တောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဘီ)ကို သုံးသပ်မိခြင်း

khinmintatthuJune 19, 20101min580

အုပ်စုပတ်လည်ပြိုင်ပွဲများ ဒုတိယအကျော့ပြိုင်ပွဲများယှဉ်ပြိုင်ကစားပြီးသွားချိန်မှာတော့ အုပ်စု (ဘီ) တွင်ယှဉ်ပြိုင်ကစားခဲ့သော အာဂျင်တီးနား၊ တောင်ကိုရီးယား၊ ဂရိ၊ နိုက်ဂျီးရီးယားအသင်း (၄)သင်း တို့ မှာတော့ ဗိုလ်စွဲရန် ရေပန်းစားမှုထဲတွင် ပါဝင်နေသော အာဂျင်တီးနားအသင်းသည် အုပ်စုတက်ရောက်ဖို့ သေချာသွားခဲ့ပြီးဖြစ်သလို နိုက်ဂျီးရီးယားအသင်းမှာလည်း အုပ်စုမှလှည့်ပြန်ဖို့ အသင့်ရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အုပ်စုတက်ရေးကိုတော့ တောင်ကိုရီးယားအသင်းနှင့် ဂရိအသင်းတို့ကသာ အင်တိုက်အားတိုက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် တောင်ကိုရီးယားအသင်းနှင့် အာဂျင်တီးနားအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။ တောင်ကိုရီးယားအသင်းသည်လည်း ၂၀၀၄ ယူရိုချန်ပီယံ ဂရိအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၃ မှတ်ရရှိပြီး အာဂျင်တီးနားအသင်းကလည်း နိုက်ဂျီးရီးယားအသင်းကို ဟိန့်ဇ်၏ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့ပြီး နောက်ထပ်ဂိုးသွင်းခွင့်များကို အာဂျင်တီးနားရှေ့တန်းတိုက်စစ်မှူးများ၏ ဂိုးသွင်းမသေချာမှုတို့ကြောင့် ဂိုးများစွာရခွင့်များဆုံးရှုံးခဲ့ရသည်။ အာဂျင်တီးနားအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့သည် နိုင်ပွဲများကိုယ်စီရရှိပြီး အနိုင်သုံးမှတ်စီဖြင့် အုပ်စုကို ဦးဆောင်ခွင့်ရရှိခဲ့သည်။ ပထမပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့သော နိုက်ဂျီးရီးယားအသင်းနှင့် ဂရိအသင်းတို့သည် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဂရိအသင်းသည် ဥရောပချန်ပီယံ အသင်းပီပီ နိုက်ဂျီးရီးယားအသင်းဘက်သို့ ဂိုးသွင်းခွင့်များစွာ ခြေစွမ်းပိုင်းအသာစီးဖြင့် ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အဝေးကန်ချက်များဖြင့် ထိရောက်စွာ ဖိအားပေးကစားနိုင်ခဲ့ပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ပွဲကစားခဲ့ရာတွင် တစ်ပွဲနိုင်တစ်ပွဲရှုံးဖြင့် အုပ်စုတက်ခွင့်ကို ပြန်လည်မျှော်မှန်းနိုင်ခဲ့သည်။ နိုက်ဂျီးရီးယားအသင်းကတော့ နှစ်ပွဲကစားနှစ်ပွဲလုံးရှုံးနိမ့်ကာ နှုတ်ဆက်ပြန်ရုံသာရှိတော့သည်။ နိုင်ပွဲကိုယ်စီရရှိထားသော အာဂျင်တီးနားအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ဒုတိယပွဲစဉ်သည်လည်း အကြိတ်အနယ်နှင့် ကြည့်ကောင်းခဲ့ပြီး အာဂျင်တီးနားအသင်းကလည်း ပထမပွဲစဉ်က ကစားခဲ့တုန်းကထက် ပိုမိုကောင်းမွန်ခဲ့ပြီး အနိုင်ရချင်စိတ်ဖြင့် ယှဉ်ပြိုင်ကစားသွားခဲ့သည်။ တောင်ကိုရီးယားအသင်းသည် အာဂျင်တီးနားအသင်းကို သရေတစ်မှတ်ရအောင် ထိန်းကစားပေမယ့်လည်း အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကို ဘယ်လိုမှ ထိန်းမထားနိုင်ခဲ့တာကြောင့် ၄-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲအနိုင်ကြောင့် အာဂျင်တီးနား အသင်းသည် ၂ ပွဲကစားပြီးချိန်တွင် ၂ ပွဲစလုံးအနိုင်ရရှိကာ ၆ မှတ်ဖြင့် အုပ်စုပထမဖြင့် အုပ်စုမှ တက်ရောက်ခွင့်ရရှိသွားခဲ့သည်။ တောင်ကိုရီးယားအတွင ်ထိုပွဲတွင် ရှုံးနိမ့်ခဲ့မှုကြောင့် ဂရိအသင်းနှင့် ရမှတ်တူညီသွားခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ အုပ်စုတက်ရောက်ဖို့အတွက် ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်များကို သုံးသပ်ကြည့်မယ်ဆိုရင် တောင်ကိုရီးယားအသင်းသည် အုပ်စုအဆင့်၄ အဆင့်ရှိတဲ့ နိုက်ဂျီးရီးယား အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂရိအသင်းမှာမူ အုပ်စုပထမအဆင့်ရှိတဲ့ အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်တာမို့ ဂရိအသင်းအတွက် အခက်အခဲဆုံး ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းအတွက်ကတော့ နိုက်ဂျီးရီးယားအသင်းကို အနိုင်ကစားနိုင်ရုံနဲ့ အုပ်စုတက်ဖို့အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ နိုက်ဂျီးယားအသင်းအတွက်ကတော့ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်တာမို့ အားစိုက်ကစားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… အာဂျင်တီးနားအသင်းနဲ့ တောင်ကိုရီးယားအသင်း နှစ်သင်းသည်သာ အုပ်စုတက်ရောက်ဖို့ သေချာသလောက်ရှိတယ်လို့ ပြောရပါလိမ့်မယ်… သေချာတဲ့အဖြေကိုတော့ အုပ်စုပတ်လည် တတိယပွဲစဉ်များကို စောင့်မျှော်ကြည့်ရင်း ရင်ခုန်ရတော့မှာဖြစ်ပါတယ်။