“ခွမ်း”

ဖန်ခွက်ကို သူ့ခြေထောက်နှင့်တိုက်ချလိုက်မိတယ်။ ဒါဆိုရင်တော့ ကိုသြတို့ အော်တော့မယ်ဆိုတာ သိတယ်။ ကိုသြတို့အခန်းထဲကိုရောက်လာခဲ့တာကြာပြီ။ တစ်ခြားနေရာတစ်နေရာမှာနေတုန်းကဆိုရင် သူ ၀၀လင်လင် ပြည့်ပြည့်စုံစုံ မစား မသောက်ခဲ့ရဘူး။ ကိုသြတို့အခန်းမှာတော့ သူ့အတွက် နတ်ဘုံနတ်နန်းကိုရောက်နေရသလိုပဲ..။ သူကလည်း သူ့အပြင် အဖော်အပေါင်းတွေကိုပါ ကိုသြတို့အခန်းကိုခေါ်လာခဲ့တာ ခုဆိုရင် ပျော်စရာကြီး။ တစ်ခါတစ်ရံ ကိုသြတို့ သူငယ်ချင်းသုံးယောက် ငြင်းခုံနေတာကို ချောင်တစ်နေရာကနေ နားထောင်ပြီး နေရတာ ပျော်စရာကောင်းသလို တစ်ခါတစ်လေမှာတော့ ကိုသြတို့သူငယ်ချင်းတွေ စိတ် အခန့်မသင့်ဖြစ်ပြီး အော်ဟစ်ရန်ဖြစ်နေရင်တော့ သူလည်း ထွက်ပြေးရတာပါပဲ..။

သူက ကိုသြတို့အခန်းထဲမှာနေပေမယ့်လို့ စည်းမရှိ ကမ်းမရှိ မလုပ်ဘူး။ အဲ စည်းမရှိ ကမ်းမရှိနေရင်တော့ သူက ကိုသြတို့ သူငယ်ချင်းသုံးယောက်ကို ပညာပေးမိတာလည်းရှိတာပေါ့။ ကိုသြတို့က လူတွေကသာ ခန့်သန့်သန့်နေတာ။ ကိုသြဆိုရင် အနေအထိုင်သန့်တယ်..။ သန့်ရှင်းတာကိုကြိုက်တယ်။ သူဖြတ်ပြေးနေကျ ဖန်ခွက်ခြင်းဆိုရင် ကိုသြကနေတိုင်း တိုက်ချွတ်ဆေးကြောနေတာ။ နေနေဆိုတဲ့ ကိုသြသူငယ်ချင်းကတော့ လူကတော့ သန့်သန့်လေးနေပါတယ်။ လူတွေပြော ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ ဘာတဲ့။ ပါးမှာတော့ သနပ်ခါး၊ ပေါင်မှာ သေးကွက်ကြားဆိုတာလေ။ ဟုတ်လားတော့မသိဘူး။ သူနားလည်သလိုပြောရတာ။ အဲလိုလူမျိုး။ နေနေတစ်ယောက် အ၀တ်အစားခေါက်တာတွေ၊ အိပ်ယာကို သန့်သန့်လေးပြင်တာတွေတော့တွေ့ရတယ်။ တစ်ခုပဲ စားခွက်တွေ နေ့ကူးအောင် မဆေးမကြောပဲနေတတ်တာပေါ့။ ဒါဆိုရင်တော့ သူတို့အပေါင်းအပါတွေ အကြိုက်ပဲ။ ခွေး ဘုရားပွဲတွေ့ အဲ ကြွက် ဘုရားပွဲတွေ့သလိုပဲလို့ပြောရင် မှန်မယ်ထင်ပါရဲ့။ ၀မ်းဗိုက်တွေကို ပူနေအောင် စားရတတ်တယ်။ ဒါပေမယ့် ကိုသြ ထမင်းစားကောင်းတဲ့ရက်ဆိုရင် သူတို့တစ်တွေ ငတ်ရော။ ကိုသြကလည်း အစားအသောက်ဆိုရင် သူတို့ ကြွက်တွေထက်တော့ အစားကျူးပုံရတယ်။ သူ ကိုသြရဲ့အခန်းထုတ်တန်းပေါ်ကနေကြည့်နေတာ တစ်ခါတစ်ခါ ချိုင့်ထဲမှာ ဘာမှကိုမကျန်တာ။ အဲဒီအခါဆိုရင် သူက ကျန် အပေါင်းအဖော်တွေကို ပြောရတယ်။

“ဒီနေ့ မင်းတို့ ကံမကောင်းဘူးလို့”

နောက်ထပ် ကိုသြရဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ သူကလည်း လူချောပဲ..။ ဒါပေမယ့် သူလည်း လူလေးသန့်သလောက် ညစ်ပတ်တယ်။ အ၀တ်တွေလုံးထည့်တာမျိုး။ မခေါက်ပဲထားတာမျိုး။ ခြင်းတောင်းထဲထည့်ပြီး လေးငါးရက်ထည့်ထားတာမျိုးတွေ လုပ်တတ်တယ်။ ဒါဆိုရင် သူတော့ အသည်းတွေ ယားနေပြီ။ ကိုက်ချင်နေပြီ။ ကိုသြတို့အခန်းက နတ်ဘုံနတ်နန်းဆိုတာလည်းမပြောနဲ့လေ။ ကိုက်ချင်စရာ စာရွက်စာတမ်းတွေ၊ အ၀တ်အစားတွေ၊ စားကြွင်း စားကျန်တွေက သြတိုက်လို့နေတာ။ ကိုသြက စာရေးဆရာပေါက်စတဲ့။ ရေးပြီးရင် စာရွက်တွေကို လုံးလုံးပြီး ပစ်တတ်တော့ သူတို့ လိုက်လိုက်ဆွဲရတယ်။  ကိုသြတို့ သူငယ်ချင်းသုံးယောက်ဆုံပြီဆိုရင် သူတို့လည်း တစ်နေရာကနေ စောင့်နားထောင်နေကြတာ။ ကိုသြတို့က အခါအားလျှော်စွာ ပါတီတွေကလည်း ကျင်းပတတ်သေးတာ။

စိတ်ညစ်လို့ဆိုပြီး ပုလင်းထောင်တတ်သလို၊ ပျော်လို့ဆိုပြီး ပုလင်းထောင်ပြန်သေးတာ။ အဲဒီအခါဆိုရင် ကိုသြတို့ သူငယ်ချင်းတစ်သိုက် မမူးခင်ကတည်းက သူတို့ အမှောင်ရိပ်ကနေ အိပ်စောင့်နေရတော့တာ။ ဘာကြောင့်လဲဆိုရင် ကိုသြတို့ မူးပြီဆိုရင် ဘာစားခွက်မှ မသိမ်းတော့ဘူး။ သူတို့မှာ ဟင်းပန်းကန်တွေ၊ ခွက်တွေပေါ်ကို ခုန်ပျံကျော်လွှားပြီး ဗိုက်ကြီးတစ်ခုလုံး ကယ်ထနေအောင် စားရသောက်ရတော့တာ။ တစ်ခါတစ်လေများ ၀မ်းအပြင် သယ်ထုတ်ရတာတွေတောင်ရှိသေး။ ကိုသြတို့ကလည်း အထိမ်းအမှတ်တွေ များသလားတော့မမေးနဲ့ သူလို ကြွက်တောင် မျက်စိလည်တယ်။

 

(၂)

 တော်တော်ကြာ သူငယ်ချင်းနုတ်ဆက်ပွဲ။ တော်တော်ကြာ သူငယ်ချင်းမွေးနေ့၊ တော်တော်ကြာ ကိုသြ မွေးနေ့။ မိုးအေးလို့။ မိုးစွေလို့။ တစ်ခါတစ်ရံ ကြီးကြီးကျယ်ကျယ် စားဖိုဆောင်က ဟင်းမကောင်းလို့ဆိုပြီ ကိုသြတို့ဘာသာ  ချက်စားကြတာကပါသေး။ အခါကြီး ရက်ကြီးတွေလည်း မလွတ်စေရဘူး။ သူတို့ကတော့ ကိုသြတို့ ဘာလုပ်လုပ် ကြိုက်တယ်။ ဘာကြောင့်ဆို သူတို့ ကြွက်တွေ ၀မ်းဆူဖြိုးရတယ်လေ။

ခုလည်း လူချောတစ်ယောက်ရဲ့ အ၀တ်အိတ်ကြီး ဖောင်းတင်းနေပြီး မခေါက်မပြုထားလို့ သူတော်တော် မျက်စိနောက်နေပြီ။ ပညာတစ်ခုခုပေးဖို့ သူခေါင်းစားနေရတယ်။ ဒါမှလည်း ကိုလူချောမှတ်မယ်ထင်ပါရဲ့။ ကိုလူချောမှာက အ၀တ်အစားသိပ်ရှိလှတာမဟုတ်ဘူး။ ရှားရှားပါးပါးလေးတွေကို ရွေးကိုက်လိုက်လို့ကတော့ အသည်းပေါက်ချင်ပေါက်နေမှာ။

“ဟာ သွားပါပြီ……”

နေနေက ထအော်တော့ ကိုသြတို့နှစ်ယောက်က ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်တယ်။

“ဒီမှာ လူချော”

“ဟင် ဒါ ငါ့အကျီ မဟုတ်လား ဘာဖြစ်တာလဲ”

“ဘာဖြစ်ရမှာလဲ ကြွက်ကိုက်တာကွ ကြွက်ကိုက်တာ..”

“ဟာ အိတ်ထဲထည့်ထားတာကို”

“ရလိမ့်မယ် အားကြီးကြီး ကြွက်က မကိုက်တတ်ဘူးဆိုတော့ နည်းတောင်နည်းသေး”

ကိုသြက ဒီလိုမှတ်ချက်ပြုတယ်။သူက ချောင်တစ်မှ ကပ်နေရတယ်။ မြင်သွားရင် ဒုက္ခ။ လူတွေက သူတို့မြတ်နိုးတဲ့ အရာတွေ အလကားပျက်စီးသွားရင် ကျွဲမြီးတိုတတ်တယ်လို့ကြားဖူးတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်ယောင်သွားပြလို့ကတော့ အရိုးတခြား အသားတခြားဖြစ်သွားမှာ သူသိတာပေါ့။ ကြွက်ပဲ လည်တာပေါ့။

“အပေါက်ကြီးကနည်းတာမဟုတ်ဘူး “……….”ကြွက်တွေ”

“ဟ မဆဲနဲ့ နေနေ တော်တော်ကြာ မင်း အကျီတွေပါလာကိုက်သွားဦးမယ်”

“ဘာလို့လဲ ကိုသြ”

“ကြွက်တွေက နားသိပ်ပါးတာ သူတို့ကို ဆဲရင် သူတို့ မှတ်ထားပြီး မင်းတို့ အမြတ်တနိုးထားတဲ့အရာတွေ လာကိုက်သွားရော”

“ဟုတ်လို့လား ကိုသြရာ ဒါဆိုရင် ဘွားတေး ဘွားတေး အဘကြွက်တွေ ကြားရဲ့လား အလကားပြောတာ ”

သူ တို့ကိုဆဲလို့ အစကတော့ စိတ်တိုမလို့။ ပြန်ပြီး ဘွာတေးလုပ်တဲ့အတွက် ခွင့်လွှတ်လိုက်မယ်။ ကိုယ့်ဟာကို စည်းမရှိ ကမ်းမရှိနေလို့ ပညာပေးတာကို မသိပဲ သူတို့ကို လာဆဲနေရသေးတယ်။

(၃)

အလကား ကျေးဇူးမသိတတ်တဲ့ လူတွေ။ သူတို့ကြွက်တွေကို အခြောက်တိုက် အမြင်ကပ်နေကြတယ်။ သူတို့က နေသေးတာ ပ ချူံထဲကပဲ။ ဘယ်နှယ့် အမှိုက်တွေ စည်းမရှိ ကမ်းမရှိပစ်ထားလို့ ကိုက်တယ်။ ဘုရားပန်း ရေမလဲလို့ ကိုက်တယ်။ ဘုရား ဆွမ်းတော် အချိန်မီမစွန့်လို့ စားတယ်။ သောက်တော်ရေ ခြင်ပေါက်အောင်ထားလို့ တိုက်လဲတယ်။ ဒါတွေ သူတို့ အပြစ်လား။ ခုလည်း လူချောက စိတ်တိုနေလောက်ပြီ။ ကိုသြကတော့

“မနက်ဖြန် ကြွက်ကပ်ကော် ချမလား”

“ဟာ မလုပ်ပါနဲ့ ကိုသြကလည်း ကျနော် ကြည့်ရှင်းပါ့မယ်”

“မင်း အဘတွေကို ဘယ်လို ရှင်းမလို့လဲ နေနေ မင်းလည်း ကြည့်နေ ဘာလဲ ထမင်းပန်းကန် ဟင်းပန်းကန်တွေ တစ်ခါတည်းမဆေးပဲထား မင်းအဘတွေက မင်းအိပ်နေတုန်း “…..”ကိုလာကိုက်သွားမယ် ဘာမှတ်လဲ”

“ကိုက်တတ်လို့လား ကိုသြရဲ့”

“ကိုက်တတ်တာပေါ့ လူချောရဲ့ မယုံရင် မင်းခြေထောက်ကို ဟင်းအနှစ်သုတ်ပြီး အိပ်ကြည့်လေ”

ကိုသြက ဒီလိုပြောတော့ နေနေနဲ့ ကိုလူချော ဘာမှမပြောတော့ဘူး။ ဒါတောင် နေနေရဲ့ ကြွက်စုတ် ကြွက်နာ ကြွက်ပဲ့ ဆိုတဲ့ စကားသံကို ကြားဖြစ်အောင် ကြားလိုက်သေးတာ။ ဒါကြောင့်ပြောတာ သူတို့ ကြွက်တွေ နားသိပ်ပါးပါတယ်လို့။

ဒီနေ့တော့ သူတို့ ပျော်ပျော်ကြီး ကိုသြရဲ့ အခန်းထဲမှာ ကမြင်းခွင့်ရတယ်။ ကိုသြတို့မရှိဘူး။ အပြင်ထွက်သွားကြတယ်။ ခါတိုင်းက နှစ်ယောက်အပြင်သွားရင် တစ်ယောက်ရှိနေတတ်တော့ သူတို့က တိုးတိုးလေး ကမြင်းရတာ။ ခုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းလို့ရပြီ။ အမှိုက်ခြင်းထဲမှာ ဟိုနေ့က နေနေ ပစ်ထည့်လိုက်တဲ့ ခေါက်ဆွဲအိတ်ရှိတယ်။ နောက် လိမ္မော်သီးတွေ။ စားပွဲပေါ်မှာ ရေးလက်စ စက္ကူတွေ ။ အကျီတွေ အပုံလိုက်။ ပွတာပဲ။ သူ ဇနီးချောလေးကလည်း နေ့စေ့ လစေ့နေပြီဆိုတော့ မီးဖွားဖို့ လိုနေတာ။ အမယ် အထင်တော့မသေးလိုက်နဲ့ ကြွက်တွေလည်း မျိုးဆက်ဆိုတာကြီးကို တန်ဖိုးထားတတ်ပါတယ်နော်။ ဒီနေ့တော့ လွတ်လွတ်လပ်လပ်ကြီးကို ကဲနေလိုက်တာ။

အခန်းထဲမှာ ၀ုန်းဒိုင်းကိုကျဲလို့။ စက္ကူတွေ ဆွဲယူ။ အကျီတွေကိုကိုက်။ အသီးတွေ အမှိုက်တွေ ဖွ။ ဘုရားစင်ပေါ်ကြည့်ုလိုက်တော့ ဆွမ်းတော်က မစွန့်ရသေးဘူး။ အကြိုက်ပေါ့။ ပွထနေအောင် ထင်တိုင်းကျဲပစ်လိုက်တယ်။ ဒါမှ ပညာကောင်းကောင်းပေးတယ်ခေါ်တယ်။ ကိုသြတို့ သူငယ်ချင်း တစ်ယောက်မရှိ တစ်ယောက်ရှိနေရင် မလွတ်လပ်ဘူး။ တစ်ယောက်အပြင်သွားရင် တစ်ယောက်က လုပ်ချင်ရာလုပ်ရော။ ပြောရဦးမယ်။ တစ်ခါတုန်းက ကိုသြအပြင်သွားတုန်းဆိုရင် နေနေက တီဗွီကိုကြည့်ချင်တာ ဖွင့်ကြည့်တာ။ ခွေတွေဆိုတာလည်း တစ်ခွေပြီး တစ်ခွေ။

သူတို့ကြွက်တွေတောင် မကြည့်ရဲလို့ ထွက်ပြေးရတယ်။ အဲဒီတုန်းက နေနေကြည့်နေတာ ဘာကားမှတ်တုန်း။ မပြောတော့ မပြောတတ်ဘူး။ ဟိုဗျာ..ဟို…….။ ဟို…ဟာဗျာ..။ အမယ်လူတွေကသာ ပြောတတ်ကြတာ။ ဘာတဲ့။ တိရိစ္ဆာန်တွေက အရှက်ကိုမရှိဘူးတဲ့။ သူတို့တွေ မိတ်လိုက်ရင် လူရှေ့မရှောင် သူရှေ့မရှောင်တဲ့။ လောကသဘာဝအရကို သူတို့လို တိရိစ္ဆာန်တွေက အသိဥာဏ်နဲတာကိုတော့ မသိဘူးလားမသိဘူး။ သူတို့တိရိစ္ဆာန်တွေ ဘာမှာ အ၀တ် ၀တ်လို့လဲ။ ဘယ်မှာရယ်လို့လဲ။ ဘယ်မှာ ပြုံးလို့လဲ။ ဘယ်မှာ အလှပြင်လို့လဲ။ လူတွေပဲ ရယ်တတ် ပြုံးတတ်၊ အလှပြင်တတ်၊ အ၀တ် ၀တ်ကြတာ။

 

(၄)

ဘယ်တိရိစ္ဆာန်က ဘာသိမှလဲ။ အိပ်..စား…ကာမ….ပဲတတ်တဲ့ တိရိစ္ဆာန်တဲ့။ ပြောပဲ ပြောတတ်ကြတယ်။ လူတွေထဲမှာလည်းရှိပါတယ်..။။ အိပ်လိုက် စားလိုက် ….ကာမဆက်ဆံလိုက်နဲ့ အဲဒါကျတော့ ဘာမှမပြောတတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် ခိုင်းနှိုင်းလိုက်ကြရင် ခွေးကျင့် ခွေးကြံ ကြံတယ်တဲ့။ ခွေးဇာတ်ခင်းတယ်တဲ့။ ဟော ခုကြည့် နေနေတစ်ယောက် ကြည့်နေတဲ့ ဟာကျတော့ ဘာဇာတ်ခင်းနေကြတာလဲ..။ သူ မကြည့်ရဲ့လို့ ထွက်ပြေးရတယ်။ သူ့ဇနီးချောလေးက မေးတယ်

“ဘာလို့ပြေးလာတာလဲ ဘာကြည့်နေတာလဲ အွန်စောလား ဂျွန်ဖြိုးလား..။ ကျမကြည့်ချင်လိုက်တာ။ မပြောမဆိုနဲ့ ပြေးလာရတယ်လို့ ကျမကျလာမခေါ်ဘူး”

“ငါဘာလို့ပြေးလာတာလဲ မင်းမသိပါဘူး သူ ဘာကားကြည့်နေတယ် မင်းထင်လို့လဲ”

“ဘယ်သိမလဲ..”

“ဟို ..ဟာကွာ…ဟိုဟာ”

“ဘာလဲ ….ဘယ်ဟာလဲ….”

” လူတွေ ချစ်တမ်း ကစားနေတဲ့ကား….ငါတို့ ကြွက်တွေနဲ့မဆိုင်ဘူးလာ”

သူ ဒီလိုပဲဖြေလိုက်တော့တယ်။ ကိုသြတို့အခန်းက အဲဒါတွေမမိုက်တာ။ တစ်ခါတစ်ခါ သူ့ သားသမီးတွေ မြင်သွားမှာစိုးလို့ အပြင်ထွက်တော့မယ်ဆိုရင် သူတို့ ဘာကားတွေကြည့်နေတာလဲ အရင် ကင်းထောက်ရတယ်။ တစ်ခါတစ်ခါကျတော့လည်း ဗဟုသုတ ရစရာလေးတွေ ဖွင့်တတ်ပြန်ရော။ အဲဒါမျိုးဆိုရင် သူက သိပ်ကြိုက်တာ။ သူတို့က ဒီဘ၀မှာ ကံမကောင်းအကြောင်းမလှလို့ ကြွက်ဖြစ်ရပေမယ့် လေ့လာဆည်းပူးစရာရှိတာတော့ လူတွေနဲ့ တန်းတူ ထပ်တူထပ်မျှလေ့လာတယ် ။ ဒါမှ ကြွက် သိဥာဏ်မြင့်မှာပေါ့။ ကိုသြက ဖွင့်လိုက်ရင် စာပေဟောပြောပွဲခွေတွေပဲ။ဒါမျိုးဆိုရင် သူကတော့ သူ့သားသမီးတွေ၊ အပေါင်းအဖော်တွေ…ခေါ်ပြီး နားထောင်ခိုင်းတာ။ နားမလည်တာရှိရင် ရှင်းပြရတာပေါ့။သူက အားလုံးထဲမှာ ကြွက်လည်ကိုး။ဒါဆိုရင် သူ့ကို စာရေးဆရာတွေ နာမည်မေးရင် သူက ဖြေပြလိုက်ဦးမယ်။

ဆရာနေ၀င်းမြင့်တို့၊ မောင်သာချို၊ ဦးအောင်သင်း၊ ချစ်ဦးညို၊ ခင်ခင်ထူး၊ နောက်ဆရာတွေလည်းသိတယ်။ သူတို့ ဟောပြောတာတွေကို ကိုသြတို့နဲ့အတူကြည့်ပြီး မှတ်စရာတွေမှတ် ရယ်စရာရှိတာတွေရယ်။ သူ အားကြီးကျေနပ်တယ်။ ဒါတောင် သူတို့ကြွက်တွေ စာ သိပ်မတတ်လို့ တတ်များ တတ်ရင်တော့ ကိုသြ ၀ယ်ထားတဲ့ စာအုပ်တွေကို ခိုးဖတ်မိမလားပဲ။ ကိုလူချောဆိုတဲ့လူကတော့ တကယ့်လူ။ လုပ်လိုက်ရင် ကွန်ပျူတာ တစ်ဂျောက်ဂျောက်နဲ့။ နားကိုငြီးနေတာပဲ။ ကိုလူချော ကွန်ပျူတာကိုင်တဲ့ရက်ဆိုရင် သူတို့ ထွက်ပြေးရရော။ နားဆူဒဏ်ကို မခံနိုင်တာ သူတို့တွေအကုန်လုံးပေါ့။ကိုလူချောကလည်း လူတစ်မျိုး။ အလုပ်တစ်ခုလုပ်ရင် အာရုံစိုက်လုပ်တတ်တယ်။ ဒါတော့ သူနဲ့တူတယ်။ ဘာလို့လဲဆိုတော့ ကြွက်ဆိုပေမယ့် အာရုံမစူးစိုက်တတ်ရင်…ကျဆုံးတတ်ရော။ နောက် လျှင်မြန်ဖျတ်လတ်ရတယ်။ မျက်စိ၊ နားတွေ စွင့်ထားရတယ်။ အသင့်အနေအထားနေရတယ်။ ဒါမှ ဟိုမကောင်းဆိုးဝါး ကြောင်ကြီးတွေရန်က လွတ်မှာပေါ့။

ကိုလူချောကို အဲဒါတော့ သူသဘောကျတယ်။ သဘောမကျတာ တစ်ခုပဲ။ အိပ်ချိန်တန် မအိပ်ပဲ လုပ်ချင်ရာလုပ်တတ်တာကိုတော့ သူမကြိုက်ဘူး။ သူတို့လည်း အအိပ်ပျက်တယ်။ နေနေ့ကိုတော့ သူတော်တော်လေး အမြင်ကပ်တယ်။အလကား….အရူး။ သူက ကြွက်ဖြစ်နေလို့ လူတာဆိုရင် နားရင်းထရိုက်တယ်။ ဘယ်နှယ့် ဆေးလိပ်တွေ မီးခိုးအူအောင်သောက်ပြီး လေထုကို ညစ်ညမ်းနေအောင်လုပ်ရတယ်လို့။ သူတို့မှာ ဘာဆေးလိပ်မှ သောက်စရာမရှိဘူး။ ဒါများ ပလိပ်ရောဂါက ကြွက်တွေကြောင့်ဖြစ်ရတာတဲ့။ လူတွေ လုပ်ချင်ရာလုပ်ပြီး ညစ်ပတ်တာကိုတော့ မပြောကြဘူး။

(၅)

ဒီနေ့တော့ သူ နေနေ့ကို စချင်လို့ နေနေ့ရဲ့ ဖိနပ်ကို ကိုက်ပြီး ကြမ်းအောက်ဆွဲယူထားလိုက်တယ်။ ဒီညတော့ ကိုသြတို့ပြန်လာချိန်ကိုမစောင့်တော့ဘူး။ ပြန်လာရင်တောင် မူးမူးနဲ့ပြောချင်ရာပြောနေမယ့် စကားတွေကို သူနားမထောင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မူးတိုင်းပြောတဲ့စကားတွေမို့လို့ အလွတ်ရနေပြီလေ။

“ဖိနပ် ဘယ်ရောက်သွားပါလိမ့် ကိုသြ ကျနော့်ဖိနပ် လူချော စီးသွားသလား”

“ဘယ်သိမှာလဲ မင်းဖိနပ်ကို မျက်လုံးထောင့်ထောက်ကြည့်နေတာမှ မဟုတ်တာ”

” ဖိနပ်ဘယ်ရောက်နေလဲမသိဘူး”

သူ ရုတ်တရက် လန့်နိုးလာတယ်။ နေနေတော့ ဖိနပ်ပျောက်လို့ ရှာနေပြီး သူ အသာ နားထောင်နေလိုက်တယ်။

“လူချော မင်းငါ့ဖိနပ်တွေ့သေးလား ”

“ဟင့်အင်း မတွေ့ပါဘူး ဒီမှာလေ ငါ့ ဖိနပ် ငါစီးထားတာ”

“မဟုတ်မှ လွဲရော ကြွက်များချီသွားလား..ဘယ်သူမှလဲ အခန်းနားမလာပါဘူး”

“ဟာ ကိုသြကလည်း ကြွက်က ဖိနပ်ချီပါ့မလား ”

“ပြောလို့ရမလား ကြွက်ပါဆို”

ကိုသြတို့ အချီအချပြောနေတဲ့ စကားတွေကိုနားထောင်ရင်း သူ ကျိတ် သဘောကျတယ်။ သူတို့ ဖိနပ်ချွတ်ခုံနားမှာ ရှာနေကြတယ်။ လူချောက ဒူးထောက်ပြီး ကြမ်းအောက်ကို ငုံ့ကြည့်တယ်။

“ဟိုမှာ ကြမ်းအောက်မှာ… ဘယ်လိုရောက်နေပါလိမ့်”

“သြော် ကြွက် ကိုက်ဆွဲသွားပါတယ်ဆိုမှ လက်နှိုက်ပြီး ယူလိုက်လေ”

နေနေတစ်ယောက်က ပွစိ ပွစိ ရွတ်တယ်။ ဘာတွေ ရွတ်နေမှန်းတော့ သူမသိဘူး။ကိုသြက နေနေ့ ဘက်လှည့်ပြီးမေးတယ်။

“ဘာတွေ ရွတ်နေတာလဲ ကြွက်တွေကို မင်း ကျိန်မဆဲရဘူးနော်…”

“မဆဲပါဘူး ကိုသြရာ”

“ဒါဆို မင်းဘာတွေ ရွတ်နေတာတုန်း”

“ကျနော်ရွတ်နေတာက ကြွက်တွေ ကျန်းမာပါစေ၊ ဘေးကင်းရန်ကင်းရှိပါစေ၊ မင်းတို့ကို ငါမနောက်ယှက်တော့သလို မင်းတို့လည်း မနှောင့်ယှက်ကြတော့နဲ့…လို့ပါ ကိုသြရဲ့”

သူ အံ့သြသွားတယ်။ သူတို့ကြွက်တွေကို နေနေ ကျိန်ဆဲတော့မှာပဲထင်ထားတာ။ ခုတော့ တခြားစီပါလား။

(၆)

“ငါလည်း စိတ်ထဲကပြောနေတာ အခန်းထဲမှာ ဒီကောင်တွေ မနေ့က တော်တော်လေး သောင်းကျန်းထားတယ် ဒါကို ငါ က မေတ္တာထားပြီး “မင်းတို့ နေချင်တိုင်းနေလို့ရပါတယ် ဒါပေမယ် ပစ္စည်းတွေကိုတော့ မကိုက်ပါနဲ့”လို့ ပြောနေတာ”

သူ ထပ်အံ့သြရပြန်တယ်။ ကိုသြကလည်း မေတ္တာထားတယ်တဲ့။  ဒါဆို လူချောကရော-

“လူချော မင်းကရော ကြွက်တွေကို ဘာပြောမလဲ”

“ကျနော်ကတော့ ဘာမှမပြောဘူး ကြွက်တွေ နေတတ်သလိုနေ ကျနော်တို့လည်း နေတတ်သလိုနေတော့မယ် ဒါပဲ”

သော်ဇင်(လွိုင်ကော်)

12th-Jan-2012

 

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား