ် ’’ လို့ ငါတို့ မောင်နှမတွေကို ဆုံးမတတ်တယ် သူငယ်ချင်း…

ပညာမတတ်၊ ဥာဏ်နဲတဲ့ ဆင်းရဲသားတွေလို့ ဘယ်သူတွေ နှာခေါင်းရှုံ့ကြပါစေ… ငါတို့ ဒီမြေမှာ မွေးခဲ့တယ်… ဒီလေကို ရှုရှိုက်ခဲ့ရတယ်.. ဒီမြေကြီးက သီးလာတဲ့ အစားအစာတွေကို ငါတို့စားခဲ့ရတယ်.. ငါတို့က ဆင်းရဲပါတယ် သူငယ်ချင်း… ဒါပေမယ့် ငါတို့မှာ ဓမ္မချမ်းသာတဲ့ အမေတယောက်ရှိတယ်… လောကသင်ခန်းစာတွေကို တတ်သိတဲ့ အဘ (အဖေ) ရှိတယ်.. လိမ္မာရေးခြားရှိတဲ့ ညီမလေးတယောက်ရှိတယ်.. ဒါတွေဟာ ငါတို့အိမ်က ပိုင်ဆိုင်တဲ့ လောကစည်းစိမ်တွေဘဲ သူငယ်ချင်း… ကိုယ့်ဘ၀ကို ဘယ်သူ့ဘ၀နဲ့မှ မလဲပါဘူး ငါတို့ နှလုံးသားတွေ နွေးထွေးခဲ့တယ်.. အိမ်ခေါင်မိုးမလုံတဲ့ အိမ်လေးဟာ ငါတို့ မိသားစု လုံခြုံခဲ့တယ်.. ဒီမြေ ဒီတောနဲ့ ဒီနေရာလေးဟာ ငါတို့တွေကိုမွေးဖွားခဲ့သလို ငါတို့ရဲ့ သေဆုံးရာလဲ ဖြစ်စေရမယ် သူငယ်ချင်း..

တကယ်တော့ ဘယ်လောက်ပဲ ကြီးကြယ်မြင့်မြတ်ပါစေ.. ဘယ်လာက်ပဲ သေးငယ်နိမ့်ကျပါစေ.. ငါတို့နှလုံးသားတွေ နွေးထွေးတဲ့နေရာဟာ ငါတို့ရဲ့ အိမ်ပါပဲ သူငယ်ချင်း…

မင်းလည်း ကိုယ့်တိုင်းပြည်မှာ မနေရပေမဲ့ ကိုယ့်လူမျိုးနဲ့ မဆက်ဆံရပေမယ့်… မင်းနှလုံးသားတည်ရာ မင်းရဲ့အိမ်လေးမှာ.. ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ငါဆုတောင်းပါတယ် သူငယ်ချင်း………

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း…..      အိမ်

တေးရေး  =  အရိုး

တေးဆို   =  ဓိရာမိုရ်

တေးရေးဆရာ ကိုအရိုး ရေးပြီး ဓိရာမိုရ် သီဆိုထားတဲ့ ( ငါတို့… အိမ်) သီချင်းကို ခံစားရေးဖွဲ့ပါသည်….။

 

သံလုံး

About than lone

thein naing has written 4 post in this Website..

working in U.A.E my home town is Yangon .