ဥစ္စာစောင့်နှင့် တောင်အစောင့်များအကြောင်း
တောင်တစ်တောင်။ အမည်က ကျောက်တစ်လုံးတောင်။ အဲဒီတောင်မှာ ဥစ္စာစောင့်တွေ ရှိတယ်လို့ နာမည်ကြီးတယ်။ ပါးစပ်ရာဇဝင်အရ အဲဒီတောင်ထဲမှာ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျ မြတ်စွာဘုရားရှင်ကို ကျောင်းဆောက်လှူဒါန်းဖို့အတွက် ရတနာတွေ ရှိတယ်လို့ ပြောကြတယ်။ အဲဒီတောင်က ကျွန်းတောရွာ ပိုင်နက်ထဲမှာ ရှိတယ်။ အရင်တုန်းက တောင်မှာ ဂူပေါက်ကြီးရှိပြီး ကျွန်းတောရွာက လူတွေ ပွဲလမ်းသဘင် ရှိပြီဆိုရင် လက်ဝတ်ရတနာတွေကို ဥစ္စာစောင့်တွေက ငှားပေးတယ်ဆိုပဲ။ နောက်ပိုင်း အလိုရမက်ကြီးပြီး ကတိမတည်တဲ့ လူတစ်ချို့ကြောင့် ဥစ္စာစောင့်တွေက သူတို့ရဲ့ ဂူပေါက်ကြီးကို အပြီး ပိတ်ပစ်ခဲ့ကြတယ်လို့ လူကြီးတွေရဲ့ ပါးစပ်ရာဇဝင် တွင်ခဲ့ပါတယ်။
ကျောက်တစ်လုံးတောင်နဲ့ ပတ်သက်လို့ တစ်နည်းအားဖြင့် ကျောက်တစ်လုံးတောင်က အစောင့်အရှောက်တွေ၊ ဥစ္စာစောင့်တွေနဲ့ ပတ်သက်လို့ ကျွန်းတောရွာကလူတွေ မျက်မြင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တွေကလည်း များပါတယ်။ ကျောက်တစ်လုံး တောင်ခြေမှာ အညစ်အကြေး စွန့်ရင်၊ တောင်ခြေတစ်ဝိုက်မှာ အဆဲအဆိုတွေ များရင် တောင်ကို စောင့်ရှောက်နေတဲ့သူတွေက မကြိုက်ဖူးလို့ ပြောကြပါတယ်။ လူကြီးလူမတွေကလည်း ကျောက်တစ်လုံး တောင်နားမှာ မဆဲဖို့၊ အညစ်အကြေး မစွန့်ဖို့ မှာကြားထားကြပါတယ်။ အဲဒီ ကျောက်တစ်လုံး တောင်ပေါ်မှာ ဘုရားတည်ထားပေမယ့်လို့ ရောက်ဖြစ်တဲ့လူ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပိတ်နေတာရယ်၊ ချုံနွယ်တွေ ပိတ်ဖုံးနေတာရယ်၊ မြွေအန္တရာယ်ကို ကြောက်ကြလို့ရယ်ကြောင့် ဖြစ်ပါတယ်။
အညစ်အကြေးစွန့်တာနဲ့ ပတ်သက်လို့ အဖြစ်လေးတစ်ခုကို ပြောပြပါဦးမယ်။ တစ်ခါကပေါ့ ကလေးလေးတစ်ယောက် သူ့အမေနဲ့ တောင်ခြေနားက ယာခင်းဆီကို လိုက်သွားခဲ့တယ်။ အဲဒီ ယာခင်းမှာ စိုက်ထားတဲ့ ပဲခင်းကို သွားခဲ့ကြတာပါ။ တောင်ခြေလည်း ရောက်ရော အမေက ပဲပင်တွေ နှုတ်ပါတယ်။ ကလေးကတော့ ဟိုဆော့ဒီဆော့ပေါ့။ အမေဖြစ်သူလည်း ပဲနှုတ်လို့ အတော်ကြာတဲ့အချိန်မှာ ပါလာတဲ့ ကလေးက သေးပေါက်ချင်တာနဲ့ ကျောက်တစ်လုံး တောင်ခြေမှာ သေးပေါက်ပါလေရော။ ကလေးက တောင်ခြေမှာ တောင်ရှိရာဘက်ကို မျက်နှာမူပြီး သေးပေါက်နေတာပါ။ ကလေး သေးပေါက်နေချိန်မှာ ကလေးရဲ့ မျက်စိရှေ့က လူကြီး တစ်ဖက်စာလောက် ရှိတဲ့ မြွေကြီး တစ်လိမ့်လိမ့်နဲ့ ဖြတ်သွားတာကို ကလေးက မြင်လိုက်ရပါတယ်။ မြွေကြီးရဲ့ ကိုယ်လုံးကို မြင်လိုက်ရတာ ဖြစ်ပြီး ခေါင်းပိုင်းတော့ မမြင်လိုက်ပါဘူး။
အဲဒီ မြွေကြီးလည်း မြင်လိုက်ရရော ကလေးလည်း လန့်သွားပြီး သူ့အမေဆီ ပြေးသွားတယ်။ “အမေ့ … အမေ့ … ဟိုနားမှာ မြွေကြီး အကြီးကြီးပဲ” လို့ ပြောတော့ အမေဖြစ်သူလည်း ကပျာကယာထပြီး ကလေးပြောတဲ့နေရာဆီ ပြေးပြီး သွားကြည့်တာပေါ့။ အမေရောက်တော့ မြွေကြီးကို မတွေ့ရတော့ပါဘူး။ ဒါနဲ့ သူ့အမေက ကလေးကို မေးတယ်။ “လူလေးက ဒီနား ဘာသွားလုပ်တာလဲ” … ။ ကလေးက ပြန်ဖြေတယ်။ “ကျုပ်က သေးပေါက်နေတာ အမေရဲ့၊ အဲဒီအချိန်မှာ မြွေကြီးက ကျုပ်ရှေ့က ဖြတ်သွားတာ၊ နည်းတာကြီး မဟုတ်ဘူး။ ဟောဒီလောက်ကြီး …” ဆိုပြီး ကလေးက သူ့အမေကို လက်နှစ်ဖက် ပွေ့ဖက်တဲ့ ပုံစံကို လုပ်ပြတယ်။ “တောင်သေးတာပေါ့ လူလေးရယ်၊ မြွေကြီးက ဘာမှမလုပ်လို့၊ နောင်တစ်ခါ ဒီတောင်ခြေမှာ သေးမပေါက်ရဘူးနော်၊ ဆဲလည်း မဆဲရဘူး၊ ကြားလား …” “ဟုတ်ကဲ့ …” …….. ။ ဒါကတော့ ကလေးမို့ သတိပေးရုံ အနေနဲ့ တောင်အစောင့်အရှောက်တွေက မြွေကြီး အယောင်ဆောင်ပြီး ပြလိုက်တာလို့ ဆိုကြပါတယ်။
နောက်တစ်ခုက တောင်ရဲ့ အနောက်ဖက်က ယာခင်းထဲမှာ ဖြစ်ခဲ့တာပါ။ အချိန်က ရွာမှာ ပဲပေါ်တဲ့ အချိန်လို့ ပြောရပါမယ်။ တစ်မနက် ရွာက အပျိုတွေက အဲဒီ ယာခင်းမှာ အလုပ်လုပ် သွားခဲ့ကြတယ်။ ယာခင်းရဲ့ အလယ်မှာလည်း ပဲရိုးတွေကို စုပုံထားတဲ့ ပဲရိုးပုံကြီးရှိတယ်။ အပျိုတွေက တောင်ရှိရာ အရပ်ကို မျက်နှာမူပြီး အလုပ်လုပ်နေကြတာပါ။ အဲဒီလို အလုပ်လုပ်ရင်းနဲ့ ထုံးစံအတိုင်း အပျိုတွေ အတင်းပြောကြတာပေါ့။ အဲဒီလို ပြောရင်း၊ တစ်ယောက်နဲ့ တစ်ယောက် နောက်ပြောင် ကျီစယ်ရင်း ချောနွယ်လို့ ခေါ်တဲ့ ကောင်မလေးက ဆဲပါလေရော။ သူကလည်း ဆဲမှာပေါ့။ သူ့ကို မကြိုက်အောင် ဝိုင်းစနေကြတာလေ။ ချောနွယ် ဆဲတာမှ တော်တော်ကို စုံအောင် ဆဲဆိုနေတာပါ။ အဲဒီ အချိန်မှာ ချောနွယ်က ရေသောက်ဦးမှပဲ ဆိုပြီး နောက်ကိုလည်း လှည့်ကြည့်လိုက်ရော … နည်းတဲ့ မြွေကြီး မဟုတ်ဘူး။ မြွေကြီးက ယာခင်း အလယ်က ပဲရိုးပုံကို ရစ်ပတ်ထားပြီး ချောနွယ်ကိုလည်း စူးစူးကြီး ကြည့်လို့၊ ပြီးတော့ ပဲရိုးပုံကိုလည်း ဒေါသတကြီး လှုပ်ခါနေတော့တာပါပဲ။
အဲဒီမှာ မိချောနွယ်လည်း လန့်သွားပြီး “အောင်မလေးတော့ … ဟိုမှာ မြွေကြီး … မြွေကြီး ..” ဆိုပြီး အော်ပါတော့တယ်။ ဘေးနားက သူ့သူငယ်ချင်းတွေလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ ဟိုကြည့်ဒီကြည့်နဲ့ “ဘယ်မှာလဲ … ဘယ်မှာလဲ … မြွေကြီး ” ဆိုပြီး မေးပါတော့တယ်။ “ဟိုမှာ .. ဟိုမှာ … ပဲရိုးပုံကို ရစ်ပတ်ထားတာ … အမေလေး … ကြောက်စရာကြီးတော့ …” ။ မိချောနွယ် သူငယ်ချင်းတွေက ပဲရိုးပုံကို လှည့်ကြည့်တယ်။ ဘာမှ မတွေ့ရဘူး။ “နင်ကလည်း ဘာမှ မရှိတဲ့ဟာကို … ငါတို့မှာ ကြောက်လိုက်ရတာ … ကောင်မစုတ် ” လို့ ပြောပါတော့တယ်။ ဟုတ်ပါတယ်။ သူတို့ အမြင်မှာ ဘာမှ မတွေ့ရပါဘူး။ မိချောနွယ် ကိုသာ မြွေကြီးက ဒေါသတကြီး ကြည့်ပြီး ပဲရိုးပုံကို လှုပ်ခါပြနေတာပါ။ မိချောနွယ်ကတော့ သူ့သူယ်ချင်းတွေ မမြင်ရပေမယ့် မြွေကြီးကို မြင်နေရဆဲ … ။ နောက်ဆုံး မိချောနွယ်ကို ရွာဆီ ပြန်ပို့လိုက်ရပါတော့တယ်။ မိချောနွယ် တစ်ယောက် သုံးလေးရက်လောက် ဖျားသွားခဲ့ပါတယ်။ ဒါအဖြစ်လေးကတော့ တောင်ခြေမှာ ဆဲဆိုမိလို့ တောင် အစောင့်အရှောက်တွေက သတိပေးလိုက်ကြတာပါ။
နောက်တစ်ခုက တောင်နဲ့ မနီးမဝေး ထန်းတန်းလေးမှာ ဖြစ်ခဲ့တာပါ။ ထန်းတန်းဆိုတာ ထန်းပင်တွေ တန်းစီ စိုက်ထားတဲ့ နေရာကို ဆိုလိုတာပါ။ အဲဒီ ထန်းတန်းမှာ ထန်းတက်တဲ့ လူရဲ့ နာမည်က တုတ်ကြီး။ ကိုတုတ်ကြီးက ထန်းတက်တယ်၊ သူ့နှမက မြေအိုးကောက်တယ်။ တစ်နေ့သောအခါမှာပေါ့ …။ အဲဒီနေ့က ကိုတုတ်ကြီးနဲ့ သူ့နှမ အပြင် သူတို့ရဲ့ မောင်လေး ကလေးလေးဖြစ်တဲ့ ထွန်းမောင်ပါ ပါတယ်။ ကိုတုတ်ကြီးက ထုံးစံအတိုင်း ထန်းပင်တွေ တစ်ပင်ပြီးတစ်ပင် တက်တယ်။ သူ့နှမကလည်း ထုံးစံအတိုင်း ထန်းပင်ရင်းက ကိုတုတ်ကြီး ထားပေးခဲ့တဲ့ ထန်းရည်ထည့်ထားတဲ့ မြေအိုးတွေကို စုယူပြီး ထန်းရည်တွေကို ပေါင်းနေတယ်။ သူ့တို့ မောင်လေး ထွန်းမောင်ကတော့ ဆော့နေပါတယ်။
ထွန်းမောင်တစ်ယောက် ဆော့နေရင်းနဲ့ အမှတ်တမဲ့ ကျောက်တစ်လုံး တောင်ဘက်ကို လှည့်ကြည့်လိုက်မိတယ်။ အဲဒီအခါ လူတစ်ယောက် အဖြူရောင် ဝတ်စုံနဲ့ သူတို့ဆီ မျက်နှာမူပြီး လက်ယက်ခေါ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီလူက မိန်းမရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တူတယ်။ သူဝတ်ထားတာက နယူးယောက်က အရုပ်ကြီးရဲ့ ဝတ်စုံလိုပဲ၊ အပေါ်က ခေါင်းဆောင်းတွေ၊ ဘာတွေတော့ မပါဘူး။ ကလေးက အစ ပထမတော့ ကြောင်ကြည့်နေတယ်။ “ဘာလဲဟ” … ပေါ့ ။ တောင်နဲ့ သူတို့ ထန်းတန်းနဲ့ကလည်း အများကြီး နီးတာ မဟုတ်တော့ မျက်နှာကိုတော့ အထင်အရှားကြီး မတွေ့ရပါဘူး။ တောင်ပေါ်ကလူ လက်ယက်ခေါ်နေတာကလည်း ကလေးကို ခေါ်နေတဲ့ပုံစံ မဟုတ်။ ကလေးရဲ့ အမ၊ မြေအိုးတွေကို စုပြီး ထန်းရည်တွေကို ပုံးတစ်ပုံးထဲ စုထည့်နေတဲ့ ကိုတုတ်ကြီးရဲ့ နှမကို လှမ်းပြီးတော့ လက်ယက်ခေါ်နေတဲ့ ပုံစံပါပဲ။ ကိုတုတ်ကြီး နှမက သူ့အလုပ်နဲ့ သူဆိုတော့ သတိမထားမိဘူးပေါ့။ ခဏနေတော့ ကလေးက ထန်းပင်ပေါ်က သူ့အစ်ကို ကိုတုတ်ကြီးကို လှမ်းပြောတယ်။ “ကိုကိုကြီး ကိုကိုကြီး .. ဟိုးတောင်ပေါ်က အဖြူရောင်နဲ့ လူကြီး လက်ယက်ခေါ်နေတယ် … ” ။
အဲဒီလိုလည်း ကလေးက အော်ပြောလိုက်ရော ကိုတုတ်ကြီးက တောင်ရှိရာကို လှမ်းကြည့်လိုက်တော့ … အဟုတ်ပါပဲ။ အဆက်မပြတ် ဖြေးဖြေးချင်း လက်ယက်ခေါ်နေတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရပါတော့တယ်။ ခေါ်နေတဲ့ ပုံစံကလည်း သူ့နှမကို လက်ယက်ခေါ်နေတဲ့ ပုံစံ။ ဒါနဲ့ ကိုတုတ်ကြီးလည်း ထန်းပင်ပေါ်က ဝုန်းခနဲ ခုန်ချပြီး သူ့နှမ လက်ဆွဲကာ ရွာဆီကို ပြေးပါတော့တယ်။ ကလေးလည်း ဘုမသိ ဘမသိ သူတို့နောက်က လိုက်ပြေးတော့တာပေါ့။ ကလေးပြောတဲ့ အချိန်မှာ ကိုတုတ်ကြီး တက်နေတဲ့ ထန်းပင်က နိမ့်တယ်။ ဒါကြောင့် ကိုတုတ်ကြီး ခုန်ဆင်းလိုက်တာ။ အောက်ကလည်း သဲတောဆိုတော့ ဘာမှ ဖြစ်မသွားဘူးပေါ့။ ဒီလိုနဲ့ ကိုတုတ်ကြီး နှမလည်း ဘုမသိ ဘမသိ ကိုတုတ်ကြီး ပြေးတဲ့နောက် ပြေးခဲ့ရတော့တာပေါ့။ သူ့နှမကတော့ တောင်ပေါ်က လက်ယက်ခေါ်နေတဲ့ လူကို မမြင်လိုက်ရပါဘူး။ အဲဒီလို ကိုတုတ်ကြီးတို့ ရွာဆီကို ပြေးနေရင်းနဲ့ နောက်က ပြေးလိုက်နေတဲ့ ကလေးက ပြေးရင်းနဲ့ တောင်ဆီကို ပြန်လှည့်ကြည့်တော့ တောင်ပေါ်က လူကြီးက ပျောက်မသွားဘူးဗျာ။ သူတို့ပြေးတဲ့ဘက်လှည့်ပြီး ခေါ်မြဲ ခေါ်လျက်ပါပဲ။
ဒါကတော့ တောင်ပေါ်က ဥစ္စာစောင့်က လူလဲချင်တဲ့ အတွက်ကြောင့် ကိုတုတ်ကြီး နှမကို မြှူဆွယ် လက်ယက်ခေါ်ခဲ့တဲ့ အဖြစ်ပါ။ အော် … ဒါနဲ့ ပြောဖို့ မေ့သွားတယ်။ အဲဒီ တောင်ပေါ်က အဖြူရောင် ဝတ်စုံနဲ့ လူကြီးက သာမာန်လူတွေက နှစ်ဆလောက် ရှိသတဲ့ဗျ။ ကိုတုတ်ကြီး နှမသာ လက်ယက်ခေါ်နေတဲ့အချိန်က မြင်တွေ့သွားခဲ့ရင် ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန်တော်တော့ တွေးလိုက်မိသေးရဲ့။
အထက်က ကျွန်တော် ပြောခဲ့တာတွေကတော့ ကျွန်တော်တို့ ရွာဘက်က ကျောက်တစ်လုံးတောင်နဲ့ ပတ်သက်တဲ့ ဥစ္စာစောင့်နဲ့ တောင်ရဲ့ အစောင့်ရှောက်တွေ အကြောင်းများ ဖြစ်ပါတယ်။ ကျောက်တစ်လုံးတောင်အား ကျောက်ပုထိုး တောင်ဟုလည်း ခေါ်နိုင်ပါကြောင်း။ နောက်ထပ် ကျောက်တစ်လုံး (ကျောက်ပုထိုး) တောင်ခြေတွင် နွားများအား ဆဲဆို မောင်းနှင်ခဲ့သော ဆရာတစ်ယောက်ရဲ့ အဖြစ်ကိုလည်း ပြောပြပါဦးမည်။ ထိုဆရာ သရဲနဲ့ ချဲခဲ့ရပုံကို ရေးသားသည့် ပို့စ်တွင် အဆိုပါ အကြောင်းအရာကို တစ်ပါတည်း ထည့်သွင်း ရေးသားသွားမည် ဖြစ်ပါကြောင်း …….. ။
ကြိုးစားလျှက် …..
အံစာတုံး
24 comments
စိန်ပေါက်ပေါက်
February 20, 2012 at 12:11 pm
ဟမငေး
များလဲ လယ်ကွင်းထဲ အီအီးပါ ရှူရှူးပေါက် ရင် သတိထားဦးမှ
တော်ကြာ နတ်မတွေက အကောင်မလောင်ယောင်ဆောင်ပြီး လာချောင်းပြီးဒေါ့
ချက်ကြီးဆီပို ့လိုက်ရင် နာမည်ကြီးဦးမယ်..
ရဲဘော်.ခဏနော်..
အီအီးပါချင်လို ့ပြေးလိုက်ဦးမယ်..
ဖတ်ရမဲ့စာတွေတော်တော်များသမို ့..အမူးလဲမပြေခေါင်းလဲ ကိုက်နေသမို ့…အီအီးလဲ ပါချင်နေသမို ့
ပြေးပါပြီဗျိုု ့..
ဗစ်ဗျစ်..ဘစ်…
(ထွက်ကျလာတာတွေကို မည်သူမှ ကောက်စားခွင့်မပြု)
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:02 pm
စိန်ပေါက်ရေ …
လယ်ကွင်းထဲ အီးအီး သွားပါရင်တော့ သတိထားပေါ့ ..
ဖင်မှာ ရွှံ့တွေ ကပ်တတ်လို့ …
😀
water-melon
February 20, 2012 at 1:18 pm
တော်သေးတာပေါ့ မြွေကို တရုတ်ကြီးတွေမတွေ့လို့
တော်ကြာ ပြည်မကြီးထဲ export လုပ်ရင်ဒုက္ခ
ကျွန်တော်ကတော့ မသိတဲ့တောတောင်တွေရောက်လို့ ရှူးပေါက်ချင်ရင် ကန်တော့ကန်တော့လို့ပြောပြီးပေါက်တယ်။
ကိုကြီးအံက သဘာဝဖြစ်ရပ်လွန်တွေနဲ့ အကျွမ်းတဝင်ရှိတယ်
ဗိန္ဒောဆရာလား အစ်ကို 😀
ဥစ္စာစောင့်မတွေကချောတယ်ဆို ဟုတ်လား
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:06 pm
ဖရဲရေ …
ကို က ဗိန္ဒောဆရာ ဟုတ်ပါဘူးကွာ ..
သူလို ငါလို မထင်မရှား လူသားတစ်ယောက်ပါပဲ …
သို့ပေသိ ကို က သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို စိတ်ဝင်စားတယ်ကွ ..
ကိုရင်စည်သူ
February 20, 2012 at 1:23 pm
ကိုရင်အံစာတုံးက… တောတောင်အကြောင်းလည်း
တော်တော် အတွေ့အကြုံရှိပုံရတယ်နော့…
ကျနော်ကတော့ တောတောင်ထဲသွားရင်
ဥစ္စာစောင့်လား ထင်ယောင်မှားခဲ့ရတဲ့
ကရင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်..
အင်း… ပြန်ပြောမနေတော့ပါဘူးလေ…
အားပေးနေပါတယ်ဗျာ… 🙂
စိန်ပေါက်ပေါက်
February 20, 2012 at 2:21 pm
ဪ.
ကောင်းခန်းရောက်မှ ပြန်ပြောမနေတော့ဘူးတဲ့
နီကီတာရေ
နောက်မှ ဗိုက်ခေါက်လိမ်ဆွဲပြီး မေးကြည့်ပေရော့
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:09 pm
လုပ်ပါဦး ကိုရင်စည်သူရဲ့ …
ဥစ္စာစောင့်နဲ့ မှားခဲ့ရတဲ့ ကရင်မလေး ဇာတ်လမ်းကတော့ အတော်တော့ စိတ်ဝင်စားစရာ ကောင်းမှာပဲနော် ..
စိန်ပေါက် ပြောသလို ကောင်းခန်း ရောက်နေမှ …
မီးပြတ်သွားတယ်ပေါ့ဗျာ … 😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 20, 2012 at 1:43 pm
ကိုအံစာတုံးရေ တောင်ပေါ်က လက်ယပ်ခေါ်နေတာက ဥစ္စာပေးမလို ့နဲ ့တူတယ်။ဖြစ်နိုင်တာက
ကိုတုတ်ကြီးနဲ ့ကလေးပါ မြင်နေရတာဆိုတော့လေ။အကယ်၍ ကိုတုတ်ကြီး နှမကိုဘဲခေါ်မယ်
ဆိုရင် လဲခေါ်လို ့ရမှာပါ။ဖြစ်နိုင်တာက သူတို ့သုံးယောက်ထဲက ဘယ်သူသွားသွား၊ဥစ္စာရ ရင်ရ
ပေါ့၊မရ ရင်သေမယ်လေဗျာ။ဟီးး
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:13 pm
ကိုတုတ်ကြီးနေရာမှာ ကိုနာဂ ဖြစ်ခဲ့ရင် ..
တကယ်လို့များ စိတ်ကူး လူစားဝင် ကိုနာဂ က လက်ယက်ခေါ်နေတဲ့ ဥစ္စာစောင့်ဆီ သွားခဲ့ရင် …
ဒီနေရာ၊ ဒီရွာထဲမှာ … ကိုနာဂတစ်ယောက် …
တော်ပီ .. ဆက်မတွေးတော့ဘူးနော့ …
ကွန်မန့်လေးအတွက် ကျေးဇူးပါ … 😀
Harumoto
February 20, 2012 at 4:50 pm
အဲဒီ ဥစ္စာစောင့်တွေက ဒီခေတ် ပစ္စည်းငှားတဲ့လူတွေလို မနပ်ဘဲကိုး။
အမှန်က ပစ္စည်းငှားကထဲက မပုတင်တို့ သဂေါင်စရင်းတို့ အပေါင် ထားခိုင်းရမှာ
ဒါတောင် မနပ်ရင် အတုနဲ့ လဲပြီး လာအပ်သွားလို့ခံရအုံးမယ်။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:18 pm
အယ် … Harumoto က ဥစ္စာစောင့်ကို ငွေတိုးချေးစားတဲ့လူနဲ့ သွားနှိုင်းနေပြန်ပါပီ …
တော်သေးတယ် အဲဒီ အချိန်တုန်းက Harumoto ရွာမှာ မရှိလို့ ..
နို့မို့ဆို လွယ်မှာဟုတ်ဖူ … ဟူး …….. 😀
aye.kk
February 20, 2012 at 5:14 pm
ကျမအင်မတန်ချစ်ခဲ့ရတဲ့အမတယာက်ရှိတယ်။
သူကသိုက်ကလာသူဖြစ်ပြီး၊လူ့ဘဝနဲ့နီးလွန်းတော့…
ဥစ္စာစောင့်ဆိုပြီးထင်ယောင်ထင်မှားဖြစ်ကြရတဲ့အထိဖြစ်ခဲ့တာ…
ကျမအရမ်းခင်တဲ့ဘကြီးအဖေဆီမှာလာနေဖူးတယ်..
ဘကြီးအဖေကသူတော်စင်ဆိုတော့ဆေးကုပေးခါ..
သိုက်ကြိုးဖြတ်ပေးဘူးတယ်..(သုံးခါမျှတောင်)
အဲဒီအမကမော်လမြိုင်ဖက်ကပါဘဲ..
ကျမနဲ့ကဘဝရေစက်ကြီးခဲ့တယ်..
ကျမကိုကိုယ်တိုင်ကိုယ်ကျသနပ်ခါးလိမ်းပေးတတ်သူဆိုတော့..
အရမ်းချစ်ခဲ့ရပါတယ်..သူကဥစ္စာစောင့်လို့ပြောရမလားဘဲ…
အမြဲလိုလိုတယောက်တည်းစကားပြောနေတတ်တယ်..
သူ့နားကိုအမှတ်တမဲ့ကျမရောက်လာရင်
စကားပြောချက်ခြင်းရပ်ပစ်လိုက်တာပေါ့နော်..ကျမကအန်းကုန်းကိုပြောပြမိတော့..
အဲဒီစကားကသူတို့ဥစ္စာစောင့်အချင်းချင်းဘဲနားလည်တာတဲ့…
သူစိမ်းအသိမခံဘူးလို့ပြောပြတယ်..ဒါကြောင့်သူကချက်ခြင်းစကားရပ်ပစ်တာပေါ့နော်
ကျမကအဲဒီအမကိုအတင်းမေးမြန်းဘူးတော့..
အရင်ဘဝကသူငယ်ချင်းတွေနဲ ့ပြောတာပါတဲ့..
ထူးဆန်းတာတွေဖြစ်ခဲ့တာ..မြင်ဘူးမိတာဆိုတော့..
ကျမငယ်ငယ်ကတော့အတော်လေးကိုအံ့ဩစရာဖြစ်ခဲ့ရတာပေါ့နော်..
ကိုယ်တွေ ့ကြုံခဲ့ရတာကိုတော့ခုခေတ်နဲ ့ပြောပြရင်..
ကျမကိုမဟုတ်မဟတ်တွေပြောနေတာဆိုပြီးအထင်လွဲသာခံရမှာကြိမ်းသေပါဘဲရှင်။
ဒဏ္ဍာရီတွေဇတ်ခင်းပြောတယ်လို့ထင်ကြမှာ..
ဒီပို့စ်လေးကိုဖတ်ရှူပြီးသတိရသွားလို့ပါ။
အဲဒီအမကအတော်ထူးဆန်းတဲ့လူသားတယောက်ပါဘဲ..
ကျမပင်ကိုယ်ဗီဇကရုပ်ဝါဒီသမား၊လက်တွေ ့မှမဟုတ်ရင်လုံးဝမယုံတတ်ဘူး..
ခေါင်းကလည်းမာလွန်းလို့ကျမကိုအိမ်မှာနာမည်ပြောင်ပေးကြသေးတယ်၊ကွန်မြူနစ်မတဲ့..
အမှားလည်းတစက်လေးကိုမှလက်မခံတတ်ခဲ့သူမို့ပါ..။
တစ်ခါကအဲဒီအမကိုလက်တွေ ့ပြမှယုံမယ်လို့ပူဆာဘူးတော့..
ဂတိတော့ပေးခဲ့ရတယ်..
သူကတကယ်သိုက်ကလာတာမှန်းသိလိုက်ရတယ်။(ယုံအောင်ပြခဲ့လို့ပါ)
ကလေးဆိုပြီးညာလို့မရပါဘူး..ဖန်ဆင်းနိုင်တာကလုပ်ယူလို့မှမရဘဲ..
ဥစ္စာစောင့်တပိုင်းဖြစ်နေတာလည်းအမှန်ပါဘဲ..
ကျမကိုယ်တွေ ့ကြုံခဲ့ဘူးလို့သိတာလေးပြောပြမိတာပါ..။
(ကျမရဲ ့ကွန်မင့်လေးကိုစာဖတ်သူတို့မယုံပါက
အပြစ်တင်ဝေဖန်နိုင်ကြပါတယ်လို့ပြောပြလိုက်ပါရစေရှင်)
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 20, 2012 at 5:23 pm
အမ Aye.kk ရေ …
အမရဲ့ ကွန်မန့်အတွက် ကျေးဇူးပါ …
အမလို ခေါင်းမာတဲ့ လူတစ်ယောက်တောင်မှ သဘာဝလွန် ဖြစ်ရပ်ကို လက်ခံ ခဲ့ရတယ် ဆိုတော့ …
ဒီအဖြစ်တွေ တကယ် ရှိနေလို့ပေါ့နော့ ……
အမရဲ့ ကွန်မန့်က ကျွန်တော့်အတွက် ထောက်ခံမဲ ပါလို့ ….
😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 20, 2012 at 6:17 pm
ဟီး သက်သက်နောက်လိုက်တာဗျ။အနော်လဲ သွားရဲပါဘူး။
မိုက်ကယ်ဂျော်နီငပွ
February 20, 2012 at 6:57 pm
ဥစ္စာကိုစောင့်တာက ဘဏ်ဥက္ကဌ
တောကိုစောင့်တာက သစ်တောဦးစီးမှူး
တောင်ကိုတော့ ဘာစောင့်လဲတိဝူး
ကြက်ဖင် ( အကယ်ဒမီ )
February 21, 2012 at 2:07 am
တောင်ကိုစောင့်တာ တောင်တက်အဖွဲ့ချုပ်ပေါ့ ငခြောက်ရဲ့
unclegyi1974
February 20, 2012 at 10:01 pm
မောင်အံစာကဘယ်ဇာတိဆိုတာမသိပေမဲ့
အဲဒီဇာတိကလူကြီးတယောက်ပြောတာကြားဖူးပါတယ်
မောင်အံဇာပြောသလိုပါပဲ
ဥစ္စာစောင့်အကြောင်းကွက်တိပဲ
အခုတော့ပြောပြတဲ့သူလည်းဆုံးသွားပါပြီ
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 21, 2012 at 11:42 am
အန်ကီကြီး ခင်ဗျာ …
ကျွန်တော်ရဲ့ဇာတိက မကွေးတိုင်း ရေနံချောင်းဘက် ရွာတစ်ရွာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့ဇာတိ နတ်မောက်ရွာနဲ့ မနီးမဝေး ရွာလေး တစ်ရွာကပေါ့ခင်ဗျာ …
အဟဲ … ဒါက မသိမသာ ကိုယ့်ကိုယ်ကို ကပ်ကြွားလိုက်တာ .. 😀
Ma Ei
February 21, 2012 at 11:14 am
အံစာတုံးရေ..ဥစ္စာစောင့်အကြောင်းတွေကို
အဖွားပြောတဲ့အိပ်ယာဝင် ပုံပြင်များအဖြစ်နားထောင်ခဲ့ရပါတယ်..
အဖွားတို့က ဒိုက်ဦးသူဆိုတော့ ဘုရားကြီး၊ဘုရားလေး၊ဖောင်တော်သီနဲ့
ဒေးစွန်ပါတောင် တစ်ဝိုက်သွားခဲ့တဲ့ အဖွားမောင် ဘဘကြီးရဲ့ အကြောင်းနဲ့
အဖေတို့ လူပျိုဘဝ ဖောင်တော်သီရွာကိုသွားတဲ့လမ်းမကြီးမှာရှိတဲ့ သရဲအကြောင်းတွေ
အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်..ဖြစ်ရပ်မှန်တွေပါ..
ငယ်ငယ်က ဒိုက်ဦးသွားလို့ ညရောက်ရင် အဖွားကို ပြောပါ ပူဆာခဲ့ရတာပေါ့..
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 21, 2012 at 11:54 am
အနော်လည်း ငယ်ငယ်က သရဲကြောင်း ပြောပြီဆို အရမ်း စိတ်ဝင်စားခဲ့တယ် ..
ကြောက်ကလည်း ကြောက်၊ နားထောင်ချင်တာကလည်း အရမ်းပဲပေါ့ဗျာ …
တစ်ခါတစ်ခါ သရဲကြောင်း နားထောင်ရင်းနဲ့ အောက်က ကြမ်းပေါက်ကိုတောင် စိတ်က မလုံတော့ဘူးဗျ …
😀
etone
February 21, 2012 at 4:39 pm
ကိုအန်စာတုံးရေ… တောတွေ တောင်တွေ ထဲ သွားလျှင် ..ပေါ့ပါးသွားရတာ ဆင်ခြင်ရပြီး …ပါးစပ်လည်း စည်းစောင့်ရတယ်လို့ ကြားခဲ့ဖူးပေမယ့် ..ကိုယ်တိုင်တော့ ကြုံတော့ မကြုံခဲ့ဘူးပါဘူး … ။
ကျွန်မ အစ်ကိုနဲ့ အဖိုးလေး ဖြစ်သူတို့က … အစ်ကို အိမ်ထောင်မကျခင်က ကျိုက်ထီးရိုးကို နှစ်တိုင်း ခြေလျှင်တက်ခဲ့ကြတာပေါ့ … ။ တက်တိုင်း အရမ်း အနောက်သန်တဲ့ အစ်ကိုကို .. အိမ်က ပါးစပ်မဆော့ဖို့ အမြဲမှာရတယ် … ။ သူတို့မြေးဖိုး .. ကျိုက်ထီးရိုးတက်တဲ့ အချိန် … ညနေစောင်းမို့ … တောင်ပေါ်မရောက်ခင်မှောင်တော့ .. မီးတုတ်လေးတွေလုပ်ပြီး တက်ကြရတယ် .. အဲ့ဒီအချိန် .. ကြောက်တတ်တဲ့ ဖိုးလေး(လူပျိုဂျီး ဇီဇာကြောင်ကို ) အစ်ကို က စချင်တဲ့ စိတ်နဲ့ … ဟိုးရှေ့မှာ .. မီးစုန်းတွေ .. မီးစုန်းတွေလို့ .. အမှောင်ထဲကို လက်ကလည်းညွှန် ..ပါးစပ်ကလည်း ပြောတော့ .. အဖိုးလေးမှာ ကြောက်လိုက်တာ .. နေစရာတောင်မရှိရှာဘူး … ။ နောက်ရင်းလမ်းလျှောက်လာလိုက်တာ.. လေးငါးမိနစ်စာလောက်ပဲ လျှောက်ရသေးတယ် … လူသံတွေကြားလို့ .. အားရဝမ်းသာနဲ့ .. အသံကြားတဲ့ဘက် ..၊ မီးတွေမြင်နေတဲ့ဘက်ကို ပြေးတက်တာ … အနားရောက်မှ … အားပါးပါး မီးစုန်းဆိုပဲ … ဘောလုံးလောက်အရွယ် အလုံးတွေ ..လေးငါးလုံး လေထဲမြောက်ပြီး တဝှီးဝှီး လွန့်လူးနေတာ … အဲ့ဒါမြင်တော့မှ .. မြေးဖိုးနှစ်ယောက် ဖဝါးနဲ့ တင်ပါး တသားထဲကျအောင်ပြေးတော့တာ … တောင်ပေါ် ဘယ်လိုရောက်မှန်း မသိ ရောက်သွားတယ် .. ပြန်လာတော့ .. နှစ်ယောက်စလုံး ကြောက်ဖျားဖျားတော့တာပဲ .. ။ပြောမယ့်သာပြောရတာ .. ကျွန်မတော့ တစ်ခါမှ မမြင်ဖူးဘူး … အခုထိ သူတို့နောက်နေတာလို့ ထင်နေတုန်းပဲ … ။ ဓါတ်ပုံလေးဘာတွေးရိုက်လာလျှင်တောင် …. ယုံလျှင်ယုံဦးမယ် .. အခုတော့… 😛
မဟာရာဇာ အံစာတုံး
February 21, 2012 at 5:05 pm
မအိတုံရေ …
ယနေ့ခေတ်ကြီးကတော့ ဓာတ်ပုံနဲ့တောင် ယုံရတော့ဘူးဗျ … ။
ကိုယ်ဟာကိုပဲ ဟုတ်နိုင်၏ ၊ မဟုတ်နိုင်၏ ဆုံးဖြတ်ပြီး ယုံရမယ့် ခေတ်ဗျနော့ … ။
ကျေးဇူးပါ …
ကြောင်ကြီး
February 22, 2012 at 11:25 am
သဂျီးကို ယုံအောင်ပြောနိုင်သူကို ရထားတဲ့ပွိုင့်အကုန်ပေးတယ်..
kai
February 22, 2012 at 12:55 pm
အေးဗျ..
ကျုပ်သာယုံလို့ကတော့.. ဒီရွာကြီး..ယုံအောင်လုပ်ပေးတဲ့သူကိုအပ်ပြီး.. သထိန်း(သူဌေး)သွားလုပ်တော့မယ်..။
ခုခေတ်မှာ.. ဥစ္စာစောင့်က.. ရွေမန်ကျည်းသီးပေးတာလောက်သနားတယ်..။
ရွှေမန်ကျည်းတောင့်က.. တခုမှ.. လွန်ရော..သိန်း၁၀ဝပေါ့..။
ပြောတဲ့အချိန်.. ၅မိနစ်ကိုယ်ထင်ပြပေးယုံပဲ..။
ယူအက်စ်အာမီ.. ပြစားပြီး.. ကော်ပီရိုက်လိုင်စင်ပါကိုင်ထားလို့ကတော့…
အဟမ်း…
ဂွမ်း..ဂွမ်း..။ 😆