မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ မလေးရှားကို UNHCR တိုက်တွန်း

introApril 23, 20101min751

မြန်မာနိုင်ငံအတွင်းကနေ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ရောက်လာကြတဲ့ ချင်းတိုင်းရင်းသားတွေ ၁ဝနှစ် အတွင်းမှာ လေးသောင်းလောက် ရှိလာတယ်လို့ မလေးရှားရောက် ချင်းတိုင်းရင်းသားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေနဲ့ ဖိနှိပ်မှုတွေဘေးကနေ လွတ်မြောက်ဖို့ထွက်လာကြတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ကူညီစောင့်ရှောက်ဖို့ မလေးရှား အာဏာပိုင်တွေကို UNHCR ကုလသမဂ္ဂ အရာရှိတွေက တိုက်တွန်းနေပါတယ်။ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအကြောင်း Reuter သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ မှတ်တမ်းတွေအရ မလေးရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ ဒုက္ခသည် အဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့သူ ၈၆,၀၀ဝ ရှိပါတယ်။ အဲဒီအထဲက ၉၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ် လို့ UNHCR အရာရှိတွေက ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေ မလေးရှားနိုင်ငံမှာ ၄၀,၀၀ဝ လောက် ရှိတယ်ဆိုပေမဲ့ အဲဒီတိုင်းရင်းသားတွေ အားလုံး ဒုက္ခသည် အဖြစ် အစောင့်အရှောက်ခံရတာတော့ မဟုတ်ပါဘူး။

အများစုဟာ မြန်မာနိုင်ငံအတွင်းက ဘာသာရေး၊ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ထွက်ပြေးလာတဲ့သူတွေ ဖြစ်ပါတယ်။

“ကျမ volunteer အနေနဲ့ ကလေးတွေကို စာသင်ပေးတယ်။ ဒါပေမဲ့ စစ်သားတွေက ကျမကို ကန့်ကွက်တယ်။ နင်က ကျောင်းသားတွေက ထောက်ပံ့လို့ အခုလိုလုပ်တာဆိုပြီးတော့ သူတို့တွေက ကျမကို စွပ်စွဲတယ်။ ပြီးတဲ့အခါကျတော့ ကျမတို့က ခရစ်ယာန်တွေလည်း ဖြစ်တဲ့အခါကျတော့ မကြိုက်ဘူးပေါ့နော်။”

မလေးရှားကိုရောက်လာတဲ့ ချင်းတိုင်းရင်းသူတယောက် ပြောပြသွားတာပါ။ ချင်းတိုင်းရင်းသူတွေအတွက် UNHCR ရဲ့ အထောက်အပံ့နဲ့ လက်လုပ် ချည်ထည်ပစ္စည်းတွေ၊ စားပွဲခင်း၊ ပိုက်ဆံအိပ် စတာတွေ ချုပ်ပြီး ရောင်းချတဲ့ လုပ်ငန်းလေးတခု ထူထောင်ပေးထားပါတယ်။

၂၀၀၅ ခုနှစ်က အမျိုးသမီး ၂ဝ လောက်နဲ့စခဲ့တဲ့လုပ်ငန်းဟာ အခုတော့ အမျိုးသမီး ၅ဝ လောက်ကို ထောက်ပံ့ပေးနိုင် နေပြီလို့ ပြောပါတယ်။ မလေးရှားမှာရောက်နေတဲ့ ချင်းတိုင်းရင်းသား အရေအတွက်နဲ့စာရင်တော့ ဒီအထောက်အပံ့က မဖြစ်လောက်ဘူး ဆိုပြီး ဝေဖန်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။

UNHCR အရာရှိတွေကတော့ မလေးရှား အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေရဲ့ဘဝ ပိုပြီး တိုးတက်လာအောင် နည်းလမ်းတွေ ရှာပြီး ထောက်ပံ့ပေးသင့်တယ်လို့ ထောက်ပြနေပါတယ်။ မလေးရှားနိုင်ငံ ဆိုင်ရာ UNHCR ကိုယ်စားလှယ် Alan Venon က ဒုက္ခသည်တွေ ရှေ့ရေးနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“မလေးရှားနိုင်ငံမှာ ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုကောင်းအောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ ကံဆိုး အကြောင်းမလှလို့ ကိုယ့်တိုင်းပြည်မှာ လာခိုလှုံရတဲ့ သူတွေကို ကိုယ့်ဘာသာ ရပ်တည် နိုင်အောင်၊ ပြဿနာတွေ အဖြေရှာနိုင်တဲ့အချိန် အတိုင်းအတာတခုအထိ ထောက်ပံ့ပေးနိုင်တဲ့ တိုင်းပြည်တခု အဖြစ် ဂုဏ်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ချင်းတိုင်းရင်းသူ တယောက်က သူတို့ နေထိုင်တဲ့ အခြေအနေကို ချင်းဘာသာနဲ့ အခုလို ပြောပါတယ်။

“ကျမတို့တိုင်းပြည်မှာ စစ်သားတွေက ဖိနှိပ်ပေမဲ့ နေစရာ ကိုယ်ပိုင် အိမ်လေးနဲ့ ဝိုင်းလေးတော့ ကျမတို့မှာ ရှိခဲ့ပါတယ်။ ဒီမလေးရှားမှာတော့ အခန်းကျဉ်းကျဉ်းလေးမှာ လူ ၃ဝ လောက်နဲ့ ဖြစ်သလို ကျပ်ကျပ်ညပ်ညပ် နေရပါတယ်။ တခါတခါတော့ အသက်ရှုလို့တောင် မဝပါဘူး။”

မလေးရှားနိုင်ငံဟာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းလောက်ကို လက်ခံထားတဲ့ နိုင်ငံပါ။ သူ့တိုင်းပြည်တွင်းကို ရောက်လာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ၊ ဒုက္ခသည်တွေအပေါ် မလေးရှား အာဏာပိုင်တွေရဲ့  ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး မကြခဏ ဝေဖန်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

မတ်လအတွင်းကပဲ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက မလေးရှားနိုင်ငံမှာ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှုတွေ၊ ရဲတွေက ငွေညှစ်တာ၊ အဓမ္မ စေခိုင်းတာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာလည်း မလေးရှား အာဏာပိုင်တွေကိုယ်တိုင် နိုင်ငံခြားက ဝင်လာတဲ့သူတွေကို ငွေညှစ်တာ၊ လူကုန်ကူးတဲ့သူတွေဆီ ရောင်းစားတာတွေ ရှိနေတယ်ဆိုပြီး ဖေဝန်ခဲ့ပါတယ်။

ချင်းတိုင်းရင်းသူ အမျိုးသမီးတယောက်ကတော့ မလေးရှားမှာ မနေချင်တော့ဘူးလို့ အခုလို ချင်းဘာသာစကားနဲ့ ပြောပါတယ်။

“နိုင်ငံရေး အခြေအနေကြောင့်ပဲ ကျမတို့ မိသားစု တကွဲတပြားစီ ဖြစ်ရတာ။ အခြေအနေ ပေးရင်တော့ ကျမ မလေးရှားမှာ မနေချင်တော့ဘူး။ မိသားစုနဲ့ ခွဲ မနေသင့်တော့ဘူးလေ။”

မလေးရှားရောက် မြန်မာနိုင်ငံသားတွေရဲ့ ဘဝ ပိုပြီးကောင်းမွန်ဖို့ဆိုတာ မလေးရှားရဲတွေနဲ့ အလုပ်ရှင်တွေဘက်က လူသားချင်းစာနာပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံတွင်း အခြေအနေတွေ ပြောင်းသွားပြီး မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ လူသားချင်းစာနာတဲ့ အပြောင်းအလဲတွေ လုပ်လာခဲ့မယ်ဆိုရင်လည်း ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကြုံနေရတဲ့ဒုက္ခတွေ အဆုံးသတ်ပြီး ပြည်တော်ပြန်နိုင်မယ့် အခွင့်အလမ်းကောင်းတခု ဆိုပြီး မျှော်လင့်ကြသူတွေလည်း ရှိနေပါတယ်။

Ref: VOA News

One comment

  • snique

    August 4, 2010 at 6:40 am

    ဒုက္ခ သည် ဒုက္ခ သည် အင်း ကျွန်တော်က မလေးရှား က နေ ရန်ကုန် ကို ပြန်ရောက်တာ မကြာ သေးပါဘူး ပြန်ထွက်ဖို ့လဲ ရှိပါတယ်
    အဲဒီ မှာ နေခဲ့တဲ့ ကာလ တစ်လျှောက် အများ ဆုံးတွေ ့ရတာ Refugee တွေပါပဲ တစ်ချို ့ က တကယ်ဒုက္ခ ရောက်လို ့လာကြတာ ရှိသလို တစ်ချို ့ကလဲ တတိယ နိုင်ငံ သို ့ ဆို တဲ ့ရည်ရွယ်ချက် နဲ ့နေကြပါတယ်။ အဆင်ပြေတဲ့သူတွေ ချမ်းသာနေတဲ့သူတွေရှိသလို တကယ် ကို ဒုက္ခ ရောက်နေ တဲ ့သူတွေကိုလဲ တွေ ့ရပါတယ်
    UNHCR က လူ ့အခွင် ့အရေးအတွက် လုပ်ပေးတာကို မြန်မာ နိုင်ငံ က လူ နပ် တွေ လူလည်တွေ က အခွင့်ကောင်းယူနေတာ လဲ တွေ ့ရပါတယ်။ တစ်ချို ့ဆိုရင် တရားဝင် work permit ကော UN Card ပါ ကိုင်ဆောင်နေတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တွေးမိတာပေါ့ အဲဒီလို အယောင်ဆောင်တွေကို စီစစ် နိုင်ရင်တော့ အကျိုးရှိမယ် အဲဒီလို တစ်ယောက် လျော ့တော့ တကယ် ဒုက္ခရောက်သူ တစ်ယောက် အဆင်ပြေတာပေါ့ ဗျာ ဒါပေမဲ့ လဲ အဲဒီက တိုင်းရင်းသား အဖွဲ ့အစည်း ဘာ အဖွဲ ့အစည်း ညာ အဖွဲ ့အစည် း ဆိုတာတွေ ကလဲ ကန် ့လန် ့ဗျ။ မြန်မာ နိုင်ငံထဲ မှာ လဲ မစည်းလုံး နိုင်ကြသလို နိုင်ငံပြင်ပ ရောက်တော ့လဲ မစည်းလုံး နိုင်ကြ ပါဘူး ကို ့အမျို းမှ ကို ့အမျို းဖြစ်နေတာ ဒီလို ဝါးအစည်းပြေ နေမှ တော့ ဘယ်တော့မှ သူတို ့လိုချင်တာရတော့မလဲ မသိဘူး ဗျာ။ သူတို ့လိုချင်တဲ့ အရာရ ရလဲ ကြာရှည်ထိန်းသိမ်းနိုင်မယ်လို ့မမြင်မိ ဘူး ကျွန်တော့်အနေနဲ ့တော့ ဘာလို ့လဲ ဆိုတော့ ကျွန်တော်တို ့မြန်မာ နိုင်ငံက လူ အများ စု ရဲ ့ အခြေ ခံ စိတ်ဓာတ်မှား ယွင်းနေလို ့ပါ။ အခု ထိ စည်းကမ်းမရှိကြသေးဘူး ၈ဝ ရာနှုန်းလောက် က ကြားထဲက ၂ဝ ရာ နှုန်းလောက်က နည်း စနစ် နဲ ့ လုပ်ရင် စောက်ပို တွေ လို မြင်တတ်ကြတယ် ကျန်သူတွေ က း) ဝေးဝေး မတွေးပါနဲ ့အမှိုက်ပစ်တာ၊ ကွမ်းတံထွေး ထွေး တာ က အစ ပါ။ ပြီးတော့ တာဝန်ယူချင်စိတ်လဲ နည်းကြသေးတယ် ဗျာ
    ငယ်ငယ်တုန်းက အော်ခဲ့ သလို မှတ်မိသေးတယ် ” ပြည်သူပိုင် ပစ္စည်း တို ့ဖျက်ဆီး ပျက် စီး ပါမှ အသစ်ရ” ဆိုတာ တွေပေါ့။ ခေါင်က မလုံရတဲ့ကြားထဲ ကြမ်းခင်းတွေ ကပါ ကွာနေတော့ ဒီအိမ် က နေချင်စရာ မကောင်းတော့ဘူးဗျာ ဝမ်းနည်းပါတယ်။

Leave a Reply