တစ်နှစ်စာ သင်ခန်းစာ
ကျွန်မ ရွာလည်နေခဲ့တာ ၁၄ လ ရှိသွားပါပြီ။ အင်တာနက်မရတဲ့နေရာ ရောက်နေတဲ့အချိန်ကလွဲပြီး နေ့တိုင်းနေ့တိုင်း ရွာထဲဝင် ပို့စ်တွေဖတ်၊ သင်ခန်းစာတွေယူ၊ ကိုယ်သိတာလေးပြန်မျှရင်းနဲ့ ဂေဇက်နဲ့ပတ်သက်ရင် တော်တော်လေးနားလည် အကျွမ်းဝင်ပြီး အထာသိနေတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။ ဒီလောက်ကြာကြာ အချိန်ပေးပြီး ရေးနေ ဖတ်နေနိုင်တာကိုက ဂေဇက်ရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

ကျွန်မတို့အပြင်လောကမှာ မိတ်ဆွေတွေရှိပါတယ်။ အများအားဖြင့် လိုင်းတစ်လိုင်းထဲမှာပဲ များတယ်။ ကျောင်းကသူငယ်ချင်းတွေရှိမယ်။ အလုပ်နဲ့ဆိုင်တဲ့မိတ်ဆွေတွေရှိမယ်။ ဆွေမျိုးရင်းခြာအနည်းငယ်ရှိတယ်ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် လိုင်းမစုံပါဘူး။ မြန်မာပြည်ထဲမှာ ကျွန်မမသိတာတွေ အများကြီး (အများကြီး) ရှိနေပါတယ်။ နိုင်ငံတကာဗဟုသုတလဲ အများကြီးသိဖို့ လိုနေပါသေးတယ်။ လက်လှမ်းမမှီတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ ဗဟုသုတတိုးစရာ အံ့ဖွယ်အဖြစ်အပျက်တွေအများကြီး သိစရာတွေ ရှိနေပါသေးတယ်။ သူငယ်ချင်းတစ်ယောက်ကပြလို့ ဂေဇက်ကိုဝင်ကြည့်လိုက်ချိန်မှာ လူပေါင်းစုံက လိုင်းပေါင်းစုံ ၀င်ရေးကြတာကို တွေ့ရပါတယ်။ အစပိုင်း ၀င်ဝင်ချင်းမှာ ကိုယ်သန်ရာကို ရွေးကြည့်ဖြစ်တယ်။ နောက်တော့ မိတ်ဆွေတိုးလာပြီး အားပေးတဲ့အနေနဲ့ဖတ်ကြည့်တယ်။ ဖတ်ရင်းနဲ့သိတာရှိရင် ၀င်ဆွေးနွေးတယ်။ ဆွေးနွေးတာ အားမရရင် ကိုယ်တိုင်ရေးတယ်။ အဲဒီလိုနဲ့ ခေါင်းစဉ်ပေါင်းစုံ (ကဗျာပါမကျန်) ၀င်လေ့လာ၊ ခံစားရင်းနဲ့ တစ်နေ့တစ်ခြား အသိပညာတိုးလာပါတယ်။ ကျွန်မသဘောကျတဲ့ နောက်တစ်ချက်က ရွာသူားတွေရေးတဲ့ပို့စ်တွေဟာ ကီးအမြင့်ကြီးမတင်ထားကြပါဘူး။ ကီးနိမ့်တဲ့ ကျွန်မတို့လို စာဖတ်သူတွေအတွက် အနေတော်ပဲမို့ စိတ်ပေါ့ပါးပါတယ်။

အဲဒီလို အသိပညာတိုးလာတဲ့အပြင် လူနဲ့ပတ်သက်တဲ့အကြောင်းတွေလဲ နားလည်ခဲ့ပါတယ်။ လူဆိုတာ အမျိုးမျိုးရှိကြောင်း တကယ်လက်တွေ့သိခဲ့ရပါတယ်။ လူတစ်ယောက်ရဲ့အတွေးအခေါ်ဟာ သူနေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲနေတဲ့အကြောင်း၊ သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်ပေါ်မှာလဲ မူတည်နေတဲ့အကြောင်း၊ ဘာသာတရားနဲ့လဲ ပက်သက်နေကြောင်း၊ ဆင်းရဲ ချမ်းသာ လူတန်းစားနဲ့လဲ သက်ဆိုင်နေကြောင်း၊ မွေးရာပါစရိုက် (ဗီဇ) ကို ပြင်ရင် ခက်ခဲကြောင်း စသဖြင့် နားလည်လာခဲ့တယ်။ နားလည်လာတာနဲ့အမျှလည်း ခွင့်လွှတ်သီးခံမှုလဲ ပိုတိုးလာခဲ့ပါတယ်။

ကျွန်မ ရွာထဲဝင်ကာစ တစ်လကြာတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ ဒီရွာကိုကောင်းစေချင်စိတ် ပြင်းထန်လွန်းတဲ့အတွက် ဝေဖန်အကြံပြုစာလေးတစ်စောင်ရေးခဲ့ဖူးပါတယ်။ လူဟောင်းတွေ မှတ်မိကြအုန်းမယ်ထင်ပါတယ်။ အဲဒီပို့စ်လေးကို ပြန်ပြချင်ပေမယ့် edit နဲ့ delete မှားသွားမိလို့ မရှိတော့တာကြာပါပြီ။ ကျွန်မကိုဝိုင်းပြီး ထောပနာပြုလိုက်ကြတာ တော်ရုံစိတ်မခိုင်တဲ့သူဆိုရင် ရွာထဲကတောင် ထွက်ပြေးသွားမိမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်မ စိတ်မဆိုးခဲ့ပါဘူး။ ကျွန်မ စေတနာကို မသိလို့သာ ပြောကြတာလို့ မှတ်ယူပြီး အဲဒီအဖြစ်အပျက်ကို သင်ခန်းစာယူခဲ့ပါတယ်။ အလုပ်နဲ့သက်သေပြတဲ့အနေနဲ့ စေတနာပေါ်လွင်စေတဲ့ ပို့စ်ပေါင်းများစွာရေးပြီး တော်ရုံ ပဋိပက္ခတွေမှာ ၀င်မပါဖြစ်တော့ပါဘူး။ သီးခံတာကောင်းကြောင်း ပို့စ်တစ်ခုတောင် ရေးတင်ခဲ့ဖူးပါသေးတယ်။

ကျွန်မသတိထားမိတဲ့နောက်တစ်ချက်က ရွာသူားတွေ အရမ်းဥာဏ်ကောင်းကြပါတယ်။ အရိပ်ပြတာနဲ့ အကောင်ထင်နိုင်ကြသူတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဥာဏ်အကောင်းလွန်ပြီး ကွန်မန့်ရေးသူက ရိုးရိုးရေးတာကိုတောင် ကွက်ကျော်တွေးမိပြီး ပြသနာတွေတက်ကြတာကိုလဲ ပရိတ်သတ်နေရာကနေ မကြာခဏ ကြုံခဲ့ရဖူးပါတယ်။ အယ်ဒီတာက မတူသောအတွေးနဲ့ ကိုယ်ပိုင်စာတွေကို သဘောကျတယ်။ မည်သူ့ကိုမဆို ၀င်ရေးနိုင်အောင် လုပ်ပေးထားတယ်။ စာပေဒီမိုကရေစီ ပေးထားပါတယ်။ ၀ါသနာပါသူတွေက အစမ်းသဘောမျိုး ၀င်ရေးကြပါတယ်။ ပရိတ်သတ်ကြီးက ၀င်အားပေးတယ်။ ကောင်းတာ ညံ့တာကို ပရိတ်သတ်အားပေးမှုကနေ သိနိုင်ပါတယ်။ အားပေးမှုတွေကြောင့် အားတက်ပြီးဆက်ရေးကြရင်း ရွာအမာခံဖြစ်ကျန်ခဲ့သူတွေလဲရှိတယ်။ အားပေးတာနဲလို့ စိတ်ပျက်ပြီး လက်လျော့သွားသူတွေလဲရှိတယ်။ ဘာရေးရမှန်းမသိလို့ ရေးချင်လျက်နဲ့ မရေးနိုင်သူတွေလဲရှိတယ်။ စိတ်ဆိုးပြီး ရန်တွေ့ပြီးမှ ထွက်သွားသူတွေလဲရှိတယ်။ သိပ်ရေးချင်လွန်းလို့ နှစ်ကိုယ်ခွဲ၊ သုံးကိုယ်ခွဲတွေလဲရှိတယ်။ လက်သီးပုန်း (အနီကတ်) သမားတွေလဲရှိတယ်။

ပို့စ်တွေ၊ ကွန်မန့်တွေကြည့်တာနဲ့ စာရေးသူရဲ့ စိတ်အခြေအနေကို ခန့်မှန်းလို့ရလာပါတယ်။ ခန့်မှန်းနိုင်တာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ သူ့ကို နားလည်မှုပေးနိုင်လာတယ်။ လေးစားမှုပေးနိုင်လာတယ်။ သနားစိတ်ဝင်လာနိုင်တယ်။ အားကျစိတ်လဲဝင်လာနိုင်တယ်။ နားလည်ထားပြီးသားမို့ ရွံရှာမုန်းတီးစိတ်တော့ ၀င်မလာနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မရင်ထဲမှာ မိတ်ဆွေရင်းတွေ တိုးလာခဲ့ပါတယ်။ အပြင်မှာတစ်ခါမှမသိ မမြင်ဖူး၊ ဂျီတော့မှာတောင် မသိဖူးပဲနဲ့ ရင်ထဲမှာ မိတ်ဆွေရင်းလို သတ်မှတ်ထားတဲ့ ရွာသူားတွေအများကြီးရှိလာပါတယ်။

ဒါပေမယ့် ကျွန်မစာရေးရမှာ ပိုကြောက်လာပါတယ်။ မှတ်ကျောက်အတင်ခံနိုင်မှ၊ တာဝန်ယူနိုင်မှသာ ရေးချင်ပါတယ်။ သေချာစဉ်းစားပြီးမှသာ ရေးဖြစ် ကွန်မန့်ပေးဖြစ်သည်အထိ ဂရုစိုက်မိလို့ ပို့စ်တင်တာ ကွန်မန့်ပေးတာတွေတောင် နဲသွားပါတော့တယ်။ ဂေဇက်အပေါ်မှာ ထားတဲ့ စေတနာကတော့ ပိုပိုပြီးသာ လေးနက်လာတာမို့ ရွာထဲမှာမကောင်းသောနည်းနဲ့ ပွဲစည်နေတဲ့အချိန်တိုင်း အယ်ဒီတာသူကြီးကို ကိုယ်ချင်းစာစိတ်ထားမိပါကြောင်းနှင့် ရွာသူားများဘက်ကလဲ မတူညီစွာတင်ပြလာတဲ့ အတွေးများ အရေးများကို သဘောထားကြီးကြီးနဲ့ နားလည်ပေးလိုက်ကြရင်ဖြင့် ဒီရွာကြီး အခုထက် ပိုစည်ကားလာမှာပါဟု ပြောကြားရင်း ကျွန်မ နားလည်မိသမျှ တစ်နှစ်စာ ဂေဇက်သင်ခန်းစာကို နိဂုံးချုပ်လိုက်ပါရစေ ….

တစ်နှစ်စာ သုံးသပ်ချက်
၁။ ၂၀၁၁ မှာ ဂေဇက်ရွာကြီး တော်တော်စည်ကားလာခဲ့ပါတယ်။
၂။ ၂၀၁၀ တုန်းက ခေတ်စားခဲ့တဲ့ ကော်ပီပြသနာ မရှိသလောက်နဲသွားတာ တွေ့ရပါတယ်။ အမုန်းခံပြီး ပြောဆိုဝေဖန်ကြရင်းနဲ့ တဖြည်းဖြည်းပျောက်ကွယ်သွားတာမို့လို့ အဲဒါကလဲ စည်းလုံးညီညွတ်မှုရဲ့ ရလဒ်ကောင်းတစ်ခုပါပဲ။
၃။ ရွာသူရွာသားအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုလာကြပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြီး ရေးသားလာကြတာ အားရစရာကောင်းပါတယ်။ သုတစာပေတွေမှာ ကီးမြင့်လာတာတွေ့ရပါတယ်။ အတွေးအခေါ်တွေ တိုးတက်လာပြီး ရသပိုင်းမှာလဲ ဟာသဥာဏ်တွေ ပိုကောင်းလာကြတာမို့ စာဖတ်သူတွေကို စွဲဆောင်နိုင်တဲ့အခြေအနေအထိ ရောက်လာခဲ့ပါပြီ။
၎။ ဓါတ်ပုံဆရာတွေများပြားလာတဲ့ အကျိုးအနေနဲ့ တကမ္ဘာလုံးကနေရာတွေကို တစ်နေရာထဲကနေ ထိုင်ကြည့်နေလို့ရနေပါပြီ။ ဓါတ်ပုံရိုက်နည်း ပညာရပ်တွေ ပိုကောင်းလာတာနဲ့အမျှ ကြည့်ရတာ မျက်စိအရသာရှိလာပါတယ်။
၅။ မီဒီယာလွတ်လပ်ခွင့်ပိုရလာပြီး လွတ်လွတ်လပ်လပ်ရေးသားလာကြလို့ သတင်းတွေက အရမ်း update ဖြစ်လာတာ အလွန်ကောင်းတဲ့အချက်ပါပဲ။

ခြုံငုံကြည့်လိုက်ရင်း အကောင်းဘက်ကို ဦးတည်နေတာမို့ 2012 မှာလဲ အခုထက်ပိုကောင်းတဲ့ တိုးတက်ခြင်းတွေနဲ့ မန္တလေးဂေဇက် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေလို့ ဆန္ဒပြုရင်း …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....