ငြိမ်းချမ်းဆိုသည်ကာ ဘယ်လိုမျိုးကိုသင်ယူဆသလဲ မှောင်စပြုလာတဲ့ ငြိမ်းချမ်းရေး

guestktyJune 4, 20101min811

၂၀၁ဝ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး (နယ်ခြားစောင့်၊ နယ်မြေစောင့်၊ ပြည်သူ့စစ်) တပ်ဖွဲ့များအသွင် ပြောင်းလဲကြရန် ကျန်ရှိ နေသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ စစ်အစိုးရက ရာဇသံပေးခဲ့ဖူးသည်။

ထိုရာဇသံ အပေးခံရဘူးသည့် အပစ်ရပ် အဖွဲ့အစည်းတိုင်းက နအဖ သတ်မှတ်ပေးရက် မတိုင်မှီ မိမိတို့ တဖွဲ့ချင်းစီ၏ နိုင်ငံရေး ရပ်တည်ချက်ကို ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည်ပင်လျှင် နအဖအတွက် ဘဝင်မကျစရာ ဖြစ်နေပါ လိမ့်မည်။ နိုင်ငံရေး အရလည်း အရှက် ရစရာတခု ထပ်မံ လက်ခံရရှိလိုက်တာမျိုး ဖြစ်နိုင်သည်။ အကျိုးဆက်အဖြစ် နအဖသည် ထိုအရှက် ရစရာတွေကို အငုတ်စိတ်ဖြင့် ရန်ညှိုးဖွဲ့၊ ရန်မီးပွားလာစေနိုင်သည်။ ဤအတိုင်းဖြစ်လာခဲ့လျှင် အပစ်ရပ်နိုင်ငံရေး ပြဿနာသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ရှိုင်းလာစေပါလိမ့်မည်။

ယခုမြင်တွေ့နေရသည်မှာ နအဖ နိုင်ငံတော်၏ သဘောထား(နိုင်ငံရေးလိုအပ်ချက်) နှင့် အပစ်ရပ် အဖွဲ့အစည်းများ၏ နိုင်ငံရေး အကျိုးစီးပွား တထပ်တည်း မကျတော့သည့် အချိန်တွင် ထိုကဲ့သို့ တုန့်ပြန်ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တကယ် ဆိုရလျှင် နအဖနှင့် နိုင်ငံရေးအရ အနှစ် ၂ဝ ထိတွေ့ဆက်ဆံခြင်းက အပစ်ရပ်အဖွဲ့များအား ထိုတောင်းဆိုချက်ကို ဖြစ်ပေါ် စေခဲ့သည်။ ထိုအပြင် မူလ နိုင်ငံရေးရည်ရွယ်ချက်များကို ပြန်လည်ဖော်ထုတ်ဖို့ လမ်းစဖော်ပေးသလို ဖြစ်လာခဲ့သည်။ အပစ်ရပ် နိုင်ငံရေးသည် တိုင်းပြည်၏ ပင်မ နိုင်ငံရေးပြဿနာများနှင့် ပိုမို နီးကပ်လာသလိုဖြစ်နေသည်။

ဒီရက်ပိုင်းအတွင်း အပစ်ရပ်ဒေသများတွင် ငြိမ်းချမ်းရေးတေးသီသံများ တိုးတိမ်လာသလိုမျိုး ခံစားမိသည်။ အစားထိုး ကြားသိနေရသည့် အသံများမှာ နအဖ စစ်ကားများ၊ စစ်သားများ၏ လှုပ်ရှားသံများက အသံ ပိုကျယ်လောင်လာသလို ခံစားနေရသည်။ ဘယ်ဒေသမှာ၊ ဘယ်အချိန်မှာ အပစ်ရပ်နိုင်ငံရေးဘဝ ဘယ်လိုပုံသဏ္ဍာန်ဖြင့် ပျက်စီးပျောက်ကွယ်သွားမှာလဲ ဆိုသည့် စိုးရိမ်စိတ်တွေကလည်း ဒေသခံ ပြည်သူလူထုများ၏ နေ့စဉ်နေထိုင်မှု ဘဝတွေထဲအထိ ခြိမ်းခြောက်လျှက်ရှိသည်။

ဧပြီ ၂၈ နောက်ဆုံး ရာဇာသံပေးပြီးနောက် အပစ်ရပ်နိုင်ငံရေး အခြေအနေကို မြင်ကွင်းချုံ့ကြည့်လျှင် နအဖသည် အပစ်ရပ်အဖွဲ့များ၏ တုန့်ပြန် တောင်းဆိုချက်ကို မဆိုင်းမတွ ပယ်ချခဲ့သည်။ အပစ်ရပ်အဖွဲ့များ အခြေစိုက်ရာ ဒေသတွင်းသို့ စစ်အင်အားများ တိုးဖြည့် နေရာချထားခြင်းများ အဆက်မပြတ် ပြုလုပ်နေသည်။ နိုင်ငံရေးအရ ဖိအားပေးခြင်းကိုလည်း တွဲဖက်ကျင့်သုံးလျက်ရှိသည်။

သက်ဆိုင်သည့် အပစ်ရပ်အဖွဲ့များအနေဖြင့် နအဖ၏ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး စီမံချက်ကို ငြင်းဆန်ထားသော်လည်း နအဖသည် ၎င်း၏ စီမံချက်ကို ဆက်လက် အကောင်အထည် ဖော်မြဲ ဖော်လျက်ရှိသည်။ နောက်ထပ် တကျော့ အကောင်အထည် ဖော်မှုတွင် အင်အား အတော်အတန် ရှိသော အဖွဲ့ကြီးများထံသို့ စာဖြင့် အကြောင်းကြားကာ သဘောထား စမ်းသပ်၊ တီးခေါက်တာ လောက်ပဲ လုပ်ပြနေသည်။ သို့သော်လည်း အဖွဲ့အစည်းတွင်း တွယ်ဆက်မှု အားနည်းသည့် အဖွဲ့တဖွဲ့ချင်းစီသို့ ပစ်မှတ်ရှာ အာရုံစိုက်လျှက် ရှိနေတာကိုတော့ တွေ့နေရသည်။

မေလအတွင်း နအဖ အာရုံအစိုက်ဆုံးအဖွဲ့မှာ အတွင်းပိုင်း သဘောကွဲလွဲမှုဖြစ်နေသည့် SSA–N (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) အဖွဲ့ ဖြစ်သည်။ SSA–N သည် ဧပြီ ၂၈ နေ့ နောက်ပိုင်း နအဖ၏ အသွင်ကူးပြောင်းရေး စီမံချက်အား လက်ခံမည် (သို့မဟုတ်) လက်မခံနိုင် ဆိုသည့် သဘောထား ၂ ရပ် သိသာစွာ ကွဲခဲ့သည်။ ထိုအကွဲအပြဲက နအဖ၏ စီမံချက်အတွက် ခြေချစရာဖြစ်လာနေသည်။

သို့သော် ထူးခြားချက်တခုအဖြစ် တွေ့ရသည်မှာ နအဖ အသွင်ကူးပြောင်းရေးစီမံချက်ကို လက်ခံသည့် အုပ်စုအား ချက်ခြင်း ဌာနေပြည်သူ့စစ် အဖြစ် ဖွဲ့စည်းမပေးသေး။ သဘောမတူသည့် အုပ်စုကို စည်းရုံးသိမ်းသွင်းစေသည်။ သဘောထားမတိုက်ဆိုင်သူ အချင်းချင်း ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်တာကလွဲပြီး အခြားမဖြစ်နိုင်။ ကြက်လည်းမောစေ၊ ယာလည်းညက်စေ ဆိုသည့် ပေါ်လစီကို ကျင့်သုုံးစေတာဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် ကိုးကန့်ပြဿနာမျိုး နောက်တနေရာမှာ လာရောက်ကျင့်သုံးခြင်းသာ ဖြစ်သည်ဟု ယူဆနေကြသူတွေလည်း ရှိနေကြပါသည်။

တဖက်မှလည်း နအဖ စီမံချက်ကို သဘောမတူသည့် အဖွဲ့အား စစ်အင်အားဖြင့် ဝိုင်းပတ်ပိတ်ဆို့ ဖိအားပေးတာမျိုးလည်း ရှိနေပြန်သေးသည်။ စစ်ရေးအရ ဖိအားပေးခြင်း၏ ရည်ရွယ်ချက်များတွင် ရွေးကောက်ပွဲမတိုင်မှီ အပစ်ရပ်အဖွဲ့များနှင့် သေနတ်သံ ပြန်မပေါက်ရေးဆိုသည် အချက်လည်း တချက်အပါအဝင် ဖြစ်နိုင်သည်။

မည်သို့ဆိုစေကာမှု နအဖသည် ၂၀၁ဝ နိုင်ငံရေးလိုအပ်ချက် (စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး) ပြည့်မှီရေးအတွက် အပစ်ရပ် နိုင်ငံရေးပြဿနာများကို အဆုံးသတ်ထားချင်သည်။ ထိုအချက်ကြောင့် နအဖသည် BGF အသွင်ပြောင်းရေး စီမံချက်ကို နည်းနာပေါင်းစုံ (တရားသည်၊ မတရားသည် မခွဲခြားပဲ) ဖြင့် အကောင်အထည် ဖော်ကြပါလိမ့်မည်။ ဒီအချက်ကိုတော့ အငြင်းပွားစရာမရှိ ယုံကြည် မိသည်။

နအဖ၏ BGF အသွင်ပြောင်းရေးစီမံကိန်းသည် ထင်သလောက် ခရီးမပေါက်ခဲ့ပါ။ ရှေ့တိုးရန် အခက်အခဲ တွေ့နေချိန်လည်း ဖြစ်နေသည်။ ထိုအချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာကို လှည့်စားရန် ခြံထဲကကြက်ကို ရိုက်သတ်ပြကာ လုပ်ကြံဇာတ်လမ်းတခု ဖန်တီး ရပါတော့သည်။ နိုင်ငံရေးအကြပ်အတည်း တွေ့ရှိလာလျှင် နအဖ လုပ်နေကျ နည်းတခုလည်းဖြစ်သည်။

မဆလ ခေတ်ကတည်းက နအဖခေတ်အထိ ရှမ်းပြည်နယ်ရှိ တော်လှန်ရေးတွေကို ဆန့်ကျင်ရန် လူတစုအား ပြည်သူစစ် အမည်ခံကာ ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံရေးအရ လိုအပ်ချိန်များတွင် ထိုလက်နက်ကိုင် လူအုပ်စုကို လူမျိုးစုနာမည်တခု တပ်ပြီး ပွဲထုတ်ကာ လူအများအား ထင်ယောင်ထင်မှား ဖြစ်စေရန် နအဖ လုပ်ပြလာခဲ့သည်။

အနီးဆုံး အဖြစ်အပျက်တခုမှာ – ၂၀၀ရ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နအဖအား နိုင်ငံရေးအရ ဝေဖန်သည့် ထုတ်ပြန်ကြေညာချက် တစောင်ကို စင်္ကာပူနိုင်ငံမှနေပြီး ထုတ်ပြန်ခဲ့ဖူးသည်။ ထို နိုင်ငံရေးထုတ်ပြန်ကြေညာကို် တန်ပြန် ဆန့်ကျင်ရန် အတွက် နအဖ သည် အဖွဲ့အစည်းပေါင်း (၇၀) ကျော်ကို အတုအယောင် ဖန်တီးခဲ့သည်။ ထိုအဖွဲ့များ၏ ဆန္ဒ သဘောထား များကို လုယူပြီး နအဖပိုင် သတင်းစာများမှ ဒေါ်အောင်စုကြည်၏ ထုတ်ပြန်ကြေညာကို ကန့်ကွက်ကြောင်း ဖော်ပြခဲ့ဖူးသည်။ ထိုအဖွဲ့ (၇၀) ကျော်ထဲတွင် နအဖ မွေးမြူထားသည့် ပြည်သူစစ်အဖွဲ့ပေါင်း (၁၀) ဖွဲ့ ပါရှိပါသည်။

အခုလည်း ထို (၁၀) ဖွဲ့ထဲမှ အချို့ကို အမှတ် (၁၀၀၇), (၁၀၀၈), (၁၀၀၉), (၁၀၁၀) နယ်ခြားစောင့်တပ်ဖွဲ့ဆိုသည့် အမည်ဖြင့် မတ်လ ၃ဝ ရက်၊ မေ ၁၈၊ ၂ဝ ရက်များတွင် ပွဲထုတ်လာပြန်သည်။ အသွင်ကူးပြောင်းရေး စီမံချက်ကို လူကြိုက်များလာစေရန် မီဒီယာ အားကိုးဖြင့် နိုင်ငံရေး ကြော်ငြာနေခြင်းသာ ဖြစ်သည်။ မျက်စေ့လည်စရာ မရှိပါ။

နအဖ က တပွက်ဆူနိုင်ငံရေး နည်းပရိယာယ်ကို ချမှတ်ကျင့်သုံးနေသော်လည်း ထိုဒေသတွင်း၌ လူမျိုးရေးပြဿနာ အချွန်အတက် များကို တိုးပွားအောင် လုပ်ပေးနေခြင်းသာ ဖြစ်သည်။ နအဖသည် ရှင်းနေတာကို ရှုပ်အောင်လုပ်တတ်သည်။ ရှု့ပ်နေတာကို ရှင်း မရအောင် လုပ်တတ်သည်။ ထိုအကျင့်အတိုင်း အပစ်ရပ် နိုင်ငံရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သည်။ ထိုအချက်ကို နအဖနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသူတိုင်း သတိပြုမိကြပေလိမ့်မည်။

လွန်ခဲ့သည် နှစ်၂ဝ က နဝတ၏ နိုင်ငံရေး လိုအပ်ချက် အရ အပစ်ရပ်အဖွဲ့များ ပေါ်ပေါက်လာစေခဲ့သည်။ အခုတော့ နအဖ၏ နိုင်ငံရေး လိုအပ်ချက်အရ အပစ်ရပ်အဖွဲ့များ ပျောက်ကွယ်ရန်လိုအပ်နေပြီ။ သို့သော် နအဖ ဆန္ဒအတိုင်း ဖြစ်တည်မလာခဲ့ပါ။ ဖြစ်နေတာက မထွေးနိုင်၊ မအံနိုင်သည့် အစိုင်အခဲကြီးတခုအား မြိုဆို့ထားရသလိုမျိုး။ နအဖ ဖြေရှင်းနေရသည့် လတ်တလော ပြဿနာများထဲတွင် ဒီပြဿနာလည်း တခုအပါအဝင်အဖြစ် မြင်တွေ့ကြရမည်။

အကယ်၍ ထိုပြဿနာ ပြေလည်လိုပါက နအဖသည် ရူးမိုက်စွာ စဉ်းစားရေးဆွဲထားသည့် အသွင်ကူးပြောင်းရေး စီမံချက်ကို ဖျက်သိမ်းပစ် ရပါလိမ့်မည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးတောင်းဆိုချက်များကို လေးစားလိုက်နာ ပေးရပါလိမ့်မည်။ မပြေမလည် ဖြစ်နေသည့် အပစ်ရပ် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရဲသည့် သတ္တိကောင်း မွေးမြူထားရပါလိမ့်မည်။

ဤကဲသို့မဟုတ်ဘဲ၊ အပစ်ရပ်နိုင်ငံရေး ပြဿနာများအား လက်စမသတ်နိုင်တော့ဘဲ ဆိုင်းငံ့ထားနိုင်သည်။ နအဖ စစ်အစိုးရသည် အရေခွံ ခွာလဲပြီး ရွေးကောက်ပွဲတွင် အနိုင်ရအောင် လုပ်မည်။ ထိုနောက် နိုင်ငံရေးအာဏာ ချုပ်ကိုင်ထားမည့် အသွင်ပြောင်း စစ်အစိုးရ ပုံသဏ္ဍာန်ဖြင့် ဆက်လက်ဖြေရှင်းရန် ကြံစည်နေပါလိမ့်မည်။ ဤနည်းကား ဘယ်လက်မှ ညာလက် ပြောင်းကိုင်သည့် နည်းသာလျှင် ဖြစ်သည်။ မည်သို့ဆိုစေကာမှု ပေါ်ပေါက်လာမည့် အစိုးရနှင့် လူမျိုးပေါင်းစုံ ပြည်သူတို့၏ နိုင်ငံရေးပြဿနာကတော့ ဆက်လက် တည်ရှိနေဆဲ၊ ရှုပ်ထွေးနေဆဲ ဖြစ်နေအုံးမည်။

သို့သော် ထိုပြဿနာများအား အခုပဲရှင်းရှင်း၊ နောက်မှပဲရှင်းရှင်း ဖြေရှင်းရန် တာဝန်ရှိသူတိုင်းသည် “တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ အတူတကွ စည်ပင်ဝပြောရေး” ဆိုသည့် အခြေခံမူကို ဘေးဖယ်ထားမည်။ ပြီးတော့ ယခင်အစိုးရ အဆက်ဆက်ကဲ့သို့ နည်းလမ်း ဟောင်းဖြင့် ဖြေရှင်းကြမည် …. ဟု ဆိုပါက ဒီတိုင်းပြည်သည် အပြင်းစား နိုင်ငံရေး ပဋိပက္ခများဖြင့် ဆက်လက် ပေါက်ကွဲကာ ညံစီ နေတော့မည် ဆိုတာကို တွေးကြည့်ရင်း စိတ်မောနေမိတော့သည်။

One comment

  • soemoe

    June 5, 2010 at 2:40 am

    နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းဖို့ဆိုတာ အဲဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ အဖွဲ့စည်းတစ်ခု ရဲ့ လုပ်ရပ်ပေါ်မှ အင်မတန်ကို မူတည်ပါတယ်။

Leave a Reply