ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ တက်ရန် ပြင်ဆင်

introJune 17, 20101min740

ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများသည် အထူးအယူခံ တက်ရန်အတွက် ပြစ်မှုဆိုင်ရာ လျှောက်လဲချက်များကို ယနေ့ ဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

daw_suu_poster

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၁၂ နာရီ ကျော်မှ ၃ နာရီ အထိ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်ရာ အယူခံ ဆက်တက် ထားသည့် ကိစ္စများ ကိုလည်း ဆွေးနွေး ခဲ့ကြောင်းလည်း ၎င်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ ဩဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။
သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်များကို တင်သွင်းခြင်း ဖြစ်သည်။