ဓမ္မစက်နဲ့ အာဏာစက်
မြတ်စွာဘုရားသာသနာတွင် ဓမ္မနဲ့ ဝိနယဆိုသည့် အင်္ဂါနှစ်ရပ်ရှိပါသည်။
ဓမ္မဆိုသည်မှာ မြတ်စွာဘုရား ၄၅-ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များဖြစ်ပြီး
ဝိနယဆိုသည်မှာ တပည့်ရဟန်းသံဃာတို့ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များဖြစ်ပါသည်။
တနည်းအားဖြင့် ဓမ္မဆိုသည်မှာ ဝေနေယျသတ္တဝါတို့ သစ္စာတရားသိဖို့ ဟောကြားထားမှုများဖြစ်ပြီး ဝေါဟာရဒေသနာတော်များဟုလည်း ခေါ်ဆိုပါသည်။
ဝိနယဆိုသည်မှာ ရဟန်းသံဃာများညီညွတ်ဖို့အတွက် လိုက်နာကြစေရန် သတ်မှတ်ချက်များဖြစ်ပြီး ၎င်းကို အာဏာဒေသနာဟုလည်းခေါ်ဆိုပေသည်။
ယနေ့ခေတ်သုံးနှုံးနေကြသော “ဓမ္မစက်”ဆိုသည်မှာ ဓမ္မကို ဆိုလိုခြင်းဖြစ်ပြီး
“အာဏာစက်”ဆိုသည်မှာ ဝိနယဆိုသည့် မြတ်စွာဘုရားချမှတ်ခဲ့သည့် ဝိနည်းစည်းကမ်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ယနေ့ခေတ်အခါမှာ ရဟန်းသံဃာလောကတွင် အုပ်ချုပ်နေသူ ရဟန်းများနှင့် အအုပ်ချုပ်ခံနေရသူ ရဟန်းများအကြား ပြောဆို၊ စီမံ၊ အုပ်ချုပ်ရမှုများ အဆင်မပြေဖြစ်နေပါက အုပ်ချုပ်သူရဟန်းများမှ အအုပ်ချုပ်ခံ ရဟန်းသံဃာများ အပေါ်တွင် ဓမ္မစက်နှင့်မရပါက အာဏာစက်ကို သုံးရမည်ဟုဆိုသော ကိစ္စရပ်များကို မကြာမကြာတွေ့နေရပေသည်။
ထိုအုပ်ချုပ်သူရဟန်းများပြောဆိုသော အာဏာစက်ဆိုသည်မှာ တိုင်ပြည်အုပ်ချုပ်နေသော လူအစိုးရရဲ့အာဏာကို ဆိုလိုနေကြခြင်းဖြစ်ပေသည်။
ထိုအချက်သည် ဗုဒ္ဓသာသာနာရေးအတွက် အလွန်စဉ်းစားဖို့ကောင်းပေသည်။
အဘယ့်ကြောင့်ဆိုရသော် ဗုဒ္ဓသတ်မှတ်ခဲ့သည့် ဝိနယဆိုသော ဝိနည်းတရားထက် အုပ်ချုပ်သူ လူအစိုးရအာဏာကို ပိုအလေးထားနေခြင်းကြောင့်
ဖြစ်ပေသည်။
ဤဖြစ်ရပ်များသည် အုပ်ချုပ်နေခွင့်ရနေသူ ရဟန်းများ (မဟနဆရာတော်များ)မှ အအုပ်ချုပ်ခံနေရသူ ရဟန်းများအပေါ်တွင် မိမိတို့ပြောဆိုစီမံမှု ခက်ခဲလာသည့်အခါ ဗုဒ္ဓမြတ်စွာဘုရား၏ အာဏာဒေသနာတော်ဟု ခေါ်ဆိုထိုက်သော ဝိနည်းလမ်းကြောင်းအရ ပုံမှန်အတိုင်းဆောင်ရွက်ဖို့ထက် အစိုးရအာဏာအားကိုးဖြင့် ဆောင်ရွက်လိုမှုတို့ကြောင့်ဖြစ်ပေသည်။
ဒီနေရာမှာ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ ဆောင်ရွက်ရမယ်ဆိုတာဟာ အစိုးရအာဏာကိုဆိုလိုတယ်လို့ ယူလို့မသင့်ပါ။
ဓမ္မစက်ဆိုတဲ့ တရားတွေဟောပြဆုံးမလို့မှ မရရင်
အာဏာစက်ဆိုတဲ့ (ဗုဒ္ဓရဲ့ဝိနည်းဒေသနာတော်) အာဏာဒေသနာအတိုင်းပဲ အရေးယူရမှာပါ။
အာဏာစက်ဆိုတာ အစိုးရအာဏာကို ပြောတာမျိုးမဖြစ်သင့်ပါ။
ဗုဒ္ဓရဲ့အာဏာဒေသနာဖြစ်သည့် ဝိနည်းဒေသနာအတိုင်းသာ အရေးယူဆောင်ရွက်သင့်တာပါ။
ဗုဒ္ဓရဲ့ဝိနည်းဒေသနာမှာ ရဟန်းတစ်ပါးကို အရေးယူဖို့အတွက်
အုပ်ချုပ်သူအစိုးရကို အပူကပ်ပြီး ဖမ်းခိုင်ဖို့တို့၊
လူဝတ်လဲခိုင်ဖို့တို့၊
ထောင်ချဖို့တို့ မပါပါ။
ရဟန်းဝိနည်းကြောင်းလျော်စွာ
ပကာသနိယကံပြုတာတို့၊
ဗြဟ္မဒါဏ်ပေးတာတို့၊
ဒါဏ်ပေးပြီး ဒါဏ်ထမ်းခိုင်းတာတို့၊
ပရာဇိကကျနေရင် ရဟန်းဘောင်မှအနားယူဖို့ စစ်ဆေးတာတို့စသည့် ပုံစံမျိုးတွေနဲ့ပဲ အရေးယူဖို့ပဲလုပ်ဆောင်ရမှာပါ။
ထောင်ချဖို့၊ အတင်းလူဝတ်လဲခိုင်းဖို့၊ တရားပွဲတွေပိတ်ဖို့စသည်တို့ မပါပါ။
အခုက ဗုဒ္ဓသတ်မှတ်ခဲ့တဲ့ဝိနည်းဒေသနာတော်နဲ့ အရေးယူရမည့်အစား လူအစိုးရရဲ့အာဏာနဲ့ အရေးယူခိုင်နေခြင်းမျိုးသည် ဗုဒ္ဓသာသာနာအတွက်ကော အုပ်ချုပ်သူ အစိုးရများအတွက်ပါ မကောင်းနိုင်ပါ။
ဒါသည် ဗုဒ္ဓသာသနာကို ချီးမြောက်ရာမရောက်ပဲ ကြမ်းတမ်းသော ဖိနှိပ်တတ်သော၊ အာဏာရှင်ဆန်သောဘာသာရေးသို့ ပို့ဆောင်နေသလိုဖြစ်နေပါသည်။
ရဟန်းတွေကိစ္စကို သမာသမတ်ကျတဲ့၊ ဩဇာညောင်းတဲ့ရဟန်းတွေမှ ဦးဆောင်ပြီး ရဟန်း ရဟန်းချင်းသာ ငြိမ်းချမ်းအောင်ဖြေရှင်းသင့်တာပါ။
အခုက ရဟန်းချင်း ကိုယ်ဩဇာမညောင်းလို့၊ ကိုယ်က ဩဇာညောင်းအောင်မနေလို့ အငယ်ရဟန်းတွေကို ပြောမရ၊ ဆိုမရဖြစ်နေတာတွေကို ကိုယ်အားနည်းချက်ကိုယ်မရှာကြပဲနဲ့ ပြောဆိုမရတဲ့ ရဟန်းငယ်တွေကို အစိုးရအာဏာကို အပူကပ်ပြီး ဖမ်းဆီးခိုင်း၊ အရေးယူခိုင်းနေတာဟာ အလွန်ရှက်ဖို့ကောင်းလှပါတယ်။
အုပ်ချုပ်နေခွင့်ရနေသူ ဘုန်းကြီးတွေလည်း အာဏာရှင်ဆန်သလိုဖြစ်နေပါတယ်။
ဒါေ့ကြာင့် ရဟန်းတွေအပေါ်မှာ အမှန်တကယ် ကျင့်သုံးရမယ့် အာဏာစက်က ဗုဒ္ဓရဲ့ ဝိနည်းဒေသနာတော်အတိုင်းသာ ဖြစ်သင့်ပါသည်။
ဗုဒ္ဓသာသနာမှာ အရှင်ဒေဝဒတ်လိုပုဂ္ဂိုလ်မျိုးကိုတောင် ရှင်ဘုရင်အားကိုးနဲ့ ဖမ်းခိုင်း၊ ဆီးခိုင်း၊ လူဝတ်လဲခိုင်းတာမျိုးကို မြတ်စွာဘုရားတောင် မလုပ်ခဲ့ပါဘူး။
သံဃာ့ဘောင်မှ ကျဉ်တဲ့ ပကာသနိယကံပြုတာလောက်ပဲလုပ်ခဲ့တာပါ။
ယနေ့ခေတ်မှာတော့ ဘုရားတပည့်၊ သားတော်အမည်ခံ (မဟန)ဆရာတော်တွေမှ ကိုယ့်စကားနားမထောင်သည့် ရဟန်းငယ်များကို ပြုသင့်ထက်ကံထက် လွန်ကဲသည့် အမှုများဖြင့် အစိုးရအားကိုးကာ အရေးယူနေကြသည်မှာ ဗုဒ္ဓဘာသာရေးအတွက် မကောင်းနိုင်ပါ။
ဒီမိုကရေစီအစိုးရများအနေဖြင့်လည်း ထိုကဲ့သို့ အာဏာရှင်ဆန်ဆန်ကျင့်သုံးနေသော မဟနဆရာတော်များအပေါ်သဘောပေါက် နားလည်လာကြပါက ဗုဒ္ဓသာသနာရေး ရေရှည်မကောင်းနိုင်ပါ။
အစိုးရများအပေါ်တွင် ဘာသာရေးဆိုင်ရာရသင့်တဲ့ အခွင့်အရေးထက် ပိုမယူသင့်ပေ။ မတောင်းဆိုသင့်ပေ။
ထို့ကြောင့် ရဟန်းသံဃာများကိစ္စကို ရဟန်းသံဃာအချင်းချင်းသာ နိုင်နိုင်နင်းနင်း စီမံသင့်ပါသည်။
မိမိတို့ မစီမံနိုင်ပါက စီမံနိုင်မည့် ရဟန်းသံဃာများကို ဝိနည်းကြောင်းလျော်စွာ စီမံစေပြီး ရဟန်းသံဃာအရေး ငြိမ်းချမ်းအောင်ဆောင်ရွက်သင့်ပါကြောင်း မည်သည့်ဘက်မှမပါပဲ သာသနာအရေးရင်လေးမိလို့ ဝင်ရေးလိုက်ရပါသည်။
မှတ်ချက်။ ။ realman ရေး “သိကြားသာသာနာမှ ဘုရားသာသနာသို့” ပိုစ့်ကို အခြေခံပါသည်။
6 comments
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 22, 2012 at 2:15 pm
ဒီနေရာမှာ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ ဆောင်ရွက်ရမယ်ဆိုတာဟာ အစိုးရအာဏာကိုဆိုလိုတယ်လို့
ယူလို့မသင့်ပါ။ဓမ္မစက်ဆိုတဲ့ တရားတွေဟောပြဆုံးမလို့မှ မရရင်
အာဏာစက်ဆိုတဲ့ (ဗုဒ္ဓရဲ့ဝိနည်းဒေသနာတော်) အာဏာဒေသနာအတိုင်းပဲ အရေးယူရမှာပါ။
____________
အဲလိုဆိုရင်တော့ တော်ပါသေးတယ်ဗျာ။ခုကိစ္စက ပုဂ္ဂိုလ်ရေးရာမုန်းတီးမှုတွေပါနေသလားလို ့ဗျာ။
ဟိုတရားပွဲပိတ်၊ဒီဘုန်းကြီး ဖမ်းဆိုတာကတော့ ရှက်တတ်ရင်လဲသေဖို ့ကောင်းနေပီ။
uzin
February 22, 2012 at 2:58 pm
မြန်မာနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန်အတွက် ကန့်လန့်ခံနေသော အဖွဲ့များစွာ ရှိပါတယ်။ ပေါ်လွင်ဆုံးသော ဝန်ကြီးဌာနကတော့ သာသနာရေးဝန်ကြီးဌာနပါ။ သာသနာဆိုတာ (အဆုံးအမ)ပါ။ ဦးဇင်းတို့ ထေရဝါဒတစ်ခုတည်းသာ အဆုံးအမရှိတာမဟုတ်ပါဘူး။ အခြားသော ဘာသာတွေကလည်း သူတို့ဘာသာဝင်တွေကို သူတို့နည်း၊ သူတို့စည်းတွေနဲ့ ဆုံးမမှုတွေ ရှိပါတယ်။ ဒီနေ့ သာသနာရေးဝန်ကြီးဌာနဆိုတာကတော့ အခြားဘာသာတွေရဲ့ အလုပ်တွေကို စိတ်မဝင်စား ထေရဝါဒ အလုပ်သာ စိတ်ဝင်စားပါတယ်။ သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ဆိုတော့ အခြား ဘာသာဝင်တွေအတွက်ကြမပါဘဲ ထေရဝါဒတစ်ခုတည်းအတွက်သာ လုပ်နေကြပါတယ်။ ဒါလည်း တစ်ကယ်တော့ မကောင်းပါဘူး။ ဘုရားရှင်လက်ထက် ဘုရားရှင်နှင့် ခေတ်ပြိုင် သူတို့ကိုသူတို့လည်း ဘုရားလို့ ကြေငြာတဲ့ ဘုရားကြီး ခြောက်ဆူရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ နိဂန္ဓနာရပုတ္တ ဆိုတဲ့ ဘုရားလည်း တစ်ပါးပါ။ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ပင် နိဂန္ဓ၏ တပည့်များထံ သွားပြီး တရားဟောခြင်း၊ ဆွေးနွေးခြင်းများ ရှိခဲ့ပါတယ်။
ကိုးကွယ်ဆည်းကပ်ခြင်းမှာ ထင်သာမြင်သာသော၊ ဒီမိုကရေစီကြသော ကိုးကွယ်ဆည်းကပ်မှုဖြစ်အောင် ပံ့ပိုးကူညီပေးဖို့ အတွက် အစိုးရမှာ အပြည့်အဝတာဝန်ရှိပါတယ်။
ဒီလိုဖြစ်ဖို့ဆိုရင် ပထမဦးဆုံးလုပ်ပေးရမယ့် တာဝန်ကတော့ သာသနာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဦးစီးဌာနတွေကို ဗုဒ္ဓဘာသာမှာ ထေရဝါဒရေးရာဦးစီးဌာန၊ မဟာယန ရေးရာ၊ ပစ္ဓ္ဓုပ္ပန်ကမ္မဝါဒ ရေးရာ ဦးစီးဌာန၊ ခရစ်ယာန်ရေးရာဦးစီးဌာန၊ အစ္စလာန်ရေးရာဦးစီးဌာန၊ ဟိန္ဒြူရေးရာဦးစီးဌာနဒီလို ခွဲပြီး ထားပေးသင့်ပါတယ်။
ဒီလိုပြောလို့ ဦးဇင်းက ထေရဝါဒဘက်မလိုက်ပဲ အခြားဘာသာတွေအတွက်ပြောနေတယ်လို့ မထင်လိုက်ပါနဲ့၊ ဦးဇင်းအနေနဲ့တော့ အတတ်နိုင်ဆုံး ဘုရားသားတော် ပီသချင်ပါတယ်။ နိုင်ငံတော်ကိုလည်း ဒီမိုကရေစီကျကျ ဖြစ်စေလိုပါတယ်။ နိုင်ငံရေးမှာ တရားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ သတင်းမီဒီယာကဏ္ဌတို့ ဒီမိုကရေစီရရုံနဲ့ မပြီးသေးပါဘူး။ ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်ချက်တို့ပါ တကယ်ကို ဒီမိုကရေစီကျဖို့ အထူးလိုအပ်လှပါတယ်။
Ko out of...
February 22, 2012 at 4:13 pm
ဘုန်းကြီးတွေ အသုံးချခံနေရတယ်… သူတို့လည်း ဟုတ်လှပြီလို့ထင်နေကြတုံးဘဲ…သွားပါပြီ..
စပ်ဖြဲ
February 22, 2012 at 4:44 pm
အဲ…. ချိတ်ပိတ်ထားတဲ့ဘုန်းကြီးကျောင်းထဲဝင်နေဆို…… အဲ့ဒါဆိုရင်တော့ သူဘာပဲဖြစ်ဖြစ် ဖမ်းရမှာဘဲမဟုတ်လား ….. ဘယ်သူတက်နေနေ ဖမ်းရမှာဘဲပေါ့…. သူ. found တွေပါတယ်..
ရွေညဝါဆရာတော်ဆိုကြည့် နေရာရွေ.တာဘဲထူးတယ် … အေးဆေးဘဲ….လောကမှာ ပညာနည်းသူ နဲ.
များသူ အဲ့ဒီမှာကွာတာဘဲ … ပြောမနေ နဲ.တော့ … ဒေါ်စုကိုလဲကြည့် ခုဘယ်လိုလဲဆိုတာကို …
ဖုန်းကျော် ပြောသလို ပြောလိုက်ဦးမယ် … မင်းတို.လေ့လာကြကွ 😛
nature
February 23, 2012 at 9:05 am
အခုတော့မအားသေးလို့။နောက်မှ အာဏာစက်နှင့် ဓမ္မစက် သဘောတရားများနဲ့ယှဉ်ပြိုင်ခဲ့ပုံများအကြောင်း ပိုစ့်တခု တင်ဖို့စိတ်ကူးထားပါတယ်။
mgmaung
July 14, 2012 at 9:18 am
နိုင်ငံရေးဘုန်ကြီးဆိုတာ အစိုးရကို အတိုက်အခံပြု ရန်ရှာသော ဘုန်ကြီးများတင်မက
အစိုးရနှင့် ပေါင်းပြီး လူတွေ၊ ရဟန်းတွေအပေါ်မှာ ခြယ်လှယ်နေသော ဘုန်းကြီးများလည်း ပါဝင်ကြောင်း တွေးမိလို့ရေးလိုက်တာကပါ။