မြန်မာနိုင်ငံမှ ကျွန်းများ ပြည်ပဈေးကွက် အခိုင်အမာ ရရှိထားသော်လည်း ကျန်သည့်သစ်မာများ ဈေးကွက်ရရှိမှုနည်း နေသေး

khinmintatthuJune 11, 20101min480

မြန်မာနိုင်ငံမှ ကျွန်းများ ပြည်ပ ဈေးကွက်တွင် လူကြိုက်များသောကြောင့် ဈေးကွက်အခိုင်အမာရရှိ ထားသော်လည်း ကျန်သည့်သစ်မာများ ဈေးကွက်ရရှိမှု နည်းနေသေးကြောင်း သိရှိရသည်။ ကျွန်းသစ်ကိုမူ အာရှနိုင်ငံများနှင့် ဥရောပ၊ အမေရိကနိုင်ငံများအထိပါ ဈေးကွက်တင်ပို့ ရောင်းချလျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းနှင့် သစ်လုပ်ငန်းရှင် များအသင်းမှ စုံစမ်းသိရှိရပါသည်။
မြန်မာနိုင်ငံရှိ သစ်တောများမှ စီးပွားဖြစ် ထုတ်ယူရောင်းချနိုင်သည့် သစ်မာအမျိုးအစားပေါင်း(၈၅)မျိုး ဝန်းကျင်ခန့်ရှိပြီး သစ်မာအမျိုးအစား(၁၀)မျိုးခန့်ကိုသာ ပြည်ပတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ပြည်ပတင်ပို့ရောင်းချသည့် သစ်မာများ၌ ထောက်ကြန့်၊ ပိတောက်၊ သင်းဝင်၊ ပျဉ်းကတိုး၊ ယမနေ၊ ဘင်္ဂကဲ့သို့သစ်မာများပါဝင်ပြီး အင်ကညင်သစ် အမျိုးအစားကိုလည်း ပရိဘောဂအဖြစ် တင်ပို့ရောင်းချနိုင်ရန် စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
”သစ်မာပြည်ပ ဈေးကွက်ကရှိ တယ်။ ဒါပေမယ့် ကျွန်းကပေါနေတော့ သစ်မာဘက်မလှည့်နိုင်သေး တာပါ။ အခု ဘယ်လိုဖြစ်လည်းဆို တော့သစ်တောတစ်ခုထဲကနေကျွန်း ကိုပဲခုတ်နေမယ်ဆိုရင် ကျွန်းသစ်တွေကုန်ပြီး သစ်မာပဲကျန်တော့မယ်။ အဲ့ဒီအခါ သစ်တောတန်ဖိုးက ကျလာမယ်။ ဒါကြောင့် ကျွန်းလိုမျိုးပဲ သစ်မာကို ပြည်တွင်း၊ ပြည်ပဈေး ကွက် ကျယ်ပြန့်မှုရှိလာအောင်၊ လက်ခံလာအောင် ကြိုးပမ်းသွားမှာပါ။ ကျွန်းကိုတော့ အလုံးလိုက်ရော၊ အချောထည်ရော ပြည်ပဈေးကွက်ပို့ပါတယ်။ သစ်မာကိုတော့ အလုံးလိုက် တင်ပို့ဖြစ်တာက များပါတယ်” ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကရှင်း ပြခဲ့သည်။
သစ်မာပရိဘောဂများကို အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ ဥရောပနိုင်ငံများအထိ ပြည်ပဈေးကွက် ထိုးဖောက်မှုများရှိနေသော်လည်း တင်ပို့မှု အတွေ့အကြုံ၊ ဒီဇိုင်းအမျိုး အစား၊ နည်းပညာအခြေအနေများ ကြောင့် အရေအတွက်များများ တင်ပို့နိုင်ခြင်း မရှိသေးကြောင်းသိရသည်။


သစ်မာပြည်ပ ဈေးကွက်က ရှိတယ်။ ဒါပေမယ့် ကျွန်းကပေါနေတော့ သစ်မာဘက်မလှည့်နိုင်သေး တာပါ။ အခု ဘယ်လိုဖြစ်လည်းဆို တော့သစ်တောတစ်ခုထဲကနေကျွန်း ကိုပဲခုတ်နေမယ်ဆိုရင် ကျွန်းသစ်တွေကုန်ပြီး သစ်မာပဲကျန်တော့မယ်။ အဲ့ဒီအခါ သစ်တောတန်ဖိုးက ကျလာမယ်…


”သစ်မာနဲ့ထုတ်လုပ်ထားတဲ့ ပရိဘောဂတွေက အခြေအနေအမျိုး မျိုးကြောင့် ထွက်ရှိတဲ့ဒေသတွေမှာ မိသားစုပရိဘောဂ အသုံးကလွဲပြီး ကျန်တဲ့နေရာတွေမှာ အသုံးပြုတာ ရော၊ ရောင်းချတာရော ကျယ်ပြန့်မှု မရှိသေးပါဘူး။ ပြည်တွင်းမှာ အသုံးများအောင် အရင်ဆောင်ရွက်ပြီးမှ သစ်မာနဲ့ပတ်သက်လို့ အတွေ့အကြုံ ရလာပြီဆိုရင် ပြည်ပဈေးကွက် တင်ပို့တဲ့အခါမှာ မြန်မာ့သစ်မာပရိဘောဂ ဈေးကွက်အခြေအနေ ကောင်းမွန်လာနိုင်ပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
လက်ရှိတွင်သစ်မာ ပရိဘောဂများကို ပြည်တွင်းဟိုတယ်များ၊ ရုံး၊ အိမ်၊ ကျောင်း၊ ဆောက်လုပ်ရေး ငန်းခွင်သုံး၊ တန်ဖိုးနည်းအိမ်ရာအ သုံး ဈေးကွက်ရရှိရန်ဦးတည်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌သစ်မာပရိဘောဂ များအသုံးပြုမှုတွင်ကျယ်လာစေရန် ရည်ရွယ်၍လည်း ပထမဆုံးအကြိမ် မြန်မာ့သစ်မာပရိဘောဂပြပွဲကို ၂၀၁ဝ ခုနှစ်၊ မေလ(၁)ရက်နေ့မှ(၃) ရက်နေ့အထိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

”အခုကျွန်းသစ်(သဘာဝကျွန်း) က ကမ္ဘာ့ကျွန်းဈေးကွက်မှာ အပြိုင်ဖြစ်လာပြီ။ မြန်မာ့ကျွန်းသစ်ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ ရေပန်းစား ပေမယ့် စိုက်ကျွန်းတွေဝင်လာတဲ့ အတွက် ဈေးကွက်ဝေစု နည်းလာတယ်။ အဲ့ဒီအတွက် သစ်မာဈေးကွက်လည်း အားနည်းလာတာ ဖြစ်ပါလိမ့်မယ်” ဟု သစ်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်ဟု သိရှိရသည်။