ကျွန်မတို့မြန်မာနိုင်ငံမှာ ဟိုရှေးမြန်မာဘုရင်တွေ လက်ထက်က အယူတော်မင်္ဂလာဆိုတာ ရှိခဲ့ပါတယ်။

လူထုတွေကြားထဲမှာ မြင်ရကြားရတာတွေပေါ် မူတည်ပြီး နောက်အနာဂတ်ကို ဟောကိန်းထုတ်ကြတာပါ။

ကျွန်မတို့လို လူပြိန်းတွေကတော့ နောက်နှစ်တွေကြာတော့မှ ပေါက်ဖေါ်လုပ်ရတာပေါ့။

ဘယ်တုံးက ဘာမြင် ဘာကြားခဲ့တာလေ နောက်တော့ ဘာဖြစ်သွားတာပေါ့ ဆိုတာမျိုးပေါ့။

အမြင်မှာနိမိတ်
အတိတ်မှာ လက်ဆောင်
ကြားလျှင် တဘောင် တဲ့။

မြင်ရတာတွေက အနာဂတ်အတွက် နိမိတ်၊ လက်ဆောင်ရတာကို အတိတ်ကောက်၊ ကြားရတာကို တော့ တဘောင်လို့ခေါ်ပါတယ်တဲ့။

လူကြီးပိုင်းက ကြားဖူးကြပါလိမ့်မယ်။

အဆိုတော် “ဇော်မင်းလေး”ရဲ့ နာမည်ကျော် “အာလူးလာမပေးနဲ့” ဆိုတဲ့သီချင်းလေ။

အဲဒီသီချင်းထဲမှာပါတဲ့ “ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လို့တဲ့၊ မယုံမရှိနဲ့၊ အမှန်ပါဘဲကွယ့်” ဆိုတဲ့ စာသားအတိုင်း

သိပ်မကြာခင်နှစ်မှာ ပြည်မြို့ဘူတာရုံနားအထိ သင်္ဘောတွေ၊ လှေတွေသွားလို့ရအောင် ရေကြီးခဲ့တယ်လို့ဆိုပါတယ်။

အမြင်မှာ နိမိတ်အတွက် နမူနာတစ်ခုကတော့

ကလေးတွေရဲ့ကျောင်းလွယ်အိတ်ဟာ ဘေးမှာလွယ် ရတဲ့ ပေါ့ပေါ့ပါးပါးအိတ်ကနေ ကျောပိုးအိတ်တွေဖြစ်သွားတာပါဘဲ။

အဲဒီလို ကျောပိုးအိတ်ထဲမှာ စာအုပ် တွေတနင့်တပိုးကြီး ထည့်ပြီးလွယ်နေရတဲ့ ကလေးတွေကိုကြည့်ပြီး လူကြီးသူမတွေက ဒီကလေးတွေ အရွယ်ရောက်ရင်

မနိုင်ဝန်တွေထမ်းကြရအုံးမယ်လို့ နိမိတ်ကောက်ကြပါတယ်။

မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုဟာလည်း နိမိတ်ကောက်စရာ အာရုံတစ်ခုပါဘဲ။

ဘုရား စောင်းတန်းတွေမှာ ကြော်ငြာဆိုင်းဘုတ်နဲ့ သတိပေးထားရလောက်အောင် ဝတ်ခဲ့ကြတဲ့ နောက်ကွဲ၊ ရှေ့ကွဲ ဘေးကွဲစကပ်တွေ၊ ထမီစကပ်တွေကိုကြည့်ပြီး

ဒါကြောင့်အကွဲအပြဲဇာတ်လမ်းတွေ နေရာတကာမှာ တွေ့နေကြရတာဘဲလို့လည်း ပြောခဲ့ကြပါတယ်။

အခုတလော မြင်ရတာလေးတွေကိုလည်း ကျွန်မက နိမိတ်ကောက်ကြည့်ချင်ပါတယ်။

ဒီဘက်နှစ် တွေမှာ မြန်မာမိန်းကလေးတွေအတွက် မြန်မာဆန်ဆန်ဝတ်စုံလေးတွေ ပြန်လည်ဆန်းသစ်လာပါတယ်။

အစပိုင်းမှာ နိုင်ငံခြားကဝင်လာတဲ့ အပျော့သားလေးတွေကို ရင်ဖုံးအင်္ကျီပုံစံချုပ်ဝတ်လာကြပါတယ်။

အောက်ပိုင်းအတွက်လည်း ဘေးမကွဲတော့တဲ့ လုံချည်၊ စကပ်လုံချည်တွေနဲ့ တွဲဝတ်လာကြပါတယ်။ ကြည့်လို့လည်းလှကြပါတယ်။

မင်းသမီးတွေ၊ မော်ဒယ်မလေးတွေရဲ့ ရင်ဖုံးအင်္ကျီဝမ်းဆက်တွေဟာ ဖက်ရှင်စာအုပ်တွေမှာ နေရာပေးလာကြပါတယ်။

အဲဒီကနေတဆင့် မြန်မာဖြစ်ချည်ထည်လေးတွေလည်း ပြန်ပြီးခေတ်စားလာပါတယ်။

အန်တီစုကလည်း Media ကတဆင့် လူထုရဲ့ရှေ့ကိုရောက်ကတည်းက မြန်မာဝတ်စုံလေးတွေဘဲ အမြဲဝတ်ထားတာကိုတွေ့ရတာလည်းပါပါလိမ့်မယ်။

မြန်မာပိုးထည်တွေဟာ အလှူမင်္ဂလာဆောင် ပွဲလမ်း တွေမှာပါ ဝတ်လာကြပါပြီ။

အဲဒီပိုးထည်ကြော်ငြာတွေထဲမှာမှ ဝတ်မှုံရွှေရည် နဲ့ကြော်ငြာထားတဲ့ Bill Board က ဆန့်ကျင်ဘက်လို့ခေါ်တဲ့ အစိမ်းနဲ့အနီကိုတွဲပြီးချုပ်ထားတာပါ။

ဝတ်မှုန်ရွှေရည်လေး ၀တ်ထားတော့ လှနေတဲ့ အစိမ်းနဲ့ အနီ

လှတဲ့သူဝတ်တော့ လှနေတာပါဘဲ။ အဲဒီလိုဆန့်ကျင်ဘက်အရောင်တွေ စပ်ပြီးဝတ်တာကို Opposite (သို့) Contrast လို့လည်းသုံးကြပါတယ်။

ချည်ထည်တွေရက်ရာမှာလည်း အဲဒီလိုဘဲ ဆန့်ကျင်ဘက် အရောင်တွေနဲ့ တွဲစပ်လိုက်ပြီး ဈေးကွက်ပေါ် ရောက်လာပါတယ်။

ချည်ထည်ဈေးကလည်း သက်သာ၊ ရာသီဥတုနဲ့ညီညွတ်တော့ မြန်မာမိန်းကလေးတွေ တော်တော်များများ ချည်ထည် Opposite နဲ့လှနေကြပါပြီ။

ဒါလေးကတော့ သူငယ်ချင်းမမရဲ့ ချည်ထည် opposite လေးပါ၊မမက သူ့အချိုးအစားကို ဝေေ၀့တုံးကလို ခန့်မှန်းနေကြမှာစိုးလို့ လူကိုယ်တိုင် model လုပ်မပြပါဘူး၊၀တ်စုံဘဲပေးရိုက်ပါတယ်။

နောက်ပြီး အရင်က ကျွပ်ကျွပ်အိတ်တွေ၊ လက်ဆွဲအိတ်တွေဆိုရင် ကာလာတစ်ရောင်တည်းပေါ်မှာ တံဆိပ်ရိုက်ကြရာကနေ နှစ်ရောင်စပ်တွေ ထုတ်လာတာတွေ့ရပါတယ်။

လက်ဆွဲ ပလပ်စတစ်အိတ် နှစ်ရောင်စပ်ကလေးပါ

ကြွပ်ကြွပ်အိတ် နှစ်ရောင်စပ်လေးတွေ ခေတ်စားနေပါတယ်၊

ဘာရည်ရွယ်ချက်နဲ့ အရောင်စပ် ထုတ်ကြသလဲတော့ ပလပ်စတစ်လောကကို မသိတဲ့အတွက် မပြောပြတတ်ပါဘူး။

ဒါပေမယ့် ကျွန်မမျက်စိထဲမှာတော့ ဒီလိုဆန့်ကျင်ဘက် တွေပေါင်းစည်းပြီး လှနေတာ၊ အသုံးကျနေတာ ၊ခေတ်စားလာတာ

ကျွန်မတို့ မြန်မာပြည်ရဲ့အနာဂတ်အတွက် နိမိတ်ပုံလေလားလို့ ကိုယ်လိုရာလေးဆွဲပြီး နိမိတ် ကောက်လိုက်ချင်ပါတယ်။

အယူအဆမတူ ရန်သူလို့ မသတ်မှတ်ဘဲ ပျှမ်းမျှတူညီနေတဲ့ အမှန်တရားလေးတွေ ရှာဖွေဆက်စပ်ပြီး လက်တွဲလိုက်ရင်

အလှတရားတစ်ခု တွေ့ရှိလာပါလိမ့်မယ်လို့ ပြောပါရစေရှင်။

padonmar

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)

   Send article as PDF