ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉)ဆီသို့
ရာသီစာလို ပေါ်ပင်လိုက်ပြီးရေးဖြစ်တာ မဟုတ်ပါဘူး။ ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနာကျင်နေတာတော့ ကြာလှပါပြီ။ အခု မသဲနုအေးတင်ပေးနေတဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေကြောင့်ရော MG မှာကိုယ့်အတွေးလေးတွေ လွတ်လွတ် လပ်လပ် ရင်ဖွင့်ဆွေးနွေးခွင့်ပေးထားလို့ရော တင်ပြမိခြင်းပါ။
ရွာသူရွာသားအပေါင်းရဲ့ ရင်ထဲမှာလဲ ကိုယ့်လိုပဲ ခံစားနေလိမ့်မယ်လို့ ယုံကြည်လို့ ရင်ညှိကြည့်ခြင်းပါဗျာ။
အာဇာနည် ဗိမ္မာန်မှာ
အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်?
တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား? ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။
ကျနော် နောက်ဆုံးတစ်ခေါက် ( 19.7.2005 ) ရောက်ခဲ့တုန်းက အဝတ်အစားမှအပ ဘာမှအထဲမယူရ၊ ဘောပင်၊ စာရွက်၊ လက်ပတ်နာရီ၊ သော့တွဲ၊ မျက်မှန်၊ ဦးထုပ်၊ ထီး စသည် အားလုံး အဝင်ဝ လုံခြုံရေးစားပွဲမှာ ပုံထားပေးခဲ့ရတယ်။ လူ(၂၀) တစ်အုပ်စုကို မီးသတ် (၂) ယောက် (ရှေ့ ၁ ၊ နောက် ၁ ) စောင့်ကြပ်ပြီး အုတ်ဂူရှိရာကို သွားရတယ်။
ကန်တော့ခွင့်တောင်မပေး။ သူတို့ အမိန့်ပေးတဲ့အတိုင်း ဦးညွှတ်အလေးပြုခဲ့ရတယ်။ ပြီးတာနဲ့ ချက်ချင်းထွက်ပဲ။
ကျနော်တို့ချစ်တဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်းကို မိနစ်ပိုင်းလေးပဲ တွေ့ခွင့်ရခဲ့တာ နိုင်ငံသားတစ်ယောက်အနေနဲ့ ရင်နာလွန်းလို့၊
“ဝင်တော့ M3 ဘက်အပေါက်ကနေဝင် (ပစ္စည်းတွေထားခဲ့ပြီး) ထွက်တော့ ရွှေတိဂုံဘက်အပေါက်ကထွက်၊ ဝင်ပေါက်ရောက်အောင် အပြင်က ပြန်ပတ်လာပြီး ကိုယ့်ပစ္စည်းတွေပြန်ယူ” ဆိုတဲ့ ဩချလောက်တဲ့ စီမံခန့်ခွဲမှုကောင်းလွန်းလို့၊
ရှားရှားပါးပါး ခွင့်ပြုပေးတဲ့ ဒီအချိန်လေးအတွင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုချင်လွန်းလို့ အဝေးကြီးက လမ်းလျှောက်လာရတဲ့ပြည်သူတွေကို အော်ဟစ်ငေါက်ငမ်း ဆက်ဆံတဲ့ လုံခြုံရေးတွေကို ထပ်မတွေ့ချင်တော့လို့၊….လို့….လို့ …နောက်တစ်ခါသွားချင်စိတ်ကုန်သွားခဲ့ရတာ မှတ်မိဆဲပါ။
ရန်ကုန်မှာ အလုပ်လုပ်တုန်း လုပ်ငန်းခွင်က သူငယ်ချင်းတွေနဲ့ သူရဲကောင်းစစ်သည် ဗိမ္မာန်ကို သွားခဲ့ဘူးတယ်။ ရွှေတိဂုံကို စောစောဖူးမျှော်အပြီး အဲဒီ့မှာ ဂုဏ်ပြုတပ်ဖွဲ့ တာဝန်လဲ (ကင်းလဲ) တာကို ကြည့်ချင်လို့ သွားတာ။ (ကျနော်လည်း တပ်မတော်မိသားစုမှ မွေးဖွားခဲ့ပါသည်)။
ဝင်သွားတော့ အချိန်လိုသေးလို့ ကင်းမလဲသေးဘူး။ ကျောက်တုံးဖြူကြီးကိ ုကျနော် တစ်ယောက်တည်း အလေးပြုတယ်။ သူငယ်ချင်းတွေက ရပ်ကြည့်နေခဲ့တယ်။ ကင်းလဲမယ့် အချိန်ကို စောင့်နေချိန်မှာ ဂုဏ်ပြုတပ်ဖွဲ့က ဆရာတစ်ယောက် (၂ရစ်နဲ့) လာစကားပြောတယ်။ သူက ကင်းလာလဲမယ့် အဖွဲ့သစ်ကိုလည်း ကမန်းကတန်း လှမ်းအကြောင်းကြားတယ် “စောင့်ကြည့်မယ့်သူတွေရှိတယ်၊ စနစ်တကျလုပ်ပါ” တဲ့။
အဲဒီ့ဆရာ ပြောခဲ့တဲ့ စကားတစ်ခွန်း ရင်ထဲမှာစွဲနေခဲ့တယ်ဗျာ။
“သူရဲကောင်းစစ်သည် ဗိမ္မာန်ဆိုတာ အဖုအထစ်တွေနဲ့ စကျင်ကျောက်တုံးကြီး တစ်တုံးရယ်သာပါ၊ အဖြူရောင်က တပ်မတော်သားတွေရဲ့ ဖြူစင်ရိုးသားမှုကို ကိုယ်စားပြုပြီး အဲဒီ့ကျောက်တုံးကြီးရဲ့ အဖုအထစ်တွေက (မချောမွေ့မှုတွေက) တပ်မတော်သားတွေရဲ့ ဘဝ ခက်ခဲကြမ်းတမ်းမှုကို ရည်ညွှန်းတာပါ” တဲ့။
အဲဒီ့ကျောက်ဖြူတုံးကြီးကို လေးဖက်လေးတန်က ဂုဏ်ပြုတပ်သား (၄) ယောက် တောင့်တောင့်ကြီး ရပ်စောင့်ပေးနေရပါတယ်။
(၂၄ နာရီ/ရရက် ဂျူတီပါ။)
ကျနော်တို့စောင့်ကြည့်နေလို့ အသစ်ဝင်လဲမယ့် ကင်းတပ်ဖွဲ့က စနစ်တကျ ကင်းလဲပြပါတယ်။ (စောင့်ကြည့်သူမရှိရင်တော့ တစ်ယောက်ချင်း ကြုံသလို/လွယ်သလို စစ်ရေးပြမလုပ်ပဲ လဲလိုက်တာပါဘဲတဲ့ဗျ)
ဂုဏ်ပြုတပ်ဖွဲ့က ရဲဘော်တွေ စိတ်ဓါတ်ရေးရာ ယိုယွင်း ကျဆင်းနေမှုကို မြင်ခဲ့ရပါတယ်။
အဲဒီ့နေ့က သူရဲကောင်းစစ်သည် ဗိမ္မာန် မှာ ဂုဏ်ပြုတပ်ဖွဲ့က ဆရာနဲ့ စကားတော်တော်ပြောဖြစ်ခဲ့တယ်။ သူတို့ရဲ့ ရင်ထဲက နာကျင်ခံစားနေရမှုကို မျှဝေ ခံစားနားလည်ပေးနိုင်ခဲ့ပါတယ်။ ပြန်ခါနီး ကျောက်တုံးဖြူကြီးကို ထပ်အလေးပြုတဲ့အခါမှာတော့ သူငယ်ချင်းတွေအားလုံး တညီတည်း လိုက်အလေးပြုကြတယ်။ သူငယ်ချင်းတစ်ယောက် မျက်ရည်ဝဲ၊ မျက်နှာမကောင်းတာ တွေ့လို့ မေးမိခါမှ ငိုတော့တာပါပဲ။ သူ့အကိုက ရှေ့ တန်းမှာ ကျဆုံးသွားခဲ့တာ အလောင်းတောင် ပြန်မရနိုင်ခဲ့တဲ့ ရဲဘော်လေးတစ်ယောက်ပါတဲ့။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြောင့် သေခဲ့ရတဲ့သူတွေ ဘယ်လောက်များနေပြီလဲ?
တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရင်း ကျဆုံးခဲ့ရတာ တန်တယ်ဗျာ၊ လက်ခံတယ်၊ ထောက်ခံအားပေးတယ်။
ဒါပေမယ့် အယူဝါဒ မတူလို့ တိုက်ခဲ့ရတဲ့ ဗကပ နဲ့ တိုက်ပွဲတွေ၊ လွတ်လပ်ညီမျှစွာ ရပ်တည်ခွင့်ရရေး တောင်းဆိုတဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေ၊ သေခဲ့ရတဲ့ အသက်တွေ၊ ကျခဲ့ရတဲ့သွေးတွေ၊ အများဆုံးဖြစ်မယ့် မျက်ရည်တွေ (နှစ်ဖက် ကျဆုံးသူတိုင်းမှာ ချစ်သူ၊ ဇနီး၊ သားသမီး မရှိနိုင်ပေမယ့် အနည်းဆုံး အမေတွေရှိမှာတော့ သေချာတယ် ဟုတ်?) တန်ရဲ့လားဗျာ? ရွေးစရာလမ်းလုံးဝမရှိလို့/ ကျသင့်ကျထိုက်တဲ့ ပေးဆပ်မှုတွေဟုတ်ပါရဲ့ လား?
အခု အခွင့်အရေးလေးရတုန်း အဆုံးသတ်လိုက်စေချင်ပါပြီ။
ကျဆင်းနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုလည်း ပြန်လည် မြင့်တက်စေချင်ပါပြီ။ ပြည်သူကို အလုပ်အကျွေးပြုခဲ့တဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့တဲ့ ပြည်သူကို ချစ်၍ ပြည်သူကပြန်ချစ်သော တပ်မတော်ကြီး ဖြစ်စေချင်ပါပြီ။
အခု ပွင့်လင်းလာတဲ့ကာလ တစ်နိုင်ငံလုံးက စိတ်ဝင်စားကြတာက အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သွေး ဒေါ်အောင်ဆန်းစုကြည်ပါ။ ပြည်သူလူထုရဲ့ ရင်ထဲမှာ၊ နှလုံးသားထဲမှာ အဖ ဗိုလ်ချုပ်အောင်ဆန်း ရှိနေကြောင်းသက်သေပါ။
ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “ စိတ်ဓါတ် ” ပါ။
ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ပြန်လည်ထုတ်ဝေသင့်ပါပြီ။
ပိတ်ထားခဲ့၊ ပိတ်ထားဆဲ အာဇာနည်ဗိမ္မာန် ကိုလည်း အများပြည်သူအတွက် ပြန်ဖွင့်ပေးသင့်ပါပြီ။ အာဇာနည်ဗိမ္မာန် ကို သွားရောက်အလေးပြုရင်း “အောင်ဆန်ုးစိတ်ဓါတ်” တွေ များများလာစေဖို့ပါ။
အခုလွှတ်တော်ကြီးကျင်းပနေတုန်းမှာ အာဇာနည်ဗိမ္မာန်ကို ပြန်ဖွင့်ပေးဖို့အတွက် မီဒီယာတွေက အသံပြုစေချင်ပါတယ်။ ပိတ်တုန်းက အကြောင်းပြချက်က “အတွဲတွေ မဟုတ်တယုတ်လုပ်နေကြလို့” လို့ ကြားခဲ့မိတာကြောင့် မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြမယ်လေ။
“အုတ်ဂူ ရင်ပြင်မှ အပ မည်သည့်နေရာမှ ကျော်လွန်၍ မသွားရ”ဆိုရင်လည်း လက်ခံပါမယ်။ ဝင်ခွင့်၊ အလေးပြုခွင့်၊ ကန်တော့ခွင့် ပြုရင် တော်ပါပြီ။
သူရဲကောင်းစစ်သည် ဗိမ္မာန်နဲ့ တဆက်တည်း လျှောက်လမ်းဖေါက်ပေးပြီး အာဇာနည် ဗိမ္မာန်ကဝင်၊ သူရဲကောင်းစစ်သည် ဗိမ္မာန်ကပြန်ထွက် ဆိုရင် Win – Win Condition ပါ။ ရွှေတိဂုံနဲ့ ကပ်လျက်မို့ ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ကြမှာသေချာပါတယ်။ ကင်မရာတဖျပ်ဖျပ်နဲ့ဆို ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေ ဘယ်လောက်များ ရင်ကော့၊ ခေါင်းမော့လိုက်ကြမလဲ?
သန့်ရှင်းရေး၊ သာယာလှပရေးအတွက် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်စားရိတ်နဲ့ ကိုယ်လာပြီး လုပ်အားပေးကြမယ့် လူငယ်တွေ အပြည့်ရှိနေပါတယ်။ ကျနော်တော့ လူငယ်တွေကို ယုံတယ်။ ခွင့်ပြုရင်သူတို့ တကယ်လုပ်ပြလိမ့်မယ် စိတ်ချ။
“အောင်ဆန်ုးစိတ်ဓါတ်” ပြန့်ပွားနိုင်ရေးအတွက် တင်ပြလိုက်တာပါခင်ဗျ၊ ကောင်းသထက် ကောင်းစေမယ့် Idea တွေ ရွာသူရွာသားတွေဆီမှာ ရှိမယ်လို့ ယုံကြည့်လို့ အကူအညီတောင်းလိုက်ပါတယ်။
ဝိုင်းဝန်းကြပါဦး
မန္တလေးဂေဖက်ရဲ့ စုပေါင်းအားကို ယုံကြည်လျှက်
With Respect
Swal Taw Ywet.
15 comments
kai
February 14, 2012 at 5:32 am
မြန်မာစစ်တပ်ဟာ ..ပရောဖက်ရှင်နယ်..စစ်တပ်စစ်စစ်ဖြစ်ဖို့.. အနည်းဆုံး ၁ဝနှစ်တော့ စောင့်ရလိမ့်မယ်…။
သမ္မတဦးသိန်းစိန်နဲ့.ဒေါ်အောင်ဆန်းစုကြည်က.. ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံရှေ့.. စကားပြောခဲ့ကြတာမို့.. ဗိုလ်ချုပ်အောင်ဆန်းအခန်ကဏ္ဍ ..ပြန်ပွင့်လင်းလာမယ်ထင်မိပါတယ်..။
အာဇာနည် ဗိမ္မာန်ကတော့.. (ပိတ်ထားရင်တောင်).. ပြန်ဖွင့်လာတော့မယ်ထင်မိပါကြောင်း…။
Khin Latt
February 14, 2012 at 6:00 am
စွယ်တော်ရွက်ရေ – ရင်ထဲက ရေးမှန်း သိသာပါတယ်။
ဒီလို လေးအတွက် ရေးတဲ့မင်းကို တကဲ့ကို လေးစားပါတယ်။
အိမ်မက်ဆိုးကြီး ကနေ နိုးထကြဖို့ အစတော့ဖြစ်နေပါပြီ လို့ထင်ပါတယ်။
နိုးလာရင် လက်တွေ့လုပ်ရမှာလေးတွေ ကို ကြိုပြီး အိမ်မက်ဆိုးကြီးထဲမှာဘဲ အိမ်မက်ကောင်းလေးတွေ မက်ထားကြစို့လား။
တို့တွေ ဒီလောက်မညံ့ပါဘူး လို့ တကယ်ယုံပါတယ်။
ဒါပေမဲ့ ကြိုးတွေ နဲ့ချုပ်မထားဖို့တော့ လိုမယ်။
မဟုတ်လား။
အခု မန္တလေးမှာ ကိုပေါက် ရဲ့ ဆောင်းပါးလေးကနေ တကဲ့ လက်တွေ့ဖြစ်လာခဲ့ပြီဘဲ။
ရန်ကုန်မှာလဲ ဖြစ်လာမယ် မှန်းရပါတယ်။ အရင်ထက်တော့ ပိုပွင့်လာပြီ ထင်ရတာဘဲ။
ဆက်တွေးရင်းဆက်ပြောကြတာပေါ့။
Swal Taw Ywet
February 26, 2012 at 11:14 pm
ဒေါ်ဒေါ်ခင်လတ်ခင်ဗျား
ဟုတ်ပါတယ်၊ ဒီ post ကို (ထုတ်မပြောခဲ့ပေမယ့်) ရင်ဘတ်ကြီးနဲ့ ရေးခဲ့တာ အမှန်ပါ။ ဒါပေမယ့် တခြားသောစာဖတ်သူတွေရဲ့ ရင်ထဲကို ထိုးဖေါက်နိုင်စွမ်း မရှိခဲ့တာကတော့ ကျနော့်ရဲ့ အရေးအသား အားနည်း ချက်ဘဲလား၊ သူတို့တွေရဲ့ နှလုံးသားတွေကဘဲ ပိုပြီးမာကျောနေလို့လား မသိနိုင်တော့ပါဘူး။ ဝန်ခံပါရစေ….. အဲဒီ့စာစုကို ကျနော် အကြမ်းရေးနေတုန်းရော၊ Scan ဖတ်ဖို့ အချောကူးနေတုန်း မှာပါ မျက်ရည်တွေတွေ ကျနေခဲ့ပါတယ်ခင်ဗျ။
With respect,
Swal Taw Ywet.
kyeemite
February 14, 2012 at 9:10 am
စွယ်တော်ရွက်ခင်ဗျား…ထပ်တူထပ်မျှခံစားရကြောင်းပါ…ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်ရောက်စက
အာဇာနည်နေ့တနေ့မှာ..ဗိုလ်ချုပ်အိမ်(ပြတိုက်)ရောက်ဖူးချင်လို့ တကူးတကသွားကြည့်ခဲ့ပါတယ်..စိတ်ပျက်
ဝမ်းနည်းစွာနဲ့ ပြန်ခဲ့ရတယ်ဗျာ..အကြောင်းကတော့..တနှစ်မှတခါ..တရက်ကလေးဖွင့်ပြတာ အပေါ်ထပ်မကြည့်ခဲ့ရဘူး..ပြုပြင်နေလို့တဲ့..တနှစ်လုံးဘာလုပ်နေလဲမပြောတတ်ဘူး..ဒီထက်ဆိုးတာက
ရှေးပစ္စည်းတွေကိုမထိမ်းသိမ်းတတ်တာဘဲ..(တမင်လုပ်တာလို့လဲထင်တယ်)..ဥပမာဗျာ..ဗိုလ်ချုပ်တို့ထိုင်
ခဲ့တဲ့ ဆက်တီခုံကို ကြိမ်အသစ်ထိုးထားတယ်…ဗိုလ်ချုပ်ဘိနပ်တင်စီးတဲ့ ခွေးခြေလေးကို သဘောင်္ဆေးသုတ်
ထားတယ်(လဘက်ရေဆိုင်ကခွေးခြေနဲ့ဘာထူးတော့လဲ)်…ခြံထဲကဗိုလ်ချုပ် စိုက်ခင်းဆိုတဲ့နေရာမှာ..
ချဉ်ပေါင်ရွက်သင်ပီးသား အရိုးတွေမြေကြီးမှာထိုးစိုက်
ပြထားတယ်..တကဲ့လတ်လတ်ဆတ်ဆတ်ကြီးဗျာ..ကောင်းရော..ဘယ်လိုမှခံစားလို့မရခဲ့ဘူး..သက်သက်
ဖျက်ဆီးထားကြတာ..အဲနောက်တော့ကျုပ်လဲ..လုံးဝမသွားဖြစ်တော့ဘူး..
ဒီနေရာမှာ..စစ်တပ်နဲ့ပါတ်သက်နေလို့..စစ်တပ်နဲ့ပါတ်သက်ပီး..ဗိုလ်ချုပ်ပြောသွားတာလေး အားဖြည့်
ပေးလိုက်ပါရစေ…“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီးအဓိပ္ပါယ်လေးနက်အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”
ကျေးဇူးပါစွယ်တော်ရွက်ခင်ဗျာ…ခင်မင်တဲ့
ကြီးမိုက်
Swal Taw Ywet
February 26, 2012 at 11:16 pm
ကိုကြီးမိုက်ခင်ဗျား
ကျနော်သိသလောက် ဗိုလ်ချုပ်ပြတိုက်ဟာ တနှစ်ပတ်လုံး ဖွင့်ထားပါတယ်ခင်ဗျ။ ဇူလိုင် ၁၉ မတိုင်မီ ၂ လလောက်တော့ ဆေးသုတ်၊ သန့်ရှင်း၊ အရောင်တင်ဖို့ ပိတ်လေ့ရှိပါတယ်။ ကျနော်တို့ ရန်ကုန်ရောက်ခါစကတော့ ပြတိုက် အပေါ်ထပ်ကို လုံးဝ ပိတ်ထားခဲ့တာပါ။ အဆောက်အဦ ပြိုကျနိုင်တဲ့ အခြေအနေ ရှိနေခဲ့လို့ပါ။
ကျနော် ဒီကာတာကို ထွက်မလာခင် ၂၀၀၇/၂၀၀၈ လောက်မှာတော့ အကြီးစား ပြုပြင်ပြီးသွားလို့ အပေါ်ထပ်ကို တက်ရောက်လေ့လာခွင့် ပြုနေပါပြီ။ ရုံးဖွင့်ရက်တွေမှာ သွားလေ့လာရင် လူပိုရှင်းပါတယ်။
Thank you so much.
With respect,
Swal Taw Ywet.
စိန်ပေါက်ပေါက်
February 14, 2012 at 11:41 am
ဝသ်ရစပတ်စွယ်တော်ရွက်ရေ
အဓိကကတော့ အမပြောသလို စိတ်ဓာတ် ပါပဲ
စိတ်ဓာတ်လေးတွေပြင်ရမယ်..
အောင်ဆန်းစိတ်ဓာတ် ထားနိုင်ဖို ့တော့ နောင်ဘုရား မီပါ့မလားပဲ
အမရဲ့ နောက်ထပ် အိုင်ဒီယာလေးတွေ မျှော်နေလျက်
ဝသ်ရစပတ်
ခွေးသေးပန်းရွက်
Green Rose
February 14, 2012 at 9:37 pm
ဟုတ်တယ်။ ပြင်သင့်ပါပြီ။ ကိုယ်ကိုယ်တိုင်ကမှတန်ဖိုးမထားရင် တခြားဘယ်သူကမှ တန်ဖိုးထားလာမှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ကမှ ပြုပြင်ချင်စိတ်မရှိရင် တခြားဘယ်သူကမှ ပြုပြင်ပေးလို့ မရနိုင်ပါဘူး။ အပြင်ပိုင်းပြုပြင်မှုထက် Green Rose တို့တိုင်းပြည်က အတွင်းပိုင်း စိတ်ဓါတ်ရေးရာပိုင်းပြုပြင်မှုကို ပိုပြီး လိုအပ်ပါတယ်။ အာဇာနည် ဗိမ္မာန်၊ သူရဲကောင်းစစ်သည်ဗိမ္မာန်တွေနဲ့ ပါတ်သက်ပြီး စွယ်တော်ရွက်ရဲ့ အကြံပေးချက်ကို ကန့်ကွက်ရန်မရှိပါ။ ခက်တာက အခုလူငယ်တွေရဲ့ (တချို့လူကြီးတွေအပါအဝင်ပေါ့) စိတ်ဓါတ်ကို ပြုပြင်ဖို့ တော်တော်မလွယ်တာပါ။ ပြုပြင်ပေးစရာမလိုလောက်အောင် တော်တဲ့၊ကောင်းတဲ့ လူငယ်တွေ ရှိပေမယ့်အနည်းစုပါ။ အာဇာနည် ဗိမ္မာန်၊ သူရဲကောင်းစစ်သည်ဗိမ္မာန် လိုနေရာမျိုးမပြောနဲ့ ဘုရားရင်ပြင်လို နေရာမျိုးမှာတောင် “စုံတွဲများ မဖွယ်မရာမလုပ်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့နေရ တာပါ။ Green Rose ကတော့ အဲဒီ့စာတန်းတွေ ဆိုင်းဘုတ်တွေကို မြင်တိုင်းရှက်ပါတယ်။ တိုင်းပြည် လူထုရဲ့ စိတ်ဓါတ်အဆင့်အတန်း ပိုမိုနိမ့်ကျလာတာနဲ့အမျှ ဆိုင်းဘုတ်အရေအတွက် ပိုမိုများပြား လာတယ်လို့ ညီမျှခြင်းချမိပါတယ်။ ပြင်သင့်ပါပြီ။ အဲလိုလူတွေကို ဒဏ်ငွေလိုမျိုးမဟုတ်ပဲ Public place တွေမှာသန့်ရှင်းရေး လိုမျိုး လုပ်ခိုင်းတာမျိုးပေါ့။ အကြံသာပေးရတယ် ခက်ကြောက်ကြောက်ရယ်။ တော်ကြာ လူမြင်ကွင်းမှာ အဆင်မပြေဘူးဆိုပြီး မမြင်ကွယ်ရာတွေ ရောက်ကုန်ကြမှာစိုးလို့လေ။ အင်း.. လွယ်တော့မလွယ်ဘူး.. ပြင်မယ်ဆိုရင် အာဇာနည် ဗိမ္မာန်တစ်ခုတည်း၊ သူရဲကောင်းစစ်သည်ဗိမ္မာန် တစ်ခုတည်း လိုမျိုး ကွက်ပြီး ပြင်လို့တော့မရဘူး။ စည်းကမ်းချက်တစ်ခုခု ကို Public place တိုင်းအတွက် တပြေးညီထုတ်ရမှာ။ လွှတ်တော်လိုနေရာမျိုးကနေ ဆုံးဖြတ်မှ အဆင်ပြေမှာ။ဒါမှအကျိုးအပြစ် အကုန်လုံး ကို ချိန်ဆပြီး အကောင်းဆုံး အသင့်တော်ဆုံး အဖြေတစ်ခုထွက်လာမှာ။ ဒါမှမဟုတ်လည်း ဒီ MG ထဲက Members တွေပဲ နည်းလမ်းကို ဝိုင်းဝန်းစဉ်းစား ကြည့်ကြမလား..? လိုအပ်တာက မတူညီတဲ့ အမြင် ်ရှိတဲ့သူတွေ အတူတူစဉ်းစားကြဖို့ပဲဟာ။ ကိုယ့်ဖာသာ စဉ်းစားလို့ နည်းလမ်းတစ်ခုခုတွေ့မှ အဲဒီ့အတိုင်း လုပ်ရန် ဆိုပြီး Media တစ်ခုခုကနေ ဖွကြည့်ကြမယ်လေ။
လေးစားစွာဖြင့်
Green Rose
Swal Taw Ywet
February 27, 2012 at 10:36 pm
စိန်ပေါက်ပေါက်ရေ
အောင်ဆန်းစိတ်ဓါတ် မြန်မြန်များများ ပွားနိုင်ပါမှ ၂၀၁၅ မှာ အစိုးရပြောင်းနိုင်မှာပါ။ ဒါမှမဟုတ်ရင်တော့ ဆရာကြီး မင်းသိင်္ခပြောသလို “သဗ်ဗေသတ္တာ၊ ကမ္မသကက္ကာ ဘဲထားလိုက်ရတော့မှာလား ?”
Green Rose ရေ
စိတ်ရှည် လက်ရှည် comment အရှည်ကြီးပေးခဲ့တဲ့ အတွက် ကျေးကျေးပါ။
သတိပေးဆိုင်းဘုတ်တွေ များများလာရတာဟာ စိတ်ဓါတ် အဆင့်အတန်းတွေ ပို၍ ပို၍ နိမ့်ကျလာနေတာရဲ့ သင်္ကေတ ခင်ဗျ၊ နိမိတ်ပုံတွေ ခင်ဗျ။
လောလောဆယ် ကိုယ့်ဘို့ တစ်ခုတည်း ကြည့်နေကြတဲ့သူတွေ (selfish person တွေ) များများလာနေတာကြောင့် ဆေးအဖြစ် ကုစားနိုင်ဘို့ “အောင်ဆန်းစိတ်ဓါတ်” ပွားများချင်တာပါ။ Green Rose ရဲ့ post လေးတွေလဲ ဖတ်ပါရစေဦး။
With respect,
Swal Taw Ywet.
MaMa
February 14, 2012 at 10:26 pm
အဆိုတော်တွေစကားနဲ့ ပြောရရင် ရင်ဘတ်ကြီးနဲ့ကို ရေးထည့်လိုက်တာပါပဲလား စွယ်တော်ရွက်ရယ်။
Swal Taw Ywet
February 27, 2012 at 10:38 pm
မမ (မြန်မာ့မီးရထားမဟုတ်)
Comment လေးအတွက် ကျေးဇူးပါ။
ဖေါက်ထွက်တွေး၊ ဒါမှမဟုတ် တစ်မျိုးလှည့်တွေးမိတာလေး တင်ပြခဲ့တာပါခင်ဗျ။
ဒါပေမယ့် အသိအမှတ်ပြု မခံလိုက်ရဘူးလို့ ခံစားနေမိပါတယ်။ ကျောက်တုံးမရွေ့တဲ့အတွက် ရူပဗေဒ နိယာမအရ အလုပ်မဖြစ်မြောက်ဘူးပေါ့ခင်ဗျာ။
ကျနော်ထပ်ကြိုးစားပါဦးမယ်။
With respect,
Swal Taw Ywet.
padonmar
February 15, 2012 at 12:37 am
အာဇာနည်ဗိမာန်၊ဗိုလ်ချုပ်ပြတိုက် သန့်ရှင်းရေး ဂေဇက်မိသားစုများ လုပ်အားပေးချင်ပါကြောင်း
Swal Taw Ywet
February 27, 2012 at 10:43 pm
(မမ) ပဒုမ္မာ
ဟုတ်ပါတယ်။ ကျနော်ရည်မှန်းထားတာကလဲ အဲဒီ့အခွင့်အရေးပါပဲ။
MG မှာ Member ၈၀၀ဝ ကျော်ရှိပြီတဲ့ (သူကြီးအဆို)
အဲဒီ့အထဲက ရန်ကုန်မြို့မှာ ၈၀ဝ ပဲရှိနေဦးဗျာ၊ အာဇာနည် ဗိမ္မာန် သန့်ရှင်းရေးအတွက် (၈) ယောက်ပဲ ရဦး….MG ကို ကိုယ်စားပြု လုပ်လို့ရပြီ။ အခုလောလောဆယ်ကို (မမ) ပဒုမ္မာ နဲ့ ကျနော် (၂) ယောက်ရှိနေပြီ။ သူတို့စာတွေအရဆို မသဲနုအေးနဲ့ ကိုကြီးမိုက်လည်း လိုက်မှာ သေချာသလောက်ရှိတယ်။ ကိုကြီး ဘလက်ပါ ပါလာမယ်ဆိုရင် နောက်ထပ် ၃ ယောက်ဘဲ လိုတော့မှာ .. ကဲ ….…
အာဇာနည် ဗိမ္မာန် တံခါး ဖွင့်ပေးပါဗျို့။
With respect,
Swal Taw Ywet.
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 27, 2012 at 11:19 pm
အဲဒီ့ဆရာ ပြောခဲ့တဲ့ စကားတစ်ခွန်း ရင်ထဲမှာစွဲနေခဲ့တယ်ဗျာ။
“သူရဲကောင်းစစ်သည် ဗိမ္မာန်ဆိုတာ အဖုအထစ်တွေနဲ့ စကျင်ကျောက်တုံးကြီး
တစ်တုံးရယ်သာပါ၊ အဖြူရောင်က တပ်မတော်သားတွေရဲ့ ဖြူစင်ရိုးသားမှုကို
ကိုယ်စားပြုပြီး အဲဒီ့ကျောက်တုံးကြီးရဲ့ အဖုအထစ်တွေက (မချောမွေ့မှုတွေက)
တပ်မတော်သားတွေရဲ့ ဘဝ ခက်ခဲကြမ်းတမ်းမှုကို ရည်ညွှန်းတာပါ” တဲ့။
_________
ဗိုလ်ချုပ်သာခုနေရှိနေခဲ့ မယ်၊သူပြောခဲ့သလို သူ ့တပ်မတော်ဟာ တိုင်းပြည်နဲ ့
လူမျိုးအပေါ်သစ္စာမရှိဘူးဖြစ်နေတာကိုမြင်ရရင်ဖြင့်……
Swal Taw Ywet
April 28, 2012 at 2:49 am
Dear brother, မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ,
Sorry for my very late reply.
Thanks for your comment on me.
Yes, I could not ask his name and I though it was no need.
Same as you, I still remember his words, so I high lighted
their condition/feeling.
Till now our beloved leader ( Bogyoke Aung San ) is not free.
Coming July 19 try to meet as ထောင်ဝင်စာ.
I really feel so sad for it.
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
Patriotic Burma
April 28, 2012 at 10:37 am
I’m really ashamed that our Burma people couldn’t pay respect to Bo Gyoke and other leaders at အာဇာနည်ဗိမ္မာန်.But as Swal Taw Ywet and padonmar says I’m really wish to volunteer for အာဇာနည် ဗိမ္မာန် သန့်ရှင်းရေး.Count me in MG member.
WE MG members ARE READY.BUT ARE U READY TO OPEN အာဇာနည် ဗိမ္မာန်?