၂၁ ရာစု ဒဿဂီရိပုံပြင်သစ်

moesatrainJune 4, 20101min481

(၁)

`သူ´ တရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသော ငြိမ်းအေးမှုတစ်မျိုးကို ခံစားနေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်းမရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်းထဲကို ဒီလေယာဉ်က ဘာစိတ်ကူးပေါက်ပြီး ရောက်လာပါလိမ့်။ အိုး…. ၂၁ ရာစုတောင် ရောက်နေမှပဲ ၊ တောထဲ လေယာဉ်ရောက်တာလောက်ကတော့ မဆန်းလှပါဘူးလေ။

ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့်လိုက်မိသည်။ အလို…. လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့် ဘာမှန်းမသိသော အရာဝတ္ထုလေး မြေပေါ်ကျအလာကို စောင့်နေလိုက်သည်။ ထိုအရာဝတ္ထုလေးကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာကျလာ၏။

`ဪ…. စာရွက်တစ်ရွက်ပဲ´

တစ်ယောက်တည်းရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူကြည့်လိုက်သည်။

`အိုး…´ စူးစူးနစ်နစ်ရေရွတ်ရင်း ချာလည်သွားသော စိတ်နှလုံးကို မနည်းပြန်ထိမ်းယူလိုက်ရ၏။ ဒါတောင် ခုနက တရားမှတ်ထားတဲ့ အခံရှိပေလို့ဟုလည်း တွေးမိသေး၏။ `သူ´ကောက်ယူ ကြည့်လိုက်မိသော စာရွက်ထဲမှာက လှပပြေပြစ်လွန်းသော မိန်းမငယ်တစ်ဦး၏ ဓါတ်ပုံ။ အောက်ဘက်မှာက ကွန်ပျူတာစာစီထားသော စာလုံးအချို့။

`ရွှီး´ခနဲ လေတစ်ချက်ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။

`ကြင်ယာတော်ရွေးလေးတင်ပွဲ´

အထက်ပါဓါတ်ပုံရှင် ဘုရင့်သမီးတော်လေး သီတာဒေဝီ၏ ကြင်ရာတော်ရွေး လေးတင်ပွဲကို အောက်ပါအစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ပါ၍ ဖိတ်စာနှင့်တကွ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် – ၁၄.၂.၂၀၀၈

အချိန် – နံနက် ၉းဝဝ မှ ၁၂းဝ၀

နေရာ – နန်းရင်ပြင်တော်ရှေ့

လမ်းညွှန် – ရှိသမျှလိုင်းကား အကုန်ရောက်သည်

`အဟိ´

အဲဒီလေးရွင်ပွဲ…အဲလေ အဲဒီလေးတင်ပွဲကို ကို်ယ်ရောက်အောင်လာခဲ့မယ် အချစ်ရယ်။ မင်းရဲ့ နှလုံးသားနန်းဆောင်မှာ နေခွင့်ရဖို့ ကိုယ့်ရဲ့လက်ရုံးရည်ကို ပြသလှည့်မယ်ကွဲ့။ ကိုယ့်ရဲ့ အောင်နိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ မင်းရဲ့အပြုံးတွေကို နန်းရင်ပြင်ရှေ့မှာ အပြည့်ခင်းကျင်းထားပါ။ အပြန်ခရီးမှာ မင်းရဲ့လက်ကလေးကို ဆုပ်ကိုင်လို့ တို့ရဲ့အနာဂတ်ကို ရဲရင့်စေကြမယ်။

အခုတော့ အလောတကြီး ရင့်မှည့်လာတဲ့ရင်ခုန်သံကို ပြန်လည်ထိန်းညှိဖို့ ကိုယ့်ကို ကဗျာတစ်ပုဒ် ရွတ်ခွင့်ပြုပါ ချစ်သူ။

ဖြစ်တည်ခဲ့

ရင်မှာပျိုးတဲ့သစ်သီး

စားသုံးချိန်နီးတဲ့အခါ

ခရီးပြင်းနှင်ခဲ့မယ် မင်းဆီ

ပျိုမြစ်စွာ ကြိုဆိုလှည့်

တစ်ယောက်တည်း အူမြူးစွာဖြင့် တောင်စဉ်ရေမရ လျှောက်ပြောရင်းမှ ခေတ်ပေါ်ကဗျာ တစ်ပုဒ်ကိုပါ ခပ်တည်တည် ရွတ်ချလိုက်သေး၏။

`သူ´ကား အားလုံးသိပြီးဖြစ်ကြသည့်အတိုင်း ဒဿဂီရိ ( ဒါမှမဟုတ် သူ့အပြောအရ `၂၁ ရာစု ဒဿဂီရိ´ ) ပင် ဖြစ်လေသည်။

(၂)

နန်းရင်ပြင်ပတ်ပတ်လည်တွင် ခုနစ်ပြည်ထောင် မင်းညီမင်းသားများနှင့် လူသူပရိသတ်များ လျှံကျနေသည်။ နန်းရင်ပြင်အလယ်တွင်တော့ ဗိုလ်ခြေတစ်ထောင် မမှ ကြွသည်ဟု နာမည်ကြီးသော လေးကိုင်းကြီးကို စင်မြင့်ပေါ်တွင်တင်ထား၏။ ထိုလေးစင်၏ ခပ်လှမ်းလှမ်းတွင် ဘုရင့်အကိုးကွယ်ခံ ဆရာရသေ့ကြီး ၊ ရာမမင်းသားနှင့် လက္ခဏမင်းသားတို့ တန်းစီထိုင်နေကြသည်။ အခမ်းအနားကလည်း မစသေးသဖြင့် အသံဗလံပေါင်းစုံတို့ တွတ်စီညံဆူနေ၏။

`တို့ဘုရင်ကြီးက သူ့သမီးတော်လေးကို အပျိုကြီးဖြစ်စေချင်တယ်ထင်ပါ့ ကိုရင်ရယ်´

`ဟ….. ဘာလို့လဲ ရှင်မရ´

`အိုတော်… ဗိုလ်ခြေတစ်ထောင်မမှ ဒီလေးက ကြွပါတယ်ဆိုမှ ဘယ်သူကတစ်ယောက်တည်း မ,နိုင်မှာလဲတော်´

လူသူပရိသတ်များထဲမှ အချီအချ ငြင်းခုန်သံများ ၊ အမျိုးမျိုးသော ထင်ကြေးပေးချက်များကပင် အခမ်းအနားကို ပိုပြီးအသက်ဝင်စေသလို ထင်ရလေသည်။

ထိုအချိန်မှာပင် ငြိမ့်ညောင်းလှသော စက်သံနှင့်အတူ အမည်းရောင်ပြောင်လက်နေသော `ပါဂျဲရိုး´ ကားကြီးတစ်စီး ထိုးစိုက်လာသည်။ ထို့နောက် ကားတံခါး ဖြည်းညင်းစွာပွင့်လာပြီး ကားပေါ်မှ စမတ်ကျကျ ကိုယ်လုံးကိုယ်ထည်ကြီးကြီး လူတစ်ယောက်ဆင်းလာသည်။ မျက်နှာကိုလည်း ဖုန်မှုန်နေအောင် ဘာတွေလိမ်းလာသည်မသိ။ အစွမ်းကုန်ကို ရူပါကြွေးလာပုံရသည်။ တာဝန်ကျ မှူးမတ်တစ်ဦးက သူ့အနားကပ်သွားပြီး….

`ဖိတ်စာပြပါ´

ဒါကိုပင် `သူ´က လှည့်မကြည့်ပဲ ဘောင်းဘီအိတ်ထဲမှ ဖိတ်စာကို ဖျတ်ခနဲ ဆွဲထုတ်လိုက်ပြီး ဖိတ်စာပေါ်ရှိ ဓါတ်ပုံကို စိတ်မချသလို တစ်ချက်ကြည့်လိုက်သေးသည်။ ပြီူးမှ မပေးချင်ပေးချင် ပုံစံမျိုးဖြင့် ပေးလိုက်သည်။ အားလုံးသော ပရိသတ်ကလည်း သူလုပ်သမျှကို ပါးစပ်အဟောင်းသား ငေးကြည့်နေကြ၏။ သူက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အောင်မြင်ထည်ဝါသော အသံနှင့်…

`ကျုပ်က ဒဿဂီရိ… သိန်းဃိုရ်ပြည်ကလာတာ… လာတဲ့ကိစ္စကတော့ လေးတင်ပွဲမှာ ဝင်ပြိုင်မလို့ ´

အားလုံး မင်တက်မိသလို ခဏကြောင်ငေးသွားကြသည်။ ခဏနေတော့မှ အားလုံး လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာ၏။ တီးတိုးဝေဖန်သံများ ၊ ဝေခွဲမရသည့်အကြည့်များ ၊ ပြီးတော့ ဟုတ်ပါ့မလား ဆိုသည့်အသံများ ညံလာပြန်သည်။ စပ်စုတတ်ပုံရသော မင်းသားတစ်ပါးက မရဲတရဲထပြီး မေးသည်။

`ခင်…ခင်ဗျားက ဒဿဂီရိသာဆိုတယ် ဘယ်မှာလဲ နောက်ထပ်ခေါင်းကိုးလုံး…. ခုတော့ မျက်နှာပြဲကြီး တစ်ခုပဲတွေ့တယ်´

ဒါကို `သူ´က တုံးလှချည်လားဟူသောအကြည့်မျိုးဖြင့် စောင်ပေပေပြန်ကြည့်လိုက်သေးသည်။ ပြီးမှ ထိုမင်းသားပခုံးကို ဟန်ပါပါ တစ်ချက်ပုတ်ပြီး ……

`ဒီမယ်…..ကိုယ့်လူ အခု ၂၁ ရာစုပဲရောက်နေပြီ ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိတော့ဘူး …. ကျန်တဲ့ခေါင်းကိုးလုံးက ဘတ်လပ်ဘတ်လပ်နဲ့ အနေအထိုင် ကျဉ်းကျပ်လွန်းလို့ ဆာဂျရီလုပ်ပြီး ခွဲစိတ်ပစ်လိုက်ပြီ …ကျန်တဲ့ခေါင်းတစ်လုံးတောင် အဆစ်ခွဲစိ်တ်ပေးပါ့မယ်လုပ်နေလို့ မနည်း တောင်းပန်လာခဲ့ရတာ´

`ဒါဖြင့် ခင်ဗျားစီးနေကျ ပန်းရထားကြီးကရော´

ကျေနပ်ပုံမရသေးသော မင်းသားက ထပ်မေးပြန်သည်။ `သူ´ စိတ်တိုသွားပြီး……..

`ကျွတ်စ်….ခက်တော့နေပြီ ၂၁ ရာစုရောက်နေပြီလို့ ကိုယ့်လူကို ဘယ်နှစ်ခါပြောရမလဲဗျဟင် ၊ ပန်းရထားစီးရတာ မငြိမ့်လို့ ပါဂျဲရိုး ငြိမ့်ငြိမ့်လေး ဝယ်စီးတယ်လေ ဘာဖြစ်လဲ… ပိုက်ဆံရှိရင် ဘရစ်တနီစပီးယားကိုတောင်ခေါ်ပြီး ကလော်ခိုင်းလို့ရတယ်… နဖာချေး ၊ သိပ်မပိန်းစမ်းပါနဲ့ ကိုယ့်လူရာ´

ထိုအခါကျမှ အားလုံး ဘဝင်ကျသွားသလို ခေါင်းတညိတ်ညိ်တ်ဖြစ်ကုန်၏။ သူက ထပ်မံပြီး အားလုံးကို ဝေ့ကြည့်လိုက်သည်။ ပြီးမှ….

`ကဲ ကဲ အချိန်သိပ်မရှိဘူး အရင်ရောက်တဲ့သူတွေ လေးတင်ကြပါလေ ကျုပ်ကတော့ နောက်ဆုံးမှ လေးတင်ပါ့မယ် ဟဲ…ဟဲ´

သူ့စကားအဆုံးမှာ မင်းသားတစ်ပါး ပြုံးဖြဲဖြဲနှင့် ထပြီး ….

`အဟီး…. ညီမတင်တော့ပါဘူး ကိုကြီးရာ ၊ မ,နိုင်မှာလည်းမဟုတ်ပါဘူး ၊ ကိုကြီးအစွမ်းကိုပဲ ညီ ထိုင်ကြည့်တော့မယ်လေ နော်.. အဟဲ´

`ဟုတ်တယ်… ဟုတ်တယ် ၊ သားတို့လည်း နိုင်မှာမဟုတ်တဲ့အတူတူ ကိုကြီးကိုပဲ ထိုင်ကြည့်တော့မယ်´ ဟု ကျန်မင်းသားတွေကပါ ပျာပျာသလဲ ထောက်ခံကြသည်။ ဒါကို သူက…

`အာ…..မဟုတ်သေးဘူးလေ ၊ ကျုပ်တစ်ယောက်တည်း လေးတင်ရင် မတရားရာကျနေမှာပေါ့ ၊ နောက်မှ ကိုလူဆိုးကြီး လို့ အပြောမခံန်ိုင်ပေါင် ´ ဟုပြောပြီး ရာမနှင့် လက္ခဏတို့ ထိုင်နေရာသို့ လှမ်းကြည့်လိုက်သည်။ တဆက်တည်းမှာပဲ လက္ခဏကို လက်ညှိုးထိုးပြီး….

`ဟောဟိုက မျက်နှာရွှေသွင်းထားတဲ့ ညီတော်လေးကရော အစွမ်းပြဖို့ စိတ်ကူးလေးများ မရှိဘူးလား´

`ဟင့်အင်း…ဟင့်အင်း´

လက္ခဏကလည်း ချက်ချင်းပင် သွက်သွက်ခါအောင် ငြင်း၏။ သူက စိတ်ပျက်သလိုပုံစံမျိုးနှင့် ခေါင်းတစ်ချက်ခါလိုက်ပြီး

`မဖြစ်သေးဘူးလေဗျာ… တစ်ယောက်တည်းပြိုင်ပြီး ဆုရတယ်ဆိုရင် ကျုပ်က ငပေါကြီးဖြစ်သွားမှာပေါ့ ဒီလိုလုပ်မယ် ၊ ကျုပ်ကပဲ ယှဉ်ပြိုင်ဘက်ကို် ရွေးလိုက်မယ်လေ ၊ အဲဒီ ပြောင်ပြောင်လက်လက် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်တော့ လေးတော်တင်ကြည့်ပါ ၊ ကျုပ်ဘက်ကတော့ ယုံကြည်စိ်တ်ချမှု အပြည့်ရှိနေတာ ၊ နာမည်ကိုက အီဗာ… အဲလေ ဒဿဂီရိတဲ့´

ဟုဆိုပြီး ရာမနှင့်လက္ခဏကို လှမ်းပြီးစိမ်ခေါ်၏။ လက္ခဏက မျက်နှာငယ်လေးနှင့် ရာမကို ကြည့်ပြီးပြောသည်။

`ကိုကိုပဲ တင်လိုက်ပါ ကိုကိုရယ် ၊ ညီညီမနေ့က အစားမှားပြီးတော့ ဝမ်းလျှောနေလို့ အားမရှိဘူး´

ရာမကလည်း အကြောက်အကန် ပြန်ငြင်းသည်။

`အွန်… မင်း လည်သလိုလို အိမ်မကပ်သလိုလို မလုပ်နဲ့လေ ၊ အဲဒီလိုပြောကြေးဆို ငါလည်း နေမကောင်းဖြစ်နေတာကြာပြီ ၊ ကြည့်ပါလား …. မျက်နှာလေးကိုက နွမ်းဖတ်ဖတ်နဲ့ အစိမ်းရောင်သန်းနေတဲ့ဟာကို ၊ အမလေး…. သနားစရာကောင်းလိုက်တဲ့ လူမမာရာမလေးရယ်… ကျွတ်..ကျွတ်´ ဟုဆိုပြီး မျက်နှာကို အိုချပစ်လိုက်သည်။ လက္ခဏကလည်း အားကျမခံ….

`ဟင်.. ခင်ညားကြီးလည်း ဂေါ်လီလိုလို လောက်စာလုံးလိုလို မလုပ်နဲ့လေ ၊ ကျားဗိုလ်ဆွဲမယ် ၊ ရှုံးတဲ့သူ သွားကြေး ၊ လာ…. သွားဆွဲမယ်´

ဟုဆိုပြီး ရာမကို ဆွဲခေါ်သွားသည်။ ခဏနေတော့ ရာမမင်းသား မျက်နှာကြီးရှုံ့မဲ့ကာ ပြန်ထွက်လာ၏။ ပါးစပ်ကလည်း ကြိတ်မန်ိုင်ခဲမရနှင့် ပွစိပွစိ ရေရွတ်လာသည်။

`ဟင်… အလကား ချဉ်ပေါင်ရိုးကောင် တုတ်ထိုးကောင် ပိန်တာရိုးကောင် တေညှင်းဇိုးကောင် ဖေတစ်ရာမောင်တစ်ကျိပ် ဦးလေးအစိတ်နဲ့ …င် ပြတ်သေမယ့် မသာကောင် ´

ဆဲဆိုသံပေါင်းစုံနှင့် လေးစင်ရှိရာသို့ လျှောက်သွား၏။ ထို့နောက် မျက်နှာကြီး နီတွတ်လာသည်အထိ လေးကိုင်းကို ဆွဲမသည်။ လုံးဝ မကြွ ။ ထိုအခါမှ စိတ်အေးသွားပုံနှင့် ….

`ဟူး… တော်ပါသေးရဲ့ အဟီး´ ဟုဆိုကာပြန်လှည့်လာသည်။

သူကတော့ အဲဒီအဖြစ်အပျက်တွေကိုကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေ၏။ ဒီလို ဘုရင့်သမက် ဖြစ်ရမှာကိုတောင် ဘာဖြစ်လို့ အကြောက်အကန်ငြင်းနေကြပါလိမ့် ၊ အို..ဒါတွေထားပါလေ၊ အရေးကြီးတာက ငါပဲ။ မင်းသမီးလေးကို ပိုင်ဆိုင်ရမယ့် ဖူးစာရှင်က ငါမို့လို့ပဲနေမှာပေါ့။ ဟိုဟိုဒီဒီ လျှောက်တွေးမနေတော့ပဲ လေးစင်ရှိရာသို့သာ တစ်လှမ်းချင်းသွားလိုက်သည်။ ပြီးတော့ ပရိသတ်အားလုံးကို လှမ်းကြည့်လိုက်သေး၏။ အားလုံး၏အာရုံတွေ သူ့ဆီမှာပဲကျရောက်နေသဖြင့် ကျေနပ်သွားသည်။

ပထမဆုံး အာရုံမပျံ့လွင့်အောင် ထိန်းလိုက်သည်။ ပြီးနောက် ရှိသမျှအားကို အကုန်စုစည်း ထားလိုက်၏။ ဒီလောက်အလေးကြီးကို မဖို့ ဒီလို နည်းလမ်းကောင်းတွေ လိုသည်လေ။ ထို့နောက် လေးကိုင်းကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။ နောက်ဆုံးအဆင့်အနေနဲ့ လေးကိုင်းကို ရှိသမျှအားသုံးပြီး ဆွဲမလိုက်သည်။

`ဟင်´

`ချိန်ခွင်လောက်တောင် မလေးဘူး´

ပါးစပ်က လွှတ်ခနဲထွက်သွားသည်။ လူကလညး နောက်သို့ လန်သွား၏။ လက်ထဲမှာက ရှိသမျှအားနဲ့ မလိုက်ရသော ချိန်ခွင်လောက်တောင်မလေးလှသည့် လေးကိုင်းကြီး။ ကြောင်စီစီနှင့် ခဏလောက် မှင်တက်မိနေသည်။ ပြီးမှ…

`မဟုတ်သေးပါဘူး´ ဟုဆိုကာ လေးကို်င်းကို စင်ပေါ်ပြန်တင်ထားလိုက်၏။ ပြီးနောက် လေးကိုင်းကို နောက်တခါပြန်မကြည့်သည်။ အလွယ်တကူ ပါလာပြန်၏။ သူလည်း ကိုယ့်ကိုယ်ကို မယုံနိုင်သလို သူ့လက်ထဲတွင်ရှိသော လေးကိုင်းကိုတလှည့်ကြည့်လိုက် လူပရိသတ်များကိုတလှည့် ကြည့်လိုက် လုပ်နေ၏။ ထိုစဉ်မှုာပင်…

`လူစွမ်းကောင်းဒဿဂီရိဟာ လေးတော်ကို နှစ်ထပ်ကွမ်းတင်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဘုရင့်သမီးတော် သီတာဒေဝီ မင်းသမီးလေးရဲ့ ကြင်ယာတော်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ´

ဟု မှူးမတ်တစ်ဦးက ကြေငြာလိုက်လေသည်။

`ဟေး…..´

`ဖြောင်း…ဖြောင်း´

`ရွှီ….ရွှီ… ဒတ်ကြီးကွ´

လက်ခုပ်သံတွေ အားပေးသံတွေ။ ဒါ..ဒါ ငါ့ကို ဂုဏ်ပြုကြတဲ့အသံတွေပဲ။ ရင်မှာ လှိုက်ခနဲကို ကြည်နူးရပါလား။ အားလုံးက ဝိုင်းပြီး ချီးမြှောက်ခံလိုက်ရလို့ ဝမ်းသာပီတိဖြစ်မှုတွေ။ ချစ်သူကို ပိုင်ဆိုင်ခွင့်ရပြီဆိုတဲ့ အသိတွေ။ အို… ဘယ်လို ပျော်ရွှင်မှုမျိုးနဲ့မှ နှိုင်းလို့မရပါလား။

သူဘဝင်ကျသွားပြီး အားလုံးကို လက်ဝှေ့ယမ်းပြလိုက်၏။ ရာမမင်းသားကလည်း ထိုင်နေရာမှ ထလာပြီး သူ့အတွက်ဂုဏ်ယူပါတယ် ဆိုသောပုံစံမျိုးဖြျင့် လက်ကမ်းပေးလာ၏။ သူဝမ်းသာအားရပဲ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက်မှ ….

`ကဲ..သီတာကို ကျုပ် ခေါ်သွားလို့ရပြီလား ၊ ရရင်လည်း ခေါ်သွားတော့မယ်လေ ၊ ကျုပ်တိုင်းပြည်မှာ ပြန်ပြီး ဧည့်ခံပွဲလုပ်ရဦးမှာ ´

တစ်ချိန်လုံး ငြိမ်နေသော ရသေ့ကြီးက ဝင်ပြောသည်။

`လာမှာပါလေ…. သိပ်မလောပါနဲ့ သွားခေါ်နေပါပြီ´

ခဏနေတော့ အဖြူဆွတ်ဆွတ်ဝတ်စုံနှင့် မင်းသမီးလေး အခြွေအရံများနှင့် ရောက်လာ၏။ မျက်နှာကိုလည်း ပဝါဖြင့်အုပ်ထားသေးသည်။ အို…. မမြင်ရလည်းလှတာပါပဲလားကွယ်။ မင်းသမီးလေး သူ့အနားလာရပ်တော့ ရင်ခုန်သံက ပိုမြန်လာ၏။ သူ ကတုန်ကယင်နှင့် မျက်နှာကို အုပ်ထားသော ပဝါစကိုဖယ်ရန် လက်လှမ်းလိုက်သည်။ ဒါကို မင်းသမီးလေးက လက်ဖြင့်ဖမ်းထားပြီး တိုးညင်းသောလေသံဖြင့် ပြောသည်။

`အို…. ရှက်ပါတယ်´

ဟုတ်သားပဲလေ။ သူရှက်ရှာပေမပေါ့။ ခုလောလောဆယ်တော့ မကြည့်တော့ပါဘူး။ အိမ်ရောက်မှပဲ အဟိ။ သူ အူမြူးစွာတွေးရင်း မင်းသမီးကို လှမ်းပြောသည်။

`ဒါဆိုလည်း သွားကြရအောင်နော်´

မင်းသမီးလေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်နှင့် ကားနားကို အပြေးအလွှားသွားပြီး ကားတံခါး ဖွင့်ပေးလိုက်၏။ မင်းသမီးလေးက အိန္ဒြေရစွာ ဝင်ထိုင်သည်။ သူလည်းအားလုံးကို နှုတ်ဆက်လက်ပြပြီး ကားထဲဝင်ထိုင်ကာ ညင်သာစွာ ကားကိုမောင်းထွက်လိုက်၏။ အော်ဟစ်အားပေးသံများက အနောက်တွင် တဖြည်းဖြည်းဝေးကျန်ခဲ့ပြီ။

(၃)

အခန်းထဲမှာ သူ့ရဲ့ကြင်ယာတော် အသစ်စက်စက်ကလေးက ငြိမ်သက်စွာ ထိုင်နေပေလိမ့်မည်။ သူကတော့ အထဲမဝင်ရဲသေးဘဲ အခန်းဝမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရင်တွေခုန်ကာနေ၏။ အချစ်ဟာ အရာရာကို ကြောက်စိတ်ဝင်စေနိုင်တာပဲလေ။ ဟိုဟိုဒီဒီတွေးနေရင်းမှ ဒီနေ့ဖြစ်ပျက်ခဲ့ပုံေတွေကို ပြန်စဉ်းစားမိသည်။ ငါ့အတွက် အရာရာဟာ ဘာလို့များ လွယ်ကူနေခဲ့ပါလိမ့်။ အို…. မလိုပါဘူးလေ။ ငါက ၂၁ ရာစုဒဿဂီရိပဲ။ ငါ့ရဲ့စွမ်းရည်ကိုက သူများတွေထက် ပိုသာနေတာ ဖြစ်မှာပေါ့။ အတွေးစက ကြင်ယာတော်လေးဆီ ပြန်ရောက်သွား၏။

အချစ်ဆိုတဲ့အရာဟာ ဒီလောက်ပဲ တန်ခိုးကြီးသလား မိသီတာ။ ဒါ့ကြောင့်လည်း ချစ်ခြင်းတရားရဲ့ ရှေ့မှောက်မှာ ခေတ်အဆက်ဆက်ကလူတွေ ဒူးထောက်ခဲ့ကြရတာပဲ။ ငါ့ရဲ့ရင်တစ်ခုလုံး ဟုန်းဟုန်းတောက်နေအောင် ပြုစားရက်တယ် မိသီတာ။ နင့်အတွက်ပဲ ဝေမြနေခဲ့တဲ့ ရင်ခုန်သံကို တဆိတ်လေး နားစွင့်ကြည့်ပါ။ ပြီးရင် ကောင်းကင်ကိုကြည့်ပါဦး အချစ်။ လမင်းဟာ ငါ့ရဲ့ နတ်သမီးပြပွဲကို ဂုဏ်ယူစွာ ပြုံးကြည့်နေလိမ့်မယ်။ ကြယ်အစုံတို့ရဲ့ ကောင်းချီးဩဘာသံဟာလည်း ငါတို့နှစ်ယောက်အတွက် နားဝင်ချိုတဲ့ တေးသွားတစ်ခု ဖြစ်နေလိမ့်မယ်။ ငါ့ရဲ့အချစ်တွေကို နင်မြင်နိုင်ဖို့အတွက် နင့်မျက်နှာလေးပေါ်မှာ ဖုံးအုပ်ထားတဲ့ ပဝါစကို ငါဖယ်ရှားပစ်ပါရစေ မိသီတာရယ်။

ရင်ခုန်သံတွေ ကျယ်လွင့်လာသည့်ကြားမှပင် အခန်းထဲသို့ အရဲစွန့်ပြီး ဝင်လိုက်၏။ ထို့နောက် သူမအနားသို့ ကပ်သွားပြီး မျက်နှာပေါ်ရှိ ပဝါစကို အသာ`မ´ကြည့်လိုက်သည်။ တစ်လောကလုံး ဆိတ်ငြိမ်သွားသလို ထင်လိုက်ရပြီးနောက် ……..

တစ်စက္ကန့်…. နှစ်စက္ကန့်….သုံးစက္ကန့်…..

`အား´

အော်သံတစ်ချက်ကြားလိုက်ရပြီး ခဏအကြာတွင် သတိလက်လွတ်ဖြစ်နေသော ရုပ်အသေကြီးနှင့် သူထွက်လာလေသည်။ သူ့မျက်လုံးအစုံထဲတွင်တော့…. ပုံရိပ်များ…. ရာမနှင့် လက္ခဏတို့ အပြန်အလှန် ငြင်းခုံနေကြပုံများ…… လေးကို တင်လို့မရသဖြင့် စိတ်အေးသွားသော ရာမမင်းသား၏ ပုံရိပ်များ….. ချိန်ခွင်လောက်တောင် မလေးသော လေးကိုင်းအကွေးကြီးပုံများကို အစီအရီ မြင်ယောင်နေလေသည်။

(အဆုံး)

သီတာဒေဝီ၏ ခမည်းတော်ဘုရင်ကြီးက အထူးဧည့်ခံသော ညစာစားပွဲတွင် ရာမမင်းသား ၊ လက္ခဏ ၊ ဆရာရသေ့ကြီးနှင့် ဘုရင်ကြီးတို့ စားရင်းသောက်ရင်း စကားပြောနေကြသည်။ ဘုရင်ကြီးက…

`ကျုပ်သမီးတော်လေး လင်ကောင်းသားကောင်းရသွားတဲ့အတွက် ဝမ်းသာတယ်ဗျာ ၊ ဒဿကြီးရှိတဲ့တောထဲကို လေယာဉ်နဲ့ စာရွက်သွားပစ်ချပေးတဲ့ လက္ခဏမင်းသားကိုလည်း ကျေးဇူးတင်ပါတယ်။

ရာမမင်းသားကလည်း ဝင်ပြောသည်။

`ကျနော်တောင် ကံကောင်းလို့ဗျို့ ၊ သူက အတင်းလေးတင်ခိုင်းတာလေ ၊ တော်သေးတာပေါ့ ၊ မ`မ´ နိုင်တဲ့ပုံစံမျိုးလုပ်တာ ပီပြင်သွားလို့ ၊ နို့မို့ဆိုရင်တော့ အဟီး…..´

လက္ခဏက……

`ဘာပဲပြောပြောလေ ၊ နောက်ဆုံးတော့ ဒဿဂီရိဟာ ကျွန်တော်တို့ဆင်ထားတဲ့ အကွက်ထဲ ရောက်လာရတာပဲ မဟုတ်လား´

ဘုရင်ကြီးက စာရွက်ပေါ်မှ ဓါတ်ပုံကို သေချာကြည့်ပြီး ………

`ကျုပ် နားမလည်တာ တစ်ခုပဲရှိတယ် ၊ ဒီလောက် ရုပ်ဆိုးတဲ့ ကျုပ်သမီးတော်ကို ဓါတ်ပုံထဲမှာ လှသွားအောင် ဘယ်လိုလုပ်ပစ်လိုက်သလဲ ဆိုတာကိုပါပဲ´

ထိုအခါမှ ရသေ့ကြီးက ပြုံးစစနှင့် ဂုဏ်ယူသလို ဝင်ပြောသည်။

`ဘာခက်တာမှတ်လို့ ဘုရင်ကြီးရယ် ၊ ဒဿဂီရိပြောသလိုဆို ၂၁ ရာစုလေဗျာ ၊ ၂၁ ရာစု ၊ ကျုပ်တပည့်လေး မောင်ရာမက ဖိုတိုရှော့ဆိုတာကို အလွန်ကျွမ်းဆိုကိုးဗျ ၊ ဘုရင်ကြီးသမီးတော်လေး ပုံကို ဒစ်ဂျစ်တယ်ကင်မရာနဲ့ရိုက် ၊ ပြီးတော့ ကွန်ပျူတာထဲမှာ လိုသလို ပုံပြောင်းလိုက်တာပါ ၊ ဟား…. ဟား……….´

`ဪ….. ၂၁ ရာစု ဒဿဂီရိလည်း ၂၁ ရာစု နည်းပညာနဲ့ ထိပ်တိုက်တိုးသွားတာပေါ့လေ ၊ ဟား … ဟား….ဟား……..´

အားလုံးဝိုင်း၍ ရယ်မောသံက ကောင်းကင်သို့ပင် လျှံတက်သွားသလို ထင်ရလေသည်။

One comment

  • zamte

    June 4, 2010 at 10:17 am

    အတွေးအခေါ်ရော၊ ဖွဲ့နွဲ့ပုံပါ သိပ်ကောင်းပါတယ်။ ဖြစ်နိုင်ရင် ရာဇဝင်ထဲက ဇာတ်တော်တွေကို အခြေခံတာထက် လက်တွေ့ဘဝ လူမှုဒုက္ခ အခက်အခဲတွေကို ဇာတ်လမ်းလေးနဲ့ တက်ဆက်ပေးရင် ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။ စာရေးသူသာ ဆန္ဒရှိရင် တင်ဆက်နိုင်တယ်ဆိုတာ သိပြီးသားပါ။ အကြံပေးတာနော် သူငယ်ချင်း။

Leave a Reply