နှလုံးသားနွေးထွေးရင်….ဒါဟာလည်း အိမ်….
သူငယ်ချင်း…….
မင်းဒီစာကို ဖတ်နေရတဲ့အချိန်မှာ.. မင်းက စင်ကာပူနိုင်ငံမှာ နိုင်ငံသား အဖြစ်ခံယူလိုက်ပြီလို့ ထင်ပါတယ်… ငါဝမ်းသာပါတယ်သူငယ်ချင်း။ မင်းရဲ့ လုံ့လ ဝိရိယ ကြိုးစားအားထုတ်မှု အတတ်ပညာတွေနဲ့ အခုဆိုရင် မင်းမျှော်လင့်ခဲ့တဲ့ အတိုင်း အောင်မြင်သွားပြီလို့ ငါထင်ပါတယ်..
ဂုဏ်ယူပါတယ် သူငယ်ချင်း… အခုဆိုရင် မင်းက
မြန်မာနိုင်ငံမှာမွေးတဲ့ စင်ကာပူနိုင်ငံသားကြီးပေါ့….။
သူငယ်ချင်း…
အခုလို မိုးဦးကျရာသီဆိုရင် ငါတို့အိမ်ရဲ့ပတ်ဝန်းကျင်လေးက အရမ်းလှတယ်…..
ကောက်ပင်သေးသေးလေးတေ၊ွ ယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင် တေ၊ွ နောက်ဘက်က မားမားမတ်မတ်ရှိနေတဲ့ တောင်တန်းကြီးတွေ၊ အစာရှာထွက်လာတဲ့ ငှက်ကလေးတွေ ရဲ့နောက်ခံ ကောင်းကင်ကြီးကတော့ အခုလို မိုးရာသီ အစမှာ ဟိုတစ ဒီတစ တိမ်ဖြူလေးတွေကလွဲရင် ခဲရောင်မှိုုင်းမှိုင်း ဖြစ်နေတယ်.. ငါတို့ အိမ်ရဲ့ဘေးက ချောင်းလေးကတော့ အရင်အတိုင်းဘဲ စီးဆင်းလျက်… ဈေးရောင်းထွက်တဲ့သူနဲ့ ဈေးဝယ်ထွက်တဲ့လှေလေးတွေ အစီအရီပေါ့ သူငယ်ချင်းရယ်…
အိမ်ရဲ့ အနောက်ဘက်မှာတော့ အလေ့ကျပေါက်တဲ့ ဓနိတောလေးရှိသေးတယ်။ အဲဒိပတ်ဝန်းကျင်ရဲ့ အလယ်တည့်တည့် ငါတို့ အိမ် ….
မိုးရွာရင် မိုးမလုံလို့ ရှိသမျှခွက်တွေ လိုက်ခံရတယ်..။ ဟိုတပေါက် ဒီတပေါက်နဲ့ ကျလာတဲ့ မိုးစက်လေးတွေကို သံစဉ်လေးတခုလို နားထောင်ပြီး ကျောတနေရာစာခင်းပြီး ငါတို့ မိသားစုအိပ်ရတယ်… အဘနဲ့ အမေကတော့ ဘုရားခန်းတည့်တည့်မှာ အိပ်ကြတယ်။ ငါတို့ ညီအကို နှစ်ယောက်ကတော့ ခြေရင်းက… ညီမလေးကတော့ အိမ်ခန်းထဲမှာ အိပ်တယ်… ဒါပေမယ့် သူငယ်ချင်း….. အမေ စပ်ချုပ်ပေးထားတဲ့ စောင်အစုတ်တထည်ကို ခြုံလိုက်ရင် ငါတို့ဘဝတွေဟာ နွေးထွေးခဲ့တယ်… သိကြားမင်း ဗိမ္မာန်အလားပေါ့……
မနက်မိုးလင်းလို့ မောင်းသံကြားရပြီဆို ငါတို့ကို ညီမလေးက လာနှိုးနေကြ… မကြာခင်မှာ အမေကိုယ်တိုင် ကောက်ညှင်းဆန်ကို မောင်းနဲ့ ထောင်းပြီး ဆီထမင်း ထိုးတော့မယ်လေ… အမေ့ရဲ့ ဆီထမင်းဟာ ငါတို့ မိသားစုအတွက် နတ်ဩဇာ အလား မရိုးတမ်း တို့မိသားစု စားခဲ့ကြတာက ဒီနေ့ အထိပါပဲ….
သူငယ်ချင်း ငါတို့ ညီအကိုနှစ်ယောက်က ပညာကို ကောင်းကောင်းမသင်ခဲ့ရဘူး…. ဒီတော့ ပတ်ဝန်းကျင်က ပညာမတတ် ဉာဏ်နဲ့တဲ့ ဆင်းရဲသားဆိုပြီး ဘယ်လောက်ပဲ နှာခေါင်းရှုံ့ ကဲ့ရဲ့ကြပါစေ အမေက ပြောတယ်….
“ ငါ့သားနှစ်ယောက်ဟာ ပညာမတတ်ပေမဲ့ အမေ့တသက်လုံး အားကိုးရမဲ့ သားနှစ်ယောက်…….. ငါ့သားတွေဟာ အမေ့ရဲ့ အားတွေပဲ ’’ တဲ့…
အမေ့ရဲ့ယုံကြည်မှုတွေကို ငါတို့ညီအကိုနှစ်ယောက် အသက်ရှင်နေသ၍ ဖြည့်ဆည်းစောင့်ရှောက် ပေးနေဦးမှာပါ သူငယ်ချင်း…..
နောက်ပြီး ဆန်နီ၊ ဆန်ကြမ်းတွေကို အမြဲတမ်း ချက်နေရတဲ့ မြေအိုးမဲမဲလေးဟာလည်း… အခုဆို နှုတ်ခမ်းတွေပဲ့နေပြီ.. ဒါပေမယ့် ငါတို့မိသားစုအတွက် ဝမ်းစိုအောင် သူကလည်း နေ့တိုင်း ဖြည့်ဆည်းပေးနေလေရဲ့…
အခု ငါတို့ရထားတဲ့ လောကစည်းစိမ်တွေကို နတ်ပြည်နဲ့တောင် မလဲနိုင်ဘူး…
ဪ နောက်ပြီး.. တစ်ကျင်းတည်းစားပြီး တို့မိသားစုနဲ့ အတူတူ ရုန်းကန်ပေးနေတဲ့ ဂျိုထောင်နဲ့ ဂျိုပြောင် ဆိုတဲ့ နွားနှစ်ကောင်လည်း ရှိသေးရဲ့… အမေ့ရဲ့ မွေးစားသား နွားနှစ်ကောင်လေ.. သူတို့တွေဟာလည်း တို့ရဲ့မိသားစုဝင်တွေပေါ့။
နေဝင်သွားလို့ မှောင်ရီပျိုးပြီဆိုတာနဲ့ လရောင်သာတဲ့ အခုလို လပြည့်ညမျိုးဆိုရင် ငါတို့အိမ်ရှေ့က ကွပ်ပျစ်မှာ လှဲပြီး ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း… ညီမလေးက နှီးဖြာရင်း… အဘကတော့ ကိုယ်တိုင် သနပ်ဖက်နဲ့ လိပ်ပြီး သောက်တဲ့ ဆေးလိပ်ကို ဖွာရင်း… အိမ်ထဲက ဘုရားရှစ်ခိုးနေတဲ့ အမေ့ရဲ့ တရားသံတွေကို ကြားနာခဲ့ရသေးတယ် သူငယ်ချင်း….
တခါတလေ စကားအလွန်နည်းတဲ့ အဘ(အဖေ) က တို့ ညီအကို နှစ်ယောက်ကို ဆုံးမတတ်သေးတယ်…
“ ဒီမယ် ငါ့သား.. လူဆိုတာ ဘယ်လောက်အထိ အသက်ရှင်နိုင်မလဲ ဘယ်လောက်များများ လောကကြီး ဆီကရမလဲ… မင်းတို့ အခုရထားတဲ့ စည်းစိမ်ဥစ္စာ ဆိုတာရော ဘယ်လောက်ကြာကြာ မြဲနိုင်မှာလဲ… လူဆိုတာ လောကတရားနဲ့ ငရဲလမ်းသွားတဲ့ ဒုက္ခရဲ့ သားကောင်တွေပါသား…. အတိတ်၊ အနာဂါတ်နဲ့ ပစ္စုပ္ပန်မှာ မတင်းတိမ်ကြဘူး မရောင့်ရဲကြဘူး… ဒီလို မမြဲတဲ့ အရာတွေနောက်ကို လိုက်မလား… အခုလိုမြဲတဲ့ မိသားစုဘဝလေးကို လူ့ဘဝရတုန်း မရှိအတူ ရှိအတူ နေထိုင်တာဟာ… နှလုံးသားနဲ့တည်ဆောက်တဲ့ မိသားစု တနည်းအားဖြင့် နှလုံးသားနဲ့တည်ဆောက်တဲ့ ‘ အိမ် ’ ဖြစ်တယ် ’’ လို့ ငါတို့ မောင်နှမတွေကို ဆုံးမတတ်တယ် သူငယ်ချင်း…
ပညာမတတ်၊ ဉာဏ်နဲတဲ့ ဆင်းရဲသားတွေလို့ ဘယ်သူတွေ နှာခေါင်းရှုံ့ကြပါစေ… ငါတို့ ဒီမြေမှာ မွေးခဲ့တယ်… ဒီလေကို ရှုရှိုက်ခဲ့ရတယ်.. ဒီမြေကြီးက သီးလာတဲ့ အစားအစာတွေကို ငါတို့စားခဲ့ရတယ်.. ငါတို့က ဆင်းရဲပါတယ် သူငယ်ချင်း… ဒါပေမယ့် ငါတို့မှာ ဓမ္မချမ်းသာတဲ့ အမေတယောက်ရှိတယ်… လောကသင်ခန်းစာတွေကို တတ်သိတဲ့ အဘ (အဖေ) ရှိတယ်.. လိမ္မာရေးခြားရှိတဲ့ ညီမလေးတယောက်ရှိတယ်.. ဒါတွေဟာ ငါတို့အိမ်က ပိုင်ဆိုင်တဲ့ လောကစည်းစိမ်တွေဘဲ သူငယ်ချင်း… ကိုယ့်ဘဝကို ဘယ်သူ့ဘဝနဲ့မှ မလဲပါဘူး ငါတို့ နှလုံးသားတွေ နွေးထွေးခဲ့တယ်.. အိမ်ခေါင်မိုးမလုံတဲ့ အိမ်လေးဟာ ငါတို့ မိသားစု လုံခြုံခဲ့တယ်.. ဒီမြေ ဒီတောနဲ့ ဒီနေရာလေးဟာ ငါတို့တွေကိုမွေးဖွားခဲ့သလို ငါတို့ရဲ့ သေဆုံးရာလဲ ဖြစ်စေရမယ် သူငယ်ချင်း..
တကယ်တော့ ဘယ်လောက်ပဲ ကြီးကြယ်မြင့်မြတ်ပါစေ.. ဘယ်လာက်ပဲ သေးငယ်နိမ့်ကျပါစေ.. ငါတို့နှလုံးသားတွေ နွေးထွေးတဲ့နေရာဟာ ငါတို့ရဲ့ အိမ်ပါပဲ သူငယ်ချင်း…
မင်းလည်း ကိုယ့်တိုင်းပြည်မှာ မနေရပေမဲ့ ကိုယ့်လူမျိုးနဲ့ မဆက်ဆံရပေမယ့်… မင်းနှလုံးသားတည်ရာ မင်းရဲ့အိမ်လေးမှာ.. ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ငါဆုတောင်းပါတယ် သူငယ်ချင်း………
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း….. အိမ်
တေးရေး = အရိုး
တေးဆို = ဓိရာမိုရ်
တေးရေးဆရာ ကိုအရိုး ရေးပြီး ဓိရာမိုရ် သီဆိုထားတဲ့ ( ငါတို့… အိမ်) သီချင်းကို ခံစားရေးဖွဲ့ပါသည်….။
သံလုံး
11 comments
ငပေါက်ဖော်
December 26, 2011 at 9:42 am
“နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း….. အိမ် ”
မှန်ပ..မှန်ပ..
ဟိုဘက်ရပ်ကွက်မှာတော့ နှလုံးသား မနွေးထွေးလို ့..ပညာတတ်..ပညာမတတ်တွေကို..အိတ်ထဲမထည့်
မပေးစာ ဖတ်မိရသဗျာ..
ရောက်ရာဒေသ..နှလုံးသား နွေးထွေးကြပါစေလို ့..
mandalarthu
December 26, 2011 at 10:34 am
တကယ်မှန်တဲ ့သိပ်ကောင်းတဲ ့စာသားလေးပါဘဲ။
တစ်ဦးနှင် ့တဦး နားလည်မှု၊စာနာမှု၊ ညှာတာမှု၊ မေတ္တာတရားတွေ ကင်းမဲ ့နေရင်
အဲဒါကို …..အိမ် လို ့ခေါ်နိုင် ပါ ့မလား။
တဦးနှင် ့တဦး နှလုံးသားတွေ နီးကပ်ပြီး နွေးထွေးတဲ ့နေရာဟာ
ကွှန်မတု ိ့အားလုံးရဲ ့အသက်ရှင်နေခိုက် နားခို ရာ “အိမ်” လေးပါဘဲ။
နီကီတာ
December 26, 2011 at 10:57 am
နှလုံးသားနဲ့တည်ဆောက်တဲ့ ‘ အိမ် ’
>>>
တစ်နေ့နေ့တော့ ရရှိမယ် ထင်တာပဲ….
comegyi
December 26, 2011 at 12:59 pm
ကို သံလုံးရေ့
သိပ်ကောင်းတဲ့ ပို့(စ်)လေးပဲဗျာ
အားပါးတရ ဝင်ရောက်ဖတ်ရှုသွားပါတယ်
ဖတ်ရင်း ဓီရာမိုရ် သီချင်းသံလေးကို ကြားယောင်
လာသလိုပဲ …..
ငါတို့မှာ ဓမ္မချမ်းသာတဲ့ အမေတစ်ယောက်ရှိတယ်၊
လောက သင်ခန်းစာတွေကို တတ်သိတဲ့အဘ(အဖေ)ရှိတယ်
လိမ္မာရေးခြားရှိတဲ့ ညီမလေးတစ်ယောက်ရှိတယ်
ဒါတွေဟာ ငါတို့ ပိုင်ဆိုင်တဲ့လောက စည်းစိမ်တွေပဲ သူငယ်ချင်း …
………..
သိပ်ကိုနေချင်စရာကောင်းတဲ့ အိမ်လေးပါပဲခင်ဗျား……
မှော်ဆရာ
December 26, 2011 at 1:09 pm
အခုလို စာမျိုးကို ဖတ်ချင်တာဗျ ..
အတွေးအခေါ်တစ်ခုအပေါ် ကိုယ်ပိုင်ညဏ်နဲ့ ဆင့်ပွားတွေးခေါ်ထားတဲ့ စာမျိုးကို ကြိုက်တာ
ကျွန်တော်ကလဲ အဲဒီ့ဘက်ကို အားသန်တယ် …
ဆက်ရေးပါဗျာ …
windtalker
December 26, 2011 at 1:41 pm
အဖြစ်သင့်ဆုံး ဆုတောင်းစကား လေးပါဘဲ
KoNyeinChan
December 26, 2011 at 1:50 pm
ဖတ်လို ့ကောင်းတဲ့ ပို ့စ်လေးတစ်ပုဒ်ပါ.. အာပေးပါတယ် ဆက်ရေးဗျာ..
သိချင်တာတစ်ခုရှိလို ့.. သံလုံး နဲ ့ ဒိုးလုံး ဘာတော်တုန်း…. 😀 😀 😀
etone
December 26, 2011 at 4:45 pm
ကိုသံလုံးရေ … ဘာမှ မရှိခင်ဘဝမှာတော့ … ရေခွက်လေးတွေနဲ့ မိုးရေခံရတဲ့ ဘဝက ပျော်စရာကောင်းပေမယ့် … ဒီလိုချည်း တသက်လုံးနေမလားဆိုတော့လည်း မဟုတ်သေးပြန်ဘူးလေ .. ။ တဆင့်တိုးပြီး ကောင်းကောင်းမွန်မွန်နေချင်ကြတယ် .. မိသားစုကို ပိုးပြီးကောင်းကောင်းထားချင်ကြတယ် … ဒါကြောင့် မိသားစုကိုခွဲ .. အိုးပစ် အိမ်ပစ်ကြိုးစားကြရတယ် … တကယ်တမ်းတော့ … အိုးပစ်အိမ်ပစ် စီးပွားရှာနေတဲ့ လူတွေကလည်း မိသားစုနွေးထွေးဖို့အတွက် …. ရင်နာနာနဲ့ …. အဝေးကနေ ကြိုးစားနေကြရတာပါ … ။ အိမ်မှာနေပြီး ခြေဆုပ်လက်နယ်လုပ်ပေးနိုင်မှာ မိသားစုကို တန်ဖိုးထားတာမဟုတ်ပါဘူး …. ။ နိုင်ငံသား ခံယူသည့်တိုင်အောင် … မိသားစုကို ထောက်ပံ့ပေးနေတဲ့ လူတွေလည်း ဒုနဲ့ဒေးပါပဲ … ။ 🙂
bigchef
December 26, 2011 at 7:29 pm
ကျွန်တော်လဲ အမေ နား မှာ နေချင် ပါ တယ်။ အ ဖေ ဆီ မှာ သင် ယူ စ ရာ တွေ ရှိ နေ သေး တယ်။
မောင် နှ မ တွေ နဲ့ ဆုုံ ချင် တယ်။အိမ် ရှေ့ ဘုန်း တော်ကြိး ကျောင်း က လော် နဲ. ဖွ င် ့ တဲ. သံဗုဒ္ဓေသီ ချင်း သံ လည်း နား ထောင် ချင် ပါ တယ်။ ရွာ နောက် နား တောင် ပေါ် ဘု ရား က ဆည်း လည်း သံ လည်း ကြား ချင ်ပါ သေး တယ်။ဘာ ပဲ ပြော ပြော အိမ် ကို လွမ်း ကြ တဲ. သူတွေ ချည်း ပါ ပဲ။ဗိုလ် ချူပ် နိူင် ငံ ခြား မ သွား ခဲ ့ ရင် လွပ် လပ် ရေး ရ မှာ မ ဟုတ် ဘူး။ အ မေစု အ င်္ဂ လန် မရောက် ရင် oxford တက် ခွင် ့ ရ မှာ မ ဟုတ် ဘူး။လွပ် လပ် ခြင် း ကို ရှာ မတွေ ့ ရင် လွပ် လပ် တဲ့ ဆီ ကို ခ ရီး နှင် ကြ မှာ ပဲ။တ ခု တော ့ ဆု တောင်း ရ မှာ ပေါ့ ။ တ ကယ် လွပ် လပ် တဲ. နေ့ မှာ သင် ယူ ခဲ့ တာ တွေ ပြန် လည် မျှဝေ နိုင် ကြ ဖို. ပြန် လာ ကြ ပါ စေ။
TTNU
December 27, 2011 at 12:31 am
ဖတ်၍တော်တော်ကောင်းတဲ့ဖွဲ့နွဲ့မှု တစ်ခုဖြစ်ပါတယ်။
အိမ်ကိုလွမ်းနေသူတွေဖတ်ရင် ငိုလောက်ပါတယ်။
တောတွင်းပျော်
December 27, 2011 at 1:43 am
မပျော်လည်းနေ ပျော်လည်းနေ
နေရင်း နေရင်းက အိမ်မပြန်နိုင်သေးတာ ဆယ်စုနှစ်တစ်ခုပြည် ့တော ့မယ်။
ကျနော်တို ့ညီအကို အများကြီးမှာ ရှားရှားပါးပါး ညီမလေးတစ်ယောက်ရှိတယ်။
အထွေးဆုံး အငယ်ဆုံးလေးဗျ။
အခုနေ ညီမလေးနဲ ့ တစ်နေရာရာမှာ မတော်တဆဆုံမိကြရင် တစ်ယောက်ကိုတစ်ယောက်
မှတ်မိနိုင်မလားပဲ။
ဆရာမ TTNU ပြောသလိုမငိုမိပေမယ် ့
ကိုသံလုံးရဲ ့ပိုစ်ကိုဖတ်ပြီး ညီမလေးကို သတိရစိတ်နဲ ့မျက်ရည်ဝဲမိတာတော ့အမှန်ပဲ။